Switch Mode

Chapter – 18

သိုက်စီရိ

အခန်း ၁၈
သိုက်စီရိ

စုန့်ခေါင်းဆောင်သည် အလွန်အမင်း ဒေါသထွက်နေကာ မည်သို့ ဖော်ပြရမှန်းပင် မသိပေ။ လူသတ်ချင်စိတ်များသာ တဖွားဖွား ပေါ်ထွက်လာသည်။ ရွှေဒင်္ဂါးထောင်ချီ ရရှိမည့် အခွင့်အရေးသည် စုန့်မိသားစုဝင် အချို့၏ အသုံးမကျမှုကြောင့် အခြားလူလက်ထဲ ရောက်သွား ရလေသည်။

ကြီးမားသော ဝင်ငွေအကြောင်း တွေးမိသောအခါ စုန့်ခေါင်းဆောင်၏ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာကာ စုန့်ထျန်းဇီအား အသေသတ်ချင်စိတ်များကို ချိုးနှိမ်ထားရသည်။

“မင်းတို့က အတော် လူသတ်ချင်နေတာမလား”

စုန့်ခေါင်းဆောင်သည် စိတ်ကို တည်ငြိမ်စေကာ ဖြည်းညင်းစွာ ဆိုလိုက်သည်။

” ငါ့ကို ကူညီပြီး လူသတ်ပေးကြ၊ သတ်နိုင်ရင် ခွင့်လွှတ်ပေးမယ် ဘယ်လိုလဲ” 

“ကျေးဇူး အများကြီး တင်ပါတယ် သခင်ကြီး”

စုန့်ထျန်းဇီနှင့် ဖခင်ဖြစ်သူသည် အကင်းပါးကြသူများ ဖြစ်ရာ စုန့်ခေါင်းဆောင်၏ စကားကို ကြားပြီးနောက် ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကြပြီး အလျင်စလို ကျေးဇူးတင် လိုက်ကြသည်။

ထို့နောက် ကြောင်အမ်းနေသော စုန့်ထျန်းဇီသည် ဖခင်နောက်မှ လိုက်ကာ သုံးကြိမ်တိတိ ဉီးညွှတ် အရိုအသေ ပြုလိုက်သည်။

လူသတ်ရခြင်းလောက် လွယ်ကူသော အပြစ်ဒဏ် မရှိတော့ချေ။ ကိုယ်တိုင် မသတ်လိုပါက ဝူရုံမြို့မှ လူသတ်သမား အချို့ ငှားလိုက်ရုံပင်။ ငှားရမ်းခ အနေဖြင့် ရွှေဒင်္ဂါး အချို့ ကုန်ကျမည် ဖြစ်သော်လည်း ကြီးလေးသော အပြစ်ဒဏ်နှင့် ယှဉ်လိုက်ပါက ဘာမှ မပြောပလောက်ပေ။

စုန့်ခေါင်းဆောင်သည် စုန့်မိသားစုများကို အမှားလုပ်လျှင်ပင် ညှာတာ ထောက်ထား ပေးသည်မှာ သိသာလှသည်။ သားအဖ နှစ်ယောက်သည် ခန်းမထဲမှ ပျော်ရွှင်စွာ ထွက်ခွာလာကြပြီး စုန့်ခေါင်းဆောင် ပေးသော သတင်း အချက်အလက်များကို အသုံးချကာ ၎င်းတို့၏ လူသတ်မည့် အစီအစဉ်ကို ဖြည်းညင်းစွာ စီစဉ်နေကြသည်။

စုန့်ထျန်းဇီတို့ ထွက်ခွာ သွားသည်နှင့် စုန့်ခေါင်းဆောင် နောက်သို့ ဝတ်ရုံနက်နှင့် လူတစ်ယောက် ထွက်ပေါ်လာကာ စုန့်ခေါင်းဆောင်ကို ဉီးညွှတ် အရိုအသေ ပြုလိုက်လေသည်။

“အိမ်တော်ထိန်း ထွက်သွားတာနဲ့ သူ့ နေရာကို စုန့်ထျန်းဇီကို ပြောပြလိုက်၊ စုန့်ထျန်းဇီတို့ လာသတ်မယ့် အကြောင်းကိုလည်း အိမ်တော်ထိန်းကို ပြောထားလိုက်၊ အချင်းချင်း သတ်ကြပါစေ”

“ပွဲပြီးတဲ့အခါမှ လက်ကျန်တွေကို ရှင်းလိုက် နှစ်ဖက်လုံး တစ်ယောက်မှ မကျန်စေနဲ့ သေချာလုပ်”

ဝတ်ရုံနက်နှင့် လူသည် ခေါင်းတစ်ချက် ညိတ်ကာ ချက်ချင်း ထွက်သွားသည်။ ထိုလူသည် စုန့်ခေါင်းဆောင်၏ နောက်လိုက် အဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့လေရာ စုန့်ခေါင်းဆောင်သည် ထိုလူအား များစွာ ယုံကြည်ထားသည်။

နှစ်ရက်အတွင်း အိမ်တော်ထိန်းနှင့် စုန့်ထျန်းဇီတို့ သားအဖ သေဆုံးသွားလိမ့်မည်။ တစ်လကြာလျှင် ၎င်းတို့ ပိုင်ဆိုင်သမျှ ပစ္စည်းများသည် ရွှေဒင်္ဂါး များအဖြစ် ပြောင်းလဲကာ စုန့်မိသားစုပိုင် ဖြစ်လာပေလိမ့်မည်။

ဤလူများကို အပြတ်ရှင်းရန် များစွာ စဉ်းစားနေစရာ မလိုချေ။ ပြဿနာမှာ ဝမ်ရှန်းဖြစ်သည်။

ဝမ်ရှန်းသည် ပေါင်ချင်ယုတန်ကို မည်သည့်အရာများ ရောင်းချခဲ့ပါသနည်း ဟူသော မေးခွန်းကို မည်သို့ မေးရအံ့။

စုန့်မိသားစုသည် ရှန်းလင်မြို့ရှိ ထိပ်သီး အင်အားစုထဲမှ တစ်ခုအပါအဝင် ဖြစ်သော်ငြား ပေါင်ချင်ယုတန်မှာလည်း အညတရ မဟုတ်ပေ။

တစ်နိုင်ငံလုံးတွင် ဝူရုံမြို့၌ ဆိုင်ခွဲဖွင့်ရဲသူ နှစ်ဉီးသာရှိပြီး တစ်ဉီးသည် ပေါင်ချင်ယုတန် ဖြစ်လေသည်။ တစ်နိုင်ငံလုံးမှ မြို့တိုင်းတွင် ပေါင်ချင်ယုတန် ဆိုင်ခွဲများ ရှိပြီး ကြီးမားသော ကွန်ရက်ကို ပိုင်ဆိုင်ထားလေရာ ရှန်းလင်မြို့မှ စုန့်မိသားစုသည် ပေါင်ချင်ယုတန်နှင့် မယှဉ်နိုင်ချေ။

ထို့ကြောင့် ဝမ်ရှန်းကို ရက်စက်ကြမ်းကြုတ်စွာ အတင်းအကျပ် ဖိအားပေး၍ မရချေ။ သို့မဟုတ်ပါက ဝမ်ရှန်းသည် ပေါင်ချင်ယုတန်နှင့် အပြီးတိုင် ပူးပေါင်းသွားပါက အကျိုးအမြတ် အနည်းငယ်ပင် ရလိုက်မည် မဟုတ်ပေ။

ပေါင်ချင်ယုတန်သည် အထူးဧည့်သည်တော်အဖြစ် ကျောက်စိမ်းပြားကို လာပေးကတည်းက ဝမ်ရှန်းအား မည်မျှ လိုချင်နေကြောင်း သိနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ဝမ်ရှန်းသည် စုန့်ရန်၏ စေ့စပ်ထားသူ ဖြစ်လေရာ  စုန့်ခေါင်းဆောင်သည် စုန့်ရန်ကို အသုံးချပြီး ဝမ်ရှန်းအား အချိုသတ် သိမ်းသွင်းရန် စီမံထားလေသည်။

ရှန်းလင်မြို့ စုန့်မိသားစုတွင် ဤသို့ ပြဿနာများစွာ ပေါ်ပေါက်နေစဉ် သိုက်မိသားစုတွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားလျက် ရှိသည်။ သို့သော် စုန့်မိသားစုကဲ့သို့ စီးပွားရေး လုပ်ငန်း လက်လွတ် လိုက်ရ၍ မဟုတ်ဘဲ သိုက်ဟွမ် အသတ် ခံလိုက်ရခြင်းကြောင့် ဖြစ်သည်။

သိုက်ဟွမ်သည် မသေဆုံးမီ အနာဂတ်အတွက် ခြေတစ်လှမ်း လှမ်းနိုင်ခဲ့သည်ဟု ဆိုရပေမည်။

စုန့်မိသားစု၏ တားမြစ် နယ်မြေမှ လုယူသွားသော ကြယ်ကိုးပွင့် ယွမ်ဝိညာဉ်ကို သိုက်အိမ်တော်သို့ ပေးပို့ရန် သံအစောင့် ၇ ယောက်နှင့် ဝိညာဉ်ဖမ်းသူအား စေလွှတ်နိုင်ခဲ့ခြင်းပင်။

ဤလူ ၈ ယောက်သည် လမ်းတစ်လျှောက်၌ လိုက်လံ ဖမ်းဆီးသည့် သူများကို သတ်ဖြတ်ကာ စုန့်မိသားစု နယ်မြေထဲမှ ထွက်ပြေး လွတ်မြောက် သွားကြသည်။ စုန့်မိသားစု၏  အကြီးအကဲများ ကြယ်ကိုးပွင့် ယွမ်ဝိညာဉ် အကြောင်း သိရှိသွားချိန်တွင်  ဝိညာဉ်ဖမ်းသူနှင့် သံအစောင့် ၇ ယောက်မှာ သိုက်မိသားစုသို့ ရောက်ရှိ သွားကြလေပြီ။

သို့သော် သံအစောင့် ၄ ယောက်၏ အသက်ကို လမ်းတစ်လျှောက်တွင် စတေးလိုက်ရပြီး  သုံးယောက်မှာ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ကာ ဝိညာဉ်ဖမ်းသူ တစ်ယောက်သာလျှင် အကောင်းပကတိ ကျန်ရစ်ခဲ့သည်။

စုန့်မိသားစုမှ ဝိညာဉ်သခင်များသည် အလျှော့မပေးဘဲ သိုက်မိသားစု ပိုင်နယ်မြေထဲအထိ လိုက်လံ တိုက်ခိုက်ခဲ့ကြသော်လည်း အဆုံးတွင် ဝိညာဉ်ဖမ်းသူသည် ကြယ်ကိုးပွင့် ယွမ်ဝိညာဉ် နှင့်အတူ လွတ်မြောက် သွားခဲ့သည်။

စုန့်မိသားစု၏ ဝိညာဉ်သခင်များသည် တစ်စုံတစ်ရာ မတတ်နိုင်ကြတော့သဖြင့် တပ်ခေါက်၍ ပြန်ဆုတ်ခဲ့ကြရသည်။

စုန့်မိသားစု အကြီးအကဲများနှင့် သိုက်မိသားစု၏ တိတ်တဆိတ် ပူးပေါင်း ထားမှုသည် ကြယ်ကိုးပွင့် ယွမ်ဝိညာဉ် ပေါ်ထွက်လာသည့် ကိစ္စကြောင့် ပြိုကွဲလုနီးနီး ဖြစ်သွားလေသည်။

သိုက်မိသားစုသည် ကြယ်ကိုးပွင့် ယွမ်ဝိညာဉ်ကို  ရရှိခဲ့သော်လည်း ဝိညာဉ်ဖမ်းသူ မှအပ သံအစောင့် ၇ ယောက်နှင့် သိုက်ဟွမ်မှာ သေဆုံးသွားရလေသည်။ သို့သော် သိုက်မိသားစု၏ အကြီးအကဲများမှာ သိုက်ဟွမ် သေဆုံးမှုအတွက် ကျိတ်ပျော်နေကြလေသည်။

အကြီးအကဲများမှာ သိုက်ဟွမ် သေဆုံးမှုကို ဂရုမစိုက်သော်လည်း သိုက်စီရိမှာမူ ယမ်းပုံမီးကျ ပေါက်ကွဲ နေလေသည်။

သိုက်စီရိသည် သိုက်မိသားစု ခေါင်းဆောင်ဖြစ်ကာ  ယွမ်ဝိညာဉ်သည် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

သူသည် ကြယ် ၇ ပွင့် ယွမ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့ပြီး  အသက် ၃၀ ကျော်တွင် စတုတ္ထ အဆင့် အထွတ်အထိပ်ထိ အဆင့်မြှင့် နိုင်ခဲ့လေရာ ဤကမ္ဘာတွင် ရှားပါး ပါရမီရှင် တစ်ဉီးဖြစ်သည်။

သိုက်စီရိနှင့် သိုက်ဟွမ်သည် အသက်အရွယ် သိပ်မကွာလှဘဲ သိုက်စီရိသည် ငယ်စဉ် ကတည်းက သိုက်ဟွမ်အား အချစ်ပိုခဲ့သည်။ သိုက်ဟွမ် အသတ်ခံလိုက်ရကြောင်း ကြားသော အခါတွင် ရူးမတတ် ဖြစ်သွားလေသည်။

“ဟွမ်အာ ဘယ်လို သေသွားတာလဲ”

သိုက်စီရိသည် ရှေ့တည့်တည့်၌ ဒူးထောက်နေသော လက်အောက်ငယ်သား တစ်ယောက်ကို အေးစက်စွာ မေးလိုက်သည်။

“ကျွန်တော့် လက်အောက်က အစောင့်က စုန့်မိသားစုရဲ့ အတွင်းလူ တစ်ယောက်နဲ့ အဆက်အသွယ် ရှိပါတယ်၊ အဲ့လူပြောတာက သခင်လေးဟွမ်ရဲ့ အလောင်းကို သူ့မျက်စိနဲ့ တပ်အပ် မြင်ခဲ့ပါတယ်တဲ့”

လက်အောက် ငယ်သားသည် သိုက်စီရိ ဒေါသထွက်နေကြောင်း ရိပ်စားမိသဖြင့် ခေါင်းပင် မဖော်ဝံ့ချေ။

“သခင်လေးက လျှို့ဝှက်လက်နက်နဲ့ တိုက်ခိုက်ခံရတာပါ၊ ဉီးနှောက်ကို အပစ်ခံလိုက်ရတာလို့ ဆိုပါတယ်၊ လက်နက်က အစွမ်းထက်ပြီး အဖျက်စွမ်းအင် ကြီးမားပါတယ် သခင်ကြီး”

လက်အောက်ငယ်သားသည် လျှောက်တင်ရင်းဖြင့် ထူးဆန်းသော သတ္တုငယ်လေးကို သိုက်စီရိ မြင်သာအောင် ပြလိုက်သည်။ ၎င်းသတ္တုငယ်လေးမှာ အခြားမဟုတ်ဘဲ ဝမ်ရှန်း၏ ပစ္စတို Glock 17 အတွက် အသုံးပြုသော ကျည်ဆန် ဖြစ်သည်။ သိုက်ဟွမ်၏ ဉီးခေါင်းကို ထိုးဖောက် ဝင်ရောက် သွားသောကြောင့် ကျည်ဆန်မှာ အနည်းငယ် ပုံပျက် နေသည်။

သိုက်စီရိသည် ကျည်ဆန်ကို ကိုင်ကာ ငြိမ်သက်နေသည်။ သူသည် မိုးမီးလောင်မတတ် ဒေါသထွက်နေလျှင်ပင် ကမူးရှူးထိုး လုပ်တတ်သူ မဟုတ်ပေ။ တည်တည်ငြိမ်ငြိမ်ဖြင့် ပြဿနာများကို အစဉ်ကိုင်တွယ် ဖြေရှင်းလေ့ရှိသည်။

“ဒီလိုထူးဆန်းတဲ့ လက်နက်မျိုးလည်း ရှိသေးတာပဲလား”

သိုက်စီရိသည် ကျည်ဆန်ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်ကာ တွန်းထုတ်လိုက်သည်။

“ဘန်း”

ပုံပျက်နေသော ကျည်ဖူးသည် ခန်းမ အပြင်ဘက်မှ သစ်သားရုပ်၏ ဉီးခေါင်းကို တိုက်ရိုက် ဖောက်ဝင်သွားသည်။

ကျယ်လောင်သော အသံနှင့်အတူ သစ်သားခေါင်းသည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး အနောက်ဘက်မှ ကျောက်သား နံရံထဲတွင် နစ်ဝင်သွားသည်။

သစ်သားရုပ်တွင် အသုံးပြုထားသော ပစ္စည်းများသည် လူဉီးခေါင်းထက် များစွာ မာကျောလေသည်။ သိုက်စီရိသည် ကျည်ဆန်၏ ထိုးဖောက်အားကို ကြည့်ကာ သိုက်ဟွမ်ကို သတ်သွားသူသည် တတိယအဆင့် နှောင်းပိုင်း ဝိညာဉ်သခင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

“ဒီလိုအဆင့်မျိုးက ငါ့လက်နဲ့ သတ်ဖို့ မတန်ဘူး၊ အစောင့်တွေ ခေါ်သွား၊ ဟွမ်အာကို သတ်တဲ့လူရဲ့ ခေါင်းကို ပြန်ယူလာခဲ့”

သိုက်စီရိသည်  လက်အောက် ငယ်သားများကို အေးစက်စွာ အမိန့်ပေးလိုက်ကာ ချက်ချင်း ထွက်ခွာ သွားလေသည်။ လက်အောက် ငယ်သားများသည် နဖူးထက်မှ ချွေးများကို သပ်ချကာ ခန်းမထဲမှ အလျှိုလျှို ထွက်ခွာ လာကြသည်။

သိုက်စီရိနှင့် ရင်ဆိုင် တွေ့ဆုံရခြင်းသည် ဖိအားကြီးလွန်း လှသဖြင့် ထိုအစား ရန်သူအချို့နှင့် ထိပ်တိုက် ရင်ဆိုင်ရခြင်းကပင် ပို၍ ကောင်းမွန်လေသည်။

ဝမ်ရှန်းသည် ဤအဖြစ်အပျက်များကို မသိပေ။ သူသည် ထူးဆန်းသော ကမ္ဘာသို့ ရောက်ရှိလာပြီး အိပ်မက်ထဲမှ မိန်းကလေးကို သတ်ရမည်ဖြစ်စေ ကယ်တင်ရမည်ဖြစ်စေ လုံလောက်သော ခွန်အားရှိရမည် ဖြစ်သည်။

သေနတ်ဟူသည် ကျည်ဆန်ရှိမှ အသုံးပြု နိုင်သည်ဖြစ်ရာ ခွန်အားကိုသာ အလျင်အမြန် မတိုးမြှင့်နိုင်ပါက ဇာတ်သိမ်းမလှ ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ဝမ်ရှန်းသည် မနားမနေ လေ့ကျင့်နေကာ အပြင်ပင် မထွက်လာချေ။ သူသည် နဂါးဂိတ်ကို လျင်မြန်စွာ တည်ဆောက်ပြီး သူ၏ ယွမ်ဝိညာဉ်ငါးကြင်း နဂါးဂိတ်ကို ခုန်ကျော်မည့် ပုံရိပ်အား အကောင်အထည် ဖော်နေပေသည်။

ဝမ်ရှန်း၏ ထိုက်ချိ ဝဲကတော့လေးသည်  ဝိညာဉ်စွမ်းအင် စုပ်ယူမှု ရပ်တန့်သွားခြင်း မရှိပေ။ ထို့ပြင် ပိုင်ယွမ် ဆေးပြားကဲ့သို့ ပမာဏ အကန့်အသတ် မရှိသဖြင့် အချိန်မရွေး နေရာမရွေး လေ့ကျင့်နိုင်ပြီး ဤကမ္ဘာတွင် ဝိညာဉ်စွမ်းအင်များ မကုန်ခန်း သေးသရွေ့ ဝမ်ရှန်း၏ လေ့ကျင့်ကျင့်ကြံမှုကို မည်သည့် အရာကမှ တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော် ဝမ်ရှန်းသည် တစ်ချိန်လုံး ကျင့်ကြံခြင်း မပြုဘဲ ဝိညာဉ်စွမ်းအင် စုပ်ယူမှုကြောင့် ပြောင်းလဲလာသော ခန္ဓာကိုယ် အခြေအနေကို ထိန်းညှိရန် လေ့ကျင့်ခန်းများစွာ နေ့စဉ်ပြုလုပ်ရသည်။

ခွန်အားများကို မှန်မှန် တိုးတက်စေကာ လိုချင်သည့် ပန်းတိုင်ရောက်ရန် သိပ္ပံနည်းကျ လေ့ကျင့်မှုများကိုလည်း  မှန်ကန်စွာ ပြုလုပ်ခြင်းဖြင့် အခြေခံအုတ်မြစ်ကို ခိုင်မာစေသည်။

ဝမ်ရှန်းသည် သူ၏ ခြံဝန်းငယ်ထဲတွင် လဝက်ခန့် ကြာအောင် ကျင့်ကြံ လေ့ကျင့်ကာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလျက်ရှိစဉ် စုန့်ရန်ကို တစ်ဖန် ပြန်လည် မြင်တွေ့လိုက်ရလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset