အခန်း ၂၄
အချိန်ကျပြီ
“အဲဒါက အဆိပ်တစ်ထောင် မြွေဟောက်သိုက်လား”
သုံးယောက်သားသည် မြွေဟောက် နေထိုင်ရာ တောင်ကြားမှ နှစ်မိုင်အကွာရှိ တောင်ထိပ်တွင် ရပ်နေကြသည်။ ဝမ်ရှန်းသည် မျက်စိရှေ့မှ တောင်ကြားကို လက်ညှိုးညွှန်ရင်း စုန့်ရန်ကို မေးမြန်းလိုက်သည်။
“ဟုတ်တယ် အဲ့နေရာပဲ”
ဤရက်များအတွင်း စုန့်ရန်သည် ဝမ်ရှန်း၏ ကြောက်မက်ဖွယ် အရည်အချင်း များကြောင့် အနှီလူရိုင်းသည် သမိုင်းအစဉ်ကို ချိုးဖျက်ကာ ပထမ အဆင့်ကိုပင် တက်လှမ်း နိုင်လောက်မည်ဟု ခန့်မှန်းထားခဲ့သည်။
ဝမ်ရှန်း အပေါ်တွင် ထားရှိသော မျှော်လင့်ချက်များ တိုးပွားလာသည် နှင့်အမျှ မိသားစု စစ်ဆေးပွဲကို အောင်မြင်ရန် ယုံကြည်ချက် များလာသည်။
ယခုလည်း စုန့်ရန်သည် မြွေဟောက်နေထိုင်ရာ တောင်ကြားကို ညွှန်ပြရင်း ဝမ်ရှန်းသည် သူမနှင့် ဉီးလေးယု မတွေ့ရှိခဲ့သော ထူးခြားချက်များကို မြင်တွေ့ သွားမည်လောဟု မျှော်လင့်နေသည်။
ရုတ်တရက် ဝမ်ရှန်း၏ လက်ထဲတွင် ထူးဆန်းသော အရာတစ်ခု ထွက်ပေါ်လာသည်။ စုန့်ရန်နှင့် စုန့်လောင်ယုသည် ထုလုံးရှည်သဏ္ဌာန် အရာကို ကြည့်ကာ ကြောင်အမ်း နေကြသည်။
ဝမ်ရှန်းသည် ဤနှစ်ယောက်၏ အပြုအမူကို သတိထား မိသော်လည်း အဝေးကြည့် မှန်ပြောင်းအကြောင်း မည်သို့ ရှင်းပြရမည်ကို မသိသဖြင့် မသိချင်ယောင် ဆောင်နေလိုက်သည်။
သိုလှောင်လက်စွပ် တစ်ကွင်း ရလိုက်သည်မှာ အမှန်တကယ် အဆင်ပြေလှသည်။ လေးလံသော ပစ္စည်းများကို သယ်ဆောင်စရာ မလိုတော့ဘဲ လိုအပ်ချိန်တွင် လက်စွပ်ထဲမှ ထုတ်လိုက်ရုံသာ ဖြစ်သည်။
မှောင်ရီပျိုးစ အချိန်ဖြစ်သော်လည်း အလင်းနည်း မှန်ပြောင်းသည် ဉီးတည်ရာကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲပင်။
ဝမ်ရှန်းသည် နက်မှောင်သော လိုဏ်ဂူကြီး တစ်ခုကို မြင်လိုက်ရကာ အဆိပ်တစ်ထောင် မြွေဟောက်နေထိုင်ရာ ဂူဖြစ်ပုံရလေသည်။
“မင်း အဲ့မြွေဟောက်ကို ဘယ်နားကနေ သွားကြည့်တာလဲ”
ဂူတစ်ခုလုံး မှောင်မည်းနေကာ အဆိပ်တစ်ထောင် မြွေဟောက်သည် အပြင်မထွက်သဖြင့် ဝမ်ရှန်း စုန့်ရန်ကို ထပ်မံမေးမြန်း လိုက်သည်။
“ငါတို့ ဂူရဲ့ အပေါ်က တောင်ထိပ်ကို တက်ပြီး စောင့်ကြည့်ခဲ့တာပဲ”
စုန့်ရန်အစား ဉီးလေးယုမှ ဝင်ရောက် ဖြေဆိုလိုက်သည်။
“မြွေဟောက်ရဲ့ အလေ့အထတွေက ဥမဥခင်နဲ့ ဥ ဥပြီး အကုန်အတူတူပဲ၊ နောက်ထပ် ရက်အနည်းငယ် ကြာရင် သူ အရေလဲလိမ့်မယ်”
“ဒါဆို ဉီးလေးယုက အဆိပ်တစ်ထောင် မြွေဟောက်ရဲ့ အဝင်အထွက်ကိုပဲ မြင်ခဲ့ရပြီး သူ ဥ ဥနေတာကို ဉီးလေးယုရဲ့ မျက်လုံးနဲ့ တပ်အပ် မမြင်ခဲ့ဘူးပေါ့”
ဝမ်ရှန်းသည် အဝေးကြည့် မှန်ပြောင်းကို ရောင်ခြည်ဖြင့် ကြည့်ရှုနိုင်သည့် အနေအထားသို့ ပြောင်းလဲလိုက်ပြီး ဆက်ကြည့်နေသည်။
စုန့်လောင်ယုသည် ဝမ်ရှန်း၏ စကားကြောင့် ဒေါသထွက် သွားသော်လည်း ပြန်လည် ထိန်းချုပ် လိုက်သည်။
အမှန်တကယ်ပင် သူသည် မြွေဟောက် ဥ ဥနေသည်ကို ကိုယ်တိုင် မမြင်တွေ့ခဲ့ပေ။ အဆိပ်တစ်ထောင် မြွေဟောက်သည် တတိယအဆင့် အထွတ်အထိပ် ရောက်နေလေပြီ။ သူသည် မည်မျှ ခွန်အားကြီး သော်လည်း တတိယအဆင့် အလယ်အလတ် ဝိညာဉ်သခင် တစ်ယောက်သာ ဖြစ်သည်။
အဆိပ်တစ်ထောင် မြွေဟောက်သည် ဥ ဥထားသဖြင့် ဒဏ်ရာ အပြင်းအထန် ရထားသည်ဟု ဆိုသော်လည်း တိုက်ခိုက်နိုင်စွမ်း မြင့်မားနေဆဲပင်။
ဂူထဲထိ ဆင်းကာ မြွေဟောက် ဥ ရှိမရှိ စစ်ဆေးကြည့်ရန်အတွက် သူ့တွင် အသက်အပို မပါလာချေ။
သို့သော် ကျွမ်းကျင်သူများသည် အဆိပ်တစ်ထောင် မြွေဟောက်၏ ဥ မဥခင်နှင့် ဥပြီး အလေ့အထများကို နှိုင်းယှဉ်၍ မြွေဟောက်၏ အခြေအနေကို ခန့်မှန်းနိုင်သည်။
မြွေဟောက်သည် ဥဥပြီးပြီဖြစ်ကြောင်း သေချာပါက အရေခွံ လဲတော့မည်မှာ ရာနှုန်းပြည့် နီးပါးသေချာသည်။
“ဟုတ်တယ်၊ ငါ့မျက်လုံးနဲ့တော့ မမြင်ခဲ့ဘူး၊ ဒါပေမဲ့ အဆိပ်တစ်ထောင် မြွေအကြောင်း သိတဲ့ တိရစ္ဆာန် ကျွမ်းကျင်သူ လေးယောက်နဲ့ တွေ့ခဲ့တာ၊ သူတို့ကို မေးကြည့်တော့ ဒီ မြွေဟောက်က ဥ ဥပြီးပြီဆိုတာ သေချာတာမို့ အရေခွံ လဲတော့မယ်တဲ့၊ မမှားနိုင်ပါဘူး”
တစ်ဖက်တွင်မူ ဝမ်ရှန်းသည် ရောင်ခြည်ဖြင့် ကြည့်သော်လည်း အကြောင်းမထူးချေ။
အဘယ်ကြောင့်ဆိုသော် မြွေဟူသည် သွေးအေး သတ္တဝါများ ဖြစ်ကြရာ ရောင်ခြည်ဖြင့် မမြင်ရချေ။
“ဉီးလေးယု ပြောတာကို ကျွန်တော် ယုံပါတယ်” ဝမ်ရှန်းသည် မှန်ပြောင်းကို ပြန်ချလိုက်ကာ –
“ကျွန်တော် သိချင်တာက ဒီတာဝန်ကို စုန့်ရန် ရွေးတာလား၊ မိသားစုက အကြီးအကဲတွေ ရွေးပေးတာလား သေချာ အတည်ပြုချင်တာ”
ဝမ်ရှန်းသည် စုန့်ရန်ကို စိုက်ကြည့်ကာ ” ငါ့ကို ယုံပါ၊ ဒါက သိပ်အရေးကြီးတယ်”
“အင်း ဒါက တတိယ အကြီးအကဲနဲ့ တခြား အကြီးအကဲတွေ ပူးပေါင်းပြီး ရွေးချယ် ပေးထားတာပဲ”
စုန့်ရန်သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆိုလာသည်။
“ဘာလို့လဲ ၊ နင် ဘာတွေ့လို့လဲ”
“မဟုတ်ပါဘူး ဒါပေမယ့် ဒီနေရာမှာ ပြဿနာ တစ်ခုခုတော့ သေချာပေါက် ရှိနေလိမ့်မယ်”
“ပြဿနာ ရှိတာတော့ အမှန်ပဲ၊ အဆိပ်တစ်ထောင် မြွေဟောက်ကို သတ်တာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ၊ ဒါပေမယ့် ဒီအချိန်က မြွေဟောက်ကို သတ်ဖို့ အကောင်းဆုံး အချိန်ပဲ”
“ပြီးတော့ ဒီစစ်ဆေးပွဲကို အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သိပ်ပြဿနာ မရှိဘူး၊ အဓိကက ရန်အာ ဘေးကင်းဖို့ပဲ၊ စစ်ဆေးပွဲကတော့ ဒီတစ်ကြိမ် မအောင်မြင်လည်း နောက်တစ်ကြိမ်ပေါ့ ဘယ်လိုပဲ ဖြစ်ဖြစ် ရန်အာက ၁၈ နှစ်ပဲ ရှိသေးတာဆိုတော့ အခွင့်အရေး ရှိပါသေးတယ်”
စုန့်လောင်ယု၏ စကားကို နားထောင်နေသော်လည်း ဝမ်ရှန်း စိတ်တိုင်းမကျပေ။ စုန့်ရန်နှင့် စုန့်လောင်ယုသည် အနည်းငယ် အကောင်း မြင်လွန်းသည်။
သိုက်မိသားစုနှင့် ပူးပေါင်းကာ စုန့်ရန်ကို ပြန်ပေးဆွဲ စေခဲ့သော စုန့်အကြီးအကဲများသည် စစ်ဆေးပွဲကိုလည်း အလွတ်ပေး လိမ့်မည်ဟု မဟုတ်ပေ။ သို့သော် ဝမ်ရှန်းသည် အန္တရာယ်မှာ မည်သည့် နေရာတွင် ရှိကြောင်း အတိအကျ အဖြေမထုတ်နိုင်သေးဘဲရှိ၏။
ထို့ကြောင့် ဝမ်ရှန်းသည် ပတ်ဝန်းကျင် အနေအထားကို အကဲခတ်ရန် အဝေးကြည့် မှန်ပြောင်းဖြင့် တစ်ချိန်လုံး စောင့်ကြည့်နေသည်။ တစ်စုံတစ်ရာ ဖြစ်ပေါ် လာပါကလည်း တုံ့ပြန်ရန် အကောင်းဆုံး အနေအထားကို ရွေးချယ်ထားသည်။
