Switch Mode

Chapter – 27

သေမင်းနှင့် ရင်ဆိုင်ရခြင်း

အခန်း ၂၇
သေမင်းနှင့်ရင်ဆိုင်ရခြင်း

အလေ့အထကြောင့်ဖြစ်စေ အခြား အကြောင်းအရင်းကြောင့်ဖြစ်စေ ဤမြွေထီးသည် တွင်းထဲတွင် အချိန်အကြာကြီး အောင်းနေခဲ့ကာ တစ်ကြိမ်တစ်ခါမှ အပြင်ထွက် မလာဖူးပေ။

ထို့ကြောင့် စုန့်ရန်နှင့် စုန့်လောင်ယုသည် မြွေတစ်ကောင်သာ ရှိသည်ဟု အတည်ပြု ထားခဲ့ကြသည်။ ယခုမူ မြွေဟောက်မ ထက်ပို၍ အန္တရာယ်ကြီးသော ကြင်ဖက် မြွေဟောက်ကြီးနှင့် ရင်ဆိုင်ရလေပြီ။

ပို၍ ဆိုးဝါးသည်မှာ မြွေထီးသည် စတုတ္ထအဆင့် အစောပိုင်း မိစ္ဆာသားရဲ တစ်ကောင် ဖြစ်နေခြင်းပင်။ မြွေထီးသည် တွင်းထဲမှ ထွက်လာကာ မြွေမကို စိုက်ကြည့်နေကာ မြွေမ အမှန်တကယ် သေခြင်းဟုတ်မဟုတ် အတည်ပြုနေပုံ ရလေသည်။

“မင်းတို့ ပြေးနိုင်လား”

ဝမ်ရှန်းသည် နောက်သို့ ဖြည်းညင်းစွာ ဆုတ်နေရင်းဖြင့် မေးလိုက်သည်။

“အချိန်မမီ လောက်တော့ဘူး” 

“နင် ခုနက မြွေမကို သတ်လိုက်တဲ့ လက်နက်နဲ့ ထပ်သတ်လို့ မရဘူးလား”

စုန့်ရန်သည် ဝမ်ရှန်း၏ နောက်တွင် နေကာ အလျင်စလို အကြံပေးလိုက်သည်။

ထိုစဉ်မှာပင် မြွေထီးသည် ဖြည်းညင်းစွာ ရွေ့လျားလာသည်။ သူ၏ ဉီးခေါင်းသည် ဘယ်ညာ လှုပ်ယမ်းနေပြီး လူသုံးယောက်ထံ အလွန်လျင်မြန်စွာ ပြေးဝင်လာခြင်း ဖြစ်သည်။

“နောက်ကျသွားပြီ ပြေးတော့” 

ဝမ်ရှန်းသည် လက်ကို ဆန့်ထုတ်ကာ စုန့်ရန်အား တွန်းထုတ် လိုက်သည်။ ထို့နောက် မြေပြင်ထက်တွင် မိုင်းတစ်လုံးကို ပစ်ချလိုက်သည်။ ဤမိုင်းသည် ခလုတ်နှိပ် လိုက်သည်နှင့် တစ်ပြိုင်နက် သက်ရောက်မှု စွမ်းအားသည် နောက်သို့ ကန်ထွက်သွားမည် ဖြစ်သည်။

မြွေထီးသည် အလျင်အမြန် ရွေ့လျားလာပြီး ထိုအချိန် စနိုက်ပါရိုင်ဖယ်ကို အသုံးပြုပါက ပစ်ကွင်းကို ချိန်ရန် မလွယ်ကူပေ။

ဝမ်ရှန်းသည် မိုင်း၏ အပြင်းဆုံးသော သက်ရောက်မှုကို အဆိပ်တစ်ထောင် မြွေဟောက်ကြီးသို့ ဉီးတည်စေသည်။ သို့သော် သူသည် ဆယ့်ငါးမီတာ အဝေးတွင် ရှိနေခြင်းက သူ့အတွက် အန္တရာယ် များသဖြင့် မိုင်းဒဏ်ကို မခံရစေရန် ခပ်ဝေးဝေးသို့ အလျင်အမြန် ပြေးထွက်လိုက်သည်။

မီတာ ၂၀ အဝေးသို့ ရောက်သောအခါ စုန့်ရန်နှင့် စုန့်လောင်ယုကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ် လိုက်လေသည်။

“ဝပ်ထားကြ”

ထိုအချိန်တွင် နှစ်ယောက်လုံးသည်  စကားတစ်ခွန်းမျှ မဆိုဘဲ ချက်ချင်း ဝပ်ချလိုက်ကြသည်။

အဆိပ်တစ်ထောင် မြွေဟောက်မကို သတ်ဖြတ်ပြီး ကတည်းက သူတို့သည် ဝမ်ရှန်းအား ယုံကြည်ချက် တိုးလာခဲ့ပြီး ဖြစ်သည်။

မြွေထီးသည် စက္ကန့်ပိုင်း အတွင်းမှာပင် ဝမ်ရှန်း ချထားခဲ့သော မိုင်းအနားသို့ ရောက်ရှိလာသည်။

ဝမ်ရှန်းသည် ဖောက်ခွဲရေး ခလုတ်ကို ချက်ချင်း မနှိပ်သေးဘဲ တစ်ခဏမျှ စောင့်နေလိုက်သည်။

မြွေထီး၏ ဉီးခေါင်းသည် မိုင်းနှင့် တစ်မီတာခန့် အဝေးသို့ ရောက်လာချိန်၌ ခလုတ်ကို နှိပ်ချလိုက်လေသည်။

“ဝုန်း” 

ပေါက်ကွဲသံ နှင့်အတူ မြွေထီး၏ စူးရှနာကျင်သော မြည်တွန်သံ ထွက်ပေါ်လာသည်။ စုန့်ရန်နှင့် စုန့်လောင်ယုသည် မြေပြင်ထက်တွင် ဝပ်နေသဖြင့် အနောက်မှ အဖြစ်အပျက်များကို မြင်တွေ့ခွင့် မရလိုက်ပေ။

ပေါက်ကွဲသံ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ဖုန်မှုန့်များ လှိုက်တက်လာကာ အမြင်အာရုံကို ဖုံးလွှမ်း သွားလေသည်။

ပေါက်ကွဲမှု အပြီးတွင် ဝမ်ရှန်းသည် လျင်မြန်စွာ ခုန်ထလိုက်ပြီး ဖောက်ခွဲအားပြင်း လက်ပစ်ဗုံး တစ်လုံး ထုတ်ယူ လိုက်သည်။

လက်ပစ်ဗုံးကို အချိန်မရွေး အသုံးပြုနိုင်မည့် အနေအထားဖြင့် မြွေထီး၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။

ဖုန်မှုန့်များ လွင့်ပါးသွားသောအခါ သုံးယောက်လုံးသည် မြွေထီးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေပြီ။

စတုတ္ထအဆင့် အစောပိုင်း မိစ္ဆာ သားရဲကြီးသည် တူများ ပုဆိန်များဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက် ခံနေရသည့်အလား ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များ ဖုံးလွှမ်းနေသည်။

သို့သော် မာကျောလွန်းသော အကြေးခွံကြောင့် အကြေးခွံတချို့သာ ကွာကျပြီး အရေပြား စုတ်ပြဲ သွားသည်မှအပ အခြားဒဏ်ရာ မရှိပေ။ ဉီးခေါင်းသည် မိုင်းဗုံး၏ သက်ရောက်မှု စွမ်းအားကို အများဆုံး ခံလိုက်ရကာ မြွေထီး၏ မျက်လုံးများ ပျက်စီးခြင်းက ဝမ်းရှန်းအတွက် ကံကောင်းခြင်းပင်။

စုန့်ရန်နှင့် စုန့်လောင်ယုသည်လည်း မြွေထီးမျက်လုံး ကန်းသွားသည်ကို ကြည့်ကာ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်း ချလိုက်ကြသည်။ ထို့နောက် လက်နက်များကို ထုတ်ကာ ဤအခွင့်အရေးကို အသုံးချ၍ မြွေထီးကို သတ်ရန် ပြင်ဆင် လိုက်ကြသည်။

“သေချင်တဲ့လူ ရှေ့ဆက်တိုးလိုက်”

ဝမ်ရှန်း အေးစက်စက် ပြောလိုက်သည်။ မြွေအများစုသည် ၎င်းတို့၏ လျှာနှင့် အာရုံခံ အင်္ဂါများကို သုံးကာ သားကောင်ကို ရှာဖွေကြခြင်းဖြစ်ပြီး အမြင်အာရုံ နဂိုတည်းက ချို့တဲ့ကြသည်။

စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်း၏ စကားကြောင့် ရုတ်တရက် ရပ်တန့် လိုက်စဉ်မှာပင် မြွေထီးသည် အော်ဟစ်ခြင်းကို ရပ်တန့်ကာ ဉီးခေါင်းကို ကြောက်မက်ဖွယ် ရုတ်တရက် မြှောက်လိုက်သည်။

မျက်လုံးများမှ အနီရဲရဲ သွေးများ ဒလဟာ စီးကျနေကာ ဝမ်ရှန်းဘက်သို့ ခေါင်းလှည့် ထားသည်။ မိစ္ဆာတစ်ကောင်နှင့် မခြားပေ။

“ငါတို့ကို မြင်ရလို့လား”

မေးမြန်းရင်းဖြင့်ပင် စုန့်ရန်သည် ဝမ်ရှန်း အဘယ်ကြောင့် တားဆီးလိုက်ကြောင်း ချက်ချင်း နားလည်လိုက်သည်။ မြွေထီးသည် သူတို့၏ တည်နေရာကို အတိအကျ သိနေသည်ပင်။

“မင်း ဒါလေးတောင် မသိဘူးလား”

ဝမ်ရှန်းသည် စုန့်ရန်နှင့် စုန့်လောင်ယု၏ ဗဟုသုတ နည်းပါးပုံအတွက် ဆွံ့အသွားမိသည်။ ဤနှစ်ယောက်သည် မြွေ၏ အလေ့အထ၊ လက္ခဏာ များကိုပင် မသိဘဲ အဆိပ်တစ်ထောင် မြွေဟောက်ကို သတ်ဖြတ်ချင်သေးသည်။

မြွေထီးသည် လျင်မြန်စွာ ရွေ့လျားလာနေပြီး ဝမ်ရှန်းသည် ရှေ့ဆုံးတွင် ရပ်နေခြင်း ဖြစ်သည်။ ဆယ်မီတာ အဝေးသို့ ရောက်ချိန်တွင် မြွေထီးသည် သူ၏ ပါးစပ်ကျယ်ကြီးကို ဖွင့်ဟကာ ဝမ်ရှန်းကို ဝါးမျိုရန် အသင့်ပြင်ထားသည်။

ထိုအခိုက်အတန့် အတွင်း ဝမ်ရှန်းသည် လျင်မြန်သွက်လက်စွာ လှုပ်ရှားလိုက်သည်။ စနက်တံ ဖွင့်ထားပြီးဖြစ်သော လက်ပစ်ဗုံးကို မြွေထီး၏ ပါးစပ်ကျယ်ကြီးထဲသို့ တိကျစွာ ပစ်ထည့် လိုက်လေသည်။ ထို့နောက် ရုတ်ခြည်းပင် မြေပြင်ပေါ်သို့ ဝပ်ကာ လှိမ့်ချလိုက်သည်။

“ဘန်း” 

တစ်ပြိုင်နက်တည်းပင် မြေွဉီးခေါင်းသည်လည်း ယခုနက ဝမ်ရှန်း ရပ်နေခဲ့သော နေရာပေါ်သို့ ပေါက်ချလိုက်သည်။

ယခုအခါ မြွေခေါင်းသည် သူနှင့် တစ်မီတာ အဝေးတွင် ရှိနေပြီး  မြွေခေါင်းနှင့် မြေကြီး၏ ရိုက်ခတ်မှုကြောင့် ကျောက်တုံးငယ်များ သူ့မျက်နှာထက်သို့ လွင့်စဉ် ထိမှန်သွားသည်။

သို့သော် ဝမ်ရှန်းသည် နာကျင်မှုကို ဂရုမစိုက်အားသေးဘဲ  ခြေကုန်သုတ်၍ ထပြေးသည်။

ထိုအချိန်တွင် စုန့်ရန်နှင့် စုန့်လောင်ယုသည်လည်း ဝမ်းရှန်းကိုပင် ဂရုမစိုက်နိုင်ဘဲ အစွမ်းကုန် ပြေးထွက် သွားကြလေပြီ။

ပေါက်ကွဲအား ပြင်းသော လက်ပစ်ဗုံး၏ ပေါက်ကွဲ စွမ်းအင်သည် သာမန်ဗုံးများထက် ဆယ်ဆ ပိုမိုမြင့်မားသည်။

“ပြေးကြ”

ဝမ်ရှန်းသည် စုန့်ရန်နှင့် စုန့်လောင်ယုကို မမြင်ရသော်လည်း ပြေးရင်းဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သေခြင်းနှင့် ရှင်ခြင်းကြားတွင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ကာကွယ်ရမည်ဖြစ်ရာ သတိပေးရုံမှအပ အခြား မလုပ်ပေးနိုင်ပေ။

“တစ် နှစ် ”

ဝမ်ရှန်းသည် ခြေကုန်သုတ်  ပြေးရင်းဖြင့် စိတ်ထဲမှ တိတ်တဆိတ် ရေတွက်နေသည်။

လက်ပစ်ဗုံးသည် သူ့လက်ထဲမှ လွတ်သွားပြီး သုံးစက္ကန့်အကြာတွင်  ပေါက်ကွဲမည်ဖြစ်ရာ တတ်နိုင်သမျှ ခြေကုန်သုတ် ပြေးနေခြင်းဖြစ်သည်။

သို့သော် ဝမ်ရှန်း ရေတွက် ပြေးလွှား နေစဉ်မှာပင် မြွေထီး၏ အမြီးသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်ရာ သူသည် ဘောလုံး တစ်လုံးအလား မလှမ်းမကမ်းသို့ လွင့်ထွက်သွားလေသည်။

စုန့်ရန်နှင့် စုန့်လောင်ယုသည် ပြေးနိုင်သမျှ ပြေးနေဆဲပင်။ မြွေထီးသည် ဝမ်ရှန်းကို ဉီးတည် တိုက်ခိုက်နေသည့် အပြင် သူတို့၏ ကျင့်ကြံရေး အဆင့်သည် ဝမ်ရှန်းထက် မြင့်မားသဖြင့် အမြန်နှုန်းသည် ပို၍ ကောင်းမွန်ပြီး  အချိန်တိုအတွင်း အဝေးသို့ ရောက်ရှိ သွားကြသည်။

သို့သော် မြွေမြီးသည် ဝမ်ရှန်းကို ရိုက်ချလိုက်သည့် အချိန်၌ စုန့်ရန်၏ နှလုံးသား တစ်ခုလုံး ရုတ်တရက်  နာကျင်လာသည်။ အကြောင်းရင်းကို မသိသော်လည်း မြွေမြီးသည် သူမ၏ နှလုံးသားကို ရိုက်ချလိုက်သည့် အလားပင်။

စုန့်လောင်ယုသည်လည်း မျက်နှာမကောင်းပေ။ ဝမ်ရှန်း၏ အရည်အချင်းများ မည်မျှ ထူးခြားနေသော်လည်း ဝိညာဉ် စွမ်းအင်ကိုပင် အသုံးမပြုနိုင်သေးပေ။ အဆိပ်တစ်ထောင် မြွေဟောက်၏ အမြီးရိုက်ချက်သည် အသက်ကိုပင် နုတ်ယူ သွားနိုင်လေသည်။

ထို့ပြင် အဆိပ်တစ်ထောင် မြွေဟောက်သည် သူတို့နှင့် မီတာ ၂၀ အကွာအဝေးတွင် ရှိနေခြင်းဖြစ်ကာ ဝမ်ရှန်း သေဆုံးသွားပါက သူတို့အလှည့် ရောက်လာပေလိမ့်မည်။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော မြွေဟောက်ကို သူတို့ မည်သို့ ရင်ဆိုင်ရပါမည်နည်း။ သေခြင်းမှ အပ အခြားမရှိချေ။

ထိုအခိုက်အတန့်တွင် –

“ဝုန်း” 

ပေါက်ကွဲသံကြီး တစ်ခု ကျယ်လောင်စွာ မြည်ဟည်း သွားလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset