အခန်း ၂၉
မြွေသေများမှ စွမ်းအင်ရရှိခြင်း
ဤထူးဆန်းမှုသည် မည်သည့် အရာဖြစ်ကြောင်း သူနားမလည်ပေ။ သို့သော် ယခင်က သူစုပ်ယူခဲ့သော ဝိညာဉ် စွမ်းအင်များနှင့် မတူဘဲ ပို၍ ထူးဆန်းသော ဝိညာဉ်စွမ်းအင် တစ်မျိုးဟု အကြမ်းဖျင်း ဆိုနိုင်သည်။
၎င်းစွမ်းအင်သည် ယွမ်ဝိညာဉ် နယ်မြေထဲသို့ တိုက်ရိုက် တိုးဝင်သွားကာ လျှပ်တစ်ပြက် အတွင်း ယွမ်ဝိညာဉ် ငါးကြင်းဘေးသို့ ရောက်ရှိ သွားလေသည်။
ဝမ်ရှန်း၏ ယွမ်ဝိညာဉ်ကို ယခု ငါးသေးဟု ခေါ်၍ မရတော့ပေ။ အလျားသုံးပေ ရှည်လျားသော ငါးကြင်းကြီး တစ်ကောင် ဖြစ်နေလေပြီ။
တိုက်ပွဲဝိညာဉ်သည် တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိဘဲ ငါးကြင်း၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ စီးဆင်းနေသည်။
ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် ယွမ်ဝိညာဉ် ငါးကြင်းသည် ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာတော့သည်။
ယခင်က ဝိညာဉ် စွမ်းအင်များစွာ စုပ်ယူပြီးမှ အနည်းငယ်သာ ပေါ်ထွက် လာတတ်သော ရွှေရောင် မျဉ်းကြောင်းများသည် ယခုအခါ မယုံကြည်နိုင်ဖွယ် မြန်ဆန်စွာ ပျံ့နှံ့ နေသည်။
ပထမဆုံး ငါးကြင်း၏ ပါးဟက်အောက်မှ စတင်ကာ ရွှေရောင် အကြေးခွံများအဖြစ် ပြောင်းလာပြီး တဖြည်းဖြည်း တစ်ကိုယ်လုံးကို ပျံ့နှံ့ သွားတော့သည်။
အကြေးခွံများ အားလုံး ရွှေရောင် မျဉ်းကြောင်းများဖြင့် ဖုံးလွှမ်း ခံလိုက်ရပြီးနောက် ဉီးခေါင်း၊ အမြှီး၊ ပါးဟက်များ အရောင်ပြောင်းလဲ လာသည်။
ငါးကြင်းသည် ဝမ်ရှန်း၏ အကြည့်အောက်တွင် ရွှေရောင် ငါးကြင်းအဖြစ် ရုတ်ခြည်း ပြောင်းလဲ သွားသည်။
အရွယ်အစား မကြီးလာသော်လည်း ကြောက်မက်ဖွယ် စွမ်းအင်များကို ခံစားနိုင်သည်။ တိုက်ပွဲဝိညာဉ်သည် ငါးကြင်း၏ ပြောင်းလဲမှုများကို ကာကွယ် ပေးနေပုံရကာ ပြောင်းလဲမှုများ ပြီးဆုံးသွားပြီးနောက် ယွမ်ဝိညာဉ် နယ်မြေ၏ အစွန်းဘက်တွင် ထိုင်ကာ ဝမ်ရှန်း အသုံးပြုခဲ့သော တိုက်ကွက်များကို ခွဲခြမ်စိတ်ဖြာ နေသည်။
အဆိပ်တစ်ထောင် မြွေဟောက်ကို သတ်ရန် အသုံးပြုခဲ့သော လက်နက်များကိုမူ တိုက်ပွဲဝိညာဉ်သည် စိတ်ဝင်စားခြင်းမရှိပေ။
ထိုအခိုက်အတန့်တွင် ယွမ်ဝိညာဉ် ငါးကြင်းသည် ရုတ်တရက် အပေါ်သို့ ခုန်တက်လိုက်သည်။
ဆယ်ပေကျော် မြင့်သော နဂါးဂိတ်ကို ခုန်ကျော်ရန် အချိန်များစွာ ယူရဉီးမည်ဟု ထင်ထားသော်လည်း ယခု ငါးပေကျော် အထိ ခုန်နိုင်သွားပြီ ဖြစ်သည်။
ဝမ်ရှန်းသည် အံ့သြလွန်းသဖြင့် ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။ အဆိပ်တစ်ထောင် မြွေဟောက်သည် ဤမျှ အစွမ်းထက် လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် ဝမ်ရှန်း နားမလည်သည်မှာ ဤစွမ်းအင်သည် အဘယ်ကြောင့် ကြီးမားသော ပြောင်းလဲမှုကို ယူဆောင် လာပါသနည်း။
ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက်မကို ကိုင်ကာ ငြိမ်သက် နေသည်ကို ကြည့်ကာ စုန့်ရန်နှင့် စုန့်လောင်ယုသည် ရုတ်တရက် ကြောင်အမ်း သွားကြသည်။
သူဘာလုပ်နေတာလဲ။
ကံကောင်းစွာပင် ဝမ်ရှန်း၏ ယွမ်ဝိညာဉ် ပြောင်းလဲမှု အားလုံးသည် စက္ကန့်ပိုင်းမျှသာ ကြာသဖြင့် ထူးဆန်းမှုကို မည်သူမျှ သတိမထားမိကြပေ။
ခန္ဓာကိုယ်ထဲသို့ စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များ ရပ်တန့် သွားချိန်တွင် ဝမ်ရှန်းသည် မြွေဟောက်မမှ တစ်ဆင့် မြွေထီးထံ ချဉ်းကပ် သွားသည်။
ဝမ်ရှန်းသည် စုန့်ရန်နှင့် စုန့်လောင်ယုကို တစ်ချက် ပြုံးပြလိုက်ပြီး သူတို့ထက် အရင်ဉီးစွာပင် မြွေထီး၏ ခန္ဓာကိုယ်ကို အလျင်စလို ထိလိုက်လေသည်။
စုန့်လောင်ယုသည် ဤမြင်ကွင်းကြောင့် ခေါင်းနားပန်း ကြီးသွားသည်။
“သေစမ်း၊ ဝမ်ရှန်းက အဆိပ်တစ်ထောင် မြွေဟောက်ရဲ့ အလောင်းတွေကို စစ်ဆေးနေပြီ၊ ကြည့်ရတာ စျေးအများကြီး တောင်းတော့မယ် ထင်တယ်”
စုန့်လောင်ယုသည် စိတ်ထဲတွင် တိတ်တဆိတ် တွေးကာ ယောက်ယက် ခတ်နေသည်။
သာမန် လူသာဆိုပါက ရွှေဒင်္ဂါး အနည်းငယ် ပစ်ပေးလိုက်ရုံဖြင့် မြွေနှစ်ကောင်ကို အပိုင်သိမ်း နိုင်သော်လည်း ဝမ်ရှန်းသည် သာမန်လူ မဟုတ်ပေ။
အဆိပ်တစ်ထောင် မြွေဟောက် ၂ ကောင်လုံးကို ဝမ်ရှန်း တစ်ယောက်တည်း သတ်ထားသည့်အပြင် ဝမ်ရှန်းသည် ရွှေဒင်္ဂါး လိုအပ်နေသူလည်း မဟုတ်ချေ။ သူ၏ ဆားဖြူလုပ်ငန်း တစ်ခုတည်းကပင် သူဌေးတစ်ယောက်ဖြစ်ရန် လုံလောက်နေလေပြီ။
ဝမ်ရှန်း မျှော်လင့်ထားသည့် အတိုင်းပင် စတုတ္ထအဆင့် မြွေထီးကြီး၏ စွမ်းအင်များသည် မြွေဟောက်မထက် ပို၍ များပြားလှသည်။
ရွှေရောင် ငါးကြင်းသည် ၎င်းစွမ်းအင်များကို ဆက်တိုက် စုပ်ယူနေပြီး ခန္ဓာကိုယ် တစ်ခုလုံး ထိန်းချုပ်၍ မရစွာ ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်း သုံးပေအရှည်မှ ခြောက်ပေအရှည်ထိ ကြီးထွား လာလေသည်။
ခြောက်ပေထိ ရောက်သွားသောအခါ ကြီးထွားခြင်း ရပ်တန့်သွားသည်။ ဝမ်ရှန်းသည် ခြောက်ပေ ရှည်လျားသော ရွှေရောင်ငါးကြင်းကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေသည်။
ကမ္ဘာပေါ်မှာ ဒီလောက်ကြီးတဲ့ ငါးကြင်းမျိုး ရှိသေးတာပဲလား။
အဆိပ်တစ်ထောင် မြွေဟောက်၏ ခန္ဓာကိုယ်မှ စွမ်းအင်များ မကုန်ဆုံး သေးသော်လည်း ယွမ်ဝိညာဉ် ငါးကြင်းသည် ပြောင်းလဲမှု မရှိတော့ပေ။
“ငါးကြင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ချုံ့ပြီး စွမ်းအင်တွေ ထပ်ယူရင်ရော ရလားမသိဘူး”
ဝမ်ရှန်း ရုတ်တရက် အတွေးပေါက် သွားသည်။
ဤသည်မှာ အစသို့ ပြန်ရောက် သွားခြင်း မဟုတ်ပေ။ စုပ်ယူပြီးသော စွမ်းအင်များကို ကျစ်လျစ် သိပ်သည်းစေကာ ခိုင်မာသော အုတ်မြစ်ကို တည်ဆောက်ခြင်းနှင့် သဘောတရားချင်း တူညီသည်။
တိုက်ပွဲဝိညာဉ်သည် ဝမ်ရှန်း၏ အတွေးများကို ခံစားမိဟန်ဖြင့် ငါးကြင်းဘေးသို့ ရောက်သွားပြီး ပြောင်းလဲခြင်းများ စတင် လုပ်ဆောင်လေသည်။
စွမ်းအင် ဖိနှိပ်မှုအောက်တွင် ရွှေရောင် ငါးကြင်း၏ ခြောက်ပေမှ ငါးပေ၊ လေးပေအထိ ကျုံ့သွားသည်။
အဆုံးတွင် မြွေဟောက်ထီး၏ ခန္ဓာကိုယ်မှ စွမ်းအင်များ ကုန်ဆုံးသွားကာ ပြောင်းလဲမှု မရှိတော့ပေ။
ထို့နောက် ဝမ်ရှန်းသည် ရွှေရောင်ငါးကြင်းထံမှ အရည်အသွေး ပြောင်းလဲမှုကို စတင် ခံစားလိုက်ရသည်။
မူလက သူသည် သူဆောက်ထားသော နဂါးဂိတ်သည် ဆယ်ပေမက ရှည်၍ အလွန် မြင့်မားသည်ဟု ထင်ထားခဲ့သည်။ သို့သော် မည်မျှ မြင့်မားစေကာမူ ငါးကြင်းသည် တစ်နေ့တွင် ခုန်ကျော် နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
ယခု သူယုံကြည်ခဲ့သည့်အတိုင်း နဂါးဂိတ်ကို ခုန်ကျော်နိုင်မည့် အရိပ်အယောင်များ ပေါ်ထွက်လာလေပြီ။
ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက်၏ ခန္ဓာကိုယ်မှ စွမ်းအင်များအကြောင်း စုန့်ရန်နှင့် စုန့်လောင်ယုကို မေးမြန်းရန် စိတ်ကူးနေစဉ်မှာပင် ထူးဆန်းမှုကို ရုတ်တရက် သတိပြုမိ သွားသည်။
၎င်းမှာ စုန့်ရန်နှင့် စုန့်လောင်ယုသည် ခပ်လှမ်းလှမ်းတွင်သာ ရပ်နေပြီး မြွေဟောက် အလောင်းများကို တစ်စုံတစ်ရာ ထိခြင်းကိုင်ခြင်း မရှိကြပေ။
“သူတို့က ဒီစွမ်းအင်ကို စုပ်ယူလို့ မရဘူးလား”
ဝမ်ရှန်း တိတ်တဆိတ် တွေးတော မိလိုက်သည်။
စုန့်ရန်သည် မြွေဟောက်ထီး၏ နံဘေး၌ ရပ်နေသော ဝမ်ရှန်းကို စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ရှန်းသည် ရုတ်တရက် ခန္ဓာကိုယ်ကို လှည့်ကာ သူမထံ လျှောက်လာလေသည်။
“နင်ဘယ်လို လုပ်လိုက်တာလဲ အဆိပ်တစ်ထောင် မြွေဟောက်မြီးနဲ့ ရိုက်ခံရတာတောင် အကောင်းပကတိ ဖြစ်နေသေးတယ် နင်ဘာမှမဖြစ်ဘူးလား”
“ငါ ဒဏ်ရာမရဘူးလို့ ဘယ်သူပြောလဲ”
ဝမ်ရှန်းသည် သူ၏ ကျည်ကာအင်္ကျီ အကြောင်း လျှို့ဝှက်ထားပြီး ယောင်ဝါးဝါး ဖြေသည်။
သို့သော် သူလိမ်ညာနေခြင်း မဟုတ်ပေ။
ရင်အုပ်နှင့် ဝမ်းဗိုက်တွင် နာကျင်နေဆဲဖြစ်ကာ အရိုးမကျိုးသော်လည်း အသားစိုင်များ အတွင်းကြေ ကြေသွားနိုင်သေးသည်။
ကြီးမားသော စွမ်းအင်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် အတွင်းအင်္ဂါများ လှုပ်ခါသွားပြီး အသားစိုင်များ နာကျင်နေဆဲပင်။ ဝမ်ရှန်း၏ ရင်အုပ်နှင့် ဝမ်းဗိုက်တွင် အညိုအမည်းများ စွဲနေပြီး တဆစ်ဆစ် ကိုက်ခဲနေသည်။ ဝမ်ရှန်းက နာကျင်မှုကို ထုတ်မပြခြင်းသာ ဖြစ်သည်။
စုန့်ရန် ယုံကြည်စေရန် ဝမ်ရှန်းသည် လက်မောင်းသားများကို လှစ်ဟ ပြသလိုက်သည်။ လက်မောင်းများသည် ဒဏ်ရာဒဏ်ချက် များစွာနှင့် သွေးကွက်များပင် စိမ့်ထွက်နေကာ မြွေမြှီး၏ ရိုက်ချက် မည်မျှ ပြင်းထန်ကြောင်း သိနိုင်သည်။
စုန့်ရန်သည် လက်မောင်းမှ ဒဏ်ရာများကို အသေအချာ ကြည့်ကာ မယုံနိုင်ဟန်ဖြင့် ရင်ဘတ်ကို လက်ညှိုးဖြင့် ထိုးကြည့် နေသေးသည်။ ကံကောင်းစွာပင် အရည်ကျည်ကာသည် ပျော့ပျောင်း၍ မသိသာသဖြင့် စုန့်ရန်၏ လက်ညှိုးသည် ထူးဆန်းမှုကို သတိမပြုမိဘဲ ဝမ်ရှန်း၏ စကားကို ယုံကြည် သွားလေသည်။
“နင်က လူရော ဟုတ်သေးရဲ့လား အဆိပ်တစ်ထောင် မြွေဟောက်ရဲ့ အမြှီးနဲ့ ရိုက်ခံရတာတောင် ဒီလောက်ပဲ ဒဏ်ရာရတယ်ပေါ့”
“ငါက နည်းနည်း ကံကောင်းသွားရုံပါပဲ”
ဝမ်ရှန်းသည် စုန့်ရန်ကို တစ်ခဏမျှ အကဲခတ်နေပြီးမှ စိတ်ထဲရှိ သံသယများကို ထုတ်မေးလိုက်သည်။
“ငါ မြွေအလောင်းတွေကို ထိကြည့်လိုက်တာ ယွမ်ဝိညာဉ် နယ်မြေထဲမှာ နည်းနည်း ထူးဆန်းသွားသလို ခံစားလိုက်ရတယ် အဲဒါဘာဖြစ်တာလဲ”
“ပုံမှန်ပါပဲ”
စုန့်လောင်ယု ဝင်ရောက် ရှင်းပြလာသည်။
“ဒါက ခွန်အားကြီး ရန်သူကို အနိုင်ရတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ပဲ၊ လူတိုင်းဖြစ်တယ် မင်းရဲ့ ကျင့်ကြံရေးကို အထောက်အကူ ပြုနိုင်တယ်”
ဝမ်ရှန်းသည် စုန့်လောင်ယု၏ လေသံကို နားထောင်ကာ စိတ်ပျက် သွားမိသည်။ သူ ခံစားမိလိုက်သော စွမ်းအင်သည် ထိုလူပြောသည်နှင့် လားလားမျှ မတူချေ။
စုန့်ရန်သည် နံဘေးတွင် ရပ်ကာ ခေါင်းညိတ် ထောက်ခံ လိုက်သည်ကို မြင်သောအခါ ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက်များ၏ ခန္ဓာကိုယ်မှ စွမ်းအင်များကို စုန့်ရန်နှင့် စုန့်လောင်ယု မခံစားမိကြောင်း အတည်ပြု လိုက်နိုင်လေသည်။
ဤထူးဆန်းမှုသည် သူတစ်ယောက်တည်းတွင်သာ ဖြစ်ပေါ်နေခြင်းပင်။
***