Switch Mode

Chapter – 31

ယုံချင်ယုံ မယုံချင် နေ လင်းအာ

အခန်း ၃၁
ယုံချင်ယုံမယုံချင်နေ
လင်းအာ

လက်နက် သန့်စင်သူသည် ကျိုးထွက်သွားသော ဓားသွားကို လက်ဖြင့် ပွတ်လိုက်ရုံဖြင့် အကြောင်းအရာ နှစ်ခုကို အသေအချာ ပြောနိုင်သည်။

ပထမ တစ်ချက်သည် ဤဓားကို ပိုင်းဖြတ်လိုက်သည့် လက်နက်၏ ကြောက်ခမန်းလိလိ ချွန်မြမှုပင်။ ထို့ပြင် ၎င်းမှာ မာကျောမှုမှာလည်း ထိပ်တန်း အဆင့်သို့ ရောက်ရှိနေသည်။

သို့မဟုတ်ပါက သူ့ဓားသည် ရွှံ့တုံးအလား တိတိပပ ပိုင်းဖြတ်ခံ ထားရမည် မဟုတ်ပေ။

ဒုတိယအချက်သည် လက်နက်ကို ကိုင်ဆောင် ထားသူ၏ ခွန်အားဖြစ်သည်။ အထူးသဖြင့် ထိန်းချုပ် အင်အားသည် သာမန် လူများထက် သေချာပေါက် သာလွန်နေရမည်။ သူ့ဓား နှစ်ပိုင်း ကျိုးသွားရခြင်းသည် တစ်ဖက် လက်နက်၏ အစွမ်းထက်မှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ ဖြတ်ပိုင်းသူ၏ ခွန်အား တိကျမှုကြောင့်လည်း ပါသည်။

“အဲ့လူက ဘယ်သူလဲ”

လက်နက် သန့်စင်သူသည် သူ့ဓားကို ဖျက်ဆီးခဲ့သော လူထံ ချက်ချင်း  ပျံသန်းသွားကာ မည်သည့် ပစ္စည်းများဖြင့် လက်နက်ကို ပြုလုပ်ထားပါ သနည်းဟု မေးလိုစိတ်များ ချက်ချင်း ပေါ်ပေါက်လာသည်။

ပိုင်ရှင် အမျိုးသမီးသည် ခေါင်းကိုသာ ခါယမ်း လိုက်သည်။ ဤကိစ္စကို အလွယ်တကူ မပြောနိုင်ပေ။ နှင်းသကြား ထုတ်လုပ်ရေး နည်းလမ်းအတိုင်း မိမိလက်ထဲတွင် လျှို့ဝှက် ထားသည်က ပိုကောင်းလေသည်။ ကြေညာ လိုက်သည်နှင့် တန်ဖိုး လျော့ကျသွားမည်ကို မလိုလားပေ။

“ဒီဓားကို လင်းလုံ ခန်းမက ရောင်းစျေး အတိုင်းပဲ ပြန်ဝယ်ပါ့မယ်” 

လက်နက် သန့်စင်သူသည် ကိစ္စများကို မချဲ့ကားလိုသည့် အပြင် သူ၏ ဓားအတွက် တာဝန် ယူလိုသဖြင့် ပိုင်ရှင်အမျိုးသမီး ကျေနပ်စေရန် စတင် ကမ်းလှမ်းလိုက်သည်။

သူသည် လင်းလုံခန်းမ၏  အဆင့်အတန်းမြင့် ကျွမ်းကျင် လက်နက် သန့်စင်သူဖြစ်သည်။ မည်သည့် လက်နက်ကို မဆို ရွှေဒင်္ဂါး တစ်သောင်းနှုန်းဖြင့် ရောင်းချနိုင်ပြီး သူ၏ ဓားကျိုးကို ပြန်ဝယ်ရခြင်းသည် ပြဿနာ မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ် ဆရာ”

ပိုင်ရှင် အမျိုးသမီးသည် ရွှေဒင်္ဂါး တစ်သောင်းခန့်ကို မျက်လုံးထဲပင် မထည့်သော်လည်း တစ်ဖက်လူ၏ အပြုအမူကြောင့် များစွာ ကျေနပ်သွားလေသည်။ ပိုင်ရှင် အမျိုးသမီးသည် ဤဓားကို ဖျက်ဆီးခဲ့သည့် လူအကြောင်း မပြောသဖြင့် လက်နက်အကြောင်း အသေးစိတ် သိရန် မဖြစ်နိုင်တော့ပေ။ သို့သော် လက်နက် သန့်စင်သူသည် သူ၏ ဓားကျိူးကို ကြည့်ကာ သူ၏အမှားများကို ခွဲခြမ်းစိတ်ဖြာ နိုင်မည်ဟု ယုံကြည်ချက် ရှိလေသည်။

“နောက်ပိုင်းမှာ ဒီထက်ပိုကောင်းတဲ့ မှော်လက်နက်တွေ ပေါင်ချင်ယုတန်ဆီ ရောင်းချပေးဖို့ ကြိုးစားပေးပါ့မယ်” 

“ဒီနေ့ သတင်းလာပြောတဲ့ အတွက် ကျေးဇူးတင်ပါတယ်” 

လက်နက် သန့်စင်သူ၏ စကားကြောင့် ပိုင်ရှင် အမျိုးသမီး၏ အပြုံးများ ပို၍ တောက်ပ လာသည်။ အနာဂတ်တွင် လင်းလုံခန်းမ၏ ထိပ်တန်း ပစ္စည်းများသည် ပေါင်ချင်ယုတန်ကိုသာ ရောက်လာမည် ဖြစ်လေရာ ထိုအခါ ပေါင်ချင်ယုတန်သည် လူအများ မနာလိုရလောက်အောင်အထိ ချမ်းသာကြွယ်ဝ လာပေတော့မည်။

ထိုအခိုက်အတန့်တွင် ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက်ဥများ အကြောင်း တွေးတော နေလေသည်။

အဆိပ်တစ်ထောင် မြွေဟောက်သည် လောလောလတ်လတ်  ဥဥထားသဖြင့် သူ၏ အသက်ရှင် နိုင်စွမ်းသည် ပြင်းပြင်းထန်ထန် ထိခိုက်သည်။ ထို့ကြောင့်လည်း စုန့်ရန်နှင့် စုန့်လောင်ယု စိန်ခေါ်ရဲကြခြင်း ဖြစ်သည်။ ယခုမူ အဆိပ်တစ်ထောင် မြွေဟောက် နှစ်ကောင်လုံး သေဆုံးသွားပြီ ဖြစ်ရာ ဥများသည် ပိုင်ရှင်မဲ့ သွားလေပြီ။

“ဒီ မြွေဟောက်ဥတွေ ငါ့ကို ပေးမလား”

စုန့်လောင်ယု ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းသည် စုန့်ရန်ကို တိုက်ရိုက် မေးမြန်း လိုက်သည်။

“အကုန်လုံး နင့်အတွက်ပဲ”

စုန့်ရန် ချက်ချင်း သဘောတူ လိုက်သည်။ သူမ လိုအပ်သည်မှာ သေဆုံးနေသော မြွေဟောက်ကိုသာ ဖြစ်သည်။

မြွေဥသည် အကောင်ပေါက်ပြီး နှစ်ပေါင်း ၃၀ – ၄၀ ခန့်ကြာမှသာ ပထမအဆင့် မိစ္ဆာသားရဲအဖြစ် တက်လှမ်း နိုင်သည်။ မြွေများ၏ သဘော သဘာဝသည် ခန့်မှန်းရ ခက်ခဲပြီး မွေးမြူရန် ခက်ခဲသဖြင့် ဝမ်ရှန်းသာ မယူပါက စုန့်ရန်သည် ဥများကို ချက်စားကာ ခန္ဓာကိုယ်ကို အာဟာရ ဖြည့်လိုက်မည်သာ။

ဝမ်ရှန်းနှင့် စုန့်ရန်သည် ကြီးမားသော မြွေဟောက် ဂူကြီးထဲသို့ သတိထား၍ ဆင်းလာကြသည်။

မီတာ ရာနှင့်ချီ၍ နက်စောက်သော တွင်းထဲသို့ အခက်အခဲမရှိ ဆင်းလာပြီးနောက် မြွေဟောက်ဥများကို တွေ့ရှိလိုက် ရလေသည်။

ဧရာမ မြေအောက် ဂူကြီးထဲတွင် နေရာလွတ်သည် အလွန် ကျယ်ပြောလှပြီး မြွေဟောက်များ၏ ခန္ဓာကိုယ်များ ဖြန့်ကားရန် လုံလောက်ပေသည်။

ကံမကောင်းစွာပင် မြွေဥ ရှစ်လုံး မှအပ အခြား ရတနာ မတွေ့ရချေ။

အဆိပ်တစ်ထောင် မြွေဟောက်၂ ကောင်သည် စုန့်အကြီးအကဲများ ယခင်တည်းက ကြိုတင်စီမံ ထားခြင်းဖြစ်ရာ ဤနေရာသည် မွှေနှောက် ရှာဖွေခံထားရပြီး ဖြစ်သည်။ မြွေဟောက်ဥ ကျန်ခဲ့ခြင်းကိုပင် ကျေးဇူးတင်ရမည့်ဟန် ရှိလေသည်။

