အခန်း ၂၀
ကျွန်တော့်နာမည် ဝမ်ရှန်း
စုန့်လောင်ယုသည် ဝမ်ရှန်းကို သင်ခန်းစာပေးရန် ခွန်အား၏ ၃၀% ကိုသာ အသုံးပြုထားခဲ့သည်။ ၃၀% ကပင် ဝမ်ရှန်းအား တစ်ပါးသူကို လေးစားတတ်စေရန် လုံလောက်သော သင်ခန်းစာ ပေးနိုင်ပြီဟု ထင်ထားခဲ့သည်။
သို့သော် သူအတွက် မှားသွားခဲ့သည်ပင်။ ပထမဆုံး လက်သီးချက်ကို ဝမ်ရှန်းသည် ထူးဆန်းစွာ ရှောင်တိမ်း လိုက်ပြီးနောက် အနားသို့ ရုတ်ခြည်း ချဉ်းကပ်လာကာ တရစပ် တိုက်ခိုက် လေတော့သည်။
ဝမ်ရှန်း၏ လက်သီးချက်များမှာ မြန်ဆန်လွန်းလှပြီး အရိပ်များသဖွယ် တဝှီဝှီ မြည်နေသည်။ တစ်စက္ကန့်အတွင်း လက်သီးချက် အနည်းဆုံး ၈ ချက်ခန့် ထိုးနှက် ခံလိုက်ရသည်။
ဝမ်ရှန်းသည် လူ့ခန္ဓာကိုယ်တွင် မည်သည့် အစိတ်အပိုင်းများသည် တစ်ချက်တည်းဖြင့် သေစေနိုင်ကြောင်း၊ မည်သည့် အစိတ်အပိုင်းများသည် အနာကျင်ဆုံး ဖြစ်ကြောင်း ကောင်းစွာ သိထားသည်။
ထို့ကြောင့် ဝမ်ရှန်းသည် ခံနိုင်ရည် အနည်းဆုံးနှင့် အနာကျင်ဆုံး အစိတ်အပိုင်းများ ဖြစ်သော အစာအိမ်၊ အသည်း၊ သရက်ရွက် စသည်တို့ကို ဆက်တိုက် ထိုးနှက်ကာ ဉီးချိုး ထားလိုက်သည်။
သူ၏ ခွန်အားများသည် ယခင်ကထက် အားကောင်း လာသည်မှာ မှန်သော်လည်း စုန့်လောင်ယုသာ တုံ့ပြန်လာပါက ဒုက္ခရောက် သွားနိုင်လေသည်။
တစ်ဖက်တွင်မူ စုန့်လောင်ယုသည် နီးကပ်လွန်းသော အကွာအဝေးကြောင့် မည်သည့် ခွန်အားမှ မထုတ်နိုင်ချေ။ လက်များနှင့် ခြေထောက်များကို လှုပ်ရှားလိုက်သည်နှင့် ဝမ်ရှန်း၏ လက်သီးချက်များက ချက်ချင်း ပြေးဝင်လာသည်။
လက်မောင်းကို တစ်လက်မခန့် မြှောက်လိုက်ပါက ဝမ်းဗိုက်သည် လစ်ဟာ သွားလျက် ရုတ်ခြည်း ထိုးနှက် ခံလိုက်ရသည်။
ပေါင်အတွင်းပိုင်း ကြွက်သားများသည် ပြင်းပြင်းထန်ထန် ထောက်ကန် ထားရသဖြင့် ကြွက်တက်လုနီးနီး ဖြစ်လာသည်။
မူလက ဝမ်ရှန်း၏ လှုပ်ရှားမှုများသည် ကိုးရိုးကားရား နိုင်လှသော်လည်း အချိန်ကြာလာသည် နှင့်အမျှ တိုက်ခိုက်ရေး ခွန်အားများ တိုးတက်လာသည်။
အဆုံးတွင် စုန့်လောင်ယုသည် ဝမ်းဗိုက် တစ်ခုလုံး ပြင်းပြင်းထန်ထန် နာကျင်လာပြီး နောက်ကျောမှာ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံခဲ့ရသည်။
နာကျင်မှု ပြင်းလွန်းသောကြောင့် မေ့မြောလုနီးနီးပင်။ ကံကောင်းစွာဖြင့် စုန့်လောင်ယုသည် တိုက်ခိုက်ရေး စွမ်းအင် ကြွယ်ဝမှုကြောင့် ခေါင်းအနည်းငယ် မူးလာရုံ မှအပ သတိလစ် မသွားပေ။
နှစ်မိနစ်အတွင်း စုန့်လောင်ယုသည် အချက်ပေါင်း ၂၀၀ ခန့် ထိုးနှက် ခံလိုက်ရပြီး လေးကြိမ်တိတိ ကိုင်ပေါက် ခံထားရကာ သွားဖုံးများကြားမှ သွေးများ ယိုစီးကျလာသည်။
ဒုတိယအဆင့် ရန်သူကို လက်သီး တစ်ချက်တည်းဖြင့် ဇာတ်သိမ်း ပေးခဲ့သော စုန့်လောင်ယုသည် ယခုအခါ မျက်လုံးကို အနိုင်နိုင် ဖွင့်နေရသည်။
သူ့ဘဝတွင် ဤမျှ ရှက်ရွံ့ဖွယ် ကောင်းသော အဖြစ်အပျက် မျိုးမရှိခဲ့ပေ။ သူတစ်ပြန် ငါတစ်ပြန် တိုက်ခိုက် ခဲ့ကြသည်သာ ဖြစ်ကာ ယခုကဲ့သို့ မလှုပ်ရှားနိုင်အောင် နီးကပ်၍ တိုက်ခိုက်ခြင်းမျိုး မကြုံခဲ့ဖူးချေ။
အဆိုးဆုံးမှာ မျက်လုံးကို လက်သီးနှင့် ထိုးလျှင် လက်ကို ရုတ်တရက် ဖြန့်ကား၍ မျက်လုံးပေါ်မှ ပွတ်ဆွဲသွားခြင်းပင်။ ထိုအခါ မျက်လုံးသည် ပူလောင်၍ မဖွင့်နိုင်တော့ဘဲ မျက်ခမ်းထောင့်များမှ သွေးစိမ့် လာတတ်သည်။
ထိုမျှမက အနှီ လူရိုင်းကောင်သည် လက်သီးဖြင့် ထိုးခံရ၍ မြေပြင်ပေါ်သို့ လဲကျသွားလျှင်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ ခြေထောက်ကို မြှောက်လျက် မေးရိုးကို ဆောင့်ကန် သွားခြင်းပင်။
ဤသို့သော ကန်ချက်မျိုးသည် ပြင်းထန်လွန်းသဖြင့် သတိလစ်လု နီးနီးရှိသည်။ ထို့ပြင် ဝမ်ရှန်းသည် စစ်ဖိနပ်ကို ဝတ်ဆင်ထားခြင်းဖြစ်ရာ အကန်ခံလိုက်ရသော နေရာတိုင်းသည် ရိုးတွင်းခြင်ဆီထိ နာကျင် သွားစေနိုင်လေသည်။
ခန္ဓာကိုယ်မှ တုံ့ပြန်မှုသည် မူးဝေမှုကြောင့် နှေးကွေးသွားကာ လက်သီးချက်များကို အချိန်မီ ကာကွယ်နိုင်ခြင်း မရှိတော့ပေ။
စုန့်လောင်ယုသည် စိတ်ဓာတ်ကျကာ ရှက်ရွံ့နေစဉ် ဝမ်ရှန်းမှာမူ တိုက်ခိုက်လေလေ သူ၏ စိတ်ထဲမှ တိုက်ပွဲ ဝိညာဉ်သည် ပို၍ စိတ်လှုပ်ရှား လာလေလေပင်။
ယခင်က ဝမ်ရှန်းသည် ထိုက်ချိ တိုက်ကွက်များကိုသာ ပုံဖော်၍ တိုက်ခိုက် ခဲ့သော်လည်း တိုက်ပွဲ စတင်သည် နှင့်တစ်ပြိုင်နက် အခြားသော တိုက်ခိုက်ရေး နည်းလမ်းများကိုပါ အသုံးပြုနိုင်လာသည်။
ဝမ်ရှန်းသည် ယွမ်ဝိညာဉ် နယ်မြေထဲတွင် သူ၏ တိုက်ကွက်များကို အကောင်းဆုံး ဖြစ်အောင် ကူညီပေးနေသော မီးခိုးရောင် အရိပ်၏ တုန်ခါမှုကို သိသိသာသာ ခံစားနေရသည်။
ဤခံစားချက်မှာ ထင်ရှားလှပြီး အလွန်အမင်း စိတ်လှုပ်ရှားနေပုံမျိုး ဖြစ်သည်။ ဝမ်ရှန်းသည် မီးခိုးရောင် အရိပ်ကို တိုက်ပွဲဝိညာဉ်ဟု အမည်ပေးထားခြင်းမှာ ဤမီးခိုးရောင် အရိပ်သည် တိုက်ခိုက် နေစဉ်တွင် အလွန်အမင်း တက်ကြွသော်လည်း အခြားအချိန်များတွင် အသက်မရှိသည့် အလား ငြိမ်သက် နေသောကြောင့်ဖြစ်သည်။
တိုက်ပွဲဝိညာဉ်၏ စိတ်လှုပ်ရှားမှုများ မြင့်တက် လာလေလေ ဝမ်ရှန်းသည် တိုက်ကွက်များမှာ ပို၍ သက်သောင့်သက်သာ ရှိလေလေဖြစ်သည်။
တိုက်ပွဲဝိညာဉ်၏ လှုံ့ဆော်မှု၊ ဤရက်များအတွင်း သူ၏ ခွန်အား၊ အမြန်နှုန်း၊ ခံနိုင်ရည်အားများ တိုးတက်လာခြင်းတို့ ပူးပေါင်း လိုက်ချိန်တွင် လက်သီးချက်များ ကန်ချက်များသည် ပို၍ စည်းချက် ကျကျဖြင့် ပြင်းထန်လာကာ ဝမ်ရှန်း၏ စိတ်ထဲတွင် ပျော်ရွှင်လာသည်။
ဆန့်ကျင်ဘက် အနေဖြင့် စုန့်လောင်ယု၏ ဒေါသများသည် ပေါက်ကွဲလုနီးနီ ဖြစ်လာတော့သည်။
တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်သည် အဆင့် သုည လူငယ်လေး တစ်ယောက်ထံ၌ တိုက်ခိုက် ခံနေရခြင်းမှာ ရှက်ရွံ့ဖွယ် ကောင်းလွန်းသည်။
သူသည် ယခုအချိန်ထိ ဝိညာဉ်စွမ်းအင်များ ထုတ်မသုံးခြင်းမှာ ဝမ်ရှန်းသည် ကျိုးပဲ့ဝိညာဉ်နှင့် သာမန်လူ တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သို့သော် ယခု သည်းခံနိုင်စွမ်း ကုန်ဆုံးလာလေပြီ။
“ဘန်း”
ဝမ်ရှန်း၏ လက်သီးချက်သည် စုန့်လောင်ယု၏ နံရိုးအောက်မှ အသားစိုင်ကို ထိုးနှက် လိုက်သော်လည်း ပြင်းထန်သော ခွန်အားကြောင့် လက်သီးချက်သည် လေထဲသို့ ပြန်ကန် ထွက်သွားသည်။
စုန့်လောင်ယုသည် ဝိညာဉ်စွမ်းအင်များကို အသုံးပြုနေပြီ ဖြစ်ကြောင်း ဝမ်ရှန်း နားလည် လိုက်သည်။
စုန့်လောင်ယု၏ အခြေခံ ကျင့်ကြံရေး အဆင့်ဖြင့် ဆိုပါက ဝိညာဉ်စွမ်းအင်များဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ထားပြီး ဝမ်ရှန်းအား တစ်ဖက်တည်း တိုက်ခိုက်စေလျှင်ပင် ကလိထိုး သလောက်သာ ရှိပေလိမ့်မည်။
သို့သော် ဝမ်ရှန်းသည် တိုက်ခိုက်ရမည်ကို ဘယ်တုန်းကမှ မကြောက်ခဲ့ချေ။
စုန့်လောင်ယုသည် ဝိညာဉ်စွမ်းအင် များကို အသုံးပြုလာပြီဖြစ်ရာ သူကိုယ်တိုင်ကလည်း ဆက်၍ ယဉ်ကျေးနေစရာ မလိုတော့ပေ။ ဝမ်ရှန်း၏ ဘယ်လက်သည် စုန့်လောင်ယု၏ ဘယ်တံတောင်ဆစ်ကို ဆုပ်ကိုင်လိုက်သည်။
ထို့နောက် လက်မောင်းအားကို ခွန်အားကုန် သုံးကာ စုန့်လောင်ယု၏ နောက်ကျောကို သူ့ခန္ဓာကိုယ်နှင့် ဖိကပ် ထားလိုက်သည်။ စုန့်လောင်ယုအတွက် ဤတိုက်ကွက်သည် ပထမဆုံးအကြိမ် မဟုတ်သဖြင့် နောက်ကျောမှ ဝိညာဉ်စွမ်းအင်များကို လှုပ်နိုးကာ ဝမ်ရှန်း၏ ခန္ဓာကိုယ်ကို တွန်းထုတ်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ငြိမ်ကျသွားလေသည်။
အဘယ်ကြောင့်ဆိုသော် လည်မျိုတွင် ဓားမြှောင်ဖြင့် ထောက်ခံထား ရသောကြောင့်ပင်။
“ကောင်လေး ငါတို့က တစ်ယောက်နှင့်တစ်ယောက် ပညာဖလှယ်ကြရုံပဲလေ ဒီလောက်ထိ လိုလို့လား”
ဤတစ်ကြိမ်သည် စုန့်လောင်ယု ဝမ်ရှန်း၏ ခြံဝန်းထဲသို့ ဝင်ရောက်လာသည့် အချိန်တည်းက ပထမဆုံး အကြိမ်အဖြစ် ညှိနှိုင်းပြီး ပြောလာခြင်း ဖြစ်သည်။
ယခင်က မောက်မာခဲ့သော လေသံသည် ယခုအခါ တန်းတူရည်တူ လေသံအဖြစ် ပြောင်းလဲ သွားလေပြီ။
ထိုအခိုက်အတန့်တွင် ဝမ်ရှန်း၏ ကျားသွားဓားသည် စုန့်လောင်ယု၏ လည်ပင်းပေါ်တွင် ထောက်ထားကာ ချွန်မြသော ဓားဉီးသည် အရေပြားကို ထိုးဖောက်နေသဖြင့် သွေးစီးကြောင်း တစ်ခု စီးကျလာသည်။
စုန့်ရန်သည် ဤမြင်ကွင်းကြောင့် ကြက်သေ သေနေသည်။ တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်သည် အဆင့်သုည သာမန်လူ တစ်ယောက်ကို မရှုံးနိမ့်သင့်ပေ။
ယခု အခြေအနေသည် ဝမ်ရှန်းသာ ဆန္ဒရှိပါက စုန့်လောင်ယုကို အချိန်မရွေး သတ်ပစ်နိုင်သည်ပင်။
“အဲ့လောက်ထိ လိုလို့လား ဓားကို ချလိုက်တော့ ”
စုန့်ရန်သည် အခြေအနေကို နားလည်လိုက်ပြီး ရုတ်ခြည်း အော်ဟစ်လိုက်သည်။
“ငါတို့ စကားနဲ့ပဲ ပြောလို့ရပါတယ်”
စုန့်လောင်ယုသာ သေဆုံးသွားပါက စုန့်ရန်သည် ကြေကွဲဖွယ် အကျိုးဆက်များကို မစဉ်းစားဝံချေ။
“ကျုပ်နာမည်က ဝမ်ရှန်း”
ဝမ်ရှန်းသည် စုန့်လောင်ယုကို ဖမ်းချုပ်ထားသည်ကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်သည်။ ထို့နောက် မျက်လုံးများကို စူးစိုက်ကြည့်ကာ ဓားကို အောက်ချ၍ ပြောလိုက်လေသည်။
“ကောင်လေး မဟုတ်ဘူး”
“ကောင်းပါပြီ ဝမ်ရှန်း ငါသိပြီ”
စုန့်လောင်ယုသည် နောက်သို့ ခြေ ၂ လှမ်းခန့် ဆုတ်ကာ မူမမှန်သော လေသံဖြင့် ဆိုလိုက်သည်။
***