အခန်း ၂၈
ထပ်ပြီး မသေပြန်ဘူးလား
စုန့်ရန်နှင့် စုန့်လောင်ယုသည် သူတို့၏ ဘဝတစ်လျှောက်လုံး ဤမျှ ထိတ်လန့်ဖွယ် ကောင်းသော မြင်ကွင်းမျိုး မမြင်ဖူးခဲ့ကြောင်း ကျိန်ဆိုဝံ့သည်။
ဉီးခေါင်း တစ်လုံးတည်းကပင် လူသားတစ်ယောက်၏ သာမန်အရပ် နီးပါးမြင့်သော အဆိပ်တစ်ထောင် မြွေဟောက်ကြီးသည် ရှေ့သို့ တိုးဝင်လာစဉ်မှာပင် သူ၏ခေါင်း တစ်ခုလုံး ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။
ဤခံစားချက်သည် ထိတ်လန့်ဖွယ်အတိ ဖြစ်နေပြီး ခံစားချက်ကို အပြည့်အဝ ဖော်ပြရန် စကားလုံးပင် အလွယ်တကူ ရှာ၍မတွေ့ချေ။
ဝမ်ရှန်း ပစ်သွင်းခဲ့သော လက်ပစ်ဗုံး၏ အဓိက အင်အားသည် ခွန်အားပြင်း ပေါက်ကွဲမှုကို ဖြစ်စေသဖြင့် မြွေဟောက်၏ ဉီးခေါင်းသည် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားခြင်း ဖြစ်သည်။
မြောက်မြားစွာသော အသားစိုင်များနှင့် သွေးများ နေရာအနှံ့ ပြန့်ကျဲနေသည်။ စုန့်ရန်ဘက်တွင် အကြေးခွံအချို့နှင့် သွေးအနည်းငယ်သာ လာစင်သဖြင့် အဆင်ပြေသော်လည်း စုန့်လောင်ယု ဘက်တွင်မူ သာမန် ဓားရှည် တစ်ချောင်းထက် ပို၍ကြီးမားသော အဆိပ်တစ်ထောင် မြွေဟောက်၏ ဧရာမ အစွယ်ကြီးသည် စုန့်လောင်ယု၏ ဉီးရေပြားကို ပွတ်တိုက်ကာ နောက်မှ တောင်နံရံကို စိုက်ဝင်သွားသည်။
သေခြင်းနှင့် ရှင်ခြင်းကြားတွင် အကြိမ်ပေါင်းများစွာ ရုန်းကန်၍ စုန့်ရန်ကို အမြဲတစေ ကာကွယ် စောင့်ရှောက် ပေးခဲ့သော စုန့်လောင်ယုသည် ယခု ခြေထောက်များ ပျော့ခွေယိုင်နဲ့ လာကာ မြေပြင်ထက်တွင် ထိုင်ချလိုက်ရသည်။
နောက်မှ တောင်နံရံသာ ရှိမနေပါက ချက်ချင်း လဲကျသွားနိုင်သည်။
နဖူးထက်တွင် ချွေးများသည် အတားအဆီးမရှိ စီးကျလာကာ အဝတ်အစားများ ရုတ်ခြည်း စိုရွှဲသွားသည်။ စုန့်လောင်ယုသည် ဉီးရေပြားကို ပွတ်တိုက်သွားသော အစွယ်ကြီး၏ အေးစက်မှုကို အရိုးထဲထိ ခံစားနေရဆဲ ဖြစ်သည်။
ခန္ဓာကိုယ်ကိုသာ အနည်းငယ် စောင်းလိုက်ပါက ယခုအချိန်တွင် ခန္ဓာကိုယ်သည် အစွယ်ဖြင့် ဖောက်ကာ တောင်နံရံတွင် စိုက်ခံထားရပြီ ဖြစ်သည်။ တောင်နံရံတွင် ချိတ်ဆွဲခံထားရမည့် မိမိအလောင်းကို မြင်ယောင် ကြည့်မိချိန်တွင် စစ်ပွဲတစ်ရာ နွှဲလာခဲ့သော စုန့်လောင်ယုသည် မကြောက်ရွံ့ဘဲ မနေနိုင်တော့ပေ။
