အခန်း ၁၇
စုန့်ခေါင်းဆောင်၏ ဒေါသ
ပေါင်ချင်ယုတန်သည် ဝမ်ရှန်းနှင့် သွားရောက် တွေ့ဆုံခဲ့သည့် အကြောင်းရင်းကို အမှန်အတိုင်း မပြောဘဲ ဝမ်ရှန်းသည် အထူးဧည့်သည်တော် တစ်ဉီးဖြစ်သောကြောင့် ကျောက်စိမ်းပြားကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းလွှင့်ခဲ့သည်။
အထူးဧည့်သည်တော်ကို လေးစားသမှုဖြင့် ထွက်ကုန်အသစ် နှင်းသကြားကို ပို့ဆောင် ပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် မည်သူမျှ မယုံကြချေ။ ပေါင်ချင်ယုတန်ဆိုင်သို့ သုံးခေါက်သာ ရောက်ဖူးသော လူရိုင်းသည် ပေါင်ချင်ယုတန်၏ အထူးဧည့်သည်တော်ပါဟု ဆိုခြင်းသည် သေချာပေါက် တစ်စုံတစ်ခုကို ဖုံးကွယ် ထားခြင်းပင်။
ဝမ်ရှန်း ပေါင်ချင်ယုတန်သို့ နောက်ဆုံး သွားရောက်ခဲ့သည့် အချိန်နှင့် နှင်းသကြား ပေါ်ထွက်လာသည့် အချိန်ကို ထောက်ချင့်ပါကာ ဝမ်ရှန်းသည် ပေါင်ချင်ယုတန်နှင့် စီးပွားရေး လုပ်ခဲ့သည်မှာ သေချာပေသည်။ ဤသတင်းများ ထွက်ပေါ် လာပြီးနောက် လူအများ အာရုံစိုက်စရာ ဖြစ်လာလေသည်။
ရှန်းလင်မြို့မှ စုန့်မိသားစု ခေါင်းဆောင်သည် သတင်းကြားကြားခြင်း အကြောင်းအရာများကို စတင် စုံစမ်းစေတော့သည်။
ရှန်းလင်မြို့လေး၌ သတင်းမှန်သမျှ အချိန်တစ်ခဏ အတွင်း ပျံ့နှံ့ သွားတတ်လေရာ ငါးရက်အတွင်းမှာပင် စုန့်ခေါင်းဆောင်သည် ပေါင်ချင်ယုတန်နှင့် ဝမ်ရှန်း၏ ရောင်းဝယ်မှုမှလွဲ၍ အခြားသော အဖြစ်အပျက်များ အားလုံးကို သိရှိသွားလေသည်။
ဝမ်ရှန်း၏ နေအိမ်ကို အိမ်တော်ထိန်း စီစဉ်ပေးခြင်း၊ မန်ရွယ်ကျောင်းမှ ဝမ်ရှန်းကို နှင်ထုတ်ခဲ့ခြင်း၊ စုန့်ထျန်းဇီ၏ ခြိမ်းခြောက်မှု၊ ထို့အပြင် လူငယ်သုံးယောက်မှ ဝမ်ရှန်းအား တိတ်တဆိတ် လုပ်ကြံသည့် အကြောင်းများကိုပါ သိရှိသွားသည်။
စုန့်မိသားစု၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူသည် ရှန်းလင် တစ်မြို့လုံးကိုပင် ပြောင်းပြန် လှန်ပစ်နိုင်စွမ်း ရှိလေရာ အိမ်တော်ထိန်း၊ စုန့်ထျန်းဇီတို့ သားအဖ၊ မန်ရွယ်ကျောင်းမှ ဆရာမနှင့် ဝမ်ရှန်းအား တိတ်တဆိတ် သင်ခန်းစာ ပေးရန် ကြံစည်ခဲ့သော လူငယ်သုံးယောက်အား ချက်ချင်း ဆင့်ခေါ်လိုက်သည်။
ဤလူများသည် ဝမ်ရှန်းအား မောက်မာရိုင်းပျစွာ ဆက်ဆံခဲ့ကြ၍သာ နှင်းသကြားသည် ပေါင်ချင်ယုတန် လက်ထဲသို့ ရောက်သွားရခြင်း မဟုတ်ပါလော။
“အိမ်တော်ထိန်း၊ မင်းက ဒီမိသားစုမှာ အလုပ်လုပ်လာတာ ဒီလောက်ကြာနေပြီ၊ ဘယ်လိုဖြစ်ပြီး အသိဉာဏ် ကင်းမဲ့ရတာလဲ၊ အဲ့လူရိုင်းက ရန်အာရဲ့ စေ့စပ်သူလို့ ပြောတယ် မဟုတ်ဘူးလား။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မင်းမှာ အထွန့်တက်ခွင့် ရှိသလား၊ ဒါတောင်မှ မင်း အကျိုးအမြတ်ရဖို့ အတွက် စုန့်မိသားစုဝင် တစ်ယောက်ဖြစ်တဲ့ ရန်အာရဲ့ အမိန့်ကိုတောင် အာခံရဲတယ်ပေါ့ ဟုတ်လား”
စုန့်ခေါင်းဆောင်၏ အသံမှာ ရေခဲတမျှ အေးခဲနေသည်။
“ဟမ့် ဝမ်ရှန်း စုန့်အိမ်မှာ နေတဲ့ ၂ လလုံး မင်းဘာတွေ လုပ်ပေးခဲ့လဲ။ တစ်ခေါက်တောင် သွားကြည့်ခဲ့လို့လား၊ ဒါကြောင့်လည်း ဝမ်ရှန်းက ပေါင်ချင်ယုတန်ကို သူ့နည်းလမ်း ရောင်းပစ် လိုက်တာပေါ့၊ မင်းတို့သာ အချိုးပြေရင် အဲဒါက စုန့်မိသားစုအပိုင် ဖြစ်လာမှာကွ”
“ဘယ်လိုပဲ ဝေးကွာတဲ့ ဆွေမျိုးဖြစ်နေပါစေ စုန့်ရန်ကလည်း စုန့်မိသားစုကပဲ၊ စုန့်ရန်ရဲ့ ဝေစုတွေ မင်း အိတ်ထဲ ရောက်သွားတဲ့ ကိစ္စရော ငါမသိဘူး ထင်နေတာလား ”
အိမ်တော်ထိန်းသည် ခေါင်းကိုသာ ငုံ့ထားပြီး စကားမပြောရဲပေ။ သူ၏ လောဘတရားကြောင့် သနားညှာတာ ပေးရန်မှ လွဲ၍ အခြား မတောင်းဆိုရဲတော့ပေ။
“စုန့်မိသားစုမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တာကို ထောက်ထားပြီး မင်းအသက်ကို ချမ်းသာပေးလိုက်မယ်၊ သွားတော့… ငါနဲ့ ထပ်မတွေ့စေနဲ့”
“ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သခင်ကြီး”
အိမ်တော်ထိန်းသည် လွတ်ငြိမ်းခွင့် ရသွားသည့်အလား မျက်လုံးများ အရောင်လက် သွားသည်။ စုန့်ခေါင်းဆောင်ကို အကြိမ်ကြိမ် ဉီးညွှတ်ပြီးနောက် ခန်းမထဲမှ အပြေးတစ်ပိုင်း ထွက်သွားကာ အိမ်သို့ အလျင်အမြန်ပြန်ရန် ပြင်လေသည်။
ဤသို့ မပြေးပါက စုန့်ခေါင်းဆောင်၏ ဒေါသများ ပို၍ ပေါက်ကွဲ လာနိုင်ပေသည်။
အိမ်တော်ထိန်းကို အပြစ်ပေးပြီးနောက် မန်ရွယ်ကျောင်းမှ ဆရာမအလှည့် ရောက်လာသည်။ သူမသည် တစ်ကိုယ်လုံး တုန်ယင်နေကာ နတ်ပူး ခံနေရသည်နှင့် မခြားပေ။
“မင်းကရော၊ ဝမ်ရှန်း ပထမအကြိမ် လာတုန်းက နှင်ထုတ်ခဲ့တယ် မလား၊ ဒုတိယအကြိမ် ရောက်တော့ ဘယ်လိုဖြစ်ပြီး ကျိုးနွံသွားရတာလဲ ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့”
“သခင်ကြီး ဒါက ဒီလိုရှိပါတယ်၊ သူ့ယွမ်ဝိညာဉ်က ကျိုးပဲ့နေတဲ့အပြင် အဆင့်လည်း မတက်နိုင်ပါဘူး၊ ဒါကြောင့် ဒေါသထွက်ပြီး မောင်းထုတ် လိုက်တာပါ၊ ဒုတိယ တစ်ကြိမ်ကတော့ သူက ဝူရုံမြို့ရဲ့ လူသတ်သမား အမှတ်တံဆိပ် သတ္တုပြား ၇ ပြားနဲ့ ခြိမ်းခြောက်လာလို့ပါပဲ ဒါကြောင့်…”
“ဝူရုံမြို့က သတ္တုပြား ၇ ပြား ဟုတ်လား”
စုန့်ခေါင်းဆောင် သာမက အခြားသူများပါ ကြောက်ရွံ့ သွားကြသည်။ ဝူရုံမြို့မှ လူသတ် သတ္တုပြားများ လက်ဝယ် ပိုင်ဆိုင်ထားခြင်းသည် မည်သည့် အဓိပ္ပာယ်ဖြစ်ကြောင်း ရှန်းလင်မြို့မှ လူတိုင်း သိကြသည်။
“ဟုတ်ပါတယ် အဲ့ထဲက တစ်ခုက ငွေရောင်ပါ သခင်ကြီး”
“စောက်သုံးကို မကျဘူး”
စုန့်ခေါင်းဆောင်သည် ဆရာမဖြစ်သူအား တစ်ချက် ဆောင့်ကန်လိုက်သည်။
“သွားတော့ နောက်တစ်ခါ အဲ့အချိုးမျိုး ထပ်ပြောရင် သေဖို့ပြင်ထား”
မန်ရွယ် ကျောင်းမှ ဆရာမသည် တစ်ချက် အကန်ခံလိုက် ရသည်ကိုပင် ထခုန်မတတ် ဝမ်းသာသွားပြီး အလျင်အမြန် ထွက်ခွာသွားတော့သည်။
လူငယ်သုံးယောက်သည် နံဘေးတွင် တုန်လှုပ်စွာ ရပ်နေကြကာ စုန့်ခေါင်းဆောင်၏ ဒေါသများ ပြေပျောက်သွားရန် ဆုတောင်းနေကြသည်။
“မင်းတို့သုံးယောက်၊ လူတစ်ယောက်ကို သင်ခန်းစာ မပေးခင် ကြိုတင်ပြင်ဆင် ထားရမှာပေါ့”
စုန့်ခေါင်းဆောင်သည် ကြောက်မက်ဖွယ် ပြုံးလိုက်ကာ “ဝမ်ရှန်းက ကျိုးပဲ့ဝိညာဉ်နဲ့ သာမန်လူ တစ်ယောက်၊ မင်းတို့သုံးယောက်မှာ အနိမ့်ဆုံးက ကြယ်တစ်လုံး ရှိတယ်။ ဒါတောင်မှ မင်းတို့က ပြန်ခံလာရတယ်တဲ့လား ထွီး… ရှက်ဖို့တောင် ကောင်းသေးတယ်”
“သုံးယောက်လုံး ဟန်တုန်းကို နှစ်ဝက်သွားနေကြ၊ ဟန်တုန်းက မင်းတို့ကို ကောင်းကောင်း လေ့ကျင့်ပေးနိုင်မှာပါ”
စုန့်ခေါင်းဆောင်သည် ခေါင်းငုံ့ထားသည့် လူငယ်သုံးယောက်ကို ကြည့်ကာ ဖြည်းညင်းစွာ ဆိုလိုက်သည်။ ဟန်တုန်းဟူသည် ကလန်၏ ဆိုးသွမ်းသော တပည့်များကို အပြစ်ပေးသည့် နေရာတစ်ခု ဖြစ်ကာ ထိုနေရာရှိ ရေကန်မှ ရေများသည် ခဏလေး စိမ်ရုံဖြင့် အရိုးကွဲမတတ် အေးခဲသည်။ နှစ်ဝက်သာ နေရပါက ရေခဲရုပ်တုပင် ဖြစ်သွားနိုင်သော်လည်း စုန့်ခေါင်းဆောင်၏ အမိန့်ကို မလွန်ဆန်ရဲပါချေ။
စုန့်ထျန်းဇီနှင့် ဖခင်ဖြစ်သူမှာမူ ခန်းမထဲတွင် ဒူးထောက်နေကြပြီး ယခင်လူများ၏ အပြစ်ဒဏ်ကို ကြည့်ကာ ခန္ဓာကိုယ်များ တုန်ရီလာကြသည်။
“မင်းက သူ့ကို သွားပြီး ခြိမ်းခြောက်တယ်ပေါ့”
စုန့်ခေါင်းဆောင်သည် စုန့်ထျန်းဇီရှေ့တွင် ရပ်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“မိုးလင်းလင်းချင်း လူတစ်ယောက်က မင်းလည်ပင်းပေါ်မှာ တစ်ခုခု လာတင်သွားတာ သိလိုက်တော့ ဘယ်လိုခံစားရလဲ”
“ပြီးတော့ ဝမ်ရှန်းကို သတ်ဖို့ ဝူရုံက လူသတ်သမားတွေကိုလည်း ငှားခဲ့သေးတယ်မလား၊ နေပါဉီး မင်းက ဘာလို့ သူ့ကို အဲ့လောက်ထိ မုန်းနေတာလဲ၊ မင်းအဖေကို သတ်လိုက်လို့လား၊ မင်းအဖေကလည်း အကောင်းကြီး ရှိပါသေးတယ်၊ မင်း မိန်းမကို ခိုးသွားတာလည်း မဟုတ်ဘဲနဲ့ မင်းက ဘာဖြစ်နေတာလဲ”
စုန့်ထျန်းဇီသည် စုန့်ရန်ကို သိမ်းပိုက်ချင်၍ ဖြစ်ကြောင်း ပြောပြ၍ မရချေ။ စုန့်ရန်သည် စုန့်မိသားစုဝင်ဖြစ်ကာ မိသားစုဝင် အချင်းချင်း ပတ်သက်ခြင်းကို တားမြစ်ထားသည်။
“မင်းရဲ့သားက ငယ်ရွယ်ပြီး စဉ်းစားနိုင်စွမ်း မရှိဘူး။ မင်းကတော့ အသိဉာဏ် ရှိသင့်တယ်လို့ မထင်ဘူးလား”
စုန့်ခေါင်းဆောင်သည် စုန့်ထျန်းဇီ၏ အဖေဘက်သို့လှည့်ကာ “ထျန်းဇီက အမှားလုပ်ခဲ့တာ မင်းကောင်းကောင်း မသင်ကြားပေးလို့ ဖြစ်မှာပေါ့၊ ဟမ့် မင်းကပါ ဝူရုံမြို့က လူသတ်သမားကို ငှားလိုက်သေးတယ် ဟုတ်လား … ကောင်းတယ် သိပ်ကောင်းတယ်၊ စုန့်မိသားစုက ဒီလောက် ဒုက္ခပေးနေမှတော့ ငါသာ ဝမ်ရှန်း နေရာမှာဆိုလည်း ငါ့ပိုင်ဆိုင်သမျှကို စုန့်မိသားစုကို ပေးမယ့်အစား သူများကို ပေးပစ်မှာပဲ”
“ရန်အာရဲ့ စေ့စပ်ထားသူ တစ်ယောက်အနေနဲ့ ဝမ်ရှန်းက စုန့်မိသားစုဝင် ဖြစ်နေပြီလို့ ပြောလို့ရတယ်။ သူ့လက်ထဲက ဟာတွေအကုန် စုန့်မိသားစု အပိုင်ပဲ၊ စုန့်မိသားစုရမယ့် ရွှေဒင်္ဂါးတွေက မင်းတို့ကြောင့် ပေါင်ချင်ယုတန်ကို ရောက်သွားတာကွ နားလည်လား”
စုန့်ထျန်းဇီနှင့် ဖခင်ဖြစ်သူသည် ရှန်းလင်မြို့၏ သူကြွယ်များ ဖြစ်ကြသော်လည်း တစ်နှစ်အတွင်း ရွှေဒင်္ဂါးသောင်းချီ ဝင်ရန် မတတ်နိုင်ပါချေ။ စုန့်ခေါင်းဆောင်၏ အေးစက်စက် စကားသံအောက်တွင် နှစ်ယောက်လုံး ချွေးဒီးဒီး ကျလျက်ရှိသည်။
***