Switch Mode

Chapter – 27

ရှီဖုန်း၏ တိုးတက်လာသော အဖွဲ့

Chapter – 27 ရှီဖုန်း၏ တိုးတက်လာသော အဖွဲ့

ရှီဖုန်း၏ စကားကို ကြားပြီးနောက် ဆင့်ခေါ်သူ ဇူဇကာကြွက်က ရုတ်တရက် တုန်လှုပ်သွား၏။ ရှီဖုန်း လုပ်ခိုင်းချင်သည့်အရာကို သူ နားမလည်ပေ။ သူ၏ ဆောင်ရွက်ချက်များက အလွန်ဆိုးရွားနေလျှင် အဖွဲ့မှ နှင်ထုတ်ခံရနိုင်သည်။ ထို့သို့သာ ဖြစ်ခဲ့ပါက သေသည်အထိ သူက နောင်တရနေပေလိမ့်မည်။

ယခုအချိန်တွင် အဖွဲ့ကောင်းတစ်ခု ရှာရန်မှာ အလွန်ကို ခက်ခဲလှသည်။ ကျွမ်းကျင်သူတစ်ယောက် ဦးဆောင်သည့် အဖွဲ့ဆိုလျှင် ပို၍ပင် ခက်ခဲသေး၏။ သူကက သေမတတ် တောင်းပန်လျှင်တောင်မှာ ထိုကဲ့သို့ အဖွဲ့မျိုးသို့ ဝင်ခွင့် မရနိုင်ပေ။

“စိတ်အေးအေးထား… ငါ မင်းကို အန္တရာယ် ရှိတာတွေ မခိုင်းပါဘူး… မင်းက မီးတောက်စိတ်ဝိညာဉ်ကို ဆင့်ခေါ်ပြီးတော့ ငါ ခိုင်းတဲ့အတိုင်း လုပ်ပေးရုံပဲ… “ ရှီဖုန်းက ဇူဇကာကြွက်၏ စိုးရိမ်မှုကို လျော့ကျစေရန် ညင်သာစွာဖြင့် ပြောလိုက်သည်။

ယခုအချိန်တွင် ဆင့်ခေါ်သူများသည် သူတို့စကေးများ၏ မစွမ်းဆောင်နိုင်မှုများကြောင့် သန်မာခြင်း မရှိကြသေးပေ။ ဆင့်ခေါ်သူတစ်ယောက်၏ စွမ်းအားက သူတို့ ဆင့်ခေါ်နိုင်သည့် သတ္တဝါများအပေါ်တွင် မူတည်နေသည်။ သူတို့၏ သာမန်တိုက်ခိုက်မှုများကတော့ စွမ်းအားနိမ့်သည့် မှော်ကျည်ဆန်များသာ ဖြစ်သည်။ သို့သော်လည်း အစွမ်းထက်သည့် ဆင့်ခေါ်သူများကတော့ တစ်ယောက်တည်းဖြင့် ရန်သူအများအပြားကို ရင်ဆိုင်နိုင်သည်။ အထူးသဖြင့် အလွန်အစွမ်းထက်သည့် ဒြပ်စင်သတ္တဝါကြီးများကို ဆင့်ခေါ်နိုင်သည့် ဆင့်ခေါ်သူအစစ်အမှန်များ ဖြစ်သည်။ သူတို့က လက်ရွေးစင်မွန်းစတားများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ကြသည်။

“အဖွဲ့ခေါင်းဆောင်… စိတ်ချပါ… ကျွန်တော် သေချာလုပ်ပါ့မယ်… “ ဇူဇကာကြွက်က လေးလေးစားစား ပြောလိုက်သည်။ သူ၏ပုံစံက ဆရာကို တွေ့သည့် ကျောင်းသားတစ်ယောက်ကဲ့သို့ပင်။

“တခြားသူတွေက အဲ့ဒီကျောက်တုံးနဲ့ ဝေးဝေးနေကြ… ကိုက်၂၀လောက် ဝေးနေရင် အကောင်းဆုံးပဲ… တခြားမွန်းစတားကိုလည်း မဆွဲဆောင်မိစေနဲ့… “ ရှီဖုန်းက နောက်လှည့်ပြီး တခြားသူများကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ… အဖွဲ့ခေါင်းဆောင်… “

အခြားအဖွဲ့ဝင်များက ကျယ်လောင်စွာ ဖြေပေးလိုက်ကြသည်။  ယခု ရှီဖုန်းအပေါ်မြင်သည့် သူတို့၏ အမြင်များက ယခင်ကနှင့် အလွန်ကွာခြားနေလေသည်။

ရှီဖုန်းက လူတိုင်း၏ အပြုအမူကို ကြည့်ပြီး အံ့ဩသွားရသည်။ သူတို့က အဘယ်ကြောင့် သူ့ကို ကျိုးကျိုးနွံနွံ ဖြစ်သွားရသနည်း။

သို့သော်လည်း စောစောက သူပစ်ခဲ့သည့် ကျောက်တုံးကြောင့် သူတို့အားလုံး ပြောင်းလဲသွားသည်ကို မသိခဲ့‌ပေ။

သူတို့က ရှီဖုန်း၏ ကျောက်တုံးပစ်သည့် နည်းစနစ်ကို အလွန်လေးစားနေကြသည်။ ထိုအလွန်တိကျသည့် ပစ်ခတ်မှုများက သာမန်ကစားသမားများ လုပ်နိုင်သည့် အရာ မဟုတ်ပေ။ ပရော်ဖက်ရှင်နယ်ကစားသမားများပင် လုပ်နိုင်ရန် မဖြစ်နိုင်ချေ။

သန်မာသည့် လူကို လေးစားကြခြင်းက ဂိမ်းထဲတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ အဆင့် ၁ မနူးမနပ် ကစားသမားဆိုလျှင် ပြောနေစရာတောင် မလိုပေ။

ယခင်က သူတို့အားလုံးကို ရှီဖုန်းကို ခေါင်းဆောင်တစ်ယောက်ဟု မတွေးခဲ့ကြပေ။ သို့သော်လည်း ယခု ရှီဖုန်းက သူတို့ လေးစားသည့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလေသည်။ ထို့ကြောင့် ရှီဖုန်းအပေါ်တွင် သူတို့က‌ လေးစားနေကြခြင်းလည်း ဖြစ်သည်။

ဘေးတွင် ရပ်နေသည့် ဘလက်ကီကတော့ အဖော်မဲ့နှင်း၏ ပုခုံးကို ပုတ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်လေသည်… “ဘယ်လိုလဲ… အစ်ကိုဖုန်းရဲ့ နောက်ကို လိုက်တာ မဆိုးဘူးမလား… “

အဖော်မဲ့နှင်းက‌ ခေါင်းညိတ်ပြရင်း ရှီဖုန်း၏ နောက်ကို လိုက်ရန် ချခဲ့သည့် သူ့ဆုံးဖြတ်ချက်ကို အလွန်ကျေနပ်နေလေသည်။ ရှီဖုန်းက ဘီတာစမ်းသပ်သူတစ်ယောက် ဖြစ်ရမည်။ လုံလောက်သည့် အတွေ့အကြုံနှင့် လေ့ကျင့်မှု မရှိလျှင် ထိုကဲ့သို့ နည်းစနစ်မျိုးကို လုပ်ရန် မဖြစ်နိုင်ပေ။ ထိုကဲ့သို့ နည်းစနစ်မျိုးကို ဘီတာစမ်းသပ်သူများကသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။

“ဟား… ဟား… ဟား… မင်းရဲ့ အနာဂါတ်အတွက်ရော အစီအစဉ် ချထားပြီးပြီလား… “ ဘလက်ကီက ရုတ်တရက် မေးလိုက်သည်။ သူက  အဖော်မဲ့နှင်း၏ အကြံဉာဏ်များကို ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။ သူနှင့် ရှီဖုန်းက အဖွဲ့အစည်းတစ်ခု  မတည်ထောင်ရသေးသော်လည်း အဖော်မဲ့နှင်းကို သူတို့အဖွဲ့တွင် ခေါ်ထားချင်သည်။ ကိုလာက သူတို့နှင့် ပူးပေါင်းရန် သေချာသော်လည်း အဖော်မဲ့နှင်းကတော့ မသေချာသေးပေ။

“အနာဂါတ်လား… “ ယခင်ကတည်းက အဖော်မဲ့နှင်းသည် အနာဂါတ်အကြောင်းကို လုံးဝ မစဉ်းစားခဲ့ဖူးပေ။ သူက ဂိမ်းကစားခြင်းမှ ပိုက်ဆံရရန်မှလွဲ၍ တခြားအကြောင်းများ မတွေးခဲ့ဖူးပေ။ ထို့ကြောင့် သူက ရိုးသားစွာ ပြောလိုက်သည်… “အဲ့အကြောင်းတွေ တစ်ခါမှ မတွေးဖူးဘူး… “

“မင်းရဲ့ ကစားပုံက တော်တော်လေး ကောင်းတာကို ငါ တွေ့တယ်… ဘာလို့ ငါတို့နဲ့ မပူးပေါင်းတာလဲ… “ ဘလက်ကီက အဖော်မဲ့နှင်းအား သူတို့နှင့် ပူးပေါင်းရန် မေးမြန်းလိုက်သည်။

“တစ်ကယ်လား… “ ဘလက်ကီ၏ မေးခွန်းကို ကြားပြီးနောက် အဖော်မဲ့နှင်းက သူ့အနာဂါတ်အတွက် စတင်ပူပန်လာမိသည်။ သူကိုယ်တိုင်က သွားချင်သည့်နေရာကို မသိပေ။ သူကသာ ကျွမ်းကျင်သူတစ်ယောက်နှင့် အဖွဲ့ ဖွဲ့နိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်သည်။

“တစ်ကယ်ပေါ့… ဒါပေမဲ့ ငါတို့အနေနဲ့ မင်းရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ဖို့ လိုသေးတယ်… ငါတို့က အဖွဲ့ဝင်တွေကို ဒီအတိုင်းတော့ လက်မခံနိုင်ဘူးလေ… “ ဘလက်ကီက ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ ဟန်ဆောင်ပြီး ဝံ့ကြွားစွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်… အစ်ကိုဘလက်… “ အဖော်မဲ့နှင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။ သူက ကျွမ်းကျင်သူတစ်ယောက် သတိထားမိရလောက်အောင် ကံကောင်းလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

အဖော်မဲ့နှင်းက သဘောတူလိုက်သည်ကို မြင်ပြီးနောက် ဘလက်ကီက သက်ပြင်းတစ်ချက် ချလိုက်လေသည်။ နတ်ဘုရားနယ်မြေတွင် သူက ရှီဖုန်းကို အများကြီး မကူညီနိုင်သော်လည်း စီမံခန့်ခွဲမှုဖြင့် ကူညီနိုင်သေး၏။

လက်ရှိတွင် သူတို့က အဖွဲ့ ဖွဲ့ရန် မဆိုထားနှင့် ဂိမ်းဦးထုပ် ဝယ်ရန် ခရက်ဒစ် ၁၆၀၀၀ပင် မရှိသေးပေ။ ထို့အပြင် အဖွဲ့ဝင်ကလည်း သူနှင့်ရှီဖုန်း နှစ်ယောက်သာ ရှိသေး၏။ ဒါက သမိုင်းတွင် အဆိုးရွားဆုံးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဒါကိုသာ တခြားသူများ သိသွားလျှင် သူတို့က ထွက်သွားကြပေလိမ့်မည်။ ယခုတော့ ဘလက်ကီက သူတို့အဖွဲ့အစည်းထဲသို့ တခြားသူများ ဝင်လာစေရန် ကျွမ်းကျင်သူတစ်ယောက်အဖြစ် ဟန်ဆောင်ရုံသာ တတ်နိုင်လေသည်။

ထိုအချိန်တွင် ရှီဖုန်းက ဆင့်ခေါ်သူကို လုပ်ရမည့်အချက်များ ရှင်းပြနေလေသည်။ လုပ်ဆောင်ရမည့်အချက်ထဲတွင် ဆင့်ခေါ်သူ ဇူဇကာကြွက်က ကျန်သည့် ညယုန်၆ကောင်ကို သူ၏မီးတောက်စိတ်ဝိညာဉ်ဖြင့် မျှားခေါ်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘော့စ်နှင့် နီးကပ်နေသည့် ညယုန်က အနီးတွင် မရှိတော့သဖြင့် ကျန်သည့် ညယုန်များကို မျှားခေါ်မည်ဆိုလျှင်တောင်မှ ဘော့စ်က လှုပ်ရှားလာလိမ့်မည် မဟုတ်တော့ချေ။

မီးတောက်စိတ်ဝိညာဉ်က အလွန်အားနည်းသဖြင့် သူ၏ HPက ၁၅မှတ်သာ ရှိ၏။ ထို့ကြောင့် တစ်ချက်တိုက်ခံရသည်နှင့် ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော်လည်း သူ၏ ရွေ့လျားမှုနှုန်းကတော့ အလွန်ကို မြန်လှသည်။ ထို့အပြင် သူ၏ သေးငယ်လှသော အရွယ်အစားနှင့် ပေါင်းလိုက်ပါက သူတို့ကို ထိမှန်အောင် တိုက်ခိုက်ရန် အလွန်ခက်ခဲသွားလေသည်။

“စတော့… ဇူဇကာကြွက်… ကျောက်တုံးကို ပတ်နေတဲ့အချိန်မှာ အကွာအဝေး ၄ကိုက်ကို ထိန်းထားပါ… “  ရှီဖုန်းက ထပ်မံ သတိပေးလိုက်သည်။

ဇူဇကာကြွက်က ခေါင်းညိတ်လိုက်သည်။ သူက ညယုန်၆ကောင်ကို မျှားခေါ်ရန်အတွက် မီးတောက်စိတ်ဝိညာဉ်ကို ဂရုတစိုက် ထိန်းချုပ်လိုက်သည်။ မီးတောက်စိတ်ဝိညာဉ်က ၃၅ကိုက်အတွင်းသို့ ဝင်လာသည့်အချိန်တွင် အနီးဆုံး လက်ရွေးစင် ညယုန်က မီးတောက်စိတ်ဝိညာဉ်ကို တွေ့သွားလေသည်။ ထိုညယုန်က ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး မီးတောက်စိတ်ဝိညာဉ်ထံသို့ ပြေးဝင်သွား၏။  ထို့အတူ တခြားညယုန်များကလည်း မီးတောက်စိတ်ဝိညာဉ်ဆီသို့ ပြေးဝင်လာကြသည်။

ညယုန်များ ပြေးလာသည်ကို မြင်သောအခါ ဇူဇကာကြွက်က မီးတောက်စိတ်ဝိညာဉ်ကို ထိန်းချုပ်ပြီး ပြေးစေလိုက်သည်။ ညယုန်ခြောက်ကောင်က နီးကပ်စွာ လိုက်နိုင်သော်လည်း မီးတောက်စိတ်ဝိညာဉ်ကို မမီနိုင်ခဲ့ကြပေ။ ခဏအတွင်းမှာပင် မီးတောက်စိတ်ဝိညာဉ်က ကြီးမားသည့် ကျောက်တုံးကြီးအောက်သို့ ရောက်သွားပြီး ကျောက်တုံးကို ပတ်၍ ညယုန်ခြောက်ကောင်ကို မျှားခေါ်ထားလေသည်။

တခြားတစ်ဖက်မှာတော့ ကိုလာက နေရာမှ အဝေးသို့ ရောက်နေပြီဖြစ်သည့် ညယုန်ကို ရန်စပြီးသွားလေပြီ။ ကိုလာက ညယုန်ကို ပိတ်ဆို့ထားပြီး သူ၏စကေးအသစ်ဖြစ်သည့် နတ်ဘုရားရိုက်ချက်ကို အသုံးပြုလိုက်သည်။ ကြေးလက်နက်နှစ်ခု၏ အကျိုးသက်ရောက်မှုများကြောင့် နတ်ဘုရားရိုက်ချက်တစ်ချက်က ထိခိုက်မှု -26 ကို ဖြစ်ပေါ်စေသည်။ သာမန်တိုက်ခိုက်မှုတစ်ခုက ထိခိုက်မှု -11 သို့မဟုတ် -12ကိုသာ ဖြစ်စေသဖြင့် နတ်ဘုရားရိုက်ချက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ကွာခြားမှုက အလွန်ကို ကြီးလွန်းလှသည်။ ထို့အပြင် နတ်ဘုရားရိုက်ချက်က မုန်းတီးမှုကို တိုးစေသဖြင့် ရန်လိုမှုကို ထိန်းရန် ပိုမို လွယ်ကူသွားလေသည်။

ညယုန်က အချိန်တိုအတွင်း သတ်ဖြတ်ခံလိုက်ရပြီး ကြေးပြား၅ပြားကို ချပေးလေသည်။

ထိုညယုန်ကို ရှင်းပြီးနောက်တွင် ကျောက်တုံးအနား၌ မျှားခေါ်ခံထားရသည့် ညယုန်ခြောက်ကောင်သာ ကျန်ရှိတော့သည်။

“ညယုန်တွေကို ငါက မျှားခေါ်မယ်… ကိုလာက သတ်ဖို့ပဲ အာရုံစိုက်… “ ရှီဖုန်းက ကျောက်တုံးအသေးတစ်ခု ကောက်ယူပြီး မီးတောက်စိတ်ဝိညာဉ်နောက်သို့ ပြေးလိုက်နေသည့် ညယုန်တစ်ကောင်ကို လှမ်းပစ်လိုက်သည်။

ခေါင်းကို ကျောက်တုံးက ထိသွားသောကြောင့် ညယုန်က ခေါင်းကို ပွတ်ပြီး လှည့်ကြည့်လိုက်ရာ ရှီဖုန်းကို တွေ့လိုက်ရလေသည်။ ညယုန်က ဒေါသထွက်သွားပြီး ရှီဖုန်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ တခြားညယုန်များကတော့ မီးတောက်စိတ်ဝိညာဉ်နောက်သို့ လိုက်နေသဖြင့် သူတို့အဖော်တစ်ယောက် ထွက်သွားသည်ကို သတိမပြုမိလိုက်ကြချေ။

“ဒီအကောင်ကို ထိန်းလိုက်… “ အဖွဲ့နှင့် ကိုက်နှစ်ဆယ်သာ ကွာဝေးတော့သည့်အချိန်တွင် ရှီဖုန်းက အမိန့်ပေးလိုက်သည်။

ကိုလာက ရှေ့သို့ တက်ပြီး ညယုန်၏ ဦးခေါင်းဆီသို့ နတ်ဘုရားရိုက်ချက်ဖြင့် ပစ်လွှတ်လိုက်သည်။

ညယုန်၏ ပစ်မှတ်က ချက်ချင်း ပြောင်းသွားပြီး သူ၏ လက်သည်းများက ကိုလာ၏ ခေါင်းဆီသို့ ခုတ်ချလိုက်သည်။ သို့သော်လည်း ကိုလာက ဘေးဘက်ကို အမြန်ရှောင်တိမ်းပြီး အပြစ်ပေးတိုက်ကွက်ကို အသုံးပြုလိုက်သည်။ ထိုစကေးက ညယုန်၏ မုန်းတီးမှုများကို ပိုမို တိုးပွားလာစေသည်။

“အားလုံးပဲ… တိုက်ပွဲကို သေချာအာရုံစိုက်ပြီး ကြည့်ကြ… “

ရှီဖုန်းက ကိုလာ၏ လုပ်ဆောင်ချက်များကို ချီးကျူးလိုက်သည်။  ကိုလာက ဤမျှအထိ သင်ယူနိုင်စွမ်း ရှိလိမ့်မည်ဟု ထင်မထားမခဲ့ချေ။ သူက တိုက်ပွဲ ဆယ်ခုကျော်ကို တိုက်ခိုက်ပြီးသည်နှင့်  ညယုန်ကို တိုက်ခိုက်ရန် နည်းလမ်းကို တွေ့ရှိသွားလေပြီ။ သူ၏ သင်ယူနိုင်စွမ်းကြောင့် သူက နောက်ဆယ်နှစ်ကြာလျှင် ပထမတန်းစားအဖွဲ့အစည်းတစ်ခု၏ အဓိကခုခံသူတစ်ယောက်ဖြစ်လာခြင်းမှာ အံ့အားသင့်စရာ တစ်ခု မဟုတ်တော့ပေ။

ကိုလာ၏ ရှေ့မှ ညယုန်သည် စက္ကန့်နှစ်ဆယ်အတွင်း၌ သေဆုံးသွား၏။ ထိုညယုန်က ဓားသမားများအတွက် စကေးစာအုပ်(နှစ်ဆခုတ်ချက်)ကိုတောင်မှ ချပေးသွား၏။

ရှီဖုန်းက ထိုစကေးကို ချက်ချင်း သင်ယူလိုက်သည်။

နှစ်ဆခုတ်ချက် (လှုပ်ရှားမှု အမျိုးအစား)

လိုအပ်ချက် = ဓား

အဆင့် ၁

ကျွမ်းကျင်မှု  0/300

ထိခိုက်မှုကို ၂ဆ တိုးပေးနိုင်သည်။ ဓားချက်တစ်ချက်စီတိုင်းက ထိခိုက်မှု 120% + 15 ဖြစ်ပြီး သွေးထွက်မှုကိုလည်း ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေး၏။ ကြာချိန်က ၁၀ စက္ကန့် ဖြစ်သည်။

၅ကြိမ်အထိ အသုံးပြုနိုင်သည်။

ပြန်လည်အသုံးပြုရန် ကြာချိန် = ၈ စက္ကန့်

ဤစကေးစာအုပ်က ရှီဖုန်း၏ တိုက်ခိုက်မှုစွမ်းအားကို များစွာ မြင့်တက်သွားစေသည်။ ဤစကေးကိုသာ ကောင်းကောင်းအသုံးချနိုင်မည်ဆိုလျှင် ပြဿနာဆိုသည်မှာ ရှီဖုန်းထံ၌ ရှိနိုင်မည် မဟုတ်တော့ချေ။ ရှီဖုန်းက ဓားသမားအဖြစ် ၁၀နှစ်ကျော် ကစားခဲ့ပြီးဖြစ်သဖြင့် ဓားသမားနှင့်ဆိုင်သည့် စကေးများကို ရှီဖုန်းက အရိုးထဲထိ စွဲနေအောင် မှတ်မိနေပြီး စကေးများကို အကောင်းမွန်ဆုံး အသုံးနိုင်ပေသည်။

ရှီဖုန်းက ကျန်သည့် ညယုန် ၅ကောင်ကိုလည်း တစ်ကောင်ပြီး တစ်ကောင် မျှားခေါ်လေတော့သည်။ နောက်ဆုံးတွင် ကျန်နေသည့် ညယုန် ၅ကောင်စလုံး သေဆုံးသွား၏။ ထို့အတူ ရှီဖုန်း၏ ခန္ဓာကိုယ်ကိုလည်း ရွှေရောင်များ လွှမ်းခြုံသွားပြီး အဆင့် ၂သို့ ရောက်ရှိသွားလေသည်။

တစ်ချိန်တည်းမှာပင် ညယုန် ၅ကောင်မှ ကာကွယ်သူအတွက် ကြေးအဆင့် သတ္တုချပ်ဝတ်တစ်ခုကို ရရှိလိုက်သည်။ ထိုအိုင်တမ်က ကိုလာ၏ HP ကို 390 ထိ မြင့်တက်သွားစေပြီး ခုခံမှုကိုလည်း ၅၆မှတ်ထိ ရောက်ရှိသွားစေသည်။ ထို့ကြောင့် ညယုန်အကြီးအကဲကို ခုခံနိုင်ရန်အတွက် ကိုလာ၏ စွမ်းဆောင်ရည်ကို မြင့်တက်သွားစေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset