Switch Mode

Chapter – 26

နောက်တစ်ကောင်လား

အခန်း ၂၆
နောက်တစ်ကောင်လား

ဤမျှ ကျယ်လောင်သော အသံကို ကြားလိုက်ရချိန်တွင် လူတိုင်း ထိတ်လန့် သွားကြမည်ပင်။ အထူးသဖြင့် မီတာသုံးဆယ်ခန့် အဝေးမှ အဆိပ်တစ်ထောင် မြွေဟောက်ကြီးကို ကြည့်ကာ သေခြင်းတရားကို ငြိမ်သက်စွာ ရင်ဆိုင်နေရသော စုန့်ရန်နှင့် စုန့်လောင်ယုသည် လိပ်ပြာလွင့်မတတ် တုန်လှုပ်သွားကြသည်။

နှစ်ယောက်လုံးသည် အဆိပ်တစ်ထောင် မြွေဟောက်၏ မျက်လုံးများကို စူးစိုက် ကြည့်နေခဲ့ကြသည်။ မျက်လုံးများမှ တစ်ဆင့် မြွေဟောက်၏ တိုက်ခိုက်လိုစိတ်ကို ခန့်မှန်းနိုင်သဖြင့်  အသက်ရှင်နိုင်မလား ဟူသည့် မျှော်လင့်ချက်ဖြင့် စူးစိုက်ကြည့်နေကြခြင်း ဖြစ်သည်။

ထိုစဉ် ကျယ်လောင်သော ပေါက်ကွဲသံကြီး နှင့်အတူ အဆိပ်တစ်ထောင် မြွေဟောက်၏ ဧရာမ ညာမျက်လုံးကြီးသည် ရုတ်တရက် ပွင့်ထွက် သွားလေသည်။ ဤမြင်ကွင်းသည် ရုတ်တရက် ဆန်လွန်း၍ ထိတ်လန့်ဖွယ် ကောင်းလှသဖြင့် နှစ်ယောက်လုံး၏ အသိစိတ်များပင် ထုံထိုင်း သွားကြသည်။

အဆိပ်တစ်ထောင် မြွေဟောက်ကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ် အရှေ့ပိုင်းကို ရုတ်ခြည်း ထောင်မတ် လိုက်သည်။

“ဘုန်း” 

နောက်တစ်ချက်။

အဆိပ်တစ်ထောင် မြွေဟောက်၏ ဘယ်မျက်လုံး တစ်ခုလုံး ထပ်မံ ပေါက်ကွဲ ထွက်သွားသည်။

ဤတစ်ကြိမ်တွင် မြွေဟောက်သည် အသံပင် မထွက်နိုင်တော့ဘဲ ထောင်မတ်ထားသော ခန္ဓာကိုယ် အရှေ့ပိုင်းသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပုံကျလာသည်။ မြွေဟောက်၏ ခန္ဓာကိုယ်ကြီးသည် အချိန်တစ်ခဏ ကြာအောင် တွန့်လိမ်နေကာ အမြီးဖြင့် မြေပြင်ကို တဘုန်းဘုန်း ရိုက်ခတ်နေသည်။

တောင်ကြား တစ်ခုလုံးသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေကာ မြွေဟောက်၏ လှုပ်ရှားမှုများကို ကောင်းစွာ မမြင်ရပေ။ တစ်ခဏမျှ ကြာသော် တွန့်လိမ်နေသော မြွေဟောက်ကြီးသည် ရုတ်တရက် ရပ်တန့်သွားပြီး အရာရာသည် ပုံမှန် အခြေအနေအတိုင်း ပြန်လည် ငြိမ်သက် သွားလေသည်။

ကြက်သေ သေနေသော စုန့်ရန်၊ စုန့်လောင်ယုနှင့် အဆိပ်တစ်ထောင် မြွေဟောက် မလှုပ်မယှက် ခန္ဓာကိုယ်သာ ကျန်ရစ်ခဲ့သည်။

ဝမ်ရှန်းသည် လက်ထဲတွင် သံချပ်ကာဖောက် ကျည်ဆန်များ ရှိနေသော်လည်း အဆိပ်တစ်ထောင် မြွေဟောက်၏ အကြေးခွံများသည် အလွန် ထူထဲ မာကျောသဖြင့် သတိလက်လွတ် မလုပ်ရဲပေ။

အနည်းငယ် လွဲချော်သွားသည်နှင့် တစ်ပြိုင်နက် စုန့်ရန်နှင့် စုန့်လောင်ယု ဇာတ်သိမ်း သွားနိုင်သည်။

နှလုံးသည် သေစေနိုင်သော အစိတ်အပိုင်း ဖြစ်သော်လည်း  မြွေဟောက်၏ ခန္ဓာကိုယ်မှာ အလွန်ကြီးမား၍ ထူထဲသည်။ တစ်ချက်တည်းဖြင့် သတ်ရန် မသေချာပေ။

ထို့ကြောင့် ဉီးခေါင်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သို့သော် ဉီးခေါင်းတွင်လည်း အကြေးခွံများ ရှိနေလေရာ.. မာကျောမှုလွတ်သော နေရာသည် ပါးစပ် အတွင်းပိုင်းနှင့် မျက်လုံးသာ ကျန်သည်။

ဝမ်ရှန်းသည် ပစ်ခတ်ရန် မျက်လုံးကို ရွေးချယ်လိုက်ပြီး တစ်ချက်တည်းဖြင့် စိတ်မချနိုင်ပဲ နှစ်ချက်ဆင့်ကာ ပစ်လိုက်ခြင်း ဖြစ်သည်။

အထူးပြုလုပ်ထားသော သံချပ်ကာဖောက် ကျည်များသည် တစ်ကီလိုမီတာ အတွင်းမှ တစ်သားတည်း ထပ်ထားသည့် သံမဏိပြား ၃၀၀ ကို တိုက်ရိုက် ထိုးဖောက်နိုင်စွမ်း ရှိသည်။

အဆိပ်တစ်ထောင် မြွေဟောက်၏ မျက်လုံးများသည် သာမန်အားဖြင့် အလွယ်တကူ ထိုးဖောက်၍ မရနိုင်သော်လည်း သံချပ်ကာဖောက် ကျည်၏ ပြင်းအားကိုမူ မယှဉ်နိုင်ချေ။ 

ဤနည်းဖြင့် စုန့်ရန်နှင့် စုန့်လောင်ယု တစ်နာရီနီးပါး အားစိုက်ထုတ် တိုက်ခိုက်သော်လည်း မသတ်နိုင်ခဲ့သည့် မိစ္ဆာသားရဲကြီးကို ကျည်နှစ်ချက်ဖြင့် အသေသတ် လိုက်လေသည်။

စုန့်ရန်နှင့် စုန့်လောင်ယုသည် မြွေဟောက် အလောင်းကို ကြည့်ကာ ကျောက်ရုပ်များ ဖြစ်နေကြသည်။ 

ဤမြင်ကွင်းသည် အိပ်မက် မက်နေသည့်အလား ယုံချင်စရာ မရှိပေ။ စုန့်လောင်ယုသည် အရှေ့သို့ ဖြည်းညင်းစွာ တိုးသွားကာ အဆိပ်တစ်ထောင် မြွေဟောက်ကို ဂရုတစိုက် စစ်ဆေးကြည့် လိုက်သည်။

မြွေဟောက်ကြီးသည် မျက်လုံး ၂ ဖက်လုံး ပွင့်ထွက်နေကာ အမှန်တကယ် သေဆုံးသွားပြီ ဖြစ်သည်။ ဘယ်မျက်လုံးမှ ဒဏ်ရာသည် ဉီးခေါင်းခွံကိုပင် ဖောက်ဝင်သွားပြီး တခြားတစ်ဖက်မှ ပြန်ထွက်သွားသည်။ မြွေဟောက်၏ ဉီးခေါင်းသည် ပန်းကန်လုံး အရွယ် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး သွေးများအိုင်နေပြီး ဉီးနှောက်များ ထွက်ကျနေသည်။

စုန့်လောင်ယုသည် အဆိပ်တစ်ထောင် မြွေဟောက်၏ အကြေးခွံများကို မယုံဟန်ဖြင့် ထိကြည့် လိုက်ပြန်သည်။ ကြေးခွံများသည် ကြောက်ခမန်းလိလိ မာကျောနေပြီး ဓားကိုထုတ်ကာ အကြိမ်ပေါင်းများစွာ ထိုးစိုက် ကြည့်သော်လည်း မထိုးဖောက်နိုင်ပေ။

မီတာ ၂၀၀ ခန့်အဝေးမှ ဝမ်ရှန်းသည် မည်သို့ သတ်ဖြတ် လိုက်ပါသနည်း။

“ဒါကဘာလဲ…ရန်အာ လာကြည့်ဉီး”

ဝမ်ရှန်း ရောက်လာခင်မှာပင် စုန့်ရန်နှင့် စုန့်လောင်ယုသည် အစီအရင် ပေါ်ထွက်လာရခြင်း အကြောင်းရင်းကို ရှာတွေ့သွားသည်။

အဆိပ်တစ်ထောင် မြွေဟောက်ခေါင်း၏ အလယ်ဗဟိုရှိ အကြေးခွံများ အောက်တွင် အစီအရင် ကျောက်တုံး တစ်တုံးကို တွေ့ရှိလိုက် သောကြောင့်ပင်။ အစီအရင် ကျောက်တုံး၏ မျက်နှာပြင်တွင် ပြီးပြည့်စုံသော အစီအရင်တစ်ခု ထွင်းထားပြီး ဖြစ်ကာ အော်ရာဖြင့် လှုံ့ဆော်ရန်သာ လိုအပ်သည်။

အစီအရင် ကျောက်တုံးသည် မြွေဟောက်၏ ဉီးခေါင်းထဲ၌ မြှုပ်နှံထားခြင်း ဖြစ်သဖြင့် ဒေါသတကြီး ဖြစ်လာပါက မြွေဟောက်၏ အော်ရာများသည် အစီအရင် ကျောက်တုံးမှ တစ်ဆင့် ချည်နှောင် အစီအရင်ကို အသက်သွင်းနိုင်မည် ဖြစ်သည်။

ထူးဆန်းသည်မှာ အစီအရင် ကျောက်တုံးသည် မြွေခေါင်းထဲတွင် အလိုအလျောက် မရှိနိုင်ပေ။ တစ်စုံတစ်ယောက်က သေချာ အကွက်ချ စီမံထားခြင်းသာ ဖြစ်သည်။

ထိုစဉ် ဝမ်ရှန်း၏ ခြေသံ ထွက်ပေါ်လာသည်။ စုန့်ရန်နှင့် စုန့်လောင်ယုသည် ချက်ချင်း ခေါင်းစောင်း၍ ကြည့်လိုက်ကြသည်။ တောင်ကုန်းပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသော ဝမ်ရှန်းကို ကြည့်ကာ စုန့်ရန်၏ နှလုံးသားထဲ၌ အမည်မသိ ခံစားချက်တချို့ ပေါ်ထွက်လာသည်။

ဝမ်ရှန်းသည် လက်ထဲတွင် ကျားသွားဓား တစ်လက်သာ ကိုင်ထားပြီး စနိုက်ပါ ရိုင်ဖယ်ကိုမူ သိမ်းဆည်း လိုက်ပြီဖြစ်ရာ  စုန့်ရန်နှင့် စုန့်လောင်ယုသည် မြင်တွေ့ခွင့် မရလိုက်ပေ။

ဝမ်ရှန်းသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာကာ ခြေလှမ်းတိုင်းသည် တစ်စုံတစ်ခုကို သတိထားနေသည့် အလားပင်။

ထို့ပြင် ဝမ်ရှန်း၏ မျက်လုံးများသည်  အဆက်မပြတ် လှုပ်ရှားနေကာ ပုံမှန်မဟုတ်သော အရာတစ်ခုကို ရှာဖွေနေသည့် အလား ဂနာမငြိမ် ဖြစ်နေလေသည်။

ဝမ်ရှန်း၏ အပြုအမူကြောင့် စုန့်လောင်ယုသည်လည်း ပတ်ဝန်းကျင်ကို စူးစမ်း ကြည့်လိုက်လေရာ တစ်စုံတစ်ခုသည် မူမမှန်ကြောင်း သတိပြုမိ သွားသည်။

ဝမ်ရှန်းသည် တောင်ကြားထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းမှုကို ခံစားနေရသည်။ သို့သော် ထိုထူးဆန်းမှုသည် မည်သည့် နေရာမှ လာကြောင်း အတိအကျ မပြောနိုင်ပေ။

အဆုံးတွင် သူ့မျက်လုံးများသည် အဆိပ်တစ်ထောင် မြွေဟောက်နေထိုင်ရာ ဂူနက်၏ အဝသို့ ကျရောက် သွားသည်။ ဝင်ပေါက်သည် မည်းမှောင်နေသဖြင့်  တစ်စုံတစ်ခုကို ဝါးမျိုတော့မည့် အလား ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှတ်နေသည်။

“မင်းမိသားစုက အကြီးအကဲ ဘယ်နှယောက်လောက်က မင်းကို သေစေချင်နေတာလဲ”

ဝမ်ရှန်းသည် စုန့်ရန်အနီးသို့ လျှောက်သွားကာ လက်ကို ဆန့်ထုတ်၍ စုန့်ရန်ကို ဆွဲကာ သူ့နောက်သို့ ပို့လိုက်သည်။

“အဆိပ်ပြင်း မြွေဟောက်ကို သတ်ခိုင်းတဲ့အပြင် အစီအရင်ကိုပါ စီစဉ်ထားသေးတယ်၊ မင်းဒီနှစ်တွေမှာ ဘယ်လို အရာတွေများ လုပ်ခဲ့လို့ ရန်သူတွေ ဒီလောက် ပေါနေတာလဲ”

စုန့်ရန်သည် စကားမဆိုဘဲ ငြိမ်သက်နေသည်။ ဝမ်ရှန်းသည် အဘယ်ကြောင့် ဤမျှ ထွက်နေရကြောင်း သူမ နားမလည်ချေ။

“သွားကြစို့”

သုံးယောက်လုံးသည် တိုက်ပွဲ အတွေ့အကြုံ ရှိသူများ ဖြစ်ကြသဖြင့် ချက်ချင်း ထွက်မပြေးသေးဘဲ နောက်သို့ ခြေဆယ်လှမ်းခန့် ဖြည်းညင်းစွာ ဆုတ်လိုက်ကြသည်။

ထိုစဉ်မှာပင် ဂူနက်ထဲမှ နောက်ထပ် အဆိပ်တစ်ထောင် မြွေဟောက်တစ်ကောင် ထပ်မံ ပေါ်ထွက် လာလေတော့သည်။ ဤမြွေဟောက်သည် ဝမ်ရှန်း သတ်လိုက်သော မြွေဟောက်ထက် အနည်းငယ် အရွယ်သေးသော်လည်း ၂၀ မီတာထိ ရှည်လျားနေဆဲပင်။

သုံးပုံတစ်ပုံခန့် အရွယ်သေး သွားသော်လည်း ဤမြွေဟောက်၏ အော်ရာများသည် ယခင် မြွေဟောက်ထက်ပင် ပို၍ ပြင်းထန်နေသည်။

“သေစမ်း၊ ဒါလား မင်းတို့ စုံစမ်းထားတယ်ဆိုတာ၊ မြွေနှစ်ကောင် ရှိနေတာကိုတောင် မသိရလောက်အောင် ကန်းနေကြတာလား”

“ဒီတစ်ကောင်က တစ်ခါမှ အပြင်မထွက်လာဖူးဘူး”

စုန့်ရန်သည်လည်း အံ့သြနေကာ ထိတ်လန့်တကြားဖြင့် ဆိုသည်။

“နှစ်ကောင်ရှိမှန်း ငါတို့လည်း မသိဘူး”

“သေလိုက်ပါတော့၊ မြွေမက သူ့ဘာသာ ဥဥနိုင်ပါ့မလား၊  ဒီမြွေဟောက်က မြွေထီးဖြစ်ရမယ်”

“ဟုတ်တယ်၊ ဒါက မြွေထီးပဲ”

စုန့်လောင်ယုသည် ရုတ်တရက် အလန့်တကြားဖြင့် အော်ဟစ်လာသည်မှာ –

“ဒီမြွေထီးက စတုတ္ထအဆင့် အစောပိုင်းကို ရောက်နေပြီ”
***

Comment

Leave a Reply

Options

not work with dark mode
Reset