Chapter – 29 ထူးခြားသော အခြေအနေ
သေဆုံးခြင်းသစ်တော၏ မြေအောက်ဘုံရှေ့တွင် အဆင့် နှစ် ကစားသမားများက တဖြည်းဖြည်း များပြားလာသည်။ မြေအောက်ဘုံသို့ ဝင်သွားကြသည့် ကစားသမားများသည်လည်း မရေမတွက်နိုင်အောင် များပြားနေပြီဖြစ်သည်။
အဆင့် နှစ် ကစားသမား အများအပြား ရှိလာခြင်းကြောင့် ကစားသမားအများစုသည် ဝင်ပေါက်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ကာ ရောင်းချနေလေသည်။
“အရည်အသွေးကောင်းတဲ့ အဆင့် သုည သာမန်လက်နက်တွေရမယ်… အခွင့်အရေးကို လက်လွတ်မခံကြနဲ့နော်… ခင်ဗျားတို့မှာ လက်နက်ကောင်းတွေရှိမှ မြေအောက်ဘုံထဲကို သွားနိုင်မှာနော်… အရေအတွက် ကန့်သတ်ထားတာမို့ မြန်မြန်ဝယ်ဖို့ တိုက်တွန်းချင်ပါတယ်… “
“ချက်ချင်း 90HP သွေးဖြည့်ပေးတဲ့ ဆေးရည်ပုလင်းအသေးတွေ ရမယ်နော်… ဒီလိုမျိုး ဆေးရည်ပုလင်းတွေက တိုက်ပွဲမှာ အရမ်းကို အသုံးဝင်ပါတယ်… “
ယခုဆိုလျှင် နတ်ဘုရားနယ်မြေဖွင့်လှစ်လိုက်သည်မှာ ဆယ်နာရီကျော်နေပြီဖြစ်သည်။ ဤနေရာတွင် ရှိသည့် ကစားသမားအားလုံးက အဆင့် ၂များ ဖြစ်ကြပြီး သူတို့က အိုင်တမ်အနည်းငယ်ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့က အသုံးမလိုသည့် အိုင်တမ်များကို ရောင်းလိုပြီး အသုံးလိုသည့် အိုင်တမ်များနှင့် လဲလှယ်ချင်နေကြသည်။ ထိုအခြေအနေများကြောင့် သေဆုံးခြင်းသစ်တောရှေ့တွင် စီးပွားရေးလုပ်ငန်း အသေးစားလေးများ ပေါ်လာရခြင်း ဖြစ်သည်။
သေဆုံးခြင်းသစ်တော ရှေ့တွင် ကစားသမားဦးရေက တိုးပွားလာသော်လည်း မြေအောက်ဘုံသို့ ဝင်သည့် ကစားသမားဦးရေကတော့ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းလာသည်။ မြေအောက်ဘုံအတွင်းသို့ ဝင်နေကြသည့် အဖွဲ့များသည် သေဆုံးခြင်းသစ်တောအကြောင်းကို မသိကြသေးသည့် အဖွဲ့အသစ်များသာ ဖြစ်၏။
သို့သော်လည်း ထိုကစားသမားများက သေဆုံးခြင်းသစ်တောအတွင်းသို့ ရောက်သည်နှင့် သူတို့၏ ယုံကြည်မှုများ ရိုက်ချိုးခံကြရသည်။ ထို့ကြောင့် သူတို့က မြေအောက်ဘုံရှေ့တွင် ရပ်ပြီး သေဆုံးခြင်းသစ်တောအတွင်းသို့ ဝင်သွားကြသည့် အဖွဲ့သစ်များကိုသာ ပြုံး၍ ကြည့်နေကြကာ တခြားအဖွဲ့များနှင့် သေဆုံးခြင်းသစ်တောအကြောင်း အတွေ့အကြုံများ ဖလှယ်နေကြ၏။ ထိုနည်းဖြင့် သူတို့က သေဆုံးခြင်းသစ်တောကို အောင်မြင်စွာ ရှင်းလင်းနိုင်ရန်အတွက် ရာခိုင်နှုန်းများလာစေရန် ကြံဆောင်နေကြသည်။
