Switch Mode

Chapter – 74

ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်

အခန်း (၇၄)
ကမ္ဘာဦးစွမ်းအင် ရွှေရောင်သစ်ပင်

“ကလန်ခေါင်းဆောင် ကျွန်တော့်ကို ဒီသစ်ပင်လေးကို ပြန်ပေးတာ ကျေးဇူးတင်ပါတယ်”

ရဲချန်ဖန်က ရွှေရောင် သစ်ပင်လေးကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်ရာ သူ့အသားကိုသူ ထိတွေ့သလို သူတို့ကြားတွင် သွေးဆက်နွှယ်မှု ရှိနေသည်ကို တွေ့လိုက်ရသည်။

“ချန်ဖန် မင်း ငါ့ကိုလှောင်ပြောင်မှာ ငါမကြောက်ဘူး။ ဒီရွှေရောင် သစ်ပင်လေးကို ငါလေ့လာ နေတာ သုံးနှစ် ရှိနေပြီ။ ဒါပေမဲ့ ထူးခြားတာ ဘာတစ်ခုမှ မတွေ့ဘူး။ ဒါပေမဲ့ မင်းလက်ထဲမှာတော့ ဒီလိုအလင်းတွေ ထွက်လာတယ်။ သေချာတာက မင်းမိဘနောက်ခံက အရမ်း ထူးခြားနေမယ် ထင်တယ်”

“ခုတော့ ပိုင်ရှင်မှန်ဆီ ပြန်ရောက်သွားပြီ ဆိုတော့ မင်းကို အခုမှ ပြန်ပေးတဲ့အတွက် ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”

ရွှေရောင်အလင်းများ ထွက်နေသော ရွှေရောင် သစ်ပင်လေးကို ကြည့်ပြီး ရဲချင်ဟွမ်းက ပါးနပ်စွာ ပြောလိုက်သည်။

“ခင်ဗျားက ပြန်ပေးမှတော့ ကျွန်တော် အရမ်းကို ကျေးဇူးတင်ပါတယ်”

ရဲချန်ဖန်က လေသံ အနည်းငယ်လျှော့ကာ ပြောလိုက်သည်။

“အခု ရဲကလန်ကို ကျွန်တော်လာတာ အကြီးအကဲကို အရေးကြီးတာ တစ်ခုကို မေးချင်လို့ပဲ”

ရဲချန်ဖန်က ပြောလိုက်သည်။

“မင်းအဖေ သေဆုံးတဲ့ အကြောင်းအရင်းကို မေးချင်တာလား”

ရဲချင်ဟွမ်းက မေးလိုက်သည်။

“ဟုတ်တယ်။ ကျွန်တော့် မွေးစားအဖေ ဘာအကြောင်း အရင်းကြောင့် သေတာလဲ သိချင်တယ်။ ကျွန်တော်က သူ ဒီအတိုင်း ဖျားနာလို့ သေတာလို့ မထင်ဘူး”

ရဲချန်ဖန်က ဝန်ခံလိုက်သည်။

“ဟုတ်တယ်။ မင်းအဖေ ဆုံးပြီးနောက်ပိုင်း ရဲကလန်က စုံစမ်းမှု အများကြီးကို လုပ်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ကို ခွဲစိတ်ပြီး စစ်ဆေးခဲ့တယ်။ ငါတော့ မင်းအဖေ အဆိပ်ခတ် သတ်ခံရတယ်လို့ ထင်တယ်”

ရဲချင်ဟွမ်က သက်ပြင်း ချလိုက်မိသည်။

“အဆိပ်ခတ် ခံရတာလား။ ကလန်အကြီးအကဲ အဖေက ဘယ်လိုအဆိပ်မျိုး မိတာလဲ။ သံသယဝင်စရာ လူရှိလား”

ရဲချန်ဖန်မျက်နှာက အလွန် မည်းမှောင်သွားပြီး အော်ဟစ်မတတ်ပင် ဖြစ်သွားသည်။

“ဒါက ငါတို့ ထင်တာပဲရှိတာ။ သူအဆိပ်ခတ် ခံရတာဆိုတာ သေချာလားလို့ ငါလည်း မသေချာဘူး။ ငါတို့မှာ သက်သေလည်း မရှိဘူး”

“အကြီးအကဲ ဘယ်သူက သံသယ ဝင်စရာ အကောင်းဆုံးလဲ။ ဘယ်သူက အဲဒီလိုလုပ်မယ် ထင်လဲ”

ရဲချန်ဖန်က စဉ်းစား၍ မေးလိုက်သည်။

“ဂျန်ကလန်ပဲ”

ရဲချင်ဟွမ်းက ဖြေလိုက်သည်။

“ဂျန်ကလန်လား”

ရဲချန်ဖန် မျက်ဝန်းများက ကျဉ်းမြောင်း သွားလေသည်။ ထို့နောက် အတွေးပင်လယ်ထဲ မျောနေသော ရဲချန်ဖန်သည် လှည့်ထွက်သွားသည်။

“ကျွန်တော် သိပြီ။ အခု သိပ်လည်း မစောတော့ဘူး။ ကျွန်တော် ပြန်တော့မယ်”

ညက နက်သထက် နက်လာနေသည်။ ရဲချန်ဖန်သည် ငှက်ကင်းမီးကောက်ကို စီးကာ ကောင်းကင်မီး ဂိုဏ်းဆီပြန်ခဲ့သည်။ သူ အသေအချာ စဉ်းစားနေမိသည်။ သူ့မွေးစားအဖေကို ဂျန်ကလန်က လူကိုယ်တိုင် မသတ်သော်လည်း ကြားလူ တစ်ယောက်ကို အသုံးပြု၍ သူ့အဖေကို အဆိပ်ခတ် ခိုင်းခဲ့တာ ဖြစ်နိုင်သည်။ ဘာဖြစ်ဖြစ် ဂျန်ကလန်ကသာ အဓိကတရားခံ ဖြစ်နိုင်သည်။

“ဂျန်ကလန် ငါ့အဖေ သေဆုံးမှုက မင်းတို့နဲ့ မပတ်သက်ပါစေနဲ့လို့ ဆုတောင်းထား။ မဟုတ်လို့ကတော့ မင်းတို့ဂျန်ကလန် ဇီကျင်နိုင်ငံထဲက ပျောက်ကွယ် သွားစေရမယ်”

ရဲချန်ဖန် မျက်လုံးတွင် လူသတ်လိုစိတ်များ ထွက်ပေါ်နေသည်။

_ _ _ _ _ _ _ _ _ _ _ _

“ကလန်အကြီးအကဲ စိတ်ချရတဲ့ သတင်းတွေအရဆို ရဲချန်ဖန်က ရဲကလန်ကို ဒီည ပြန်သွားခဲ့သေးတယ်။ အဲဒီမှာ တစ်နာရီ နေသွားခဲ့တယ်လို့ သိရတယ်”

ရဲချန်ဖန်က ရဲကလန်မှ ထွက်ခွာသွားပြီးနောက် ဂျန်ကလန်က အဲဒီသတင်းကို ချက်ချင်း ရသွားပြီး ကလန်အကြီးအကဲ ဂျန်ကျုံရှင်းကို သတင်း တင်ပြနေခြင်း ဖြစ်သည်။

“အင်း… သူက ဘာပြန်လာလုပ်တာလဲ”

ဂျန်ကျုံရှင်းက တိတ်ဆိတ်သွားပြီး မျက်မှောင်ကြုတ် နေလေသည်။

“အဖေ သူက ရဲကလန်နဲ့ ပြန်အဆင်ပြေ သွားပြီလို့ ပြောချင်တာလား”

ဂျန်ကျုံရှင်း၏သား ဂျန်ရှိရှုက ခန့်မှန်းလိုက်သည်။

“ဒီအချိန်မှာ ရဲချန်ဖန်အတွက် ရဲချင်ဟွမ်းက သေချာပေါက် ကလန်အကြီးအကဲ နေရာက ဆင်းပေး ရရင်တောင် ကလန်ဆီ ပြန်ခေါ်ချင်မှာပဲ။ ပြီးတော့ အဲဒီလို လုပ်ရင်တောင် ရဲချင်ဟွမ်း မရှိလည်း ရဲကလန်က ဘာမှမဖြစ်ဘူးလေ။ ဒါပေမဲ့ ရဲချန်ဖန် တကယ် အဲဒီလို လုပ်ချင်ပါ့မလား။ ရဲကလန်က ဘာတွေများ ပေးလို့ သူစိတ်ပြောင်းသွားတာလဲ”

ဂျန်ကျုံရှင်းက ရဲချန်ဖန် ကိစ္စကို အလွန် သတိထား ဂရုစိုက်နေသည်။

“ခုအခြေအနေတွေက ရှုပ်ထွေးနေတော့ လတ်တလော ရဲကလန်နဲ့ ဂျီကလန်တို့ ပြဿနာ မတက်ကျစေနဲ့။ ပထမမင်းသား နန်းတက်ပြီး အခြေအနေတွေ တည်ငြိမ်မှ သူတို့နဲ့ စာရင်းရှင်းလည်း နောက်မကျပါဘူး”

ဂျန်ကျုံရှင်းက မျက်နှာမှာ မရွှင်မပျဘဲ ညိုမှောင် မည်းနက်နေသည်။

“ကျွန်တော်လည်း ရိဂျွန်ကို ဆက်သွယ်ပြီး အခွင့်အရေးရတာနဲ့ ရဲချန်ဖန်ကို ရှင်းနိုင်အောင် ကြိုးစားဖို့ ပြောလိုက်မယ်။ ဘာပဲပေးရပေးရ အဲဒီကောင် ရဲချန်ဖန်ကို ရှင်းပစ်မှရမယ်”

ဂျန်ကျုံရှင်းက ဂျန်ရိဂျွန်ကို အလွန် မျှော်လင့်ထားသည်။ သူ မသိသည်မှာ ဂျန်ရိဂျွန်က ရဲချန်ဖန် လက်ထဲတွင် အကြီးအကျယ် အရေးနိမ့်ခဲ့သည်ကိုပင်။

နောက်မနက်ခင်းတွင် ရဲချန်ဖန်သည် လေ့ကျင့်နေရာမှ နိုးလာခဲ့သည်။ သူနိုးလာပြီးနောက် အသားများ အနည်းငယ် စားသောက်ပြီး ရွှေအိုရောင် သစ်ပင်လေးကို ထုတ်ကြည့် လိုက်မိသည်။ ဤရွှေအိုရောင် သစ်ပင်လေးသည် သူ့ဘဝ နောက်ကြောင်းနှင့် ထဲထဲဝင်ဝင် ဆက်စပ်နေသည်။

“ဒါက ဘယ်လို သစ်သားမျိုးလဲ။ ဘာလို့ ငါ့သွေးနဲ့ ဆက်နွှယ်မှု ရှိနေရတာလဲ”

ရဲချန်ဖန်က တစ်လက်မလောက်သာ ရှိသော ရွှေအိုရောင် သစ်ပင်လေးကို သေချာ လေ့လာရင်း တွေးလိုက်သည်။ ထို့နောက် ဝိညာဉ် စွမ်းအင်ကို ထည့်သွင်း ကြည့်လိုက်သည်။

“ဝိညာဉ်စွမ်းအင်တောင် မဝင်နိုင်ဘူးလား”

ရဲချန်ဖန်က နည်းလမ်းမျိုးစုံ သုံးကြည့်နေသော်လည်း မထူးခြားလာပေ။ သူ့နတ်ဦးနှောက် ကလည်း ဖောက်မဝင်နိုင်ချေ။ ထို့ကြောင့် သူ့သွေးနှင့် ဆက်သွယ်မှုရရန် ကြိုးစား ကြည့်လိုက်သည်။

“စုပ်ယူစမ်း”

ယခုအကြိမ်တွင်တော့ သူ့သွေးများကို ရွှေအိုရောင် သစ်ပင်လေးက စုပ်ယူနေသည်ကို ခံစားနေရသည်။ သူ့သွေးများကို ရွှေအိုရောင် သစ်ပင်လေးက ပိုစုပ်ယူ လာသည်နှင့်အမျှ သူနဲ့ ရွှေအိုရောင် သစ်ပင်လေးကြားက ဆက်သွယ်မှုသည် ပို၍ ခိုင်မာလာပြီး ပို၍နီးစပ်လာသည်။

သို့သော် သွေးအများအပြား ကုန်ဆုံးသွား၍ ရဲချန်ဖန် မူးနောက်နောက် ဖြစ်လာသည်။ သူ့ခန္ဓာကိုယ် အစွမ်းသာ မမြင့်မားလျှင် ရွှေအိုရောင် သစ်ပင်လေး၏ သွေးစုပ်ယူမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အမွှေးတိုင်တစ်တိုင် ထွန်းစာလောက် ကြာချိန်တွင် ရွှေအိုရောင် သစ်ပင်လေးက ရွှေရောင် အလင်းတန်းများ ထွက်လာပြီး ရဲချန်ဖန် ကိုယ်ထဲ ဝင်ရောက်သွားသည်။ တစ်ချိန်တည်းမှာ နတ်ဦးနှောက်က တုံ့ပြန်မှုကို ရလိုက်ပြီး ရွှေရောင်အလင်းတန်း ရွှေအိုရောင် သစ်ပင်လေးက သူ့စိတ်ဝိညာဉ်နဲ့ ပေါင်းစည်း သွားလေသည်။ သူ ပကတိ အခြေအနေ ဘာဖြစ်လဲ နားလည်သွားသည်။

ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်။ ကောင်းကင်နှင့် မြေကြီးအောက်တွင် အစွမ်းအထက်ဆုံး သစ်ပင်သုံးမျိုးထဲက တစ်ခုအပါအဝင် ဖြစ်သည်။ ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်တွင် ကမ္ဘာဦး စွမ်းအင်များ ပါဝင်နေပြီး သစ်ပင်က စွမ်းအင် အမျိုးအစား အကုန်လုံးကို စုပ်ယူနိုင်စွမ်း ရှိလေသည်။ နတ်သစ်ပင်သာ အရွယ်ရောက်လာပါက ကောင်းကင်ကို တုန်လှုပ်သွားစေနိုင်ပြီး ကြယ်တာရာများကို ဖျက်ဆီးပစ်နိုင်ကာ စကြဝဠာကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိလေသည်။

ရဲချန်ဖန် ရရှိထားသော လက်မခန့်သာရှိသော ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်သည် နတ်ဦးနှောက်၏ ခန့်မှန်းချက်အရ ပျိုးပင်အဆင့်သာ ရှိနေသေးသည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါက အမြွှာညီနောင် တိုက်ကြီးတစ်ခုလုံး ပြင်းထန်သော တိုက်ပွဲကြီးများ ဖြစ်ပွားပြီး ပျက်စီးသွားနိုင်သည်။ အစွမ်းအထက်ဆုံးသော မဟာတန်ခိုးရှင်များနှင့် ဂိုဏ်းကြီးများက ထိုအရာ ရရှိသူကို ဝိုင်းဝန်း လုယက် တိုက်ခိုက်ကြမည် ဖြစ်သည်။

“ငါ့မိဘတွေက ဘယ်သူတွေလဲ။ ဘာလို့ ငါ့ကို ဒီလို စွန့်ပစ်ခဲ့ကြတာလဲ။ ဘာလို့ ဒီလောက် ကောင်းကင်နဲ့ မြေကြီးကြားက အစွမ်းအထက်ဆုံး ပစ္စည်းကို ငါနဲ့ထားခဲ့တာလဲ”

ရဲချန်ဖန်သည် မေးခွန်းများစွာကို သိချင်နေမိသည်။ သူ့ဘဝသည် သူထင်သလောက် ရိုးရှင်းမည် မဟုတ်ပေ။ ရဲချန်ဖန်သည် ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်ရဲ့ ဇာစ်မြစ်ကို သိရှိလိုက်ပြီးနောက် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်ကို သူနဲ့ပေါင်းစည်းရန် ကြိုးစား လိုက်သည်။

သူသာ ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်ကို သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်း လိုက်နိုင်ပါက သူက ကောင်းကင်နှင့် မြေကြီး၏ လျှို့ဝှက် ဆန်းကြယ်မှုများကို နားလည် သဘောပေါက်ရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။ ထိုသို့ လုပ်နိုင်လျှင် ကမ္ဘာဦး စွမ်းအားကို အခြေခံပြီး သူ့အတွက် အခိုင်မာဆုံးသော အခြေခံ ဖြစ်လာပေလိမ့်မည်။

ရဲချန်ဖန်၏ အတွေးမှာ ကောင်းမွန်သော်လည်း ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်သည် သူလိုက်လို့ မီသည့် အရာမဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီးကြားတွင် အစွမ်းအထက်ဆုံး နတ်သစ်ပင်ဖြစ်ရာ သူ ဘယ်လို နည်းလမ်းကို အသုံးပြုစေကာမူ သူက ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်နှင့် ဆက်သွယ်လို့မရဘဲ ပေါင်းစပ်မရ ဖြစ်နေလေသည်။

“ကြည့်ရတာ ငါ့လက်ရှိအဆင့်ကြောင့် ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်ကို စုပ်ယူ ပေါင်းစည်းလို့ မရတာဖြစ်မယ်”

သူအကြိမ်ကြိမ် ကျရှုံးပြီးနောက် စိတ်ပျက်လက်ပျက် အရှုံးပေး လိုက်ရသည်။ သို့သော် သူဝမ်းနည်းခြင်း မရှိပေ။ တစ်နေ့တွင် ကမ္ဘာဦးစွမ်းအား နတ်သစ်ပင်ကို ပေါင်းစည်းနိုင်မည်ဟု ယုံကြည်သည်။ သူက တစ်နေ့တွင် ကောင်းကင်နှင့် မြေကြီးကြား၌ အစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်လာမည်ဟု အလေးအနက် ယုံကြည်ထားလိုက်သည်။

“စွမ်းအားပဲ။ ငါ့အစွမ်းတွေ အမြန်ဆုံး တိုးတက်အောင် လုပ်ရမယ်”

ရဲချန်ဖန်သည် ကောင်းကင်မီးဂိုဏ်း၏ စံချိန်များကို တစ်ခုပြီးတစ်ခု ချိုးဖျက်နေပြီး ပထမအဆင့် မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်ကို ယှဉ်ပြိုင်နိုင်သော်လည်း သူ့အစွမ်းမှာ လုံလောက်မှု မရှိသေးကြောင်း သူသဘောပေါက်နေသည်။ သူက ကောင်းကင်မီးဂိုဏ်း၏ အရင်းအမြစ်များကို ရရှိရန် အလုပ် ဆက်လက်ကြိုးစားရန် လိုအပ်နေသေးသည်။

ရဲချန်ဖန်သည် ဆွဲအားဂူနန်းတွင် နှစ်ဆယ့်ငါးရက်ကြာ လေ့ကျင့်ခဲ့သဖြင့် သူ့တွင်ရှိနေသော ဝိညာဉ်ကျောက်တုံး အများစုမှာ ကုန်သွားပြီ ဖြစ်သည်။ သူ့တွင် ဝိညာဉ်ကျောက်တုံး နှစ်ရာကျော်သာ ကျန်တော့သည်။ ထိုပမာဏသည် သူ့သုံးစွဲမှုအတွက် မလုံလောက်ပေ။

ရဲချန်ဖန် ရှေ့ဆက်လုပ်ရန် အစီအစဉ်ချပြီးနောက် ခြံဝင်းလေးထဲမှ ထွက်လာပြီး ဆုနှင့် တာဝန်ဌာနဆီ ဦးတည်လိုက်သည်။ သူ့အတွက် ဆုလာဘ်များသော တာဝန်များရှိနေပြီး ဝိညာဉ် ကျောက်တုံးများ ရှာဖွေနိုင်ဦးလား ဆိုတာကတော့။

*****

Comment

Leave a Reply

Options

not work with dark mode
Reset