စုန့်ရန်သည် နေရာတွင် ကြောင်အမ်း၍ ရပ်နေသည်။ စက္ကန့်ပိုင်းအတွင်း သူမ၏ အသက်ကို နုတ်ယူသွားနိုင်သော အဆိပ်တစ်ထောင် မြွေဟောက်ကြီးသည် မျက်စိတစ်မှိတ် အတွင်း အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသေဆုံး သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤအရာအားလုံးကို စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် ဝိညာဉ်သခင်များကသာ ပြုလုပ်ပါက အံ့သြမိမည် မဟုတ်သော်လည်း ယခုမူ ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုကို မလုပ်နိုင်သော သာမန်လူ တစ်ယောက်က ပြုလုပ်သွားခဲ့သည်။
“ဟင် ဉီးလေးယု”
စုန့်ရန်သည် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိ သွားပြီးနောက် အားနည်း ဖျော့တော့စွာ ထိုင်နေသော စုန့်လောင်ယုကို မြင်သောအခါ စိုးရိမ်တကြီး ဖြစ်သွားလေသည်။
စုန့်ရန်သည် မျက်လုံးအိမ်ထဲတွင် မျက်ရည်များ အပြည့်ဖြင့် ပြေးလွှားသွားသည်။ ဉီးလေးယုသည် ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက် လာခဲ့သူဖြစ်ကာ အန္တရာယ် ပတ်လည် ဝိုင်းနေသော သူမ၏ မိသားစုထဲတွင် အပြည့်အဝ ယုံကြည်နိုင်သည့် တစ်ဉီးတည်းသော လူတစ်ယောက်ဖြစ်သည်။
“ဘာမှမဖြစ်ဘူး အဆင်ပြေပါတယ်”
စုန့်ရန်သည် စုန့်လောင်ယု၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို စစ်ဆေးနေစဉ် စုန့်လောင်ယုသည် သက်ပြင်းကို ရှိုက်ကာ တီးတိုးပြောလာသည်။
စုန့်ရန်သည် စုန့်လောင်ယု၏ နောက်ဘက်က် တောင်နံရံမှ မြွေစွယ်ကို ကြည့်ကာ အသက်ရှူပင် မှားသွားရသည်။
” ဟူး တော်သေးတာပေါ့ နည်းနည်းလေးပဲ လိုတော့တာ”
စုန့်ရန်နှင့် စုန့်လောင်ယုသည် စိတ်များ ငြိမ်သက်သွားရန် တစ်ခဏမျှ အချိန်ယူ လိုက်ရသည်။
ကြောက်ရွံ့မှုနှင့် ထိတ်လန့်ခြင်းများ လွင့်ပါးသွားမှသာ အခြေအနေကို ကောင်းစွာ စေ့ငုကြည့်နိုင်ကြသည်။ အဆိပ်တစ်ထောင် မြွေဟောက်ကြီးသည် ဝမ်ရှန်း၏ အမည်မသိ လက်နက် အစွမ်းဖြင့် သေဆုံးသွားလေပြီ။
စတုတ္ထအဆင့် အဆိပ်တစ်ထောင် မြွေဟောက်၏ ဉီးခေါင်းကို ဖျက်ဆီး ပစ်လိုက်သော ထိုအရာသည် သူမမြင်ဖူးသမျှထဲတွင် ခွန်အား အကြီးဆုံးသော လျှို့ဝှက်လက်နက် ဖြစ်သည်။
“သူ သူသေသွားပြီလား”
စုန့်ရန်သည် စိတ်ထဲတွင် ဝမ်းနည်း၍ လှိုက်တက်လာသည်။ ဝမ်ရှန်းသည် ဆန်းကြယ်၍ လျှို့ဝှက်ချက် များသော်လည်း အခြားသူများနှင့် မတူပေ။
စုန့်လောင်ယုသည်လည်း အရိပ်အယောင်ပင် မတွေ့ရသော ဝမ်ရှန်းကြောင့် စိတ်မကောင်းစွာ သက်ပြင်း ချလိုက်သည်။
“သူ သေပြီထင်တယ်”
“အဘိုးကြီးယု၊ ဘာတွေ လျှောက်ပြောနေတာလဲ ကျုပ်ကို ကျိန်စာတိုက်နေတာလား”
စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်း သေပြီဟု တွေးနေစဉ်မှာပင် ရုတ်တရက် မကျေမနပ် ရေရွတ်သံတစ်ခုကို ကြားလိုက်ရသည်။