စုန့်လောင်ယုသည် ဝမ်ရှန်းမှာ အကြီးအကျယ် ယောက်ယက်ခတ် နေသည်ဟု ခံစားနေရသည်။ ဝမ်ရှန်းသည် ရက်အနည်းငယ် ကြာသည်အထိ မှန်ပြောင်းဖြင့် လမ်းကြောင်းများကို ဂရုတစိုက် ကြည့်ရှုနေခဲ့ကာ စုန့်လောင်ယုသည် အချိန်ကြာလာသည် နှင့်အမျှ စိတ်မရှည်တော့ပေ။
ထို မှန်ပြောင်းသည် တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်၏ အမြင်အာရုံထက် ပိုကောင်း လိမ့်မည်ဟု သူမယုံချေ။
ယခုတစ်ကြိမ် အဆိပ်တစ်ထောင် မြွေဟောက်ထံ လာရောက်ခဲ့ခြင်းသည် ဝမ်ရှန်းကို ကြိုတင် လေ့လာခွင့် ရစေရန် သက်သက်သာ မဟုတ်ဘဲ မြွေဟောက်ကိုပါ တစ်ခါတည်း သတ်သွားရန် ဖြစ်သည်။
ရှန်းလင်မြို့နှင့် အသွားအပြန် ခရီးသည် အနည်းဆုံး ဆယ်ရက်ခန့် ကြာသဖြင့် မြွေဟောက် အရေခွံလဲမည့် အချိန်ကို လွတ်သွားနိုင်သည်။
ထို့ကြောင့် စုန့်ရန်နှင့် စုန့်လောင်ယုသည် လာစဉ် ကတည်းက လိုအပ်သည်များကို တစ်ပါတည်း ယူဆောင် လာခဲ့ကြသည်။
ဝမ်ရှန်းသည် သုံးရက် ကြာသည်အထိ ပတ်ပတ်လည်မှ တောင်တန်း တောအုပ်များကို အပြန်ပြန် အလှန်လှန် ကြည့်ရှုစစ်ဆေး နေခဲ့ပြီး အရာအားလုံး ပုံမှန်အတိုင်း ရှိနေသည်။
အဝေးကြည့် မှန်ပြောင်းထဲတွင် အဆိပ်တစ်ထောင် မြွေဟောက်ကို အကြိမ်ပေါင်း များစွာ တွေ့ခဲ့လေသည်။
ဤကမ္ဘာမှ မိစ္ဆာသားရဲများသည် ဝမ်ရှန်း၏ အသိဉာဏ်ထက်ပင် ပို၍ သာလွန်ကောင်းမွန် နေသေးသည်ဟု ဆိုရမည်ဖြစ်သည်။
တတိယအဆင့် အထွတ်အထိပ်တွင် ရှိသော အဆိပ်တစ်ထောင် မြွေဟောက်ကြီးသည် ရုပ်မြင်သံကြား အစီအစဉ်များတွင် ဝမ်ရှန်း မြင်တွေ့ခဲ့ဖူးသော မြွေကြီးများထက်ပင် ပို၍ ကြီးမားနေသေးသည်။
ခန္ဓာကိုယ်ကိုသာ အပြည့်အဝ ဖြန့်ကား လိုက်ပါက ၃၀ မီတာ ခန့်အထိ ရှည်လျားပြီး အသေးငယ်ဆုံးသော အစိတ်အပိုင်း တစ်ခုကပင် လူတစ်ကိုယ်စာ ရှိသည်။
ဤမျှကြီးမားသော မြွေကြီးသည် အဆိပ်လည်း ပြင်းလှသည်။ တတိယအဆင့် အထွတ်အထိပ် မိစ္ဆာ သားရဲများ၏ အာရုံခံနိုင်စွမ်းသည် ကြောက်ခမန်း လိလိပင်။
၂ မိုင် အဝေးတွင် ရှိနေသော ဝမ်ရှန်းကိုပင် မြင်တွေ့သွားဟန်ဖြင့် အမောက်ထောင်ကာ ဝမ်ရှန်းရှိရာသို့ အချိန်အကြာကြီး စိုက်ကြည့်နေသည်။
သူ၏ ဥများကိုသာ မစိုးရိမ်ပါက ချက်ချင်း ပြေးလာပြီး ဝါးမျိုတော့မည့်ပုံ ရလေသည်။ အဆိပ်တစ်ထောင် မြွေဟောက်သည် ကြမ်းကြုတ်သော သတ်ဖြတ် လိုစိတ်များဖြင့် ဝမ်ရှန်းကို စိုက်ကြည့်နေစဉ် ဝမ်ရှန်း၏ စိတ်ထဲမှ တိုက်ပွဲဝိညာဉ်သည် ရုတ်တရက် တုံ့ပြန်လာသည်။
ဝမ်ရှန်းသည် ဉီးခေါင်း၊ လည်မျို၊ ဝမ်းဗိုက်စသည့် နေရာများသည် အဆိပ်တစ်ထောင် မြွေဟောက်၏ သေစေနိုင်သော အစိတ်အပိုင်းများ ဖြစ်ကြောင်း ချက်ချင်း သတိပြုမိ လိုက်လေသည်။
သို့သော် သူ၏ စူးစမ်းချက်များအရ ဤနေရာများသည် တိုက်ခိုက်ရန် အခက်ခဲဆုံး အစိတ်အပိုင်းများ ဖြစ်ကြသည်။
ထူထဲသော အကြေးခွံများဖြင့် ဖုံးအုပ်ထားကာ အပါးလှပ်ဆုံးသော အစိတ်အပိုင်းကပင် 10 cm ထိ ထူလေသည်။ ဤအကြေးခွံများသည် သံမဏိထက်ပင် ပို၍ မာကျောကြောင်း ပြောနေစရာပင် မလိုချေ။
ထူထဲသော အကြေးခွံများပေါ်တွင် အဖြူကွက် အချို့ ပေါ်ထွက်နေကာ မြွေဟောက် ကြီးသည် တစ်ခါတစ်ရံ၌ ကျောက်ဆောင်များဖြင့် ပွတ်တိုက် နေတတ်သည်။ ဤသည်မှာ အရေခွံလဲခြင်း၏ ရှေ့ပြေး လက္ခဏာ ဖြစ်သည်။
စုန့်ရန်သည် ယခုအချိန်ထိ ထိတ်လန့်ဟန် မပြဘဲ တည်ငြိမ်နေရာ ဝမ်ရှန်းပင် အလွန် လေးစားသွားရသည်။
စုန့်လောင်ယုသည် စောင့်ကြည့်ရက်များ အတွင်း ပတ်ပတ်လည် ဧရိယာများကို ဂရုတစိုက် စစ်ဆေး ကြည့်နေလေသည်။ အဆိပ်တစ်ထောင် မြွေနှင့် တိုက်ခိုက်နေစဉ် စုန့်အကြီးအကဲများ အကောက်ကြံကာ ချောင်းမြောင်း လုပ်ကြံမည်ကို စိုးရိမ်သဖြင့် နေရာမလပ် စစ်ဆေးနေခြင်း ဖြစ်သည်။
သို့သော် ရက်အနည်းငယ် အတွင်း လူရိပ်လူယောင်ပင် မတွေ့ရချေ။ စုန့်ရန်သည် ယာယီတဲလေးထဲတွင် နေကာ အေးချမ်းစွာ ကျင့်ကြံလျက် ရှိသည်။
ဝိညာဉ်စွမ်းအင်များကို နေ့အမျှ အားဖြည့်နေပြီး ဝမ်ရှန်းနှင့် စုန့်လောင်ယုထက် ပို၍ တည်ငြိမ်နေလေသည်။
ဝမ်ရှန်းသည် စုန့်အကြီးအကဲများမှာ စုန့်ရန်ကို ချောက်ချရန် မည်သည့် နည်းလမ်းများ သုံးထားပါသနည်း ဟူသော အဖြေကို တွေးတော နေစဉ်မှာပင် အဆိပ်တစ်ထောင် မြွေကြီးသည် အရေခွဲလဲခြင်းကို စတင် လုပ်ဆောင် လာတော့သည်။
မြွေဟောက်ကြီးသည် တွင်းထဲမှ တစ်ကိုယ်လုံး ထွက်လာကာ မီတာ သုံးဆယ်ခန့်အထိ ရှည်လျားသော ခန္ဓာကိုယ်ကြီးဖြင့် ကျောက်ဆောင် အစွန်းကို ပြင်းပြင်းထန်ထန် ပွတ်တိုက်နေသည်။
တစ်ခဏမျှ ကြာသော် မြွေဟောက်၏ ပါးစပ်ထဲတွင် အပေါက်ကြီး တစ်ပေါက် ပေါ်ထွက်လာကာ တဖြည်းဖြည်း ကြီးမားလာသည်။ သုံးယောက်လုံးသည် မြွေဟောက်ကြီး၏ ခန္ဓာကိုယ်မှာ စတင်၍ အားနည်းလာပြီ ဖြစ်ကြောင်း တစ်ပြိုင်နက်တည်း နားလည်လိုက်ကြသည်။
“အချိန်ကျပြီ နင် ဒီမှာ ပုန်းနေ၊ အပြင်ထွက် မလာနဲ့နော်”
စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်းကို မှာကြားကာ ထွက်ခွာရန် ပြင်လိုက်ကြသည်။
ဝိညာဉ်စွမ်းအင် မသုံးနိုင်သော ဝမ်ရှန်းသည် အပိုသက်သက် ဖြစ်နေသဖြင့် လိုက်မသွားဘဲ အဆိပ်တစ်ထောင် မြွေဟောက်ထံ ချဉ်းကပ် သွားကြသော နှစ်ယောက်ကိုသာ စောင့်ကြည့် နေလိုက်သည်။
တစ်ခဏမျှ ကြာသော် ဝမ်ရှန်း စတင် ရွေ့လျား လိုက်သည်။
သူ့ဉီးတည်ချက်သည် သဘောတူညီ ထားသော လွတ်မြောက်ရေး လမ်းကြောင်း မဟုတ်ဘဲ စနိုက်ပါ ရိုင်ဖယ်ကို ကောင်းကောင်း အသုံးပြုနိုင်မည့် အကွက်အကွင်း ဖြစ်သည်။
နေရာမှာ တောင်ကြား၏ နံဘေးမှ တောင်ကုန်းငယ်လေး ပေါ်တွင်ဖြစ်ပြီး အဆိပ်တစ်ထောင် မြွေဟောက်နှင့် မီတာ ၂၀၀ သာ ဝေးကွာသည်။
ဝမ်ရှန်း တောင်ကုန်းထိပ်သို့ ရောက်ရှိသွားချိန်တွင် စုန့်ရန်နှင့် စုန့်လောင်ယုသည် မြွေဟောက်နှင့် စတင် တိုက်ခိုက် နေလေပြီ။ နှစ်ယောက်လုံးသည် အစွမ်းကုန် တိုက်ခိုက်နေကြပြီး တစ်ကြိမ် တိုက်လိုက်တိုင်း အဆိပ်တစ်ထောင် မြွေဟောက်ကို ဒဏ်ရာ အပြင်းအထန် ရသွားစေသည်။
ဝမ်ရှန်းသည် စနိုက်ပါရိုင်ဖယ်ကို လျင်မြန်စွာ ထုတ်ကာ ရှေ့ခြေတစ်ဖက်ကို ရှေ့မှ ကျောက်တုံးပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူ၏ ညာမျက်လုံးကိုမူ စနိုက်ပါရိုင်ဖယ်၏ မှန်ပြောင်းရှေ့ ကပ်လိုက်လေသည်။
***