အခန်း ၂၅
အစီအရင်က ဘယ်က လာတာလဲ
အဆိပ်တစ်ထောင် မြွေဟောက်သည် အလွန် နတ်ဆိုးဆန်လှသည်ဟု ဆိုရမည်ဖြစ်သည်။ အရေခွံလဲနေစဉ် ပုံရိပ်များအဖြစ် ပြောင်းလဲ နေသည့်အပြင် ပြင်ပ တိုက်ခိုက်မှုများကိုလည်း ကာကွယ်နိုင်သေးသည်။
ဤသို့သော အရည်အချင်းမျိုးကို သရဲတစ္ဆေများသာ ပိုင်ဆိုင်သည်ဟု ထင်ထားခဲ့သော်လည်း ဤကမ္ဘာ၌ ထူးဆန်းစွာပင် အဆိပ်တစ်ထောင် မြွေဟောက်တွင် ထိုအရည်အချင်းမျိုး ရှိနေသေးသည်။
ဤကမ္ဘာကို ဖန်တီးထားပုံသည် အံ့သြဖွယ် ကောင်းလှသည်ဟု ဝမ်ရှန်း တွေးလိုက်မိသည်။
မှန်ပြောင်းထဲတွင် စုန့်ရန်နှင့် စုန့်လောင်ယုသည် အဆိပ်တစ်ထောင် မြွေဟောက်ကို သဲသဲမဲမဲ တိုက်ခိုက်နေကြကာ မြွေဟောက်မှာမူ အရေခွံချွတ်နေဆဲ ဖြစ်သည်။ ဤအချိန်မျိုးတွင် ဓားများကို အသုံးပြု၍ မရဘဲ လက်သီးနှင့် လက်ဖဝါးများမှ ထုတ်လွှတ်သော အော်ရာ တစ်ခုတည်းသာ တိုက်ခိုက်နိုင်သည်။
စုန့်ရန်သည် လက်သီးဖြင့် တိုက်ခိုက်နေပြီး စုန့်လောင်ယုသည် လက်ဖဝါးနှင့် ခြေကန်ချက်များကို အသုံးချ တိုက်ခိုက်နေသည်။ စုန့်ရန်၏ လက်သီးချက်တိုင်းသည် အဆိပ်တစ်ထောင်မြွေ၏ ခန္ဓာကိုယ်ပေါ်တွင် ပန်းကန်လုံး အရွယ်ခန့် အပေါက်ငယ် တစ်ခုကို ချန်ထားခဲ့နိုင်သည်။
စုန့်လောင်ယု တစ်ချက် ထိုးလိုက်တိုင်း အပေါက်ကြီး တစ်ပေါက် ပေါ်ထွက်လာသည်။
သို့သော် အဆိပ်တစ်ထောင် မြွေကြီးသည် ဉီးခေါင်းနှင့် ကာဆီးထားသဖြင့် စုန့်ရန်နှင့် စုန့်လောင်ယုသည် ဉီးခေါင်းနှင့် လည်ပင်းကိုသာ တိုက်ခိုက်နိုင်ပြီး ခန္ဓာကိုယ်ကို မထိနိုင်ချေ။
သာမန် မိစ္ဆာသာဆိုပါက ဤမျှ ပြင်းထန်သော ထိုးနှက်ချက်များ အောက်တွင် သွေးများစွာ ယိုစီးကျကာ နာကျင်စွာ အော်ဟစ်နေမည် ဖြစ်သော်လည်း အဆိပ်တစ်ထောင် မြွေဟောက်သည် နာကျင်မှုကို မခံစားရဟန်ဖြင့် တိုက်ခိုက်မှုကို လျစ်လျူရှုကာ အရေခွံကိုသာ ဆက်ချွတ်နေလေသည်။
M 200 စနိုက်ပါရိုင်ဖယ်၏ မှန်ပြောင်းထဲတွင် ဝမ်ရှန်းသည် အဆိပ်တစ်ထောင် မြွေဟောက်၏ အစိတ်အပိုင်း မှန်သမျှ ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။
စုန့်ရန်နှင့် စုန့်လောင်ယုပင် သူ့လောက် ရှင်းလင်းစွာ မမြင်နိုင်ချေ။
မှန်ပြောင်းထဲမှ တစ်ဆင့် မြွေဟောက်၏ ခန္ဓာကိုယ်ပေါ်မှ တိုက်ခိုက် ခံထားရသော အပေါက်ကြီး အပေါက်ငယ်များသည် မြွေဟောက်၏ လှုပ်ရှားမှု နှင့်အတူ ဖြည်းညင်းစွာ ကျုံ့ဝင်သွားလေသည်။
ဆိုရလျှင် အဆိပ်တစ်ထောင် မြွေဟောက်သည် ပြန်လည် မတိုက်ခိုက် နိုင်သေးသော်လည်း ခန္ဓာကိုယ်မှ ဒဏ်ရာများသည် တဖြည်းဖြည်း ပြန်၍ ကောင်းမွန်လာခြင်း ဖြစ်သည်။
အဆိပ်တစ်ထောင် မြွေဟောက်ကြီး၏ အလိုအလျောက် ကုသနိုင်စွမ်း အောက်တွင် တိုက်ခိုက်နှုန်းကို ကုသနှုန်းထက် ပိုမြန်အောင် မလုပ်နိုင်ပါက စုန့်ရန်နှင့် စုန့်လောင်ယု၏ ကြိုးစား အားထုတ်မှုများသည် အချည်းနှီးသာ ဖြစ်လေသည်။
စုန့်ရန်နှင့် စုန့်လောင်ယုသည် ဤအချက်ကို ရိပ်စားမိဟန်ဖြင့် ပို၍ ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက် လာကြသည်။ အဆိပ်တစိထောင်မြွေဟောက် အရေခွံလဲ၍ မပြီးခင် အသေသတ် ထားနိုင်မှသာ သူတို့ အသက်ရှင် နိုင်ပေလိမ့်မည်။
မမျှော်လင့်ထားသော အဖြစ်အပျက် များအတွက် စုန့်ရန်နှင့် စုန့်လောင်ယုကို အပြစ်ဆို၍ မရပေ။
သူတို့ သိထားသမျှသည် အခြား ကျွမ်းကျင်သူများထံမှ စုံစမ်းမေးမြန်း ထားရခြင်းဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ မတိုက်ခိုက်ခဲ့ဖူးသဖြင့် အမှားများစွာ ရှိနေနိုင်သည်။
အဆိပ်တစ်ထောင် မြွေဟောက်၏ အလေ့အထ၊ အမူအကျင့်များကို ခန့်မှန်းရာ၌ မှန်ကန်သော်လည်း တိုက်ခိုက်နေစဉ် အတောအတွင်း တုံ့ပြန်ပုံများမှာ ခန့်မှန်းထားသည် နှင့်မတူ အနည်းငယ် လွဲမှားနေလေသည်။
မိစ္ဆာသားရဲ ဖမ်းသူများမှာပင် အဆိပ်တစ်ထောင် မြွေဟောက် အရေခွံချွတ်ချိန်၌ တုံ့ပြန်ပုံများကို အသေးစိတ် မသိရှိကြလေရာ စုန့်ရန်နှင့် စုန့်လောင်ယုကို အပြစ်တင်၍ မရတော့ပေ။
စုန့်ရန်နှင့် စုန့်လောင်ယုသည် သတင်းမပြည့်စုံမှု၏ အကျိုးဆက်ကြောင့် ဒုက္ခ အကြီးအကျယ် ရောက်နေလေသည်။ အဆိပ်တစ်ထောင် မြွေဟောက်သည် ပုံရိပ်ယောင်များ အဖြစ် ပြောင်းလဲနိုင်ရုံ သာမက အလိုအလျောက် ကုသနိုင်စွမ်းပါ ရှိနေလေရာ မြွေဟောက်ကို သတ်မည့် အစီအစဉ်သည် ၉၀% ခန့် ကျရှုံးသွားပြီးလေပြီ။
သို့သော် စုန့်ရန်နှင့် စုန့်လောင်ယုသည် အဆုံးမရောက်မချင်း အရှုံးမပေးလိုကြချေ။ နှစ်ယောက်လုံး၏ တိုက်ခိုက်ချက်များသည် တရစပ် တိုးဝင်လာပြီး စုန့်ရန်သည် ဆေးပြား တစ်ပြားကို မျိူချ၍ ခွန်အားတိုးမြှင့် လိုက်လေသည်။
အဆိပ်တစ်ထောင် မြွေဟောက်သည် အရေခွံဟောင်းကို ဖြည်းညင်းစွာ ချွတ်နေပြီး စုန့်ရန်နှင့် စုန့်လောင်ယုသည် ယခုအခါ ၎င်း၏ ခန္ဓာကိုယ်ကို တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
အဆိပ်တစ်ထောင် မြွေဟောက်သည် အလွန်ကြီးမားလှကာ လူသုံးယောက် ဖက်စာထက်ပင်မက ကြီးမားလှသဖြင့် တိုက်ခိုက်မှုများသည် ထင်သလောက် ခရီးမပေါက်ချေ။
အရေခွံချွတ်ခြင်းသည် အမြီးထိ ရောက်ရှိ သွားပြီးနောက် အဆိပိတစ်ထောင် မြွေဟောက်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်လည် မာကျောလာသည်။ စုန့်ရန်နှင့် စုန့်လောင်ယုသည် အရှုံးပေး ထွက်ခွာရန် အချိန်ကျပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။
“ပြေးတော့”
နှစ်ယောက်လုံးသည် အတိုင်ဖောက်ညီစွာပင် တိုင်ပင်ထားသည့်အတိုင်း တောင်ကြား၏ လွတ်မြောက်ရေး လမ်းကြောင်းသို့ ပြေးထွက် လာခဲ့ကြသည်။ အဆိပ်တစ်ထောင် မြွေဟောက် မလှုပ်ရှားနိုင်ခင် ငါးမိုင်အဝေးသို့ ရောက်အောင် ပြေးနိုင်ပါက လုံခြုံပြီဟု ဆိုနိုင်သည်။
မြွေဟောက်သည် ဥများကိုထားကာ အသိုက်မှ ခွာလိမ့်မည် မဟုတ်ပေ။ အရာရာသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ဖြစ်လာသော်လည်း စုန့်ရန်နှင့် စုန့်လောင်ယုသည် တောင်ကြားမှ ထွက်လာနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အချိန်၌ မမျှော်လင့်ထားသည်တို့ ရုတ်တရက် ပေါ်ထွက်လာသည်။
“ဘန်း…ဘန်း”
စုန့်ရန်နှင့် စုန့်လောင်ယုထံမှ ရှင်းလင်းပြတ်သားသော အသံနှစ်ချက် မတိုးမကျယ် ထွက်ပေါ်လာသည်။
ဝမ်ရှန်း ခေါင်းမော့ ကြည့်လိုက်စဉ် ထူးဆန်းသော မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။ ခြေကုန်သုတ် ပြေးလာသော စုန့်ရန်နှင့် စုန့်လောင်ယုသည် အစီအရင် နံရံနှင့် ဝင်ဆောင့် မိသွားကာ အသံထွက်လာခြင်း ဖြစ်သည်။
ပြင်းထန်သော တန်ပြန်အားကြောင့် နှစ်ယောက်လုံး နောက်ပြန် လဲကျသွားပြီးနောက် စုန့်လောင်ယုသည် ချက်ချင်း ထရပ် လိုက်နိုင်သော်ငြား စုန့်ရန်သည် ရုတ်တရက် မထနိုင်ပေ။
အနောက် ၁၀၀ မီတာ အကွာအဝေးတွင် အဆိပ်တစ်ထောင် မြွေဟောက်၏ ခန္ဓာကိုယ်သည် ပို၍ ပို၍ မာကျောလာကာ အဖြူရောင် ပြောင်းသွားသည်။
မိနစ်အနည်းငယ် ကြာပါက အရေခွံချွတ်ခြင်း ပြီးဆုံးကာ မူလအခြေအနေသို့ ပြန်ရောက် သွားပေလိမ့်မည်။ ဝမ်ရှန်းသည် လွန်ခဲ့သော ရက်များအတွင်း စုန့်ရန်နှင့် စုန့်လောင်ယုထံမှ များစွာ သင်ယူထားလေရာ စုန့်ရန်တို့ ရှေ့မှ ကာဆီးထားသော အရာသည် အစီအရင်ဖြစ်ကြောင်း ကောင်းစွာ နားလည်လိုက်သည်။
ဤကမ္ဘာတွင် အစီအရင် ထိန်းချုပ်မှုကို များစွာ အသုံးပြုပြီး အသုံးအများဆုံးသည် ချည်နှောင် အစီအရင်ဖြစ်ကာ အစီအရင် ကျွမ်းကျင်သူများက ပြုလုပ်ပေးကြသည်။
ထို့အပြင် ချိတ်ပိတ်ခြင်း၊ ချည်နှောင်ခြင်းနှင့် အမျိုးမျိုးသော ဖွဲ့စည်းပုံများ ရှိသေးပြီး ယခု မြင်နေရသော အစီအရင်သည် ချည်နှောင် အစီအရင်တစ်ခု ဖြစ်သည်။ ဤမြင်ကွင်းကြောင့် ဝမ်ရှန်း၏ ဒေါသ ထွက်သွားလေသည်။
အစီအရင် အသက်ဝင်ရန် တစ်စုံတစ်ယောက်က ထိန်းချုပ်ထားရမည်။ လွန်ခဲ့သော ရက်များအတွင်း သူသည် ဆယ်မိုင် ပတ်ပတ်လည် အထိ စစ်ဆေးကြည့်သော်လည်း လူရိပ်လူယောင်ပင် မတွေ့ရချေ။
“ဒီအစီအရင်က ဘယ်လို အသက်ဝင်လာတာလဲ”
ထူးဆန်းသည်မှာ အစီအရင်သည် စုန့်ရန်နှင့် စုန့်လောင်ယု တောင်ကြားထဲသို့ ဝင်သွားစဉ်က ပေါ်မလာဘဲ ပြေးထွက်လာမှ ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤအစီအရင်သည် စုန့်အကြီးအကဲများ စုန့်ရန်ကို သေကြောင်းကြံရန် တမင်တကာ စီစဉ်ထားခြင်း ဖြစ်ကြောင်း ပြောနေစရာပင် မလိုတော့ချေ။
သူတို့သည် စုန့်ရန်ကို သေစေချင်သော်လည်း မိသားစု ခေါင်းဆောင်၏ သမီးဖြစ်နေသဖြင့် အလွယ်တကူ မသတ်နိုင်ပေ။ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် စုန့်ရန်ကို အသေသတ်နိုင်ရုံ သာမက လုပ်ကြံသူလည်း အမှုမပတ်တော့ပေ။
စုန့်ရန်နှင့် စုန့်လောင်ယုသည် အရေခွံလဲပြီး ဖြစ်သော အဆိပ်တစ်ထောင် မြွေဟောက်၏ ပြိုင်ဘက်များ လုံးဝ မဖြစ်နိုင်ချေ။ ဤနည်းဖြင့် နှစ်ယောက်လုံးသည် မြွေဟောက် လက်ချက်ဖြင့် သေဆုံးသွားသည် ဟုသာ သတင်းထွက်လာပြီး မည်သူ့ကိုမျှ အပြစ်တင်၍ မရတော့ပေ။
စုန့်လောင်ယုသည် ရုတ်တရက် ပေါ်ထွက်လာသော အစီအရင်ကြောင့် ခေါင်းနားပန်း ကြီးသွားသည်။ သူသည် သေရမည်ကို မကြောက်သော်လည်း သူ၏ မျက်စိရှေ့တွင် စုန့်ရန် သေဆုံးသွားမည်ကို မတွေ့လို။ စုန့်လောင်ယုသည် အစီအရင်နံရံကို အရူးတစ်ယောက်သဖွယ် တရကြမ်း တိုက်ခိုက်နေကာ စုန့်ရန့်အတွက် လမ်းကြောင်း ဖွင့်ပေးရန် ကြိုးစားနေသည်။
သို့သော် အရာမထင်ပါချေ။ မည်မျှပင် တိုက်ခိုက်စေကာမူ အစီအရင်သည် အပေါက်ငယ် တစ်ခုပင် မပေါ်လာဘဲရှိ၏။
အဆိပ်တစ်ထောင် မြွေဟောက်၏ အရေခွံလဲခြင်းသည် အလုံးစုံ ပြီးမြောက်သွားပြီ ဖြစ်ရာ စုန့်ရန်နှင့် စုန့်လောင်ယုကို အရှင်ထားလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူ၏ ဥများကို ကာကွယ်ရန် မျက်စိရှေ့မှ အရာအားလုံးကို သနားညှာတာမှု ကင်းစွာ ဖျက်ဆီး ပစ်တော့မည် ဖြစ်သည်။
တရစပ် တိုက်ခိုက်နေသော်လည်း အရာမထင်ကြောင်း ရိပ်စား မိလိုက်ပြီးနောက် စုန့်လောင်ယုသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။ စုန့်ရန်သည် စကားမပြောဘဲ အဆိပ်တစ်ထောင် မြွေဟောက် အရောင်ပြောင်း နေသည်ကိုသာ စူးစိုက်ကြည့်နေသည်။
မိနစ်အနည်းငယ် ကြာသော် အဆိပ်တစ်ထောင် မြွေဟောက်သည် နဂိုအတိုင်း ပြန်ဖြစ်သွားကာ စုန့်ရန်နှင့် စုန့်လောင်ယု တိုက်ခိုက်ခဲ့သည့် ဒဏ်ရာများမှာလည်း လုံးဝ အရှင်းပင် ပြန်လည် ကောင်းမွန် သွားလေပြီ။
ထို့နောက်တွင် စုန့်ရန်နှင့် စုန့်လောင်ယု ထွက်ပြေးခဲ့သည့် လမ်းကြောင်း အတိုင်း ဖြည်းညင်းစွာ ရွေ့လျား လာတော့သည်။ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက် နေဟန်ဖြင့် အရောင် တဖျတ်ဖျတ် လက်နေသည်။ ထိုစဉ် –
“ဘုန်း”
***