အခန်း၁၉
မတိုက်ကြနဲ့တော့
စုန့်ရန်သည် နှစ်လခန့် ပျောက်သွားပြီးမှ ပြန်ပေါ်လာခြင်း ဖြစ်သည်။ သုံးလအတွင်း မိစ္ဆာ တစ်ကောင်သတ်ရန် ဝမ်ရှန်းကို အကူအညီ တောင်းထားသော်လည်း မိစ္ဆာအမျိုးအစားနှင့် အခြားအခြေအနေများကို ပြောပြသွားခြင်း မရှိပေ။
စုန့်ရန်သည် တံခါးကို တွန်းဖွင့်၍ ဝင်လာကတည်းက စကားတစ်ခွန်းမျှ မဆိုချေ။ ဝမ်ရှန်းကလည်း မမေးခဲ့ချေ။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်သည် အချိန်တစ်ခဏသာ ပူးပေါင်း ထားကြသူများ ဖြစ်လေရာ အချိန်ကျလျှင် ဝမ်ရှန်းသည် ဤနေရာမှ သေချာပေါက် ထွက်ခွာသွားမည် ဖြစ်သည်။
ထို့ပြင် ဝမ်ရှန်းထံ ရောက်လာသူမှာ စုန့်ရန် တစ်ယောက်တည်း မဟုတ်ပေ။ ရန်သူ၏ လည်မျိုကို လက်သီးဖြင့် ထိုးခွဲခဲ့သော စုန့်ရန်၏ ဉီးလေးဖြစ်သူ စုန့်လောင်ယုလည်း ပါလာပေသည်။ စုန့်ရန်နှင့် ဉီးလေးယုသည် အိမ်ရှင်များသဖွယ် ပိုင်စိုးပိုင်နင်းဖြင့် ဝင်ချလာကာ ဝမ်ရှန်းကို ခေါင်းတစ်ချက်သာ ညိတ်ပြပြီး မီးဖိုချောင်ထဲသို့ တည့်မတ်စွာ ဝင်ချသွားလေသည်။
တစ်ခဏမျှ ကြာသော် သကြားဖြူနှင့် ဆားဖြူ ထုပ်ကို ကိုင်ကာ ဧည့်ခန်းသို့ ပြန်ရောက်လာသည်။
“ဒါက ဘာလဲ”
စုန့်ရန်သည် ဝမ်ရှန်းနှင့် ပေါင်ချင်ယုတန်၏ စီးပွားရေး လုပ်ငန်းအကြောင်း သိထားပြီး ဖြစ်သော်လည်း မယုံကြည်ခဲ့ပေ။ ယခု ဉီးလေးယု၏ လက်ထဲမှ အထုပ်များကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေသည်။
“ဆားလေ”
ဝမ်ရှန်း ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
သူသည် အညစ်အကြေးများ၊ အမှုန်အမွှားများ ဗရဗျစ် ပါဝင်နေသော ဆားကို မစားနိုင်ချေ။
ဤသည်မှာ တောရိုင်းထဲတွင် ရောက်နေခြင်းလည်း မဟုတ်သဖြင့် ပိုကောင်းသော ဆားကို ဖန်တီးလိုက်ရုံသာ ဖြစ်သည်။ စုန့်ရန်၏ မျက်လုံးအစုံမှာ ပို၍ ပြူးကျယ်လာသည်။
ဒါကဆားတဲ့လား။
သူမသည် ရှန်းလင် စုန့်မိသားစု၏ ဝမ်းကွဲတစ်ယောက်သာ ဖြစ်သော်လည်း စီးပွားရေး အမြင်တချို့ ရှိလေသည်။ ဤသို့ ဖြူဖွေးနူးညံ့သော ဆားမျိုးသည် အထက်တန်း မိသားစုကြီးများတွင် သုံးသော အပြာရောင် ဆားများထက် အပုံကြီး ပို၍ သာလွန် ကောင်းမွန်လှသည်။
နှင်းသကြား တစ်ခုတည်းကပင် ရှန်းလင် တစ်မြို့လုံးကို ကိုင်လှုပ်နိုင်လေရာ ဤဆားဖြူကိုသာ ဖြန့်လိုက်ပါက မည်သို့ ရှိမည်နည်း။
“မင်းက စုန့်မိသားစုရဲ့ သားမက်လောင်းပဲ၊ ဘယ်လိုလုပ်ပြီး နှင်းသကြားကို အပြင်လူကို ပေးလိုက်ရတာလဲ”
ဉီးလေးယုသည် ဒေါသတကြီးဖြင့် တိုက်ရိုက် မေးမြန်းလာတော့သည်။
“အဲ့လိုပြောကြေးဆို စုန့်ရန်ကလည်း ဝမ်မိသားစုရဲ့ ချွေးမလောင်းပဲ၊ စုန့်မိသားစု ပိုင်ဆိုင်တဲ့ ရွှေဒင်္ဂါးတွေ ရတနာတွေကို ဘာလို့ ကျွန်တော့်ဆီ လွှဲပြောင်း မပေးတာလဲ”
ဝမ်ရှန်း ပက်ခနဲ ပြန်ပြောလိုက်သည်။
“မင်း..မင်း”
ဝမ်ရှန်း၏ တုံ့ပြန်စကားကြောင့် စုန့်လောင်ယုသည် ပါးစပ် အဟောင်းသား ဖြစ်ကာ ပြောစရာစကား ကင်းမဲ့သွားရသည်။
စုန့်ရန်သည် စုန့်လောင်ယု နည်းတူ ပါးစပ် အဟောင်းသားဖြင့် ဒေါသထွက် သွားသော်လည်း ဝမ်ရှန်း ပိုင်ဆိုင်ထားသော ဆားဖြူများကို မြင်သောအခါ စိတ်ကို လျင်မြန်စွာ တည်ငြိမ်စေလိုက်သည်။
နှင်းသကြားသည် မိသားစုကြီးများ၏ ပျော်ရွှင်မှုဖြစ်ကာ သာမန် လူတန်းစားများနှင့် မိသားစုငယ်များ မတတ်နိုင်ကြချေ။
သို့သော် ဆားဟူသည် လူတိုင်း မဖြစ်မနေ လိုအပ်သော အရာဖြစ်ကာ နေ့စဉ်နှင့်အမျှ အသုံးပြုရသည်။
ဤဆားဖြူကိုသာ ဖြန့်ဖြူးလိုက်ပါက နှင်းသကြား၏ ဝင်ငွေထက် ဆယ်ဆခန့်ပို၍ များပြား လာနိုင်သည်။
“တောင်းပန်ပါတယ် ဉီးလေးယုက အလောကြီး သွားလို့ပါ”
စုန့်ရန်သည် ဉီးလေးယုအတွက် ချက်ချင်း တောင်းပန်လိုက်သည်။ ဉီးလေးယုသည် စုန့်အိမ်တော်တွင် အကြီးအကဲ တစ်ယောက်နီးပါး အာဏာရှိပြီး ခေါင်းမာသူဖြစ်ရာ တောင်းပန်လိမ့်မည် မဟုတ်ပေ။
“ကိစ္စမရှိပါဘူး”
ဝမ်ရှန်း ၎င်းတို့၏ သဘောထားများကို ဂရုမစိုက်ပါချေ။ စုန့်ရန်နှင့် ပတ်သက်မှု မှာလည်း အကာအရံ သဘောမျိုးသာ ဖြစ်သည် မဟုတ်ပါလော။
“ဒီဆားလုပ်ငန်းကို စုန့်မိသားစုကို လွှဲပြောင်း ပေးနိုင်မလား”
စုန့်ရန်သည် ဝမ်ရှန်း၏ သဘောထားကို ရိပ်မိဟန်ဖြင့် တိုက်ရိုက် မေးမြန်းလိုက်သည်။
“ငါ့အတွက် ဘာအကျိုးအမြတ် ရမှာလဲ”
စုန့်ရန်၏ တိုက်ရိုက်ဆန်သော အမေးစကား အောက်တွင် ဝမ်ရှန်းသည်လည်း တဲ့တိုး မေးမြန်း ပေးလိုက်သည်။
အပြင်လူများသာ ဤအခြေအနေကို မြင်တွေ့ရပါက ဤနှစ်ယောက်သည် စေ့စပ်ထားသူများနှင့် မထင်ဘဲ စီးပွားရေးသမား နှစ်ယောက် စကားပြောနေသည်ဟုသာ မှတ်ယူသွားနိုင်လေသည်။
“မင်း လွှဲပြောင်း မပေးဘူးဆိုရင် ရှန်းလင်မြို့ကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”
စုန့်လောင်ယုသည် ငြိမ်သက်နေရာမှ ရုတ်တရက် ဝင်ရောက် ပြောဆိုလာပြီး တိုက်ရိုက် ခြိမ်းခြောက် လာသည်။
“ဝူရုံမြို့က လူသတ်သမား နည်းနည်းလေး သတ်လိုက်ရုံနဲ့ မင်းကိုယ်မင်း တော်လှပြီထင်မနေနဲ့”
စုန့်လောင်ယုကဲ့သို့ တတိယအဆင့် အလယ်အလတ် ဝိညာဉ်သခင်မျိုး အတွက် ဝူရုံမြို့မှ အဆင့် ၃ လူသတ်သမားသည် အမှိုက်တစ်စသာ ဖြစ်သည်။
“စုန့်မိသားစုက ဝူရုံမြို့က လူသတ်သမား ၇ ယောက်အကြောင်း ဘယ်လို သိသွားတာလဲ”
ဝမ်ရှန်း တိတ်တဆိတ် တွေးတော မိလိုက်သည်။
ရုတ်တရက် မန်ရွယ်ကျောင်းမှ ဆရာမဖြစ်သူကို သတိရသွားကာ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ ဤဆရာမထံမှ သိရှိသွားခြင်းသာ ဖြစ်ရပေမည်။
သို့သော် ဝမ်ရှန်း နားမလည်သည်မှာ စုန့်ရန်ကဲ့သို့ ဆွေမျိုးဝေး တစ်ယောက်၏ အခိုင်းအစေ စုန့်လောင်ယုသည် အဘယ်ကြောင့် ဤသို့ အတွင်းသတင်းများကိုပါ သိရှိနေပါသနည်း။
ဒီကိစ္စက ရှန်းလင်တစ်မြို့လုံး ပြန့်နေတာတော့ မဟုတ်ဘူးမလား။
ဝမ်ရှန်း ခါးသီးစွာ ပြုံးလိုက်ကာ-
“အမှိုက်လို ကောင်လေးတွေကို သတ်ရတာ ဘာမှမခက်ပါဘူး”
ဝမ်ရှန်းသည် လက်နှစ်ဖက်ကို ပိုက်ကာ ကုလားထိုင်ပေါ်သို့ မှီချလိုက်သည်။
“ပြီးတော့ ရှန်းလင်မြို့ကို ကျုပ် ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက်နိုင်တယ်၊ ဘာများ ခက်ခဲနေလို့လဲ”
“ဟမ့် အပြောကြီးလိုက်တာ”
စုန့်လောင်ယုသည် အမှန်တကယ်ပင် ဒေါသထွက် နေလေသည်။
“မင်းရင်ဆိုင်နေရတဲ့ လူက ရှန်းလင် စုန့်မိသားစုရဲ့ သာမန်လူ တစ်ယောက် ဆိုရင်တော့ မင်းစိတ်ကြိုက် ဝင်နိုင်ထွက်နိုင်မှာပါ။ ဒါပေမဲ့ ငါနဲ့ရင်ဆိုင်ရရင်တော့ မဖြစ်နိုင်တော့ဘူး”
စုန့်လောင်ယုသည် တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက် အနေဖြင့် ဝမ်ရှန်းအား မျက်လုံးထဲပင် မထည့်ထားချေ။ ကျိုးပဲ့ဝိညာဉ်နှင့် တစ်ဘဝလုံး အဆင့််မတက်နိုင်သော အမှိုက်လိုလူသည် ကြီးကျယ်စွာ ပြောဆိုနေလေရာ ဝမ်ရှန်းအား သင်ခန်းစာ ကောင်းကောင်းပေးရန် ဆုံးဖြတ်လိုက်သည်။
“သေပေတော့”
“ဗုန်း ”
စုန့်လောင်ယုသည် ထိုင်နေရာမှ ရုတ်ခြည်း ထရပ်ကာ ဝမ်ရှန်း၏ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။
သို့သော် ခန္ဓာကိုယ် အင်အားကိုသာ သုံးထားပြီး ဝိညာဉ်စွမ်းအင် မပါပေ။
သူ့ရည်ရွယ်ချက်မှာ အနှီမောက်မာသော လူငယ်အား သင်ခန်းစာ ပေးရုံသာဖြစ်သည်။ စုန့်လောင်ယုဘက်မှ လှုပ်ရှားလာသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းသည် လေပွေလှိုင်း တစ်ခုအလား ခုန်တက်သွားသည်။
မျက်လုံးထဲမှ ထူးဆန်းသော အလင်းစတစ်ခု ဖြတ်ပြေးသွားကာ လက်ကို ဆန့်ထုတ်၍ စုန့်လောင်ယု၏ လက်ကောက်ဝတ်ကို တွန်းထုတ် လိုက်သည်။
သိုက်ဟွမ်ကို သတ်စဉ်က ဝမ်ရှန်းသည် စုန့်လောင်ယု၏ ကြောက်မက်ဖွယ် တိုက်ကွက်များကို မြင်တွေ့ဖူးပြီးသား ဖြစ်သည်။ စုန့်လောင်ယုနှင့် မဆင်မခြင် တိုက်ခိုက်ပါက အချိန်တိုအတွင်း ရှုံးနိမ့်သွားနိုင်ပြီး ပြိုင်ဘက် တစ်ယောက် ဖြစ်မလာနိုင်ချေ။
ဖြည်းဖြည်းမှန်မှန်နှင့် စစ်မှန်သော ခွန်အားများကို အသုံးချနိုင်ပါက အနှီအဘိုးကြီးနှင့် ရင်ဆိုင်ရန် မခက်ပေ။
ဝမ်ရှန်း၏ ယွမ်ဝိညာဉ် နယ်မြေထဲမှ တိုက်ပွဲ အသိစိတ်မှ ထိုက်ချိ သဘောတရားများကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာနေသည်။ ဝမ်ရှန်းသည် ထိုက်ချိ လက်ဝှေ့ နည်းလမ်း များစွာကို ပြန်လည် ပုံဖော်လိုက်သည်။
စိတ်ထဲတွင် ပုံဖော်လိုက်သည်နှင့် တစ်ပြိုင်နက် သတ်ဖြတ်ဗီဇနှင့် မီးခိုးရောင် အရိပ်သည် ချက်ချင်း လှုပ်ရှား လာလေသည်။ နှစ်လတိတိ လေ့ကျင့်ပြီးနောက် ဝမ်ရှန်းနှင့် မီးခိုးရောင် အရိပ်၏ ချိတ်ဆက်မှုမှာ ပို၍အားကောင်း လာပြီဖြစ်သည်။
စုန့်ရန်သည် စုန့်လောင်ယု၏ လှုပ်ရှားမှုကို တွေ့သော်လည်း တားဆီးခြင်း မပြုပေ။ သူမကိုယ်တိုင်လည်း ဝမ်ရှန်းအား သင်ခန်းစာ ပေးချင်နေသည်။
တစ်ဖက်တွင်မူ မီးခိုးရောင် အရိပ်၏ ပူးပေါင်းမှုဖြင့် ဝမ်ရှန်း၏ လက်သည် စုန့်လောင်ယု၏ လက်ကောက်ဝတ်ကို မိမိရရ တွန်းထုတ် ဖိနှိပ်လိုက်သည်။
ပြင်းထန်သော ဖိနှိပ်မှုအောက်တွင် စုန့်လောင်ယု၏ လက်သီးချက်သည် ဉီးတည်ချက် ပြောင်းသွားကာ ဝမ်ရှန်း၏ နားရွက်နားမှ ဖြတ်ပြေးသွားပြီး လေထုကိုသာ ထိုးစိုက်မိသွားသည်။ စုန့်လောင်ယုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
သူ၏ ခွန်အားပြင်း လက်သီးချက်သည် ပေါ့ပါးစွာပင် တွန်းထုတ် ခံလိုက်ရသည်။
အိပ်မက်အလားပင်။
“သေစမ်း”
တစ်ဖက်တွင်မူ ဝမ်ရှန်းသည် စိတ်ထဲမှ တိတ်တဆိတ် အော်ဟစ် လိုက်မိသည်။ စုန့်လောင်ယု၏ လက်မောင်းကို ဘေးဘက်သို့ တွန်းထုတ် လိုက်ခြင်းသည် ခွန်အား အနည်းငယ်သာ သုံးသည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာ သူသည် ခွန်အားကုန် ထုတ်သုံး လိုက်ရသည်။
ဤသည်မှာ ဟွင်းယွမ် ကျင့်ကြံရေး နည်းလမ်းကို ၂ လခန့် လေ့ကျင့်ထားသည့် ရလဒ်ဖြစ်ကာ ယခင် ဝမ်ရှန်းသာ ဆိုပါက စုန့်လောင်ယု၏ လက်သီးချက်ကြောင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရပြီ ဖြစ်သည်။
ထို့နောက် ဝမ်ရှန်းသည် တစ်ကိုယ်လုံးကို စုန့်လောင်ယု၏ ခန္ဓာကိုယ် အနီးသို့ အလျင်စလို ချဉ်းကပ်သွားသည်။ နီးကပ်လွန်းသော အကွာအဝေးတွင် အဖွင့်အပိတ် နည်းဗျူဟာများကို အသုံးပြုသော စုန့်လောင်ယုသည် သူ၏ ခွန်အားများကို အကုန်အစင် အသုံးချနိုင်မည် မဟုတ်ပေ။
ဝမ်ရှန်းတွင် စိုးရိမ်စိတ် တစိုးတစိမျှ ရှိမနေချေ။ သူသည် များစွာသော လက်ဝှေ့ နည်းလမ်းများနှင့် ထိုင်ချိပုံစံများကို ကမ္ဘာမြေတွင် ရှိစဉ်က တွေ့မြင်ခဲ့ပြီးသားပင်။ ခွန်အား ကွာဟမှုကို လျှော့ချပေးနိုင်သော အနီးကပ် တိုက်ကွက်မျိုးသည် ဝမ်ရှန်းအတွက် အသင့်တော်ဆုံး ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ဝမ်ရှန်းတွင် လုံလောက်သော တိုက်ပွဲ အတွေ့အကြုံများ ရှိပြီး မီးခိုးရောင်အရိပ်၏ အကူအညီနှင့် ပေါင်းစပ်လိုက်ပါက စစ်မှန်သော လက်ဝှေ့ နည်းလမ်း၏ အနှစ်သာရကို နားမလည်သော်လည်း တိုက်ကွက် ၇ ကွက်ခန့်တော့ ထုတ်သုံး နိုင်လေသည်။
ဤ တိုက်ကွက် ၇ ကွက်ခန့်ကပင် စုန့်လောင်ယုကို ရင်ဆိုင်ရန် လုံလောက်ပြီး အံ့သြဖွယ် အဖြစ်အပျက်များ ပေါ်ထွက် လာနိုင်သည်။ စုန့်လောင်ယု၏ အကူအညီဖြင့် ဝမ်ရှန်းကို အထူအပါး နားလည်စေရန် သင်ခန်းစာ ပေးလိုသော စုန့်ရန်သည် မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကြောက်လန့်တကြား ထရပ်လိုက်ကာ အော်ဟစ်လိုက်သည်။
“ရပ်လိုက် ရပ်လိုက်တော့ မတိုက်ကြနဲ့တော့”
***