အခန်း ၃၀
စျေးဖြတ်ခြင်း
ဝမ်ရှန်းသည် တစ်စုံတစ်ခုပြောရန် ချီတုံချီချ ဖြစ်နေဟန်ရှိသော စုန့်လောင်ယုကို ကြည့်ကာ တိုက်ရိုက် မေးမြန်းလိုက်သည်။
“ဉီးလေးယု တစ်ခုခုဖြစ်နေတာလား”
စုန့်လောင်ယုသည် အမှန်တကယ်ပင် ယောက်ယက် ခတ်နေသည်။ သူသည် အဆိပ်တစ်ထောင် မြွေဟောက်ကို မည်သို့ တောင်းယူရမည်ကို မသိပေ။
မြွေဟောက် နှစ်ကောင်လုံးသည် ဝမ်ရှန်း၏ လက်ထဲတွင် သေဆုံး သွားသည့်အပြင် သူနှင့် စုန့်ရန်၏ အသက်ကိုလည်း ကယ်ဆယ် ပေးခဲ့သည်။ ထို့ကြောင့် အားနာစိတ်ဖြင့် စကားမစနိုင်ခြင်း ဖြစ်သည်။
“ဒီလိုပါ”
စုန့်လောင်ယုသည် စုန့်ရန်၏ အကျိုးကို မျှော်ကိုးကာ အားတင်းလိုက်ပြီး ” ဒီအဆိပ်တစ်ထောင် မြွေဟောက် နှစ်ကောင်ကို ငါတို့ လက်ထဲ အပ်လို့ရမလား”
ဝမ်ရှန်းသည် အရူးတစ်ယောက် မဟုတ်ပေ။
စုန့်လောင်ယုသာ ထုတ်မပြောပါ သတိထားမိမည် မဟုတ်သော်လည်း စုန့်လောင်ယု၏ အမူအရာကို ကြည့်ကာ ဤမြွေဟောက် အလောင်းများ၏ တန်ကြေးသည် သာမန် မဟုတ်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။
“ကျုပ်က ဘာပြန်ရမှာလဲ”
မြွေဟောက် နှစ်ကောင်ကို သူကိုယ်တိုင် သတ်ထားခြင်းဖြစ်ရာ သူများ လက်ထဲသို့ အလွယ်တကူ မထည့်ပေး လိုက်နိုင်ချေ။
“မင်းက ဘာလိုချင်လို့လဲ”
စုန့်လောင်ယုသည် ဝမ်ရှန်း၏ လေသံကြောင့် အကြီးအကျယ် စိတ်ပျက် သွားလေသည်။ ဝမ်ရှန်းသာ စျေးနှုန်းများစွာ တောင်းဆိုလာပါက စုန့်ရန်အတွက် ကြံရာမရ ဖြစ်ရပေတော့မည်။
ဝမ်ရှန်းကို သတ်၍ လက်ဝါးကြီး အုပ်ရန်မှာလည်း မဖြစ်နိုင်ချေ။ ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက်၂ ကောင်လုံးကိုပင် သူတို့မသိသော နည်းလမ်းဖြင့် သတ်ပစ်ခဲ့သည် မဟုတ်ပါလော။
“စုန့်ရန်၊ ဒီ မြွေဟောက်၂ ကောင်က ဘယ်လောက် တန်ကြေးရှိလဲ”
ဝမ်ရှန်းသည် စျေးဖြတ်ရန် စဉ်းစားလိုက်သော်လည်း ဤကမ္ဘာတွင် အဆိပ်တစ်ထောင် မြွေဟောက် တစ်ကောင်သည် မည်မျှ တန်ကြေးရှိကြောင်း မသိသဖြင့် စုန့်ရန်ကိုသာ မေးမြန်းလိုက်သည်။
စုန့်ရန်သည် ဝမ်ရှန်းကို ဒေါသတကြီးဖြင့် စိုက်ကြည့်လာသည်။
စျေးဝယ်မည့် သူကို ကုန်ပစ္စည်း၏ စျေးနှုန်း မေးနေသော ရောင်းသူမျိုးကို ယခု ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။
“ငါနင့်ကို စျေးလိမ်ပြောမှာ မကြောက်ဘူးလား …..ထားပါတော့…. တတိယအဆင့် မြွေဟောက်မရဲ့ အသားက ဆယ်ပေါင်ကို ရွှေဒင်္ဂါးတစ်ပြား၊ အရိုးနဲ့ အကြေးခွံတွေ အားလုံးကတော့ ရွှေဒင်္ဂါး သုံးထောင်လောက် ရမယ်၊ စတုတ္ထအဆင့် မြွေဟောက်ထီး အတွက်ကတော့ အသားငါးပေါင်ကို ရွှေဒင်္ဂါး တစ်ပြား၊ အရိုးနဲ့ အကြေးခွံတွေ အားလုံးက ရွှေဒင်္ဂါး ငါးထောင်ရမယ်”
