အခန်း ၂၂
လူသတ်သတ္တုပြားများ အသုံးပြုပုံ
စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်းအား မိသားစု စစ်ဆေးပွဲတွင် ပါဝင်ခွင့် ပေးလိုက်ခြင်းသည် နှစ်ဉီးကြား ဆက်ဆံရေးကို တိုက်ပွဲမှတစ်ဆင့် တိုးမြှင့်လိုခြင်းလည်း ဖြစ်သည်။
နှစ်ယောက်လုံးသည် ကြယ်သုညနှင့် အော်ရာ တိုက်ခိုက်မှုကိုပင် မဆောင်ရွက်နိုင်သော သာမန်လူ တစ်ယောက်က သူတို့ကို တတိယအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲကို ကူသတ် ပေးနိုင်လိမ့်မည်ဟု မထင်ထားကြပေ။
ဝမ်ရှန်းသည် မိစ္ဆာသားရဲများ၏ မီတာ ၅၀ အဝေးသို့ပင် မကပ်ဖူးချေ။ ဝိညာဉ်စွမ်းအင် အကာအရံ မပါပါက အဆိပ်တစ်ထောင် မြွေဟောက်၏ အဆိပ်များသည် ဝမ်ရှန်းကို သေလူ တစ်ယောက်အဖြစ် ပြောင်းလဲ ပစ်နိုင်သည်။
သို့သော် ထိုအချိန်တွင် ဝမ်ရှန်းသည် အလွန် စိတ်အား ထက်သန်နေလေရာ စုန့်ရန်သည် ဝမ်ရှန်း၏ စိတ်အား ထက်သန်မှုကို မတားဆီးနိုင်ဘဲ အဆိပ်တစ်ထောင် မြွေဟောက်ကို ပြသရန် ခေါ်ဆောင် သွားလေသည်။
လွန်ခဲ့သော ၂ လခန့်က စုန့်ရန်နှင့် စုန့်လောင်ယုသည် တစ်ကြိမ် ကြည့်ရှု အကဲခတ်ပြီး ဖြစ်သော်လည်း ထပ်မံ အတည်ပြုလိုစိတ်ဖြင့် ထပ်သွားရန် ဆုံးဖြတ် လိုက်ကြသည်။
စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်းကို ခေါ်ဆောင်သွားစဉ် ဝမ်ရှန်းသည် ရှန်းလင်မြို့ စုန့်မိသားစု၏ နောက်ယောင်ခံခြင်းကို မခံရပေ။
စုန့်ရန်သာ ဝမ်ရှန်းကို လက်ခုပ်ထဲ ထည့်ထားနိုင်ပါက စုန့်မိသားစု အတွက် ကောင်းမွန်သော အရာပင် ဖြစ်လေသည်။
ဤသို့ဖြင့် အရာအားလုံးသည် အဆင်ပြေ ချောမွေ့၍ မြို့တစ်ခုလုံး စိတ်ကြိုက် ဝင်နိုင်ထွက်နိုင်သည်။
အဆိပ်တစ်ထောင် မြွေဟောက် နေထိုင်သော တောအုပ်သို့ ရောက်ရန် အနည်းဆုံး ဆယ်ရက်ခန့် ကြာသည်။ လမ်းတစ်လျှောက်တွင် စုန့်ရန်နှင့် စုန့်လောင်ယုသည် အဆိပ်တစ်ထောင် မြွေဟောက်၏ အလေ့အထများကို အသေအချာ ရှင်းပြခဲ့သည်။ ထို့ပြင် အဆင့်နိမ့် မိစ္ဆာသားရဲ များစွာနှင့်လည်း ရင်ဆိုင်ခဲ့ရလေသည်။
စုန့်လောင်ယုသည် ဝမ်ရှန်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသဖြင့် ကျသွားသည့် သိက္ခာအရှိန်အဝါ အနည်းငယ် ပြန်ရရန် လမ်းတစ်လျှောက်လုံး ထူးခြားစွာ ကြမ်းတမ်း နေခဲ့သည်။ အဆင့်နိမ့် မိစ္ဆာသားရဲများသည် စုန့်လောင်ယု ရှေ့တွင် တစ်ချက်တည်းဖြင့် အပြတ်ချေမှုန်း ခံလိုက်ရသည်သာ ဖြစ်သည်။
ဝမ်ရှန်းမှာ အလွန် နှိမ့်ချနေကာ သူယခင်က မမြင်ဖူးခဲ့သော မိစ္ဆာမျိုးကို မြင်ရပါက ၎င်းမိစ္ဆာအကြောင်း ရှင်းပြပေးပါရန် တောင်းဆို လာတော့သည်။
ထို့ပြင် ဝမ်ရှန်းသည် စုန့်ရန်၏ ရှင်းပြချက်ဖြင့် အဆိပ်တစ်ထောင် မြွေဟောက်၏ အမူအကျင့်များကို များစွာ သိရှိခဲ့သည်။ ထိုအခါမှသာ စုန့်ရန်သည် ခွန်အား ကွာဟချက် ကြီးမားနေလျက်ဖြင့် အဘယ်ကြောင့် စွန့်စားရန် ဆုံးဖြတ်လိုက်ကြောင်း နားလည်လိုက်သည်။
ပထမအချက်မှာ မြွေဟောက်သည် ဥဥထားပြီးစ ဖြစ်သဖြင့် ရှင်သန်နိုင်စွမ်း အားနည်းနေသည်။ မြွေဟောက်၏ ခွန်အားများသည် အနည်းဆုံး ၃၀% ခန့် ကျဆင်းသွားပြီး တတိယအဆင့် အထွတ်အထိပ်၏ စစ်မှန်သော ခွန်အားများကို ထုတ်သုံးနိုင်စွမ်း မရှိပေ။
ဒုတိယအနေဖြင့် မြွေဟောက်သည် အရေခွံ လဲတော့မည်ဖြစ်ကာ မြွေများကို ၎င်းတို့ အရေခွံလဲသည့် အချိန်တွင် တိုက်ခိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ အထူးသဖြင့် အဆိပ်တစ်ထောင် မြွေဟောက်၏ အဆိပ်အိတ်များသည် ထိုအချိန်တွင် အသုံးမပြု နိုင်သဖြင့် သတ်ဖြတ်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။
ကံမကောင်း အကြောင်းမလှစွာဖြင့် တစ်စုံတစ်ရာ မှားယွင်း၍ သတ်ဖြတ်ရန် ကျရှုံးသွားလျှင်ပင် ပြန်ဆုတ်နိုင်သည်။
သို့သော် ဝမ်ရှန်း မမျှော်လင့်ထားသည်မှာ အဆိပ်တစ်ထောင် မြွေဟောက်သည် အရေခွံလဲနေစဉ် ရွေ့လျား နိုင်စွမ်းမရှိ၊ တိုက်ခိုက်နိုင်စွမ်း အားနည်း နေသော်လည်း မယုံကြည်နိုင်ဖွယ် ကာကွယ်ရေး နည်းလမ်းများ ရှိလေသည်။
၎င်းမှာ မြွေဟောက်သည် ပုံရိပ်သဏ္ဌာန် ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။
ထိုအခါ ခန္ဓာကိုယ် အစစ်အမှန်ကို ရှာမတွေ့ဘဲ အရိပ်များသာ ကျန်ခဲ့သည်။ ဓားများ၊ လက်နက်များ မည်မျှဖြင့် ခုတ်ပိုင်းစေကာမူ အဆိပ်တစ်ထောင် မြွေဟောက်၏ အသွေးအသား များကို ထိနိုင်မည် မဟုတ်ဘဲ အရိပ်များကိုသာ ခုတ်ပိုင်း မိနိုင်သည်။
ဤသို့သော အချိန်တွင် အဆိပ်တစ်ထောင် မြွေဟောက်ကို ဝိညာဉ်စွမ်းအင် တစ်ခုတည်းဖြင့်သာ တိုက်ခိုက်နိုင်သည်။
စုန့်ရန်နှင့် စုန့်လောင်ယုသည် ပြဿနာ မရှိသော်လည်း ဝမ်ရှန်းသည် ပထမအဆင့်ကိုပင် မတက်လှမ်း ရသေးပေ။
ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်သော်လည်း ဝိညာဉ်စွမ်းအင်ဖြင့် မတိုက်ခိုက် နိုင်သေးချေ။
တစ်နည်းဆိုရသော် တိုက်ခိုက်နေစဉ် အတောအတွင်း ဝမ်ရှန်း ကူညီနိုင်သည်မှာ များစွာ မရှိပေ။ သို့သော် သူ မစိုးရိမ်ပေ။
သူသည် စိတ်လက် ဖြေဖျောက်ကာ အတွေ့အကြုံ ရလိုသဖြင့် လိုက်လာခဲ့ခြင်းသာ ဖြစ်ပြီး တိုက်ပွဲတွင် ဝင်ပါရန် အရင်ကတည်းက မတွေးထားသူ ဖြစ်သည်။
စုန့်ရန်နှင့် သူသည် အယောင်ဆောင် စေ့စပ်ထားသူများသာ ဖြစ်ရာ အဘယ့်ကြောင့် သူ့အသက်ကို စုန့်ရန်အတွက် စတေးရမည်နည်း။
အဆိပ်တစ်ထောင် မြွေဟောက် အရေခွံလဲနေစဉ် သတ်ဖြတ်ရန် ကျရှုံးသွားပါက စုန့်ရန်နှင့် စုန့်လောင်ယုသည် သေချာပေါက် ကိုယ်လွတ် ရုန်းနိုင်စွမ်းရှိသည်။ အရေခွံ လဲပြီးပါက မြွေဟောက်၏ အရေခွံသည် ကျောက်တုံးထက်ပင် ပို၍ မာကျောသွားပြီး သာမန် ဓားတစ်ချောင်းဖြင့် မထိုးဖောက် နိုင်တော့ချေ။
မှော်လက်နက် တစ်ခုတည်းကသာ မြွေဟောက်၏ အရေခွံကို ဖောက်ထွင်းနိုင်စွမ်း ရှိသော်လည်း စုန့်ရန်နှင့် စုန့်လောင်ယုတွင် မှော်လက်နက်များ မရှိကြချေ။
“စောင့်ကြည့်ကြတာပေါ့”
ဝမ်ရှန်းသည် စကားများစွာ မပြောဘဲ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
စုန့်ရန်နှင့် စုန့်လောင်ယုကို စနိုက်ပါ ရိုင်ဖယ်အကြောင်း ရှင်းပြလျှင်လည်း နားလည်မည် မဟုတ်ပေ။ အထူးပြုလုပ်ထားသော ဒုံးကျည်သည် တစ်သားတည်း ကျနေသော သံမဏိပြား နှစ်ရာ သုံးရာကို ဖောက်ထွင်းနိုင်သည်။ မြွေအရေခွံသည် သံမဏိပြားလောက် မာကျောမည်ဟု သူမထင်ပေ။
တစ်ဖက်တွင် ဝမ်ရှန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး မေးမြန်းလိုက်သည်။
“ဝူရုံမြို့က ဘယ်မှာလဲ”
ဝမ်ရှန်းသည် ဝူရုံမြို့မှ လူသတ်သမား ၇ ယောက်နှင့် တွေ့ကြုံခဲ့သော်လည်း ဝူရုံမြို့၏ တည်နေရာကို သူမသိပေ။
“ပြီးတော့ ဝူရုံမြို့ရဲ့ လူသတ် သတ္တုပြားတွေက ဘယ်လို သုံးတာလဲ”
ဝမ်ရှန်းသည် ၎င်းသတ္တုပြားများမှာ လူသတ်သမား တစ်ယောက်၏ အမှတ်အသားသာ ဖြစ်သည်ဟု ထင်ထားသော်လည်း ပေါင်ချင်ယုတန် ဆိုင်ရှင်သည် ဤသတ္တုပြားများသည် အသုံးဝင်ကြောင်း ပြောပြလာခဲ့သည်။
“ဝူရုံမြို့က ကမ္ဘာပေါ်က ရာဇဝတ်ကောင်တွေ အကုန်စုဝေးနေတဲ့ နေရာပဲ၊ တစ်ယောက်ယောက်က ရာဇဝတ်မှု ကျူးလွန်ပြီး လိုက်ဖမ်းခံရရင် ဝူရုံ့မြို့ကိုပဲ ထွက်ပြေးကြတယ်”
စုန့်ရန်သည် ဤအကြောင်းများကို ဝမ်ရှန်း မသိသည်မှာ သဘာဝကျသဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
“ဝူရုံမြို့ထဲကို ရောက်သွားတာနဲ့ နင်ကျူးလွန်ခဲ့တဲ့ အမှုက ဘယ်လောက်ပဲ ကြီးမားနေပါစေ ဘယ်သူမှ လိုက်ဖမ်းလို့ မရဘူး။ ဝူရုံမြို့သခင်က အရမ်း ခွန်အားကြီးတယ် သူကိုယ်တိုင်ပဲ မြို့ကို တည်ထောင်ခဲ့တာ၊ ဝူရုံမြို့ထဲက လူတွေကို ဧကရာဇ်တောင်မှ ဖမ်းလို့မရဘူး”
“တစ်မြို့လုံးက အလိုရှိ ရာဇဝတ်သားတွေနဲ့ ပြည့်နေတာလား၊ ဧကရာဇ်ရဲ့ အာဏာက ဝူရုံမြို့အတွက် အကျုံးမဝင်ဘူးပေါ့လေ”
ဝမ်ရှန်း အံ့သြသွားသည်။
“ဝူရုံမြို့သခင်က ဘယ်လောက်တောင် အင်အားကြီးလို့လဲ ဧကရာဇ်ကတောင် လွှတ်ထားရတယ် ဆိုတော့” ဝမ်ရှန်း သိချင်စိတ် ပြင်းပြလာသည်။
“စုန့်မိသားစုက အလိုရှိနေတဲ့ ရာဇဝတ်ကောင်တွေ ဝူရုံမြို့မှာ အများကြီးပဲ၊ ဒါပေမဲ့ ဘာမှမလုပ်နိုင်ဘူး”
“ဝူရုံမြို့က တကယ်ရော လုံခြုံလို့လား”
ဝမ်ရှန်းသည် ဤသို့ ထူးဆန်းသော နေရာမျိုး ရှိမည်ကို မယုံဟန်ဖြင့် ထပ်မံ မေးမြန်းလိုက်သည်။
“ဝူရုံမြို့ကို ပထမဆုံး စတင် တည်ဆောက်တုန်းက ဧကရာဇ် အပါအဝင် အဓိက မိသားစု ခေါင်းဆောင်တွေက မြို့ပိုင်ရှင်ကို ကတိပေးပြီး အဆိပ်ပြင်း ကျမ်းကျိန်မှုကို ပြုလုပ်ခဲ့ကြတယ်လို့ ပြောတာပဲ နင်ရော ဘယ်လိုထင်လဲ”
စုန့်ရန်သည် ဝမ်ရှန်းကို စောင်းငဲ့ကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်သည်။
“ဒါဆို ဝူရုံမြို့က လူအချင်းချင်းကရော ရန်မဖြစ်ရဘူးလား” ဝမ်ရှန်း ထပ်မေးသည်။
“အဲ့လိုတော့ မရှိဘူး မြို့ထဲက လူတွေကို အပြင်လူတွေက ဘာမှလုပ်လို့ မရပေမယ့် မြို့ထဲက လူအချင်းချင်းကတော့ ကန့်သတ်ချက် မရှိဘူး”
“လူသတ်သမားတွေနဲ့ သူတို့ရဲ့ လူသတ် သတ္တုပြားတွေကရော”
“ဝူရုံမြို့မှာ ခိုလှုံခွင့်ရဖို့က မလွယ်ဘူး၊ ဝူရုံမြို့ကို ထွက်ပြေးကြတဲ့ လူတွေက သူတို့ အသက်ရှင်ခွင့်ရဖို့ ငွေကို ရအောင် ရှာရတယ်၊ လွတ်မြောက်သွားတဲ့ ရာဇဝတ်ကောင်တွေမှာ အရည်အချင်းကလည်း အများကြီး မရှိကြဘူး၊ သူတို့ အကျွမ်းကျင်ဆုံးက….”
“လူသတ်တာ” ဝမ်ရှန်း စကားကို ထောက်ပေးလိုက်သည်။
“ဒါကြောင့်လည်း ဝူရုံမြို့က ကျွမ်းကျင်သူတွေက လူသတ်သမားတွေ ဖြစ်နေတာပေါ့ ဟုတ်တယ်မလား”
“အမှန်ပဲ၊ လူသတ်သတ္တုပြားက လူသတ်သမားရဲ့ အဆင့်နဲ့ ဇာစ်မြစ်ကို သက်သေပြပေးတယ်”
“ဝူရုံမြို့ရဲ့ အကူအညီနဲ့ လူသတ်သမား ဖြစ်လာပြီ ဆိုပါတော့၊ မြို့ပြင် ထွက်ပြီး လူသတ်တဲ့အခါ သူ့မှာ ရန်သူ ရှိနေရင်တောင် ရန်သူက လွယ်လွယ် မချဉ်းကပ်ရဲတော့ဘူး၊ ဒါကြောင့် ဝူရုံမြို့က မသိသူ မရှိသလောက် နာမည်ကြီး လာပြီး ရာဇဝတ်ကောင်တိုင်းက ဝူရုံမြို့ရဲ့ လူသတ်သမားတွေ ဖြစ်ကုန်ကြတာ”
“ဝူရုံမြို့ထဲမှာ အချင်းချင်း သတ်ဖြတ်တာကို တားမြစ်ထားပေမယ့် ဝူရုံမြို့ ပြင်ပမှာတော့ မြို့သားတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို ဖြေရှင်းလို့ ရတယ်၊ ရုပ်ဖျက်ပြီး မြို့သူမြို့သား အချင်းချင်း သတ်ဖြတ်ခွင့် ရှိတယ်”
“ဝူရုံမြို့က လူသတ်သမားတွေက လူသတ်တာနဲ့ အခြား အလုပ်တွေကနေ အမှတ်တွေ ရတယ်၊ မတူညီတဲ့ တာဝန်တွေကိုတော့ မြို့သခင်တွေက ဆုံးဖြတ်ပေးတယ်၊ အမှတ်များလေလေ အဆင့်မြင့်လေလေဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ လူသတ်သတ္တုပြားကို ရခဲ့ရင် အဲ့ သတ္တုပြားနဲ့ ဝူရုံမြို့ကို ပြန်သွားလို့ ရတယ်၊ အဲ့ သတ္တုပြားက နင့်အပိုင် ဖြစ်သွားပြီး သူ့အမှတ်တွေကလည်း နင့်ဆီကို လွှဲပြောင်း ပေးလိမ့်မယ်၊ အနာဂတ်မှာ နင်ဟာ ဝူရုံမြို့ရဲ့ လူသတ်သမား တစ်ယောက် ဖြစ်လာရင် အဲ့အမှတ်တွေနဲ့ ပေါင်းပြီး ဒုတိယအဆင့် ဒါမှမဟုတ် အဲ့ထက်မြင့်တဲ့ လူသတ်သမား တစ်ယောက် ချက်ချင်း ဖြစ်လာနိုင်တယ်၊ နားလည်လား”
***