အခန်း ၁၆
နှင်း သကြား
ဤကမ္ဘာတွင် အပ်စိုက်မှတ် တစ်ခုသာ ဖွံ့ဖြိုးနိုင်သည်ဟု သိရှိရပြီးပါက စုန့်ရန် အပါအဝင် လူတိုင်းသည် ကျင့်ကြံခြင်းကို သေချာပေါက် အရှုံးပေး လိုက်ကြမည်သာ ဖြစ်သည်။ အမှတ်တစ်ခုတည်းဖြင့် ဘာများ တတ်နိုင်ပါမည်နည်း။
ဝိညာဉ်စွမ်းအင် စုပ်ယူခြင်းကိုပင် မဆိုထားနှင့် အနာဂတ်တွင် ရန်သူနှင့် တိုက်ခိုက်စဉ် ဝိညာဉ်စွမ်းအင်ကို အသုံးချလိုပါက အပ်စိုက်မှတ် တစ်ခုသည် အိပ်မက်ဆိုးသဖွယ် ဖြစ်လာတော့မည်။
သို့သော် ဝမ်ရှန်း အရှုံးမပေးခဲ့ပေ။
သူ့အိပ်မက်ထဲမှ မိန်းကလေးသည်လည်း အရှုံးမပေးခဲ့ချေ။
ထို့ပြင် ဝမ်ရှန်း အတိအကျ မှတ်မိနေသည်မှာ ထိုမိန်းကလေး၏ ယွမ်ဝိညာဉ်သည် စာငှက်အဖြစ်မှ ဇာမနီအဖြစ် ပြောင်းလဲ သွားခြင်းပင်။
မန်ရွယ်ကျောင်းမှ ဆရာမဖြစ်သူ၏ ပြောကြားချက်အရ သာမန်ကြယ်တစ်လုံး ယွမ်ဝိညာဉ်များသည် ဉာဏ်အလင်း ပွင့်ခြင်း အခြေအနေ၌ အပ်စိုက်မှတ် ၇ ခု ၈ ခုခန့် ဖွံ့ဖြိုးကြသော်လည်း ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းသည် ပိုင်ယွမ်ဆေးပြား သောက်သုံးခြင်းလောက် မမြန်ဆန်ပေ။
ထိုအချိန်တွင် အပ်စိုက်မှတ်များသည် ဖွံ့ဖြိုးဆဲဖြစ်ကာ ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းမှာလည်း လိပ်တစ်ကောင်ထက်ပင် နှေးကွေးတတ်သည်။
ထို့ကြောင့်လည်း လူအများစုသည် ဉာဏ်အလင်း ပွင့်သည့် အချိန်၌ အရေပြား၊ ကြွက်သား၊ အတွင်းအင်္ဂါများနှင့် အရိုးများကို အာဟာရပြုရန် ဝိညာဉ်စွမ်းအင် စုပ်ယူသောအခါ အများဆုံး တစ်နှစ်ခန့် အချိန်ယူရခြင်း ဖြစ်သည်။
သို့သော် အပ်စိုက်မှတ် တစ်ခုသာ ဖွံ့ဖြိုးသည့် ဝမ်ရှန်းသည် ထိုက်ချိ ဝဲကတော့ကို အသုံးချကာ ဝိညာဉ်စွမ်းအင်များ စုပ်ယူခဲ့သည်။
ဤနှုန်းသည် ပိုင်ယွမ် ဆေးပြားထက်ပင် ပို၍ကောင်းမွန်ပြီး အတွင်းအင်္ဂါများကို အားဖြည့်ရန် ဆယ်ရက်သာ ကြာသည်။
ရှန်းလင်မြို့၏ စုန့်မိသားစုသည် ဤအတောအတွင်း ဝမ်ရှန်းကို မေ့ထားပုံ ရလေသည်။ ဝမ်ရှန်းသည် တစ်ချိန်လုံး အိမ်တွင်းအောင်းနေကာ မည်သူမျှ အမြင်မခံသဖြင့် အာရုံစိုက်မှု လျော့နည်းသွားခြင်းလည်း ဖြစ်သည်။
ဝမ်ရှန်းသည် တည်ငြိမ် အေးချမ်းစွာပင် ကျင့်ကြံနိုင်ခဲ့ပြီး တစ်လအတွင်း သူ၏ ယွမ်ဝိညာဉ် နယ်မြေမှာ သိသာစွာ ပြောင်းလဲလာသည်။ ဝိညာဉ်စွမ်းအင် စုပ်ယူမှု အားကောင်း လာသည် နှင့်အမျှ ယွမ်ဝိညာဉ် ငါးကြင်းသည် အနီရောင်အဖြစ် ပြောင်းလဲလာကာ ယွမ်ဝိညာဉ် နယ်မြေ တစ်ခုလုံး သက်ရှိ မြစ်ဝါတစ်စင်း ဖြစ်လာသည်။
တစ်ခုတည်းသော ချို့ယွင်းချက်မှာ ယွမ်ဝိညာဉ် နယ်မြေသည် အလုံးစုံ တည်ငြိမ်နေခြင်းပင်။
ဝိညာဉ်စွမ်းအင်များသည် အတွင်းအင်္ဂါများကို အားဖြည့်ပေးကာ ကြွက်သားများ သန်မာလာသော်လည်း ဝမ်ရှန်းသည် သူ၏ အရိုးများ အားနည်း လာသည်ဟု ခံစားနေရသည်။
တစ်ခါတစ်ရံ၌ ကြွက်သား ခွန်အားသည် လုံလောက်သော်လည်း အရိုးများသည် လုံလောက်သော ခွန်အားကို မထုတ်ပေးနိုင်ချေ။
ကံကောင်းစွာပင် ဝမ်ရှန်းသည် လေ့ကျင့်ရေး နည်းလမ်းများကို လေ့ကျင့်ခဲ့သည့်အပြင် မီးခိုးရောင် အရိပ်သည် ပြောင်းလဲမှုများကို လိုက်လျောညီထွေ ဖြစ်စေရန် ဝမ်ရှန်းအား များစွာ ကူညီပေးလေသည်။
ဝိညာဉ်စွမ်းအင်များ အရိုးထဲသို့ စတင် စီးဝင်လာချိန်တွင် ဝိညာဉ်နယ်မြေ တစ်ခုလုံး ခေတ္တ ရပ်သွားသည်။
ထို့နောက် ခလုတ်တစ်ခု နှိပ်ချလိုက်သည့် အလား ငြိမ်သက်နေရာမှ ဖြည်းညင်းစွာ စတင် အသက်ဝင် လာတော့သည်။
မြစ်ဝါသည် ရုတ်တရက် တုန်ခါသွားပြီး မြစ်ရေများ ဒလဟော စီးဆင်းလာသည်။
ဝမ်ရှန်း၏ စိတ်ထဲတွင် တဝုန်းဝုန်း မြစ်ရေစီးသံများပင် ထွက်ပေါ်လာသည်။ အနီရောင် ငါးကြင်းသည် မူလက ငြိမ်သက်နေရာမှ ယခု အမြီးကို ခါယမ်းကာ မြစ်ဝါထဲတွင် တဖြည်းဖြည်း မြန်ဆန်စွာ ကူးခတ် သွားလေသည်။
အစပိုင်းတွင် ငါးကြင်းနီ၏ ကူးခတ်မှုသည် ကိုးရိုးကားရား နိုင်လှသော်လည်း တစ်ခဏမျှ ကြာသော် သဘာဝအတိုင်း ဖြစ်လာပြီး အရာအားလုံး သက်ရှိသဖွယ် ဖြစ်လာသည်။
ထိုစဉ် ငါးကြင်းနီ၏ ခန္ဓာကိုယ်မှ ဖြည်းညင်းစွာ လည်ပတ်နေသော ထိုက်ချိ ဝဲကတော့ အမှတ်သည် ငါးကြင်းနီ၏ ခန္ဓာကိုယ်ပေါ်တွင် လည်ပတ်နေရာမှ ဝမ်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ မသိစိတ်၏ ထိန်းချုပ်မှု အောက်တွင် နှေးကွေးစွာ ရွေ့လျားနေပြီး တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ထိုက်ချိ အပ်စိုက်မှတ်ကို နေရာချပြီးနောက် ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအင် စုပ်ယူမှုမှာ အနည်းငယ် ပို၍ မြန်ဆန်လာကြောင်း ခံစားလိုက်ရသည်။ ငါးကြင်းနီသည် တစ်ခဏသာ ကူးခတ်ပြီးနောက် အကြေးခွံ၌ ရွှေရောင် အရိပ်များ ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် မြစ်ဝါ၏ အထက်ပိုင်း၌ မြစ်ဝါကို ဖြတ်၍ ဆောက်ထားသော ဧရာမ တံခါးကြီး တစ်ခုရှိကာ တံခါးဘောင်ထိပ်တွင် နဂါးဂိတ် ဟူသော တရုတ်စာလုံး နှစ်ခုကို ထင်ရှားပြတ်သားစွာ ထွင်းထုထားသည်။
ဤအရာများသည် ယုံကြည်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများပင်။ ဤကမ္ဘာမှ လူတိုင်းသည် ငါးကြင်းနီ တစ်ကောင်၏ အဆင့်မြှင့်ခြင်းနှင့် ပြောင်းလဲမှုများသည် မဖြစ်နိုင်ဟု ယူဆထားကြသော်လည်း ဝမ်ရှန်း၏ စိတ်ထဲတွင် မြောက်မြားစွာသော မှော်ဒဏ္ဍာရီများ ရှိလေသည်။
ငါးကြင်းတစ်ကောင်သည် နဂါးတံခါးကို ကျော်ဖြတ်နိုင်သည် ဟူသော စကားသည် ယခု စကားလုံး သက်သက် မဟုတ်တော့ပေ။
ဤအကြောင်းအရာများသည် ယုံကြည်ချက်၏ အကျိုးရလဒ်များသာ ဖြစ်လေသည်။
ယောက်ျား တစ်ယောက်သည် အချိန်တိုင်း မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားနေသင့်သည် ဟူသော ဆောင်ပုဒ်ကြောင့်ပင် သူသည် အေစီအီးစနိုက်ပါ သမားတစ်ယောက် ဖြစ်ခဲ့သည်။
ခေတ်သစ် ကမ္ဘာမြေပေါ်မှ ဝမ်ရှန်းက လုပ်နိုင်ခဲ့လျှင် လက်ရှိ ဤကမ္ဘာပေါ်မှ ဝမ်ရှန်းသည်လည်း မလုပ်နိုင်စရာ အကြောင်းမရှိချေ။
ထိုအခိုက်အတန့်မှာပင် ပေါင်ချင်ယုတန်၏ အဓိက ဆိုင်ကြီး၌ နှင်းသကြား ဟူသော ထွက်ကုန် အသစ်တစ်ခု ပေါ်ထွက်လာကာ လူကြိုက် အများဆုံးပစ္စည်း ဖြစ်လာလေသည်။
ပေါင်ချင်ယုတန်၏ ပိုင်ရှင် အမျိုးသမီးသည် ဆိုင်ခွဲတစ်ခုကို သွားရောက်ပြီးနောက် မကြာမီ နှင်းသကြားကို စတင် ဖြန့်ဖြူးခဲ့သည်။
လူအများ၏ ဝေဖန်အကဲဖြတ်မှု အောက်တွင် ၎င်း၏ သန့်စင်သော အရောင်၊ ချိုမြိန်သော အရသာသည် လူတိုင်းကို စိတ်ကျေနပ်စေခဲ့ပြီး ယခင် သကြားများနှင့် ယှဉ်ပါက မိုးနှင့်မြေလို ကွာခြားနေတော့သည်။
ဤသို့သော နှင်းသကြားမျိုးသည် နန်းတော်၊ အရာရှိ အရာခံများနှင့် ဂုဏ်သရေရှိ အမျိုးသမီးများ၏ အချိုပွဲများတွင်သာ ထားရှိထိုက်ကြောင်း ချီးမွမ်းကြသည်။
နောက်ရက်တွင် ပေါင်ချင်ယုတန်မှ ကြေညာခဲ့သည်မှာ နှင်းသကြားများ အားလုံး ကုန်သွားပြီ ဟူသည့် အံ့ဖွယ် အရောင်းနှုန်းပင် ဖြစ်သည်။
နှင်းသကြား၏ စျေးနှုန်းသည် သာမန် သကြားများထက် ဆယ်ဆခန့် မြင့်သော်လည်း ချမ်းသာကြွယ်ဝသော မိသားစုကြီးများ အတွက်မူ မျက်တောင် တစ်ချက် မခတ်ဘဲ စိတ်ကြိုက် ဝယ်ယူနိုင်စွမ်း ရှိလေရာ တစ်ရက်တည်းဖြင့် ရွှေဒင်္ဂါး ရာနှင့်ချီ ဝင်လာလေသည်။
၎င်းမှာလည်း ရောင်းကုန်ပစ္စည်း ပြတ်လပ် သွားသောကြောင့်သာ ဖြစ်ပြီး သို့မဟုတ်ပါက တစ်ရက်တည်းဖြင့် ရွှေဒင်္ဂါး ထောင်ချီ ရရှိနိုင်လေသည်။
များမကြာမီ ပိုင်ရှင်အမျိုးသမီး၏ ကျွမ်းကျင်ပိုင်နိုင်မှု၊ နှင်းသကြား၏ အရည်အသွေး ကောင်းမွန်မှုတို့ကြောင့် သတင်းစကားများသည် ရှန်းလင်မြို့ တစ်ခွင်ကို ကျော်လွန်ကာ နီးစပ်ရာ မြို့များအထိ ပျံ့နှံ့ သွားသည်။
နှင်းသကြားကို ရောင်းချပြီးနောက် ပေါင်ချင်ယုတန်သည် ဆိုင်ကို နှစ်ဆ ထပ်မံတိုးချဲ့ လိုက်လေသည်။
၎င်းကိုကြည့်ရုံဖြင့် နှင်းသကြားမှ အကျိုးအမြတ် မည်မျှ ကြီးမားသည်ကို သိနိုင်လေသည်။
ထို့နောက် အခြားသော စီးပွားရေး အင်အားစုများသည် ပေါင်ချင်ယုတန်က နှင်းသကြားကို မည်သို့ ရရှိခဲ့သနည်း ဟူသော လျှို့ဝှက်ချက်ကို ရှာဖွေရန် သူလျှိုများ စေလွှတ်၍ စုံစမ်းလာကြသည်။
သို့သော် လူအများစုသည် မည်မျှ စုံစမ်းရှာဖွေ စေကာမူ နှင်းသကြား ထုတ်လုပ်ရေး နည်းလမ်းကို မသိကြချေ။
အဆုံးတွင် ပေါင်ချင်ယုတန် ပိုင်ရှင် အမျိုးသမီးသည် လူအများ၏ စုံစမ်းထောက်လှမ်းခြင်း ဒဏ်ကို မခံနိုင်တော့ဟန်ဖြင့် ဆိုင်ရှင်အား နှင်းသကြား ပေါင် ၂၀ ကို ယူဆောင်ကာ ဝမ်ရှန်း၏ အိမ်သို့ သွားရောက် ပို့ဆောင် ခိုင်းလိုက်သည်။
ရှန်းလင်မြို့မှ လူများသည် အဘယ်ကြောင့် ပေါင်ချင်ယုတန်မှာ ဤသို့ ပြုလုပ်ရကြောင်း နားမလည်ကြပေ။
ကျိုးပဲ့ဝိညာဉ်နှင့် စုန့်ရန်၏ စေ့စပ်ထားသူသည် ပေါင်ချင်ယုတန်နှင့် ဘာများ ဆက်စပ် နေပါသနည်း။
“သခင်လေး ဝမ်ရှန်း၊ နှင်းသကြား ကိစ္စအတွက် ကျေးဇူးတင်လို့ သခင်မက လာတွေ့ ခိုင်းလိုက်လို့ပါ၊ ပေါင်ချင်ယုတန်ကိုလည်း စိတ်ကြိုက် ဝင်နိုင် ထွက်နိုင်ပါတယ်။ ပြီးတော့ ဒါက အထူးဧည့်သည် ကျောက်စိမ်းပြားပါ၊ ဒီကျောက်စိမ်းပြားနဲ့ဆို ပေါင်ချင်ယုတန်ရဲ့ ရွှေဒင်္ဂါး တစ်သောင်းအောက် ဘယ်ရတနာကိုမဆို ရယူလို့ ရပါတယ်”
ဆိုင်ရှင်သည် ကျောက်စိမ်းပြား အကြောင်း အကျအန ရှင်းပြနေသည်။
ဝမ်ရှန်းသည် ဆိုင်ရှင်ကို ကြည့်ကာ ရယ်မောလိုက်သည်။
“မင်းအခုလို လာတွေ့တော့ လူတွေက နှင်းသကြား ထုတ်လုပ်တဲ့ နည်းလမ်းက ငါ့ဆီက ထွက်တယ်ဆိုတာ ရိပ်မိကုန်ကြမှာပေါ့၊ ငါ သူများတွေကို ရောင်းစားပစ်မှာ မစိုးရိမ်ဘူးလား”
“ဟား ဟား”
ဆိုင်ရှင်သည် သဘောကျဟန်ဖြင့် ရယ်မောလိုက်ကာ “သခင်လေးသာ အဲ့လောက်ထိ လောဘကြီးရင် အစတည်းက နည်းလမ်းကို ပေါင်ချင်ယုတန်ဆီ လာရောင်းစရာ အကြောင်းမှ မရှိတာပဲ”
ဆိုင်ရှင် ပြန်သွားပြီးနောက် ဝမ်ရှန်းသည် ကျောက်စိမ်းပြားကို ကြည့်ကာ ပြုံးလိုက်မိသည်။ ပေါင်ချင်ယုတန် ပိုင်ရှင် အမျိုးသမီးသည် ဉာဏ်ပြေးသည်ကိုတော့ လက်ခံရမည်ပင်။
ဝမ်ရှန်းအား ကျောက်စိမ်းပြား ပေးအပ်လာခြင်းမှာ သူသည် နှင်းသကြား ထုတ်လုပ်ရေး နည်းလမ်းကို ရောင်းချခဲ့သူ ဖြစ်ကြောင်း လူသိရှင်ကြား အသိပေးလိုက်ခြင်း ဖြစ်သည်။
ဝမ်ရှန်းသာ အခြား စီးပွာရေး အင်အားစုများ၏ ဖိအားပေးမှုကို မခံနိုင်ပါက ပေါင်ချင်ယုတန်ဆိုင်တွင် ခိုလှုံပြီး အမြဲတစေ လက်တွဲ လုပ်ကိုင်ရတော့မည် ဖြစ်သည်။
ထိုအခါ ပေါင်ချင်ယုတန်သည် လူအင်အား၊ ငွေအင်အားပါ ပိုင်ဆိုင်သွားပြီး အနာဂတ်အတွက် စိုးရိမ်နေစရာ မလိုတော့ပေ။
ရှန်းလင်မြို့တွင် အရေးကြီး သတင်းများ ပျံ့နှံ့ရန် အချိန်တစ်ခဏသာ ကြာသည်။ များမကြာမီ ဆိုင်ရှင်သည် ဝမ်ရှန်းနှင့် တွေ့ဆုံခဲ့သည့် အကြောင်း တစ်မြို့လုံး တောမီးပမာ ပျံ့နှံ့သွားတော့သည်။
“ဘာ .. ဘာပြောလိုက်တယ်..၊ လူရိုင်းကောင်က ပေါင်ချင်ယုတန်ကို နှင်းသကြား ထုတ်လုပ်ရေး နည်းလမ်းကို ရောင်းလိုက်တယ်လို့ ပြောတာလား”
ဤသတင်းကို ကြားပြီးနောက် စုန့်မိသားစု ခေါင်းဆောင်သည် ကိုယ့်နားကိုယ်ပင် မယုံဟန်ဖြင့် ဝရုန်းသုန်းကား ထရပ်လိုက်သည်။
***