“မြွေဟောက်မရဲ့ တန်ချိန်က အရိုးတွေ အကြေးခွံတွေ ဖယ်လိုက်လို့ အသားချည်းပဲ ပေါင်သုံးထောင်လောက် ကျန်မယ်ဆိုရင် ရွှေဒင်္ဂါး သုံးရာ၊ မြွေဟောက်ထီးကတော့ ပိုပြီး စျေးကြီးလို့ ရွှေဒင်္ဂါး ငါးရာ၊ စုစုပေါင်း ရွှေဒင်္ဂါး ၈၇၀၀ ရမယ်”
ဤပမာဏသည် ဝမ်ရှန်းအား ပေါင်ချင်ယုတန်မှ ကမ်းလှမ်းလိုက်သော ပမာဏလောက် မများပေ။
“မြွေဟောက်သားက ကျင့်ကြံသူတွေကို အားဖြည့် ပေးနိုင်တယ်၊ ဂရုတစိုက် ချက်ပြုတ်ပြီး ရောင်းချရင် ဝယ်စျေးထက် သုံးဆလောက် ပိုရတယ်၊ အရိုးတွေက ဆေးဖော်စပ်တဲ့အခါ သုံးတယ်၊ အရေပြားနဲ့ အကြေးခွံတွေကို ချပ်ဝတ်တန်ဆာ အဖြစ် ဖန်တီး ရောင်းချလို့ ရပြီးတော့ တန်ဖိုးက ရွှေဒင်္ဂါး တစ်သောင်းကျော်တယ်”
စုန့်ရန်သည် အဆိပ်တစ်ထောင် မြွေဟောက်နှင့် ပတ်သက်သမျှ စျေးနှုန်းများ အားလုံး မခြွင်းမချန် ပြောပြလိုက်သည်။
“ဒါဆို အဆိပ်တစ်ထောင် မြွေဟောက် တစ်ကောင်က ရွှေဒင်္ဂါး တစ်သောင်းမက စျေးကြီးတာပဲ၊ ဒီလိုလုပ်၊ ဒီမြွေဟောက် ငါတို့သုံးယောက် ပိုင်တာဆိုတော့ အညီအမျှ ဖြစ်သွားအောင် ငါ့ကို တစ်ကောင်အတွက် ရွှေဒင်္ဂါး သုံးထောင်စီပေး ဘယ်လိုလဲ”
စုန့်လောင်ယုသည် ဝမ်ရှန်းမှာ တန်ဖိုး အစစ်အမှန်ကို သိပြီးနောက် ရွှေဒင်္ဂါး များစွာ တောင်းဆိုလိမ့်မည်ဟု ထင်ထားသော်လည်း ရွှေဒင်္ဂါး တစ်သောင်းကျော်ကို သုံးထောင်သာ တောင်းသဖြင့် များစွာ အံ့သြသွားလေသည်။
“ဒီ မြွေဟောက်တွေက နင်တစ်ယောက်တည်း သတ်ခဲ့တာလေ၊ ငါတို့ အသက်ကိုလည်း ကယ်ခဲ့သေးတယ် ဒါက မနည်းလွန်းဘူးလား”
စုန့်ရန်သည် ရိုးသားစွာပင် တိုက်ရိုက် ပြောဆိုလိုက်သည်။
“တကယ်တော့ ဒါတွေ အားလုံးက နင့်ဟာပဲ၊ နင်ဒီထက်မက တောင်းဆိုလို့ ရသေးတယ်”
စုန့်လောင်ယုသည်လည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။ တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်အနေဖြင့် အဆင့်သုည လူငယ် တစ်ယောက်ထံမှ အချောင် ရယူသည်မှာ ရှက်ရွံ့ဖွယ် ကောင်းလေသည်။
ဤမြင်ကွင်းသညိ တစ်နည်းတစ်ဖုံ ရယ်ဖွယ် ကောင်းနေတော့သည်။ ရောင်းသူသည် စျေးနိမ့်၍ တောင်းပြီး ဝယ်သူသည် စျေးပိုတောင်းပါရန် တောင်းဆိုနေခြင်းပင်။
“ကောင်းပြီလေ ငါ့ကို မြွေသား ပေါင် ငါးရာ၊ ပြီးတော့ ဝိညာဉ်စွမ်းအင် အသုံးပြုပြီး တိုက်ခိုက်နည်း စာအုပ် ထပ်ပေးနိုင်မလား”
စုန့်ရန် အနည်းငယ် တုံ့ဆိုင်းသွားသည်။ မြွေသား ပေါင်ငါးရာသည် ပြဿနာ မရှိသော်လည်း ကျင့်ကြံရေး စာအုပ်သည် ပြဿနာ အနည်းငယ် ရှိလေသည်။
စုန့်မိသားစု၏ ကျင့်ကြံရေး စာအုပ်များကို အပြင်လူများအား လွှဲပြောင်းခွင့် မရှိပေ။ ၎င်းမှာ မိသားစု၏ အခြေခံအုတ်မြစ်ဖြစ်ကာ မိသားစု၏ အကြီးဆုံးသမီး ဖြစ်နေလျှင်ပင် ခြွင်းချက် မရှိချေ။
“စုန့်မိသားစုရဲ့ လျှို့ဝှက်စာအုပ်တွေ ပေးစရာ မလိုပါဘူး၊ အပြင်က တစ်အုပ်လောက် ဝယ်ရင် အဆင်ပြေတယ်၊ အပ်စိုက်မှတ်နည်းတဲ့ ကျင့်ကြံသူတွေ အတွက် သင့်တော်မယ့် စာအုပ်မျိုးပေါ့”
ဝမ်ရှန်းသည် စုန့်ရန် အကျပ်ရိုက် နေပုံကို နားလည်ဟန်ဖြင့် ချက်ချင်း ထပ်ပြောလိုက်သည်။
သူလိုချင်သည်မှာ အော်ရာဖြင့် တိုက်ခိုက်ခြင်း၊ တစ်နည်းဆိုလျှင် ဝိညာဉ်စွမ်းအင်ဖြင့် ရန်သူကို တိုက်ခိုက်နည်း ဖြစ်သည်။ ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်ခြင်းအတွက် သူသင်ယူခဲ့သော သိပွံ နည်းကျ တိုက်ခိုက်ရေး နည်းလမ်းများအပြင် တိုက်ပွဲ ဝိညာဉ်၏ အကူအညီလည်း ရှိသဖြင့် ပြင်ပအကူအညီ မလိုအပ်လှပေ။
စုန့်ရန် ခေါင်းညိတ် လိုက်သည်။
ပြင်မမှ ဝယ်ယူခြင်းသည် ပို၍ လွယ်ကူပြီး ရွှေဒင်္ဂါး ရာဂဏန်းသာ ကုန်ကျနိုင်သည်။
“နင့်မှာ အပ်စိုက်မှတ် ဘယ်နှခုရှိတာလဲ”
ကြယ်မရှိ၊ အဆင့်မရှိသော ယွမ်ဝိညာဉ်ဖြင့် ပထမအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသော ဝမ်ရှန်းကို ကြည့်ကာ စုန့်ရန်သည် သူ၏ အကြံအစည် ဖြစ်နိုင်ချေ ရှိမရှိ သိလိုသဖြင့် သွယ်ဝိုက်၍ မေးမြန်းလိုက်သည်။
ရှေးယခင် ကတည်းက ယခုအချိန်ထိ ကြယ်မရှိသော အဆင့်အနိမ့်ဆုံး ယွမ်ဝိညာဉ်ကို ပိုင်ဆိုင်ကြသူများတွင် မည်သူကမျှ ပထမအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ကြပေ။
သို့ရာတွင် ဝမ်ရှန်းသည် နတ်ဆိုးတစ်ကောင် အလား ထူးဆန်း အံ့သြဖွယ်များ လုပ်ပြတတ်သဖြင့် စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်း အဆင့်တက်နိုင်ချေ ရှိမရှိ ရုတ်ခြည်း သိချင်လာကြသည်။
“တစ်ခုရှိတယ်”
ဝမ်ရှန်းသည် သူ၏ အပ်စိုက်မှတ် အကြောင်း ရှက်ရွံ့ခြင်း ကင်းမဲ့စွာ ပြောလိုက်သည်။ သူ့တွင် ထိုက်ချိဝဲကတော့ ရှိသေးသော်လည်း အခြားသူများတွင် ရှိမရှိ မသိသဖြင့် မပြောလိုက်ပေ။
စုန့်ရန်သည် ဝမ်ရှန်း၏ အဖြေကြောင့် သွေးအန်လုနီးနီးပင်။
‘ကမ္ဘာပေါ်မှာ အသုံးမကျဆုံး ယွမ်ဝိညာဉ်ကို ပိုင်ဆိုင် ထားတာတောင် သူက ဂုဏ်ယူပြီး ပြောနေနိုင်သေးတယ်၊ အပ်စိုက်မှတ် တစ်ခုပဲရှိတာက အဲ့လောက်ထိ ဂုဏ်ယူစရာ ကောင်းနေလို့လား’
စုန့်ရန်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်ကာ မျက်နှာ မပျက်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ပြီး ခေါင်းညိတ် ပြလိုက်သည်။
“ကောင်းပြီ၊ နင်နဲ့ ကိုက်ညီမယ့် ကျင့်ကြံရေး နည်းလမ်းမျိုး အမြန်ဆုံး ရှာပေးမယ်”
ထို့နောက်တွင် စုန့်လောင်ယုသည် မြွေဟောက် နှစ်ကောင်၏ အလောင်းများကို သယ်ယူရန်အတွက် လူအင်အား သွားရောက် စုဆောင်းလေသည်။
ဝမ်ရှန်း သတိမထား မိလိုက်သည်မှာ စုန့်ရန်သည် စုန့်လောင်ယု မထွက်ခွာခင် အမိန့်တစ်ခု ပေးခဲ့ခြင်းပင်။
၎င်းမှာ စုန့်မိသားစု၏ ဗဟုသုတ ကြွယ်ဝသော ဘဏ္ဍာထိန်း အချို့ကို ခေါ်ဆောင်လာပြီး ဤနေရာမှ သဲလွန်စများကို အခြေခံကာ မြွေဟောက် နှစ်ကောင်ကို သတ်ခဲ့သော ဝမ်ရှန်း၏ အသုံးပြု နည်းလမ်းများကို ရှာဖွေရန် ဖြစ်သည်။
ဤကမ္ဘာတွင် ပထမအဆင့်သို့ ဝင်ရောက်ပြီးဖြစ်သော မြွေဟောက် အလောင်းများသည် အချိန်အတော်ကြာအောင် အထားခံကာ ပုပ်သိုး သွားခြင်းမရှိပေ။
ဝမ်ရှန်းသည် မြွေဟောက်ထီး၏ နှလုံးနားမှ အသားအချို့ကို လှီးဖြတ်ကာ လက်စွပ်ထဲ ထည့်သည်။ သိုလှောင် လက်စွပ်သည် သိပ်မကျယ်သဖြင့် ကီလိုအနည်းငယ်သာ ထည့်နိုင်ပြီး သူတောင်းယူထားသော မြွေဟောက်သား ပေါင်ငါးရာ၏ လက်ကျန် အသားများကို ကျန်ရက်များ၌ စားသုံးရန် ဖယ်ထား လိုက်သည်။
တစ်ချိန်တည်းမှာပင် ပေါင်ချင်ယုတန်၏ ပိုင်ရှင် အမျိုးသမီးသည် လင်းလုံ ခန်းမထဲ၌ ရောက်ရှိ နေလေသည်။
သူမသည် အထူး ဧည့်သည်ဖြစ်သဖြင့် ဘဏ္ဍာထိန်းသည် အထူးခန်းထဲသို့ နွေးနွေးထွေးထွေး ဖိတ်ကြား လိုက်သည်။ တစ်ခဏမျှ ကြာသော် ပေါင်ချင်ယုတန်အတွက် ဓားပြုလုပ်ပေးခဲ့သော လက်နက် သန့်စင်သူ ရောက်ရှိလာသည်။
“ဆရာ၊ ကျွန်မမှာ အကြံတောင်းစရာလေး ရှိနေလို့ တွေ့ခွင့် တောင်းလိုက်ရတာပါ အနှောင့်အယှက် ဖြစ်သွားရင် ဗွေမယူပါနဲ့ရှင်”
ပိုင်ရှင် အမျိုးသမီးသည် ပြောရင်းဆိုရင်းဖြင့် နံဘေးမှ အစေခံကို သူမ၏လက်ထဲမှ သေတ္တာရှည်ကို ချပေးရန် အချက်ပြလိုက်သည်။
လက်နက် သန့်စင်သူသည် သေတ္တာရှည်ကို ချက်ချင်း ဖွင့်ကာ အထဲမှ ပစ္စည်းများကို ထုတ်ယူ လိုက်လေသည်။ တစ်ချိန်တည်းမှာပင် မျက်နှာ အကြီးအကျယ် ပျက်သွားလေတော့သည်။
လက်နက် သန့်စင်သူသည် သူ၏ လက်ထဲမှ ဓားကျိုးကို တစ်ချက် ကြည့်ရုံဖြင့် ကောင်းစွာ မှတ်မိသည်။ သူ စေ့စေ့စပ်စပ် အချိန်ယူကာ ဖန်တီးထားခဲ့သော ဓားသည် ယခုအခါ နှစ်ပိုင်း ကျိုးနေသည်။
သံကို ရွှံ့လို ဖြတ်နိုင်သည့် မှော်ဓားဟု ဝံ့ကြွားခဲ့သော လက်နက် သန့်စင်သူသည် ဓားကျိုးကို ကြည့်ကာ မျက်နှာတစ်ခုလုံး ဖြတ်ရိုက် ခံလိုက်ရသည့်နှယ် ရှက်ရွံ့ သွားရလေသည်။
***