ထို့နောက် ဝမ်ရှန်းသည် ချုံနွယ်များ ကြားမှ ထွက်ပေါ် လာလေသည်။ သူသည် ဧရာမ မြွေမြှီးဖြင့် ရိုက်ချ ခံလိုက်ရပြီးနောက် မီတာပေါင်း များစွာသို့ လွင့်ထွက်သွားခြင်း ဖြစ်ကာ လမ်းတစ်လျှောက်တွင် ခပ်နှေးနှေးသာ ပြန်လျှောက်လာခြင်း ဖြစ်သဖြင့် အချိန်ကြာနေခြင်းပင်။
အဆိပ်တစ်ထောင် မြွေဟောက်ကြီး၏ ရိုက်ချက်ကြောင့် သူသည် မီတာပေါင်း များစွာ အထိ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့သည်။
ကံကောင်းစွာပင် မြွေမြှီးသည် အလျားလိုက် ဆွဲချသွားခြင်း ဖြစ်သဖြင့် ပင့်တင်အား အနည်းငယ် ထွက်ပေါ်လာကာ ဝမ်ရှန်း၏ အသက်ကို ကယ်လိုက်သလို ဖြစ်သွားခြင်း ဖြစ်လေသည်။
သို့သော် သာမန် လူများသာဆိုပါက ပြင်းထန်သော အရှိန်ကြောင့် ရင်ညွန့်ရိုး နံရိုးများ အလုံးစုံ ကျိုးကြေ သွားနိုင်လေသည်။ အတွင်းအင်္ဂါများ ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ သွေးပွက်ပွက် အန်သွားနိုင်သည်။
မသေလျှင်တောင် ဝမ်ရှန်းကဲ့သို့ ကောင်းမွန်စွာ စကားပြော နိုင်ဉီးမည်မဟုတ်ပေ။
အကြောင်းရင်းသည် ဝမ်ရှန်း ဝတ်ဆင်ထားသော အရည်ကျည်ကာ အင်္ကျီကြောင့် ဖြစ်သည်။
အရည်ကျည်ကာ အင်္ကျီသည် ကျည်ကာကို ထူထဲစေသော အရည်တစ်မျိုးဖြင့် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။
သာမန် အခြေအနေမျိုးတွင် အခြား အရည်များကဲ့သို့ ပျော့ပျောင်း ပုံပျက်လွယ်ကာ သက်သောင့်သက်သာ ဖြစ်စေသည်။
သို့ရာတွင် ပြင်ပမှ ပြင်းထန်သော ဖိအားနှင့် ရင်ဆိုင်ရပါက ချက်ချင်း ထူထဲမာကျောသွားပြီး ကျည်ဆန် ထိပ်ဖူးကိုပင် ကာကွယ် ပေးနိုင်သည်အထိ မာကျောသွားလေသည်။
သို့သော်လည်း ကျည်ကာ အင်္ကျီသည် မည်မျှပင် ကောင်းမွန် စေကာမူ အကန့်အသတ် ရှိသည်။ ခန္ဓာကိုယ်မှ ခံနိုင်ရည်ရှိသော အတိုင်းအတာထက် များပြားသော ပြင်းအားကို ရင်ဆိုင်ရပါက သေဆုံး သွားနိုင်သေးသည်။
အဆိပ်တစ်ထောင် မြွေဟောက်၏ ခွန်အားပြင်း ရိုက်ချက်သည် ယခင် ဝမ်ရှန်းသာ ဆိုပါက သေဆုံး သွားလောက်လေပြီ။ ကံကောင်းစွာပင် ဝမ်ရှန်းသည် ယခင်က ဝမ်ရှန်း မဟုတ်တော့ပေ။
နှစ်လအတွင်းမှာပင် ခန္ဓာကိုယ် အင်အားသည် သုံးဆမက ထိုးတက်သွားပြီး ခံနိုင်ရည် အားကလည်း များစွာ တိုးတက်လာသည်။
အထူးသဖြင့် ဝမ်ရှန်း၏ ယွမ်ဝိညာဉ် နယ်မြေထဲမှ တိုက်ပွဲဝိညာဉ်နှင့် ပေါင်းစပ် လိုက်ချိန်တွင် ဝမ်ရှန်းသည် လေထဲတွင် လွင့်ထွက်သွားစဉ် ခန္ဓာကိုယ်ကို အကောင်းဆုံးသော အနေအထားသို့ ပြောင်းလဲ လိုက်နိုင်သည်။
ဤနည်းဖြင့် အဆိပ်တစ်ထောင် မြွေဟောက်၏ ရိုက်ချက် အင်အားကို ၈၀% အထိ လျှော့ချပစ် လိုက်နိုင်လေသည်။ ကျန်ရှိနေသော ပြင်းအား ၂၀% သည် ဝမ်ရှန်း၏ ဝမ်းဗိုက်နှင့် ရင်အုပ်တစ်ခုလုံး ပျံ့နှံ့သွားကာ အမြင့်မှ ပြုတ်ကျလာသော အရှိန်ကြောင့် ပြင်းပြင်းထန်ထန် နာကျင်သွားပြီး တော်တော်နှင့် ပြန်မထနိုင်ချေ။
သူသည် မြွေဟောက်မ အရေခွံချွတ်စဉ်က ပွတ်တိုက်ခဲ့သော ကျောက်ဆောင် နောက်တွင် ပုန်းအောင်းနေခြင်း ဖြစ်သဖြင့် စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်း သေပြီဟု ထင်ထားခဲ့ကြခြင်းပင်။
ဝမ်ရှန်းကို အကောင်းပကတိ မြင်လိုက်ရချိန်တွင် စုန့်ရန်၏ ရင်ထဲ၌ ရုတ်တရက် ဝမ်းသာလုံး ဆို့သွားသည်။ ပျော်ရွှင်မှုသည် နှလုံးသား တစ်ခုလုံး ပျံ့နှံ့သွားပြီး ဝမ်ရှန်းကို ကြည့်ကာ ဆွံ့အနေသည်။
စုန့်လောင်ယုသည် သရဲတစ်ကောင်ကို မြင်နေရသည့်အလား ဝမ်ရှန်းကို အံ့အားသင့်စွာ စိုက်ကြည့် နေသည်။
အဆိပ်တစ်ထောင် မြွေဟောက်မနှင့် ရင်ဆိုင်ရစဉ်က အစီအရင်ကြောင့် သေပြီဟု ထင်ထားခဲ့သော်လည်း ဝမ်ရှန်း၏ လက်ချက်ဖြင့် မြွေဟောက်မကို သတ်ကာ အသက်ရှင် နိုင်ခဲ့သည်။
ဒုတိယတစ်ကြိမ်တွင် အနိုင်မယူနိုင်သော စတုတ္ထအဆင့် မြွေဟောက်ထီးကို ရင်ဆိုင်ခဲ့ရပြီး ဝမ်ရှန်းကြောင့် ဆက်၍ အသက်ရှင် နိုင်ခဲ့ပြန်သည်။ အရာအားလုံးသည် ဝမ်ရှန်းကြောင့်သာ ဖြစ်ပြီး ဝမ်ရှန်းသည် သူတို့၏ အသက်သခင် ကျေးဇူးရှင် ဖြစ်လေသည်။
စုန့်လောင်ယုသည် ဝမ်ရှန်းကို ကြည့်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ အဆိပ်တစ်ထောင် မြွေဟောက် နှစ်ကောင် သေဆုံးသွားပြီဖြစ်ရာ စုန့်ရန်၏ မိသားစု စစ်ဆေးပွဲသည် အောင်မြင် သွားလေပြီ။
မြွေဟောက် နှစ်ကောင်၏ အလောင်းကိုသာ မြင်ရပါက စုန့်အကြီးအကဲ၏ မျက်နှာများ မည်သို့ ဖြစ်သွားလိမ့်မည် မသိနိုင်ချေ။ ဒေါသ ထွက်လွန်းသဖြင့် သွေးပွက်ပွက်ပင် အန်သွားနိုင်သည်။
သို့သော် ပြဿနာသည် ဤမြွေဟောက် ၂ ကောင်ကို ဝမ်ရှန်း တစ်ယောက်တည်း အားဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဆိုရလျှင် မြွေဟောက်၂ ကောင်၏ အလောင်းများကိုလည်း ဝမ်ရှန်းသာ ပိုင်ဆိုင်သည်။
စတုတ္ထအဆင့်နှင့် တတိယအဆင့် မိစ္ဆာသားရဲများ၏ စျေးနှုန်းသည် မသေးလှပေ။ စုန့်လောင်ယုနှင့် စုန့်ရန်သည် မြွေဟောက် ၂ ကောင်ကို ဝယ်ယူရန် စဉ်းစားနေစဉ်မှာပင် ဝမ်ရှန်းသည် မြွေဟောက်မ၏ အကြေးခွံကို ရုတ်တရက် ထိမိသွားပြီး ထူးဆန်းမှုကို ခံစားလိုက်ရလေသည်။
***