မြွေဟောက်ဥသည် သက်ရှိသတ္တဝါ ဖြစ်ကာ သိုလှောင်လက်စွပ်ထဲ ထည့်၍ မရပေ။

ဝမ်ရှန်းသည် ညစ်ပတ် ပေရေနေသော အဝတ်စ တစ်ခုကို တွေ့ရှိရသဖြင့် မြွေဟောက်ဥများကို ထုပ်ပိုးကာ ကျောပိုးအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။

သူသည် ဤမြွေဟောက်ဥများကို ပေါင်ချင်ယုတန်သို့ ရောင်းချရန် စီမံထားသည်။

စုန့်ရန်သည် နံဘေးတွင် ရပ်ကာ ကြည့်နေပြီး တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပေ။ အဆိပ်တစ်ထောင် မြွေဟောက်ကို သတ်လိုက်သည့် အကြောင်း အသေးစိတ်အား ဝမ်ရှန်းကို မေးမြန်းသော်လည်း စနိုက်ပါ ရိုင်ဖယ်နှင့် မိုင်းများ အကြောင်း နားမလည်သဖြင့် ဆက်မမေးတော့ပေ။

စုန့်လောင်ယုကို စောင့်ဆိုင်း နေကြစဉ် ဝမ်ရှန်းနှင့် စုန့်ရန်သည် မြွေသားများကို ကင်စားကြသည်။ စုန့်ရန်သည် မိသားစုကြီး၏ သခင်မလေး ဖြစ်သည့်အပြင် စားသောက်ရန် အတွက် ဉီးလေးယုမှ အမြဲတစေ ပြင်ဆင် ပေးခဲ့ခြင်းဖြစ်ရာ အစားအသောက် နှင့်ပတ်သက်၍ ဂဃနဏ မသိပေ။ ဤသို့ဖြင့် စားရေး သောက်ရေးသည် ဝမ်ရှန်း၏ ခေါင်းပေါ်သို့ ပုံကျလာခြင်း ဖြစ်သည်။

တောတောင်ထဲတွင် ကင်စားရုံမှအပ အခြား နည်းလမ်း မရှိပေ။ စုန့်ရန်သည် မိန်းမငယ်လေး တစ်ယောက်ဟု ဆိုသော်ငြား ရှက်ရွံ့ ကြောက်လန့်ခြင်း မရှိဘဲ ဝမ်ရှန်းနည်းတူ မြွေသားကင်ကို လက်နှစ်ဖက်ဖြင့် ကိုင်၍ မြိန်ရေယှက်ရေ စားလေသည်။

အဆိပ်တစ်ထောင် မြွေဟောက်သားသည် အမှန်တကယ် ကောင်းမွန်လှသည်။ မြွေသားသည် အစာအိမ်ထဲသို့ ရောက်သွားသည်နှင့် စုန့်ရန်ပြောသည့် အကြောင်းကို ချက်ချင်း နားလည် သွားသည်။

မြွေသားထဲတွင် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ပါဝင်နေကာ ပိုင်ယွမ် ဆေးပြားလောက် မပြင်းထန် သော်လည်း စားသောက် နေရင်းဖြင့် ဝိညာဉ်စွမ်းအင် ဖြည့်တင်း နေရခြင်းသည် အလွန် သက်သောင့်သက်သာ ဖြစ်စေသည်။

မြွေသားကင် သုံးလေးပေါင်ခန့် စားပြီးနောက် ဝမ်ရှန်းသည် သူ၏ ရွှေငါးကြင်းမှာ ပို၍ သန်မာ လာသည်ကို ခံစားနေရသည်။

ဤအကျိုးသက်ရောက်မှုသည် နာရီအနည်းငယ်ကြာ လေ့ကျင့်ခြင်းနှင့် ရလဒ်ခြင်း တူညီသည်။

စားခြင်းနှင့် အိပ်ခြင်းမှလွဲ၍ ဝမ်ရှန်းနှင့် စုန့်ရန်သည် ကျင့်ကြံခြင်း လေ့ကျင့်ခြင်းတို့ကိုသာ ပြုလုပ်ကြသည်။

စုန့်ရန်သည် ဝမ်ရှန်း၏ ကြိုးစားအားထုတ်မှုကို ကြည့်ကာ လေးလေးနက်နက် စိတ်မကောင်း ဖြစ်နေပေသည်။ ဝမ်ရှန်းသည် သူမ မြင်ဖူးသမျှထဲတွင် ပါရမီ အရှိဆုံးသော ကျင့်ကြံသူဖြစ်သည်။ ကံမကောင်းစွာပင် အသုံးမကျသော ယွမ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သဖြင့် အဆင့်တက်ရန် မဖြစ်နိုင်ပေ။ ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်း စာအုပ်ကို မည်သို့ အသုံးချမည်နည်း။ သူမ မစဉ်းစားတတ်ပေ။

ဝမ်ရှန်း လေ့ကျင့်နေသည့် အခိုက်အတန့်မျိုးတွင် စုန့်ရန်၏ ဝမ်ရှန်း၏ အရည်အချင်းများ ဤမျှ ကောင်းမွန်နေရခြင်း အကြောင်းရင်းကို သိလိုသဖြင့် စပ်စုကြည့်သော်လည်း ဟွင်းယွမ် ကျင့်ကြံရေး နည်းလမ်းသည် သာမန်ကာ လျှံကာသာဖြစ်ပြီး တစ်စုံတစ်ရာ ထူးခြားမှုမရှိပေ။

ထို့ပြင် စုန့်ရန်သည် ဝမ်ရှန်း၏ ကျင့်ကြံပုံနှင့် ပတ်သက်၍ အနည်းငယ် အံ့အားသင့်နေသည်။

သူသည် တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံရုံမျှမက ထိုင်ထလုပ်ခြင်း ကဲ့သို့သော လေ့ကျင့်ခန်း များကိုလည်း နေ့စဉ်နှင့်အမျှ ပြုလုပ်သေးသည်။

စုန့်ရန်သည် ဝမ်ရှန်း၏ ကျင့်ကြံရေးနှင့် ပတ်သက်၍ ၂ ရက်တိတိ စူးစမ်း ကြည့်သော်လည်း အဆုံးတွင် လက်လျှော့ လိုက်ရသည်။

ထို့နောက် စုန့်ရန်သည် သူမ၏ မိသားစု ကျင့်ကြံရေး နည်းလမ်းများနှင့် ဓားသိုင်းများကိုသာ တိတ်တဆိတ် ကျင့်ကြံနေလေသည်။

ဝမ်ရှန်းသည် စုန့်ရန်၏ စူးစမ်းမှုနှင့် ပတ်သက်၍ များစွာ ရှင်းမပြခဲ့ပေ။ သူ၏ သိပွံနည်းကျ လေ့ကျင့်ခန်းများသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း မြောက်မြားစွာသော အားကစား ပညာရှင်များ၊ ဆေးပညာရှင်များ၊ အတိုက်အခိုက် ပညာရှင်များ စုစည်းကာ တီထွင်ထားခြင်း ဖြစ်သည်။

ဝမ်ရှန်း၏ လေ့ကျင့်မှုများ အပြင် မြွေသားကင်၏ အကျိုးကြောင့်  ဝမ်ရှန်း၏ ရွှေငါးကြင်းသည် ဝိညာဉ်စွမ်းအင် အများအပြား စုပ်ယူကာ လေးပေအထိ ပြန်လည် တိုသွားလေပြီ။

ယခု ရွှေငါးကြင်းသည် ခွန်အားကုန် သုံး၍ ခုန်ပါက နဂါးဂိတ်ကို ထိနေပြီ ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက လဝက်အတွင်း နဂါးဂိတ်ကို ခုန်ကျော် နိုင်လိမ့်မည်။

ထိုအခိုက်အတန့်တွင် စုန့်လောင်ယုသည် လူတစ်အုပ် နှင့်အတူ ပြန်ရောက် လာသည်။ တစ်ကောင်လျှင် မီတာ သုံးဆယ်ခန့် ရှည်သော အဆိပ်တစ်ထောင် မြွေဟောက် အသေများကို ကြည့်ကာ လူတိုင်း ကြောက်ရွံ့ သွားကြသည်။

စုန့်လောင်ယု နောက်မှ လိုက်ပါလာသော စုန့်မိသားစုဝင် အချို့သည် မျက်စိရှေ့မှ မြင်ကွင်းကြောင့် ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြသည်။

ဒုတိယအဆင့် အထွတ်အထိပ်နှင့် တတိယအဆင့် အလယ်အလတ် ဝိညာဉ်သခင် နှစ်ယောက်သည် တတိယအဆင့် အထွတ်အထိပ်နှင့် စတုတ္ထအဆင့် အစောပိုင်း မိစ္ဆာ သားရဲ ၂ ကောင်ကို သတ်ပစ် လိုက်ခြင်းသည် ယုံချင်စရာမရှိပေ။

ထို့ပြင် သူတို့စိတ်ထဲတွင် ဝမ်ရှန်းမှာမူ ကျိုးပဲ့ ဝိညာဉ်ပိုင်ရှင် ဖြစ်ကာ ဤမြွေများကို သတ်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

သို့သော် ယုံခြင်း မယုံခြင်းသည် အရေး မကြီးတော့။ မျက်စိရှေ့ရှိ အဆိပ်တစ်ထောင် မြွေဟောက် ၂ ကောင်၏ အသက်မဲ့နေမှုက ဤအဖြစ်အပျက် အမှန်တကယ် ဖြစ်ကြောင်း သက်သေခံနေသည် မဟုတ်ပါလော။
***

Comment

Leave a Reply

Options

not work with dark mode
Reset