မြေအောက်ဘုံအတွင်းသို့ ဝင်သွားကြသည့် ကစားသမားတိုင်းသည့် သေဆုံးပြီးမှသာ ထွက်လာနိုင်ကြသဖြင့် သေဆုံးခြင်းသစ်တောသည် အနီရောင်သစ်ရွက်မြို့မှ ကစားသမားတိုင်းအတွက် စိတ်နာစရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
ထို့ကြောင့် သေဆုံးခြင်းသစ်တောအတွင်းသို့ ဝင်ဖူးသည့် ကစားသမားတိုင်းတွင် မြေအောက်ဘုံနှင့် ပက်သတ်၍ ထင်မြင်ချက်တစ်ခုသာ ရှိ၏။
‘မြေအောက်ဘုံက အရမ်းကြောက်ဖို့ ကောင်းတယ်’
ယခု သေဆုံးခြင်းသစ်တော၏ ပြန်လည်မွေးဖွားခြင်းသင်္ချိုင်းမှ အဖြူရောင်အလင်းတန်း ၆ခု လက်သွားပြီး ပုံရိပ်၆ခု ပေါ်လာ၏။
“စနိုး… မြေအောက်ဘုံကို ရှင်းဖို့ မဖြစ်နိုင်ဘူး… မွန်းစတားတွေ သတ်တာဖြစ်ဖြစ်၊ တာဝန် ထမ်းဆောင်တာဖြစ်ဖြစ် အဲ့တာတွေကမှ ပိုပြီး အကျိုးရှိဦးမယ် ထင်တယ်… “
ပြန်လည်ရှင်သန်လာပြီးနောက် ကျောက်ယွဲ့ရူက သူမ၏ ဆွဲဆောင်မှုရှိသော ခြေထောက်ကလေးကို ဆောင့်ချလိုက်ရင်း ပြောလိုက်သည်။ ယခုအချိန်တွင် သူမ၏ ရွှေရင်အစုံက နိမ့်ချည်၊မြင့်ချည် ဖြစ်နေသည့်အတွက် သူမက ဒေါသထွက်နေသော်ငြားလည်း သူမ၏ အသွင်သဏ္ဍာန်က အလွန်ချစ်စရာကောင်းနေသည့်အပြင် ယောက်ျားသားတိုင်း၏ စိတ်အာရုံကို ညှို့ယူဖမ်းစားသွားလေသည်။
ဂျမ်းတဲလ်စနိုးက ခေါင်းကို ယမ်းပြီး လေးလေးနက်နက် ပြောလိုက်သည်… “သေဆုံးခြင်းသစ်တောထဲကနေ ရခဲ့တဲ့ ပစ္စည်းတွေက တော်တော်လေးကောင်းတယ်… အဲ့တာကြောင့် ငါတို့က အလွယ်တကူ လက်လွှတ်မခံသင့်ဘူး… ဒါပေမဲ့ သေဆုံးခြင်းသစ်တောက အရမ်းကျယ်လွန်းနေတယ်… ပြီးတော့ လမ်းကြောင်းတွေကိုပါ ထည့်တွက်လိုက်ရင် ငါတို့က အလွယ်တကူပဲ ရှုံးနိမ့်သွားကျလိမ့်မယ်… ဒါပေမဲ့ ဒီများပြားတဲ့ လမ်းကြောင်းတွေထဲမှာ ဘော့စ်ဆီကို သွားလို့ရနိုင်မဲ့ လမ်းကြောင်းအနည်းငယ်တော့ ရှိလိမ့်မယ်လို့ ငါ ထင်တယ်… တခြားလမ်းကြောင်းတွေက ငါတို့ကို စိတ်ရှုပ်ထွေးအောင် ထောင်ချောက်ဆင်ထားတာပဲ… အဲ့တာကြောင့် ငါတို့က ညယုန်တွေရဲ့ ချုံခိုတိုက်ခိုက်မှုတွေကို ခံနေရတာ… ငါတို့က တိုက်ခိုက်လေ ညယုန်တွေက ပိုပြီး ရောက်လာလေပဲ… အခုတော့ သေဆုံးခြင်းသစ်တောအတွက် ပြီးပြည့်စုံတဲ့ မြေပုံတစ်ခု ရအောင် တခြားသူတွေဆီက အချက်အလက်တွေ သွားစုံစမ်းရအောင်… “
လူတိုင်းက ဂျမ်းတဲလ်စနိုး၏ တွက်ချက်မှုသည် အဓိပ္ပါယ်ရှိသည်ဟု ခံစားကြရသည်။ အထူးသဖြင့် ညယုန်များ၏ တိုက်ခိုက်မှုခံရသည့်အချိန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကြောက်စရာကောင်းသော မြှားတစ်ချောင်းက တောအုပ်အတွင်းမှ ဘာသာရေးခေါင်းဆောင်ဖြစ်သည့် ရှောင်ယွဲ့အာဆီသို့ တိုးဝင်လာတတ်သည်။ ရှောင်ယွဲ့အာ၏ အရှောင်အတိမ်းကျွမ်းကျင်မှုကြောင့်သာ မဟုတ်လျှင် သူတို့သည် အစောကတည်းက တစ်ဖွဲ့လုံး သတ်ဖြတ်ခံရနိုင်သည်။
သူတို့က တောအုပ်အတွင်းသို့ ရောက်လာလေလေ၊ ညယုန်များက ပိုများလာလေ ဖြစ်သည်။ နောက်ဆုံးတွင် ညယုန်များက အလွန်များလာသောကြောင့် သူတို့လည်း မတတ်နိုင်တော့ဘဲ သေဆုံးသွားခဲ့ရသည်။ သူတို့သာ မှန်ကန်သည့်လမ်းကြောင်းတစ်ခုကို ရွေးနိုင်ခဲ့လျှင် မြေအောက်ခန်းကို ရှင်းနိုင်ခဲ့လိမ့်မည်ဖြစ်သည်။
ကျောက်ယွဲ့ရူက သဘောတူညီတဲ့အနေနှင့် ခေါင်းညိမ့်လိုက်တယ်။ ဂျမ်းတဲလ်စနိုးကတော့ အုပ်စုခေါင်းဆောင်ဖြစ်ပြီး သူမ၏ သုံးသပ်ချက်များက သံသယဝင်စရာ မလိုလောက်အောင် အမြဲတမ်း တိကျလေ့ ရှိသည်။ ကျောက်ယွဲ့ရူက သူမကို အကြွင်းမဲ့ ယုံကြည်၏။
ထို့နောက်တွင် ဂျမ်းတဲလ်စနိုးနှင့် ကျောက်ယွဲ့ရူက သေဆုံးခြင်းသစ်တော၏ သတင်းအချက်အလက်များကို လဲလှယ်လိုကြောင်း အကြိမ်ရေအနည်းငယ်ခန့် အော်ပြောလိုက်သည်။
အလှပဂေးနှစ်ယောက်၏ ဆွဲဆောင်မှုက တစ်ကယ်ကို အကျိုးကြီးမားလှသည်။ ချက်ချင်းဆိုသလိုပင် သေဆုံးခြင်းသစ်တောဝန်းကျင်မှ ကစားများက ချက်ချင်း ပြေးထွက်လာကြသဖြင့် ထိုနေရာတစ်ခု ဆူညံပွက်လောရိုက်သွား၏။ သူတို့အားလုံးက ပထမဆုံးနေရာကို ရယူချင်နေကြသည်။
အမျိုးသားကစားသမားများအတွက် ထိုနတ်ဘုရားမနှစ်ယောက်နှင့် စကားပြောခွင့် ရလိုက်ခြင်းက ကြီးမားသည့်အခွင့်အရေးတစ်ခု ဖြစ်သည်။ ထိုနတ်ဘုရားမနှစ်ယောက်ကသာ သူတို့အပေါ် မျက်စိကျသွားလျှင် သူတို့၏ အနာဂါတ်က အလွန်ကောင်းမွန်သွားလိမ့်မည်ဖြစ်သည်။
ထိုအချိန်၌ သေဆုံးခြင်းသစ်တော၏ ငရဲအဆင့်တွင်… ။
မြေအောက်ဘုံတစ်ခုလုံး မဲမှောင်သွားပြီး ထောင်ပေါင်းများစွာသော ငှက်များက ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြကာ သစ်တောတစ်ခုလုံးကို ခြောက်ခြားဖွယ်ရာအသွင်ဖြင့် ထားရစ်ခဲ့ကြသည်။
သမန်းဝံပုလွေ ဖက်က တခြားသာမန်မွန်းစတားများနှင့် မတူပေ။ ၎င်းက အလွန်နာမည်ကြီးသည့် သမန်းဝံပုလွေဖြစ်သည်။ ၎င်းက အနီရောင်သစ်ရွက်မြို့တွင် အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အနီရောင်သစ်ရွက်မြို့ကို မြို့ပျက်တစ်ခု ဖြစ်လုနီးပါးအထိ ဖြစ်စေခဲ့သည်။ ထိုအခါ စတားမွန်းနိုင်ငံက ဖက်ကို နှိမ်နှင်းရန် စစ်သည်များ စေလွှတ်ခဲ့သည်။ နောက်ဆုံးတွင် ဖက်က ဓားသခင်ဟေတန်ကြောင့် ဒဏ်ရာ အကြီးအကျယ် ရပြီး သေဆုံးခြင်းသစ်တောအတွင်းသို့ ထွက်ပြေးခဲ့ရ၏။ ထို့ကြောင့် သေဆုံးခြင်းသစ်တောတွင် မြေအောက်ဘုံဖြစ်တည်လာရခြင်း ဖြစ်သည်။
ငရဲအဆင့်ထဲတွင် သမန်းဝံပုလွေဖက်က အကြွင်းမဲ့စကေး သုံးခုကို ပိုင်ဆိုင်ထား၏။ ပထမတစ်ခုက မရဏအကြည့်ဖြစ်သည်။ ဖက်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့် ရန်သူများသည် တိုက်ခိုက်မှုနှုန်းနှင့် ရွေ့လျားနှုန်းကို များစွာ လျော့ချခံရလိမ့်မည်။ အားနည်းသည့် စိတ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် သူဆိုလျှင် လှုပ်ပင် လှုပ်နိုင်မှာ မဟုတ်ချေ။
လက်ရှိတွင် ရှီဖုန်းတစ်ယောက်တည်းသာ သွက်လက်မှုအမှတ်၃၀ ရှိ၏။ သူက လျှို့ဝှက်အခြေခံစကေး ၃ခုကို အသက်သွင်းပြီးနောက်တွင် မရဏအကြည့်ကို ခံနိုင်သွား၏။ တခြားသူများကတော့ အလွန်နှေးကွေးနေကြလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ရှီဖုန်းက သမန်းဝံပုလွေဖက်ကို စမ်းသပ်ရန်အတွက် တစ်ယောက်တည်း ကျန်နေပြီး ဒရော့စီစလော့က ရှီဖုန်းအား သွေးများ အဆက်မပြည့် ဖြည့်ပေးနေလေသည်။ သို့သော်လည်း ဒရော့စီစလော့၏ မန္တန်ရွတ်နှုန်းက တစ်ဝက်လျော့နေပြီဖြစ်သည်။ တခြားသမားများကတော့ ကစားသမားအသစ်များ ဖြစ်နေသည့်အတွက် ရှီဖုန်းအား မည့်သည့်အကူအညီမှ မပေးနိုင်ပေ။ သူတို့က ရှီဖုန်းအား မကူညီချင်၍ မဟုတ်ဘဲ ကူညီရန် နည်းလမ်း မရှိခြင်းကြောင့် ဖြစ်သည်။ သမန်းဝံပုလွေဖက်၏ တိုက်ခိုက်မှုနှုန်းက အလွန်ကို မြန်လွန်းလှသည့်သဖြင့် သူ၏ တိုက်ခိုက်မှုကို တုန့်ပြန်ရန်ပင် အခွင့်အရေး မရှိချေ။
သူတို့က တိုက်ပွဲအတွင်းသို့ ပြေးဝင်တိုက်ခိုက်လျှင်တောင်မှ မကူညီနိုင်သည့်အပြင် အနှောင့်အယှက်ပင် ဖြစ်သွားနိုင်၏။ ထို့ကြောင့် သူတို့အတွက် ဘေးတွင် ရပ်ကြည့်နေခြင်းကသာ အကောင်းဆုံး ဖြစ်သည်။
မှော်ဆရာများက အဝေးမှ တိုက်ခိုက်နိုင်သော်လည်း သူတို့၏ တိုက်ခိုက်မှုစွမ်းအားက အရမ်းနည်းနေသည်။ ဘလက်ကီမြှားနက်တောင်မှ တစ်ကြိမ်ပစ်တိုင်း ထိခိုက်မှု -24 ကိုသာ ပေးစွမ်းနိုင်သည်။
“အဖော်မဲ့နှင့်း… အူသံကို တားဆီးလိုက်… “ ဖဲက အူရန်အတွက် ပြင်းပြင်းထန်ထန် အသက်ရူနေသည့်ကို မြင်သောအခါ ရှီဖုန်းက အလျင်အမြန် အော်ပြောလိုက်သည်။
အဖော်မဲ့နှင်းက ဤအချိန်အတွက် အချိန်ကြာကြာ စောင့်နေခဲ့ရသည်။ သူက ချက်ချင်း ရှေ့သို့ ပြေးထွက်သွားပြီး ချာ့စကေးကို အသုံးပြုလိုက်သည်။ ထိုအခါ အဖော်မဲ့နှင်း၏ ချာ့စကေးကြောင့် ဖက်က တစ်စက္ကန့်မျှ မူးဝေမိန်းမောသွား၏။ စကေးကို သုံးပြီးသည်နှင့် အဖော်မဲ့နှင်း နောက်သို့ ချက်ချင်း ပြန်ဆုတ်လာသည်။
ရှီဖုန်းက မိုးကြိုးလျှပ်စီး၊ နှစ်ဆခုတ်ချက်နှင့် ခုတ်ချက်ကို ဆက်တိုက်အသုံးပြုလိုက်သည်။ တိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု ဖက်၏ ရင်ဘတ်ပေါ်သို့ ထိမှန်သွား၏။ ဖက်က ကောင်းကောင်းအသက်ပြန် မရှူနိုင်ခင်မှာပင် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ ရှီဖုန်းက ဖက်ကို ထိခိုက်မှု -500 ဖြစ်စေခဲ့လေသည်။
ခဏအတွင်းမှာပင် ဖက်၏ HP က 78% သို့ ကျသွား၏။
ကြည့်နေသည့် လူတိုင်းက ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မှင်သက်သွားကြ၏။ ရှီဖုန်း၏ လှုပ်ရှားမှုများက သူတို့အတွက် အလွန်ခမ်းနားကြီးကျယ်နေလွန်းသည်။ သူတို့က ရှီဖုန်း၏ အမြင်အာရုံကိုလည်း အထင်ကြီးသွားကြ၏။ သမန်းဝံပုလွေဖက်၏ အားနည်းချက်နေရာကို ခဏအတွင်းမှာပင် ရှာနိုင်သည့်အတွက် ဖြစ်သည်။ ယခုတော့ အားလုံးက ရှီဖုန်းသည် မြင်ရသလောက် ရိုးရှင်းသည့် သူတစ်ယောက် မဟုတ်ကြောင်း လက်ခံသွားကြ၏။
သို့သော်လည်း ရှီဖုန်းကတော့ မည်သည့် စိတ်လှုပ်ရှားမှုများ မပြသပေ။ ငရဲအော်သံကို တားဆီးပြီး တစ်ဖွဲ့လုံး အသတ်ခံရခြင်းမှ ကာကွယ်နိုင်ခဲ့သော်လည်း ထိုအရာက ပြောင်းပြန်သက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်။
သွေးအန်ပြီးနောက် ဖက်၏ အခြေအနေက ပိုပြီးတော့ပင် ကောင်းလာသေး၏။ သူက ခေါင်းကို လှည့်လိုက်ပြီး ရှီဖုန်းဆီသို့ သူ၏ ချွန်ထက်သော လက်သည်းများဖြင့် ကုတ်ဆွဲလိုက်သည်။ ယခု ဖက်၏ တိုက်ခိုက်မှုနှုန်းက ယခင်ကထက်ပင် ပိုမြန်နေပြီး လေထဲတွင် လက်သည်းအရိပ်များဖြင့် ပြည့်သွား၏။
သို့သော်လည်း ရှီဖုန်းကလည်း အားမနည်းချေ။ သန်မာမှု၊ သွက်လက်မှုနှင့် ခံနိုင်ရည်တို့၏ လျှို့ဝှက်အခြေခံစကေး ၃ခုကို အသက်သွင်းထား၏။ စကေး၃ခုကို အသက်သွင်းထားခြင်းကြောင့် ရှီဖုန်းက သာမန်ကစားသမားတစ်ယောက်နှင့် မတူတော့ဘဲ အံ့ဖွယ်ကစားသမားတစ်ယောက်ကဲ့သို့ ဖြစ်သွားလေသည်။
သေဆုံးခြင်းသစ်တောဝင်ရဲခြင်း၏ အဓိက အကြောင်းပြချက်မှာ ဤကဲ့သို့ အံ့ဖွယ်ကစားသမားတစ်ယောက် ဖြစ်အောင် အချိန်မရွေး အသက်သွင်းနိုင်သည့် စကေး၃ခုကြောင့် ဖြစ်သည်။ ဤစကေး ၃ခုနှင့်ဆိုလျှင် သာမန်ကစားသမားများ မလုပ်နိုင်သည့်အရာများကိ သူက လုပ်နိုင်လိမ့်မည် ဖြစ်သည်။
လက်သည်းရိပ်များအောက်တွင် ရှီဖုန်းက ယခုချိန်ထိ လုံခြုံစွာ ရှိနေဆဲဖြစ်ပြီး ရှီဖုန်း၏ လှုပ်ရှားမှုများက လက်သည်းရိပ်များအောက်တွင် ကခုန်နေသကဲ့သို့ ရှိနေလေသည်။ တစ်ခါတစ်ရံတွင် ရှီဖုန်းက မရှောင်နိုင်သည့် တိုက်ခိုက်မှုများကို ဓားဖြင့် ကာကွယ်၏။ သူ၏ အာရုံငါးပါး အလွန်အစွမ်းထက်နေ၍သာ ဤသို့ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ထို့အပြင် သူက ခန္ဓာကိုယ်ကိုလည်း အမြင့်ဆုံးအခြေအနေထိ ရောက်အောင် အသုံးပြုနိင်သည်။
သာမန်ကစားသမားတစ်ယောက်သာဆိုလျှင် ထိုသို့ လုပ်နိုင်မည် မဟုတ်ပေ။ ဤလှုပ်ရှားမှုများက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကို အလွန်အမင်း အသုံးပြုရခြင်းကြောင့် ဖြစ်သည်။ ရှီဖုန်းကသာ ဤကဲ့သို့ အခြေအနေမျိုးကို အတွေ့အကြုံ မရှိခဲ့ဖူးလျှင် သမန်းဝံပုလွေဖက်၏ တိုက်ခိုက်မှုများကို အချိန်ခဏသာ တောင့်ခံနိုင်လိမ့်မည် ဖြစ်သည်။
လက်သည်းများနှင့် ဓားက ထိမိသွားပြီး မီးပွားများ ဖြာထွက်သွား၏။
နှစ်ဖက်စလုံးမှ HP များက ဆက်တိုက် ကျဆင်းနေသော်လည်း ရှီဖုန်းက ဒရော့စီစလော့၏ ကုသမှုများကြောင့် တောင့်ခံနိုင်ဆဲ ဖြစ်သည်။
ရှီဖုန်း၏ အမိန့်အောက်တွင် အဖော်မဲ့နှင်းက ငရဲအော်သံကို တားဆီးလိုက်ပြီးနောက် ကိုလာက ရှီဖုန်းအန္တရာယ်ကျသည့်အချိန်တိုင်း ဖက်ကို ခဏတာ ဝင်ထိန်းပေး၏။ ဘလက်ကီကတော့ မကောင်းဆိုးဝါး ကြာပွတ်ဖြင့် ဖက်၏ လှုပ်ရှားမှုများကို ဟန့်တားပေးနေသည်။ ဤနည်းလမ်းဖြင့် သမန်းဝံပုလွေဖက်၏ HP က တဖြည်းဖြည်း ကျဆင်းနေလေသည်။
70%… 60%… 30%…
“အခုချက်ချင်း အားလုံး ဘော့စ်ကို မျက်နှာမူပြီး တန်းစီလိုက်ကြ… “ ရှီဖုန်းက ဖက်၏ HP က ၃၀ရာခိုင်နှုန်းသို့ ရောက်သွားသည့်အချိန်တွင် အလျင်စလို အော်ပြောလိုက်သည်။
ဖက်က HP 30% သို့ ရောက်သွားသည့်အချိန်တွင် ပို၍ပင် ကြောက်စရာ ကောင်းလာသည်။ ထိုအချိန်တွင် ငရဲအော်သံကို တားဆီးရန် မဖြစ်နိုင်တော့ဘဲ တိုက်ရိုက်ခုခံရန် နည်းလမ်းတစ်ခုသာ ရှိ၏။
တစ်ယောက်မှ တွေဝေနေခြင်း မရှိကြပေ။ ဘော့စ်က စိတ်ရိုင်းဝင်တော့မည်ဆိုတာကို သူတို့ သိနေကြသည်။ သူတို့က ဖက်နှင့် ကိုက်သုံးဆယ်အကွာတွင် ဖက်ကို မျက်နှာမူ၏ တန်းစီလိုက်ကြသည်။
သမန်းဝံပုလွေဖက်၏ HP က 30% သို့ ရောက်သည့်အချိန်တွင် အမွေးများက စတင်အရောင်ပြောင်းလာသည်။ အချိန်ခဏလေးအတွင်းများတွင် သူ့အမွေးများက ဆွတ်ဆွတ်ဖြူသွား၏။ ထို့နောက် သူ့မျက်လုံးနှစ်လုံးမှ သွေးစီးကြောင်းနှစ်ခု စီးကျလာသည်။ သူ၏ရင်အုပ်ကလည်း လျင်မြန်စွာ ပြန့်ကားလာသည်။
ရှီဖုန်းက မြေဆွဲအားလွတ်မြောက်ခြင်းကို အသုံးပြုလိုက်ပြီး အားလုံးရှေ့သို့ အလျင်အမြန် သွားလိုက်၏။
“ကိုလာ… ကာကွယ်ခြင်းတောင်းဆုကို ငါ့အပေါ်မှ သုံးလိုက်… “ ရှီဖုန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ကာကွယ်ခြင်းတောင်းဆုက အဖွဲ့ဝင်တစ်ယောက်၏ ထိခိုက်မှုကို ၆စက္ကန့်ကြာသည်အထိ ၅၀ရာခိုင်နှုန်း လျော့ချပေးနိုင်သည်။ ထိုအရာက ငါးမိနစ်တွင် တစ်ခါ အသုံးပြုနိုင်သည့် အသက်ကယ်စကေးတစ်ခုလည်း ဖြစ်သည်။ ယခုအချိန်က ထိုအသက်ကယ်စကေးကို အသုံးပြုရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်။
ကာကွယ်သူများ၏ ကာကွယ်ခြင်းတောင်းဆုနှင့် ဒိုင်းစစ်သည်များ၏ ဒိုင်းနံရံစကေးက သေဆုံးခြင်းသစ်တော၏ ငရဲအဆင့်တွင် ကျနှုန်း အလွန်မြင့်မား၏။ ယခင်ဘဝက ရှီဖုန်းသည် ကာကွယ်ခြင်းတောင်းဆုစကေးကို ရရန်အတွက် မြေအောက်ဘုံတွင် ညယုန်များကို သတ်ပြီး အချိန်များစွာ ဖြန်းတီးခဲ့ဖူး၏။