အခန်း ၂၁
မိသားစု စစ်ဆေးပွဲ
စုန့်လောင်ယုသည် ဝမ်ရှန်းသာ ဆန္ဒရှိပါက သူ့ကို အသေသတ် ပစ်နိုင်ကြောင်း ကောင်းစွာ သဘောပေါက်သည်။ ခန္ဓာကိုယ်မှ လူသတ်အော်ရာများသည် လူသတ်လိုစိတ် ပေါ်ပေါက် လာမှသာ ထွက်ပေါ်လာခြင်း ဖြစ်ကာ ဝမ်ရှန်း၏ ခန္ဓာကိုယ်မှ လူသတ်အော်ရာများက သူ၏ စိတ်သဘောထားကို ဖော်ပြနေပေသည်။
မူလက စုန့်လောင်ယုသည် ဝမ်ရှန်းကို သင်ခန်းစာ ပေးရန်သာ ရည်ရွယ်ခဲ့ပြီး ဝိညာဉ်စွမ်းအင်များ အသုံးမပြုခဲ့ပေ။
ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည် နှင့်တစ်ပြိုင်နက် သေခြင်းတရားနှင့် ရင်ဆိုင်လိုက်ရသည်။ စုန့်လောင်ယုသည် စုန့်ရန်၏ နောက်လိုက်ကောင်း တစ်ဉီးဖြစ်ကာ သူ၏ ခံစားချက်ကြောင့် စုန့်ရန်၏ အကြံအစည်များ မပျက်စီးစေလိုပေ။
ဝမ်ရှန်းအား တစ်ချက်သာ စူးစိုက်ကြည့်လိုက်ပြီး အေးစက်စက် အမူအရာဖြင့် ငြိမ်သက်စွာ ထိုင်နေလေသည်။
“နင် သိုလှောင်လက်စွပ်ကို ဘယ်က ရလာတာလဲ”
စုန့်ရန် စတင် မေးမြန်းလာသည်။
ဝမ်ရှန်းနှင့် စုန့်လောင်ယု တိုက်ခိုက်နေစဉ် လည်ပင်းထက်မှ ဆွဲကြိုးကို သူမ မြင်တွေ့လိုက်ရသည်။
ဝမ်ရှန်းနှင့် ပထမဆုံး တွေ့ဆုံစဉ်က မည်သည့် လက်စွပ်မှ မရှိပေ။
“မင်းက ဘယ်လိုထင်လို့လဲ”
ဝမ်ရှန်းသည် ငြင်းပယ်ခြင်းလည်းမရှိ၊ ဖြေကြားခြင်းလည်း မပြုပေ။ စုန့်ရန်သာ ဉာဏ်ပြေးပါက ဤလက်စွပ် မည်သို့ ရလာကြောင်း အလွယ်တကူ ခန့်မှန်းနိုင်သည်။
“နှင်းသကြားနဲ့ လဲလိုက်တာလား”
စုန့်ရန်သည် တစ်ကြိမ်တည်းဖြင့် မှန်ကန်အောင် ခန့်မှန်း လိုက်နိုင်သော်လည်း အနည်းငယ် အံ့သြသွားပြီး ” လက်စွပ်က ဘယ်လောက်ထိ ကျယ်လဲ၊ အဲ့ ဓားမြှောင် တစ်ချောင်းပဲ ထည့်လို့ ရတာတော့ မဟုတ်ဘူးမလား”
“သိပ်မကျယ်ပါဘူး”
ဝမ်ရှန်းသည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ ထိုင်ချလိုက်သည်။
“ခြောက်ပေအရှည်နဲ့ နှစ်ပေအကျယ် ဆိုတော့ သေးတယ်လို့ ပြောရမှာပေါ့”
“……”
စုန့်ရန်နှင့် စုန့်လောင်ယုသည် ဝမ်ရှန်း၏ စကားကြောင့် ဆွံ့အသွားသည်။
ဤမျှ နေရာလွတ် ကြီးမားသော သိုလှောင်လက်စွပ်သည် ထိပ်တန်းအဆင့် အကောင်းဆုံး သိုလှောင်လက်စွပ် ဖြစ်လေသည်။ ရွှေဒင်္ဂါး ထောင်ချီတန်သည်။
ဆိုရလျှင် ပေါင်ချင်ယုတန်၏ ယခင် ကမ်းလှမ်းချက်သည် အလွန် မြင့်နေလေရာ စုန့်ရန်သည် ဆားဖြူကို ဝယ်ယူရန် ဝမ်ရှန်းအား မည်သို့ ထပ်မံ ကမ်းလှမ်းရမည်ကို မစဉ်းစားတတ်တော့ပေ။
“စီးပွားရေးအကြောင်း ပြောချင်တယ်ပေါ့”
ဝမ်ရှန်းသည်စုန့်ရန်၏ ရှက်ရွံ့မှုကို မြင်သောအခါ တိုက်ရိုက် မေးမြန်းလိုက်သည်။
“ဘယ်လို ကမ်းလှမ်းချင်လဲ ပြောပါဉီး”
စုန့်ရန် ငြိမ်သက်နေသည်။ စုန့်လောင်ယုသည် တစ်စုံတစ်ရာ ပြောလိုသော်လည်း မပြောနိုင်ဘဲ စိုးရိမ်တကြီး စောင့်ကြည့်နေသည်။ စုန့်မိသားစုသည် ချမ်းသာသည်မှာ မှန်သော်လည်း ပေါင်ချင်ယုတန် ကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးမျိုးနှင့် မယှဉ်နိုင်ချေ။
“ထားပါတော့ မင်းစျေးခေါ်ကြည့်မလား”
စုန့်ရန်၏ ရှက်ရွံ့မှုကြောင့် ဝမ်ရှန်း စကားစ လိုက်သည်။
ဤမျှ ကြီးမားသော စီးပွားရေး လုပ်ငန်းသည် ဝမ်းကွဲ တစ်ယောက်သာ ဖြစ်သော စုန့်ရန် တစ်ယောက်တည်း ဆုံးဖြတ်၍ မရကြောင်း ငတုံးများပင် သိနိုင်သည်။ သို့သော် ဝမ်ရှန်းသည် အဘယ်ကြောင့် စုန့်ရန်အား စျေးခေါ်ခိုင်း ရပါသနည်း။
စုန့်ရန်၏ မျက်လုံးများ ရုတ်တရက် စူးရှလာကာ –
“နင်ဘာပြောချင်တာလဲ”
“ပြောချင်တာက မင်းမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေတာပဲလေ၊ စီးပွားရေး ကိစ္စကိုပဲ တိုက်ရိုက် ပြောကြတာပေါ့ မင်းငါ့ကို ဘယ်လောက် ပေးနိုင်လဲ”
ဝမ်ရှန်း ပြုံး၍ ဆိုလိုက်သည်။
“နင် ဆိုလိုတာက…”
စုန့်ရန်၏ မျက်လုံးများသည် လျှို့ဝှက်ချက် တစ်ခု ဖော်ထုတ်ခံလိုက် ရသည့်နှယ် ပြူးကျယ်လာသည်။
“သိုက်မိသားစုရဲ့ သခင်လေးက စုန့်မိသားစုရဲ့ ဝမ်းကွဲ သခင်မလေး တစ်ယောက်ကို ဘယ်လိုများ မျက်စိ ကျသွားတာလဲ၊ ပြီးတော့ ဒီလောက်ထိ ကြိုက်နေတာတောင် ဘာလို့ မင်းသဘောတူမယ့် အချိန်ကို စောင့်နေတာလဲ၊ မင်းသာ တကယ်ပဲ ဝမ်းကွဲတစ်ယောက်ဆို အခုချိန် မုဆိုးမ ဖြစ်နေလောက်ပြီ ထင်တယ်”
ဝမ်ရှန်းသည် စတွေ့စဉ် ကတည်းက မူမမှန်သော အဖြစ်အပျက်များကို ပြန်ပြောင်း စဉ်းစားရင်း ပြောပြလိုက်သည်။
“ပြီးတော့ ဝမ်းကွဲတစ်ယောက်နဲ့ သူ့ရဲ့ အခိုင်းအစေ တစ်ယောက်က စုန့်မိသားစုရဲ့ တားမြစ်နယ်မြေကို ဘယ်လိုများ သိသွားတာလဲ”
“ဒါ့အပြင် တားမြစ်နယ်မြေမှာ ကြယ်ကိုးပွင့် ယွမ်ဝိညာဉ်လည်း ရှိနေသေးတယ် ဆိုတော့ ဒီလောက်ဆို မင်းက သာမန် ဝမ်းကွဲတစ်ယောက် မဟုတ်ဘူးဆိုတာ ခန့်မှန်းလို့ ရနေပါပြီ”
“ပြီးတော့ ဉီးလေးယုက အခိုင်းအစေ တစ်ယောက်ပဲလေ၊ မိသားစုကြီးတွေရဲ့ စည်းမျဉ်းတွေကို ငါနားမလည်ပေမယ့် စုန့်မိသားစုရဲ့ အကြီးအကဲတွေကို ဉီးလေးယုက တိုက်ရိုက် သတင်းပို့တယ် ဆိုကတည်းက ရိပ်မိပြီးသားပဲ”
ဝမ်ရှန်း၏ စကားများကို နားထောင်ကာ စုန့်ရန်နှင့် စုန့်လောင်ယုသည် တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
မိမိတို့၏ လိမ်ညာမှုမှာ ပိရိသေသပ်လှပြီဟု ထင်ထားသော်လည်း ဝမ်ရှန်းသည် ယခင်တည်းက သိနေပြီးသားပင်။
“နင်က အစောကြီးတည်းက သိနေတာပဲ ”
စုန့်ရန်၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။
“ငါက ထျန်းဟီးက ပင်မ စုန့်မိသားစု သခင်ကြီးရဲ့ သမီးတစ်ယောက်ပဲ။ နင့်ကို လိမ်မိတဲ့အတွက် တောင်းပန်ပါတယ်”
“စုန့်ခေါင်းဆောင်ရဲ့ သမီးဟုတ်လား၊ ဒါပေမဲ့ မင်းက ဘာလို့ သခင်မ တစ်ယောက်နဲ့ မတူရတာလဲ”
“မင်းသာ တကယ်ပဲ စုန့်မိသားစု ခေါင်းဆောင်ရဲ့ သမီးဆို သိုက်ဟွမ်ဆီမှာ ပြန်ပေးဆွဲ ခံရတဲ့ကိစ္စကို စုန့်မိသားစုက ဘာလို့ ဂရုမစိုက်တာလဲ။ ယွမ်ဝိညာဉ် ခိုးခံလိုက်ရတဲ့ ကိစ္စကိုတော့ အရေးစိုက်ပြီး မင်းကိုတော့ အဖက်တောင် မလုပ်ဘူး ဒါက ဘာသဘောလဲ”
ဝမ်ရှန်းသည် မြို့ထဲသို့ မရောက်ဖြစ်သော်လည်း ပေါင်ချင်ယုတန် ဆိုင်ရှင်ထံမှ သတင်းစုံ ကြားထားပြီး ဖြစ်သည်။
“နင်ပြောတာ အမှန်ပဲ၊ ငါ့မှာ အခု စုန့်ခေါင်းဆောင်ရဲ့ သမီးတစ်ယောက် အနေနဲ့ လုံလောက်တဲ့ အာဏာမရှိဘူး၊ ဒါပေမဲ့ မိသားစု စစ်ဆေးပွဲကို အောင်မြင်တာနဲ့ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိလာပြီ။ အဲ့အချိန်ကျမှ စီးပွားရေး လုပ်ငန်း အကြောင်း ဆက်ပြောလည်း နောက်မကျသေးဘူးမလား”
“ကောင်းပြီ”
ဝမ်ရှန်းအတွက် ဆားဖြူ ရောင်းဝယ်ခြင်း ကိစ္စသည် အသေးအဖွဲသာ ဖြစ်လေရာ နှောင့်နှေးခြင်းသည် ပြဿနာ မဟုတ်ပေ။
ထို့နောက် စုန့်ရန်သည် ဝမ်ရှန်းအား မိစ္ဆာသားရဲ တစ်ကောင် ကူသတ်ပေးပါရန် တောင်းဆိုလာသည်။
ဝမ်ရှန်းသည်လည်း အတွေ့အကြုံ ရလိုသဖြင့် ချက်ချင်း လက်ခံလိုက်သည်။ စုန့်ရန်သည် သူမမှာ ထျန်းဟီမှ စုန့်မိသားစု ခေါင်းဆောင်၏ သမီးဖြစ်ကြောင်း ဝန်ခံပြီးနောက် အခြားကိစ္စများကိုပါ ပြောပြလာသည်။
ယခုတစ်ကြိမ် မိစ္ဆာကို သတ်ရခြင်းသည် မိသားစု စစ်ဆေးပွဲကို ဖြေဆိုရခြင်း ဖြစ်သည်။
သူမသည် သူမ၏ ဇာစ်မြစ် အမှန်ကို ဖုံးကွယ်ကာ ရှန်းလင်မြို့မှ စုန့်မိသားစု အခွဲသို့ သွားရောက်ပြီး မိသားစု၏ အကူအညီမပါဘဲ မိစ္ဆာကို သတ်ပစ်ရမည် ဖြစ်သည်။
မိသားစု စစ်ဆေးပွဲတွင် ပါဝင် ယှဉ်ပြိုင်သူသည် ကလန် အကြီးအကဲများ ရွေးချယ်ထားသော မိစ္ဆာကို သတ်နိုင်ပါက စစ်ဆေးပွဲကို အောင်မြင်သည်ဟု ယူဆသည်။
အခြေခံကျင့်ကြံရေး အဆင့်များအရ မိစ္ဆာသတ်ရာတွင် လူ ၂ ယောက်၏ အကူအညီကို ရယူနိုင်သော်လည်း ထိုကူညီသူ ၂ ယောက်၏ ကျင့်ကြံရေး အဆင့်သည် တတိယအဆင့် အလယ်အလတ်ထက် မပိုရချေ။
စုန့်ရန်သည် မူလက ဝမ်ရှန်းကို ကမ်းလှမ်းရန် အစီအစဉ် မရှိသော်လည်း သူ၏ ထူးဆန်း လက်နက်များနှင့် ပြောင်မြောက်သော တိုက်ခိုက် နိုင်စွမ်းကြောင့် အတွေးပြောင်း သွားခြင်းဖြစ်သည်။
“ဘယ်မိစ္ဆာကို သတ်ရမှာလဲ ကြိုတင်ပြင်ဆင် ပြီးပြီလား”
ခြံဝန်းငယ်ထဲတွင် ၂ လခန့် အချိန်ဖြုန်းခဲ့ရသော ဝမ်ရှန်းသည် မိစ္ဆာ သတ်ရမည်ဟု ဆိုသောအခါ အလွန် စိတ်ဝင်စားသွားပြီး အလောတကြီး မေးမြန်းလိုက်သည်။
“သတ်ရမယ့်မိစ္တာက အဆိပ်တစ်ထောင် မြွေဟောက်ပဲ၊ တတိယအဆင့် အထွတ်အထိပ်”
“တတိယအဆင့် အထွတ်အထိပ်လား” ဝမ်ရှန်းသည် ရုတ်တရက် အံ့သြသွားကာ-
“မင်းက လက်ရှိ ဒုတိယအဆင့် အထွတ်အထိပ်မလား”
စုန့်ရန်ခေါင်းညိတ်ပြသည်။သူမ ယခင်က ဝမ်ရှန်းကို ပြောပြဖူးသည်ပင်။
“ဉီးလေးယုက တတိယအဆင့် အလယ်အလတ်နော်”
ဝမ်ရှန်းသည် စုန့်ရန်ကို ငတုံးတစ်ယောက်နှယ် ကြည့်ကာ –
“ကြည့်ရတာ မင်းက မိသားစုထဲမှာ အဖိနှိပ်ခံ ထင်တယ်။ သေမှာ သေချာနေတဲ့ ကိစ္စကို သဘောတူ လာတယ်ပေါ့”
ဝမ်ရှန်းသည် စုန့်လောင်ယုကို အနိုင်ရခဲ့ခြင်းမှာ စုန့်လောင်ယုသည် ဝိညာဉ်စွမ်းအင်များ အသုံးမပြုခဲ့၍သာ ဖြစ်သည်။ အမှန်တကယ် တိုက်ခိုက်လာပါက ရလဒ်သည် ခန့်မှန်းရ ခက်ခဲသွားနိုင်သည်။
ထို့ပြင် စုန့်ရန်တွင် ခွန်အားပြင်း သေနတ်များ၊ ဗုံးများလည်း သေချာပေါက် ရှိမည် မဟုတ်ပေ။ ဤအခြေအနေတွင် တတိယအဆင့် အထွတ်အထိပ် မိစ္ဆာကို သတ်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်လေသည်။
“သေမယ်လို့တော့ သေချာပေါက် ပြောလို့မရပါဘူး”
စုန့်ရန်သည် မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ဆက်ပြောလာသည်။
“အဆိပ်တစ်တောင် မြွေဟောက်က ဒီလ အစလောက်မှာ ဥတွေ ဥထားတာမို့ သူ့ရဲ့ ရှင်သန်နိုင်စွမ်းက သိပ်အားနည်းနေတယ် နောက်လဝက်ကြာရင် အရေခွံ လဲလိမ့်မယ်၊ အဲ့အချိန်က အားအနည်းဆုံး အချိန်ပဲ ငါတို့လုပ်နိုင်မှာပါ”
စုန့်ရန်သည် ယုံကြည်ချက် ရှိစွာ ပြောနေသော်လည်း ဝမ်ရှန်းသည် တစ်စုံတစ်ရာ မှားယွင်း နေသည်ဟု ခံစားနေရသည်။
“ဘယ်မှာလဲ ငါကိုယ်တိုင် ကြည့်ချင်တယ်”
***