Switch Mode

Chapter – 23

သနားဖို့ကောင်းလိုက်တာ

အခန်း ၂၃
သနားဖို့ကောင်းလိုက်တာ

စုန့်မိသားစု၏ အကြီးဆုံး သမီးတစ်ယောက် အနေဖြင့် စုန့်ရန်သည် ဝူရုံမြို့အကြောင်း အခြားသူများထက် ပို၍ ရှင်းလင်းတိကျစွာ ပြောနိုင်လေသည်။

စုန့်ရန်၏ ပြောကြားချက်အရ ဝူရုံမြို့မှ လူသတ်သမားအဖြစ် တိတ်တဆိတ်  အသက်မွေးသော သာမန် ကျွမ်းကျင်သူများလည်း ရှိသေးသည်။

သူတို့သည် လူသတ်ခြင်းကို မပြုကြသော်လည်း ဝူရုံမြို့သည် လူသတ်ခြင်း တစ်ခုတည်းကို လက်ခံသည် မဟုတ်ပေ။ စုံစမ်းစစ်ဆေးခြင်း၊ ဒဏ်ရာပေးခြင်း စသည်ဖြင့် အလုပ်မျိုးစုံရှိပြီး ဝင်ငွေ မြင့်မားသည့် အပြင် အတွေ့အကြုံလည်း ရသည်ဖြစ်ရာ ကျွမ်းကျင်သူ အများအပြား လုပ်ကိုင်ကြသည်။

ဝမ်ရှန်းသည် ယခု ဝူရုံမြို့ လူသတ် သတ္တုပြားများ၏ အလုပ်လုပ်ပုံကို ကောင်းစွာ နားလည်သွားပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဧကရာဇ်နှင့် မိသားစုကြီးများ၊ ဝူရုံမြို့ အရှင်နှင့်ကြားမှ သဘောတူညီချက်၏ အကြောင်းရင်းများကို သဘောပေါက် သွားသည်။

ဤအကြံသည် ကောင်းမွန်သော အစီအစဉ် တစ်ခုဟု ဆိုရပေမည်။ ဝူရုံမြို့သည် အခြားမြို့များနှင့် ဆက်စပ်မှု မရှိသဖြင့် လိုအပ်သော အခြေခံပစ္စည်းများ စားသောက်ကုန်များကို သေချာပေါက် လိုအပ်သည်သာ ဖြစ်သည်။

ရလဒ်အနေဖြင့် ပေါင်ချင်ယုတန် ဆိုင်ကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးများသည် ဧကရာဇ်နှင့် မိသားစုကြီးများ၏ အသိအမှတ်ပြုမှုဖြင့် ဝူရုံမြို့တွင် စီးပွားရေး လုပ်ငန်းများကို အကျိုးအမြတ် များစွာဖြင့် လုပ်ကိုင် နိုင်ကြလေသည်။

“ဝူရုံမြို့က တကယ်တော့ ထောင်နဲ့ အတူတူပါပဲ”

ဧကရာဇ်နှင့် မိသားစုကြီးများသည် စစ်သားတစ်ဉီး၊ လက်နက် တစ်ခုပင် သုံးစရာ မလိုဘဲ မြောက်မြားစွာသော ရာဇဝတ်ကောင်များကို ဝူရုံမြို့တွင် ပိတ်လှောင် ထားခြင်းသာ ဖြစ်သည်။

ဤရာဇဝတ်ကောင်များသည် မြို့တွင်း၌ လွတ်လပ်စွာ သွားလာ နိုင်ကြသော်လည်း အပြင်သို့ အလွယ်တကူ မထွက်နိုင်ကြပေ။ လွတ်လပ်သည်ဟု ထင်ရသော်လည်း အမှန်မှာ ထောင်ချနေသည်နှင့် မခြားပေ။

ထို့ပြင် ဝူရုံမြို့တွင် အစစအရာရာ စျေးကြီးသည့်အပြင် ဧကရာဇ်သည် လေးလံသော အကောက်အခွန်များကို ချမှတ် ထားသေးသည်။ ဝူရုံမြို့မှ လူများသည် ၎င်းတို့၏ အသက်ကိုရင်းကာ ငွေရှာရသော်လည်း ၎င်းမှာ ဧကရာဇ်နှင့် မိသားစုကြီးများကို လုပ်ကျွေး နေရသည်နှင့် မခြားပေ။

သူတို့သည် ဤအချက်ကို သိရှိကြသော်လည်း ဝမ်းနည်းစရာ ကောင်းစွာပင်  အသက်ရှင်ရန် ရုန်းကန်ရုံမှအပ အခြား ရွေးချယ်စရာ မရှိပါချေ။

အကြီးမားဆုံးသော ပြစ်ဒဏ်သည် ဝူရုံမြို့ထဲမှ လူအချင်းချင်းလည်း မြို့ပြင်တွင် သတ်ဖြတ်နိုင်လေရာ အချို့သော ကျွမ်းကျင်သူများသည် မြို့ထဲမှ လူအချင်းချင်း သတ်ဖြတ်ခြင်းဖြင့် ငွေရှာကြသည်။

ဆိုရလျှင် ဝူရုံမြို့သည် လွတ်လပ်သည်ဟု ထင်ရသော်လည်း ဝူရုံမြို့မှ လူတိုင်းသည် အိပ်နေစဉ်မှာပင် မျက်လုံး တစ်ဖက်ကို ဖွင့်ထားကြရသည်။ အကြောက်တရားသည် နေ့နေ့ညည နှိပ်စက်နေ၏။

အသက်ရှင်ခွင့် ရနေသေးသော်လည်း တစ်သက်လုံး အကြောက်တရားဖြင့် နေနေကြရသည်။ သံသယစိတ်၊ စိုးရိမ်စိတ်များသည် စက္ကန့်မလပ် ဖိစီးနေကာ ဝူရုံမြို့တွင် ဒုက္ခလာခံ နေရသည်နှင့် အတူတူပင် ဖြစ်၏။

ဝမ်ရှန်းသည် ဧကရာဇ်နှင့် မိသားစုကြီးများ၏ အစီအစဉ်ကို ချက်ချင်း နားလည် လိုက်သည်။

ဝူရုံမြို့၏ နောက်ကွယ်မှ စီမံချက်များသည် အမှန်တကယ်ပင် ပြောင်မြောက်လေသည်။

သို့သော် ဝမ်ရှန်းသည် သူ၏ နောက်ဆက်တွဲ အတွေးများကို ထုတ်ဖော် ပြောကြားခြင်း မပြုပေ။ စုန့်ရန်သည် ဝူရုံမြို့၏ စစ်မှန်သော ရည်ရွယ်ချက်ကို သိကောင်း သိနိုင်သည်။

ဝမ်ရှန်း တွေးမိသည်မှာ စုန့်ရန်သည် ဤအကြောင်းအရာ လောက်ကိုပင် ကွက်ကျော် မမြင်ပါက စုန့်မိသားစု၏ အမွေကို ဆက်ခံရန် မသင့်တော်ပေ။

ညဘက် နားနေသည့် အချိန်၌ စုန့်ရန်နှင့် စုန့်လောင်ယုသည် ဟွင်းယွမ် နည်းလမ်းကို ကျင့်ကြံနေသော ဝမ်ရှန်းကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားရပြန်သည်။

အဆင့်သုညရှိသော ယွမ်ဝိညာဉ် တစ်ခုသည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်လျှင်ပင် အတိုင်းထက် အလွန် ဖြစ်နေလေပြီ။ ဝမ်ရှန်းသည် ထိုမျှနှင့် မကျေနပ်သေးဘဲ အဆင့်တက်ရန် ကြိုးစားနေခြင်းပင်။

သို့သော် ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူလိုက်စဉ် စုန့်ရန်နှင့် စုန့်လောင်ယုသည် တစ်စုံတစ်ခု မူမမှန်ကြောင်း သတိပြုမိ လိုက်သည်။

ဝမ်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသော ဝိညာဉ် စွမ်းအင်များမှာ ပြင်းထန်လှပြီး  အမြန်နှုန်းသည် စုန့်ရန်၏ ကျင့်ကြံရေးနှုန်းနှင့် အတူတူပင် ဖြစ်ပေသည်။

သို့ရာတွင် စုန့်ရန်သည် ဒုတိယအဆင့် အထွတ်အထိပ် ဝိညာဉ်သခင်ဖြစ်ကာ ဝမ်ရှန်းသည် သာမန်လူ တစ်ယောက်သာ ဖြစ်သည်။

ထိုထက်ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်မှာ ကျိုးပဲ့ ယွမ်ဝိညာဉ်ကို နှစ်လအတွင်း အလုံးစုံ ပြုပြင်လိုက်ခြင်း ဖြစ်သည်။

သာမန် ယွမ်ဝိညာဉ်နှင့် လူများသည် ဉာဏ်အလင်းပွင့်ကာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ရန် အနည်းဆုံး တစ်နှစ်နှင့် အထက် ကြာတတ်သည်။ စုန့်ရန်ကဲ့သို့ ထူးခြား ပါရမီရှင်များသည်ပင် ရှစ်လခန့် အချိန်ယူရသည်။

ယွမ်ဝိညာဉ်အကြောင်း တစ်လုံးတလေပင် မသိသော ဝမ်ရှန်းသည် နှစ်လအတွင်း ကျိုးပဲ့ဝိညာဉ်ကို ပြုပြင်ကာ ဝိညာဉ်စွမ်းအင်များ စုပ်ယူနိုင်လေပြီ။

ထူးဆန်းသည်မှာ ဝမ်ရှန်း၏ ကျင့်ကြံရေး နည်းလမ်းသည် အများနှင့် မတူခြင်းဖြစ်၏။ ဗဟုသုတ များပြားသည့် စုန့်လောင်ယုပင် ဝမ်ရှန်း၏ နည်းလမ်းကို မမြင်ဖူးချေ။

ထူးဆန်း ကျင့်ကြံရေး နည်းလမ်းအပြင် ထိပ်တန်းအဆင့် သိုလှောင်လက်စွပ် တစ်ကွင်းဖြင့် နှင်းသကြားကို လဲလှယ်လိုက်သော ပေါင်ချင်ယုတန်သည် ရက်ရောသည်ဟု ဆိုရမည်ဖြစ်သည်။

ဝမ်ရှန်းသည် ထိုအကြောင်းအရာများကို မသိဘဲ သူ၏ ကိုယ်ပိုင်ဝိညာဉ် နယ်မြေထဲတွင် နစ်မြုပ် နေလေသည်။ တိုက်ပွဲဝိညာဉ်သည် ယခုအခါ ငြိမ်သက်နေခြင်း မပြုဘဲ စုန့်လောင်ယုနှင့် ဝမ်ရှန်း တိုက်ခိုက်စဉ်က တိုက်ကွက်များကို ဖြည်းညင်းစွာ ပြန်လည် ပုံဖော်နေသည်။

ဝမ်ရှန်းသည် တိုက်ပွဲဝိညာဉ်ကို ကြည့်ကာ တိုက်ကွက်များ၏ ခွဲခြမ်းစိတ်ဖြာပုံ၊ ခန္ဓာကိုယ် အင်အား အသုံးပြုပုံ၊ ထောင့်အနေအထား စသည်တို့ကို  ပြန်လည် သုံးသပ် နေလိုက်သည်။

ဤအခြင်းအရာများသည် အလွန် တန်ဖိုးကြီးသော အတွေ့အကြုံ များဖြစ်၏။ အိပ်မက်ထဲမှ မိန်းကလေး ချန်ထားခဲ့သော တိုက်ပွဲဝိညာဉ်သည် ဝမ်ရှန်း၏ တိုက်ခိုက်ရေးအတွက် လေ့ကျင့်ရမည့် အချိန်များကို တစ်ဝက်ခန့် လျှော့ချပေးနိုင်သည်။

ယွမ်ဝိညာဉ် နယ်မြေ၌ မြစ်ဝါသည် တသွင်သွင် စီးဆင်းနေကာ နံဘေးမှ တောင်ကုန်း စိမ်းစိမ်းများနှင့် သက်ရှိ ကမ္ဘာတစ်ခုသဖွယ် သာယာနေသည်။

ယွမ်ဝိညာဉ် ငါးကြင်းနီသည် ယခင်ကထက် ပို၍ ကြီးမားလာကာ ယေဘုယျ ခန့်မှန်းချက်အရ နှစ်ပေခန့် ရှည်လျားလာပြီး မြစ်ရေထဲတွင် ပျော်ရွှင်မြူးထူးစွာ ကူးခတ်နေလေသည်။

မြစ်ဝါ၏ အထက်ပိုင်းမှ နဂါးဂိတ်ကို တည်ဆောက်ရန် ဝမ်ရှန်းသည် အချိန် တစ်လခန့် ယူခဲ့ရပြီး ဂိတ်သည် ဆယ်ပေမက မြင့်မားသည်။ မြစ်ဝါကို ကန့်လန့်ဖြတ် တည်ဆောက် ထားခြင်းဖြစ်ပြီး ငါးကြင်းနီအတွက် နဂါးဂိတ်ကို ခုန်ကျော်ရန်မှာ မလွယ်ကူလှချေ။

သို့သော် ဝိညာဉ်စွမ်းအင်များကို တစ်လခန့် စုပ်ယူပြီးနောက် ငါးကြင်းနီသည် တစ်ခါတစ်ရံ၌ နှစ်ပေကျော်အထိ ခုန်တက် လာနိုင်လေပြီ။

လုံလောက်သော ဝိညာဉ်စွမ်းအင်ကိုသာ ရပါက ထိုထက်ပို၍ မြင့်မားလာပြီး တစ်နေ့တွင် နဂါးဂိတ်ကို သေချာပေါက် ခုန်ကျော်နိုင်မည်ပင်။

စုပ်ယူလိုက်သော ဝိညာဉ်စွမ်းအင် အများစုသည် ငါးကြင်းနီထံသို့ စီးဝင်သွားကြကာ ငါးကြင်းနီ၏ ခန္ဓာကိုယ်မှ ထိုက်ချိ ဝဲကတော့သည် အချင်းငါးလက်မအထိ အရွယ်အစား ကြီးမားလာ၏။

ထိုက်ချိဝဲကတော့ ကြီးလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအင် စုပ်ယူမှုသည် ပို၍ မြန်ဆန်လာကာ ဝမ်ရှန်း၏ တွက်ချက်မှုအရ ပိုင်ယွမ်ဆေးပြား သောက်ခြင်းထက် ၂ ဆပို၍ များပြားလာသည်။

“ရန်အာ မင်းဉာဏ်အလင်းပွင့်ဖို့ အချိန်ဘယ်လောက် ကြာခဲ့လဲ”

စုန့်လောင်ယုသည် ဝမ်ရှန်းကို ကြည့်ကာ မယုံဟန်ဖြင့် စုန့်ရန်အား ထပ်မံမေးမြန်း လိုက်သည်။

“ခုနစ်လ”

စုန့်ရန်သည် ဝမ်ရှန်းကို ကြည့်ကာ အလိုအလျောက် ဖြေလိုက်မိသည်။ ကျိုးပဲ့ ဝိညာဉ်ပိုင်ရှင် ဝမ်ရှန်းသည် သူမထက်ပင် ဂျီးနီးယပ်စ် ဆန်နေသေးသည်။

“သူ ပထမအဆင့်ကို ရောက်ဖို့ အချိန်ဘယ်လောက် ကြာမယ်ထင်လဲ”

စုန့်လောင်ယု ထပ်မေးသည်။

“သူ့ရဲ့ ငါးကြင်း ဝိညာဉ်က ဘယ်လိုဖြစ်ပြီး ပထမအဆင့်ကို ဝင်နိုင်မှာလဲ ” 

“ဒါဆို အခု ငါတို့မြင်နေတာကိုရော ဘယ်လိုရှင်းမလဲ၊ အသုံးမကျတဲ့ ဘယ်လို ယွမ်ဝိညာဉ်မျိုးက ဒီလိုအဆင့်ထိ ရောက်နိုင်လို့လဲ၊ သူငါ့ကို နဝမအဆင့်ထိ တက်လှမ်းမယ်လို့ လာပြောရင်တောင် ငါခြွင်းချက်မရှိ ယုံရမှာပဲ ”

စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်းနှင့် တွေ့ဆုံပုံကို ရုတ်တရက် တွေးမိလိုက်ကြသည်။

ကောင်းကင်ထက်မှ ပြုတ်ကျလာသော ဝမ်ရှန်းသည် စတွေ့ကတည်းက ထူးဆန်းမှုများဖြင့် ပြည့်နေခဲ့သည်။ သို့သော် သနားဖွယ် ကောင်းသည်မှာ ဝမ်ရှန်းသည် အသုံးမကျသော ယွမ်ဝိညာဉ်ကိုသာ ပိုင်ဆိုင်ခဲ့သဖြင့် စစ်မှန်သော ဝိညာဉ်သခင် တစ်ယောက် မဖြစ်နိုင်တော့ပေ။

“သူ  စစ်မှန်တဲ့ ဝိညာဉ်သခင် တစ်ယောက် မဖြစ်နိုင်တော့ရင်တောင် နှင်းသကြားနဲ့ ဆားဖြူကို အသုံးချပြီး သူဌေးတစ်ယောက်တော့ ဖြစ်နိုင်ပါသေးတယ်… ဟူး …သနားဖို့ ကောင်းလိုက်တာ”
***

Comment

Leave a Reply

Options

not work with dark mode
Reset