Switch Mode

Chapter – 26

မယုံနိုင်စရာ နည်းစနစ်တစ်ခု

Chapter – 26 မယုံနိုင်စရာ နည်းစနစ်တစ်ခု

ရှီဖုန်းက အဖွဲ့ရှိရာသို့ ရောက်လာသောအခါ ညယုန်၏ HPက သုံးပုံ တစ်ပုံခန့်သာ ကျန်တော့လေသည်။

လူတိုင်းက ညီညီညွတ်ညွတ်ဖြင့် ကောင်းမွန်စွာ တွဲဖက်၍ တိုက်ခိုက်ခဲ့ကြသည်။ ကိုလာက ရှေ့မှ ခုခံကာကွယ်ပေးပြီး တခြားသူများက နောက်မှ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ သို့သော်လည်း ရန်လိုမှုကို ထိန်းသိမ်းရန်အတွက် ဘလက်ကီက ပြင်းထန်စွာ မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူက မကောင်းဆိုးဝါးကြာပွတ်ကို အသုံးပြုပြီး ညယုန်ကို ထိန်းချုပ်ကာ ကိုလာအား သက်သာရာ ရစေခဲ့သည်။ ကိုလာ၏ လုပ်ဆောင်ချက်များကလည်း အလွန်ကောင်းမွန်သည်။ မွန်းစတားအား သေချာ ခုခံနိုင်ပြီး ရန်လိုမှုကိုလည်း ကောင်းကောင်း ထိန်းချုပ်ထားနိုင်သည်။ ကိုလာက ကစားသမားအသစ်တစ်ယောက်ကဲ့သို့ မဟုတ်တော့သော်လည်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာရန် အဝေးကြီး လိုနေသေး၏။

“ကိုလာ… အမြဲတမ်း ဒိုင်းနဲ့ပဲ ကာဖို့ မကြိုးစားနဲ့… ဒါက တခြားပုံရိပ်ယောင်ဂိမ်း(VR Games)တွေလို ဒိုင်းနဲ့ပဲ ကာကွယ်နေစရာ မလိုဘူး… တဖက်က တိုက်ခိုက်မှုတွေက ရှောင်လို့ရတယ်… မင်းက ရှောင်နိုင်တာနဲ့ ကုသသူအတွက်လည်း ဝန်ပေါ့သွားလိမ့်မယ်… တခြားသူတွေကလည်း ပစ်မှတ်ကို သေချာအာရုံစိုက်ပြီး တိုက်… ဖြစ်သလို တိုက်တာမျိုး မဟုတ်ဘဲ ညယုန်ရဲ့လက်သည်း ဒါမှမဟုတ် တခြားအားနည်းတဲ့ နေရာတွေကို တိုက်… ဒီနည်းလမ်းက မင်းတို့ရဲ့ အဓိကခုခံသူကို ကူညီပေးရာ ရောက်တယ်… “ ရှီဖုန်းက ကိုလာအား တိုက်ရိုက် ကူညီခြင်းမရှိဘဲ ထိုအစား လူတိုင်းကို တိုက်ခိုက်ရေးနည်းစနစ်များ သင်ပေးလေသည်။

လူတိုင်းကသာ နတ်ဘုရားနယ်မြေဂိမ်းကို တခြားပုံရိပ်ယောင်ဂိမ်းများကဲ့သို့ သဘောထားပြီး တိုက်ခိုက်နေမည်ဆိုလျှင် ရလဒ်က ကောင်းမွန်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကုသသူများ၏ ကုသပေးနိုင်စွမ်းက မွန်းစတားများ၏ တိုက်ခိုက်မှုစွမ်းအားထက် များစွာ အားနည်းနေခြင်းကြောင့် ဖြစ်သည်။ တချို့သောအဖွဲ့များက ကုသသူများကို ပို၍ ခေါ်လာတတ်ကြသည်။ သို့သော်လည်း ကုသပေးနိုင်စွမ်းက လုံလောက်ခြင်း မရှိသဖြင့် နောက်ဆုံးတွင် တစ်ဖွဲ့လုံး အသတ်ခံရလေသည်။ နတ်ဘုရားနယ်မြေ စတင်ဖွင့်ပြီး လပေါင်းများစွာ ကြာမှသာ ကစားသူများက နတ်ဘုရားနယ်မြေ၏ တိုက်ခိုက်မှုပုံစံများကို နားလည်လာကြသည်။

ရှီဖုန်းက သူ၏ အနာဂါတ် အလုပ်ရုံအတွက် အားလုံးကို အခြေခံခိုင်မာသွားစေရန် လေ့ကျင့်ပေးချင်နေသည်။ ထို့ကြောင့် အစောပိုင်းကာလများကတည်းက ထိုလူများအား နတ်ဘုရားနယ်မြေ၏ တိုက်ခိုက်မှုပုံစံများကို သင်ပေးရန် လိုအပ်သည်။

အားလုံးက ရှီဖုန်းကို လူညံ့တစ်ယောက်ဟု ထင်ကြသည်။ ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် မကျေနပ်မှုများ အနည်းငယ် ရှိနေ၏။ ဘလက်ကီကတောင် ဘာမှမပြောသော်လည်း ရှီဖုန်းက အမိန့်လာပေးနေသဖြင့် စိတ်ထဲတွင် မကျေမချမ်း ဖြစ်ရသည်။ သို့သော်လည်း ရှီဖုန်း၏ စကားများက အဓိပ္ပါယ် ရှိနေသဖြင့် ရှီဖုန်းအမိန့်ပေးသည့်အတိုင်း ဆောင်ရွက်လိုက်ကြသည်။

ကိုလာကလည်း သူ၏တိုက်ခိုက်မှုပုံစံကို စတင် ပြောင်းလဲလိုက်သည်။ ညယုန်၏ တိုက်ခိုက်မှုများကို ဒိုင်းဖြင့် အမြဲခုခံခြင်း မပြုတော့ဘဲ နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ရှောင်ရှားခြင်းများ စတင်ပြုမူလာသည်။ ကိုလာက မကြာခဏ ဒိုင်းဖြင့် ခုခံနေရသေးသော်လည်း ကုသသူ၏ ဝန်ကို အတော်အသင့် လျော့ချပေးနိုင်ခဲ့လေသည်။

ထိုပြောင်းလဲမှုက ညယုန်ကို သတ်ရန် ပို၍ လွယ်ကူလာစေသည်။

အဆင့် ၁ ကစားသမားများက အနည်းငယ် အံ့ဩသွားပြီး ရှီဖုန်း၏ အပေါ်သို့ အမြင်များ ပြောင်းလဲလာကြသည်။ ရှီဖုန်းက သူတို့ထင်ထားသကဲ့သို့ လက်မခံနိုင်စရာ ကစားသမားတစ်ယောက်တော့ မဟုတ်ပေ။

ရှီဖုန်းက ထိုအခြေအနေကို ကြည့်ပြီး ပြုံးလိုက်၏။ သူတို့၏ အတွေးများကို ရှီဖုန်းက စိတ်ထဲ ထည့်မထားပေ။ သူက ကိုလာ၏ လုပ်ဆောင်ချက်များကိုသာ ကြည့်ပြီး အသင့်အတင့် တိုးတက်လာပြီဟု ခံစားလိုက်ရသည်။

ကိုလာက နောက် ဆယ်နှစ်ကြာလျှင် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာမည်ဖြစ်သော်လည်း လက်ရှိတွင် သူက ထိုအရာနှင့် အလွန်ဝေးကွာနေသေး၏။ သူ့နေရာတွင် ကျွမ်းကျင်သည့် အဓိကခုခံသူတစ်ယောက်ဆိုလျှင် နောက်ဆုတ်မည့်အစား တစ်ဖက်မှ တိုက်ခိုက်မှုကို မလှုပ်ရှားဘဲ ရှောင်ရန် ရွေးချယ်ပေလိမ့်မည်။ အဓိကခုခံသူက လှုပ်ရှားလျှင် မွန်းစတားကလည်း လိုက်လံ လှုပ်ရှားပေလိမ့်မည်။ ထိုအခါ အဝေးမှ ပစ်ရသည့် ကစားသမားအနေဖြင့် မွန်းစတားကို ထိမှန်အောင် တိုက်ခိုက်ရန် ခက်ခဲသွားပေလိမ့်မည်။ ဤသို့သော နည်းလမ်းမျိုးသည် တိုက်ပွဲအတွေ့အကြုံများ လိုအပ်သည့်အပြင် အလိုအလျှောက် တုန့်ပြန်နိုင်သည့် ခန္ဓာကိုယ်မျိုးကိုလည်း လိုအပ်ပေသည်။ ထို့ကြောင့် ကိုလာက လေ့ကျင့်ပေးရန် အများကြီး လိုအပ်နေသေး၏။

လက်ရွေးစင်ညယုန်သည် အချိန်ခဏလေးအတွင်းမှာပင် သေဆုံးသွားလေသည်။ ညယုန်မှ စစ်သည်တော်များအတွက် စကေးစာအုပ်(လေပွေခုတ်ချက်)နှင့် ကြေးပြား၃ပြားကို ချပေး၏။

အားလုံးက ငရဲအဆင့်၏ ကျနှုန်းကို အလွန်အံ့ဩနေကြသည်။ လက်ရွေးစင်မွန်းစတားတစ်ကောင်ကိုသာ သတ်ရသေးသော်လည်း စကေးစာအုပ်တစ်အုပ်ကို ချပေးလေသည်။ သူတို့ကသာ မွန်းစတား ၁၀ကောင်ကျော်ကို သတ်နိုင်လျှင် စကေးစာအုပ် ၁၀အုပ်ကျော်ကို ရနိုင်သည်ဟု သူတို့က စိတ်ထဲတွင် တွေးလိုက်ကြသည်။ စကေးစာအုပ်များက အလွန်ရှားပါး၏။ သာမန်စကေးစာအုပ်တစ်အုပ်ကိုပင် ငွေပြား တစ်ပြားဖြင့် ရောင်းချနိုင်သည်။

သူတို့၏ အတွေးများကို ရှီဖုန်း သိနေသည်။ ငရဲအဆင့်၏ ကျနှုန်းက ဤမျှလောက် မမြင့်ပေ။ ပြင်းထန်အဆင့်၏ သုံးဆ၊ လေးဆခန့်သာ မြင့်လေသည်။

ရှီဖုန်းက လေပွေခုတ်ချက်စကေးစာအုပ်ကို အံ့အားသင့်နေသော အဖော်မဲ့နှင်းအား ပေးလိုက်ပြီး ညရိန်းဂျားထံမှ ကျသော အဆင့် ၁ ကြေးအဆင့် ခုခံမှု သတ္တုချပ်ဝတ်ကိုတော့ ကိုလာအား‌ ပေးလိုက်သည်။ ထိုအိုင်တမ်းများဖြင့် ဆိုလျှင် အဖွဲ့၏ ခွန်အားက အနည်းငယ် တိုးတက်လာပေလိမ့်မည်။

ခုခံမှု သတ္တုချပ်ဝတ်ကို ရလိုက်ပြီးနောက် ကိုလာက ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ထို့နောက် သူက ရှီဖုန်းအား အလျင်အမြန် ကျေးဇူးတင်လိုက်သည်။ ဤသတ္တုချပ်ဝတ်ဖြင့်ဆိုလျှင် သူ၏ ခုခံမှုက ၁၄မှတ်အထိ ရောက်သွားမည့်အပြင် သူ၏HP ကလည်း ၃၅၀ထိ ရောက်သွားပေလိမ့်မည်။

ရှီဖုန်းနှင့် ဘလက်ကီမှ လွဲ၍ ဤမြင်ကွင်းကို ကျန်သည့်လူများက အားကျသည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။ ကြေးအဆင့်အိုင်တမ်သည် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်သည့် အရာဖြစ်သည်။ ထိုကြေးအဆင့်အိုင်တမ်ကို ရှီဖုန်းက ရရှိခဲ့သော်လည်း သူက တုန့်ဆိုင်နေခြင်း မရှိဘဲ ကိုလာအား ပေးအပ်ခဲ့သည်။

ထို့ကြောင့် လူတိုင်း၏ အမြင်များက ပြောင်းလဲသွားလေသည်။ ရှီဖုန်းက ရလာသည့် အိုင်တမ်များကို တခြားအဖွဲ့ခေါင်းဆောင်များကဲ့သို့ သူတို့ကိုယ်တိုင်အတွက် အသုံးပြုခြင်းမျိုး မရှိချေ။ ရှီဖုန်း၏ နေရာတွင် သူတို့သာ ဆိုပါက ကြေးအဆင့်အိုင်တမ်ကို ယာယီအဖွဲ့ဝင်တစ်ယောက်အား မပေးဘဲ သိမ်းထားကြပေလိမ့်မည်။

ထို့နောက် သူတို့က ရှီဖုန်း၏ ဦးဆောင်မှုနောက်သို့ လိုက်သွားကြလေသည်။

မှောင်မည်းနေသော တောအုပ်ကြီးက အမှန်တစ်ကယ် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း လူတိုင်းက ကြောက်ရွံ့ခြင်း မရှိကြတော့ဘဲ တိုက်ပွဲဝင်ရန်အတွက် စိတ်အားထက်သန်နေကြလေသည်။

မကြာခဏဆိုသလိုပင် ကင်းလှည့်နေသော လက်ရွေးစင်ညယုန်များက တစ်ကောင်စ၊နှစ်ကောင်စ သူတို့၏ ရှေ့သို့ ရောက်လာတတ်ကြသည်။ သူတို့ကလည်း လျင်မြန်စွာပင် ပြန်လည်တုန့်ပြန်ခဲ့ကြသည်။ သူတို့က ညယုန်နှစ်ကောင်နှင့် ရင်ဆိုင်ရသောအခါ ကိုလာက တစ်ကောင်ကို တားဆီးလိုက်သဖြင့် ရှီဖုန်းနှင့် အဖော်မဲ့နှင်းက ကျန်သည့်တစ်ကောင်ကို အလျင်အမြန် သတ်ဖြတ်ကြသည်။ အဝေးမှ ပစ်ခတ်ရသည့် ကစားသမားများကတော့ ရှီဖုန်း၏ ရှေ့ရှိ ညယုန်ကိုသာ အရင်ဆုံး တိုက်ခိုက်လိုက်ကြသည်။

အချိန်ခဏလေးအတွင်း၌ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ညယုန်၏ HP 700 က လျင်မြန်စွာ ကုန်ဆုံးသွား၏။

ထို့နောက်တွင် အဖွဲ့က ကိုလာအား ကူညီလိုက်ကြပြီး ကျန်နေသည့် ညယုန်ကို လက်စသတ်လိုက်ကြတော့သည်။ ထိုညယုန် ၂ကောင်မှ ကုသသူများအတွက် စကေးစာအုပ်(ပြန်လည်ဖြည့်ပေးခြင်း)ကို ရရှိလိုက်သည်။ စကေးက ရွတ်ဆိုချိန် ၂စက္ကန့် ရှိ၏။ ထိုစကေးစာအုပ်ကို အော်ရကယ်တစ်ယောက်ကသာ သင်ယူလိုက်ပါက 37HP ကို ချက်ချင်း ဖြည့်ပေးနိုင်သည်။

ပြန်လည်ဖြည့်ပေးခြင်းစကေးက အသက်ဆုခြွေစကေးထက် ပို၍ ကောင်း၏။ အသက်ဆုခြွေနှင့် ပြန်လည်ဖြည့်ပေးခြင်းက ပြန်လည်အသုံးပြုရန်ကြာချိန် မတူညီသည့်အတွက် စကေး၂ခုအား ချိန်ညှိပြီး ညယုန်၏ တိုက်ခိုက်မှုများမှ ထိခိုက်မှုများကို တော်တော်များများ လျော့ချပေးနိုင်ပေလိမ့်မည်။

ဒရော့စီစလော့က ထိုစကေးကို သင်ယူခွင့် ရလိုက်သဖြင့် ရှီဖုန်းနှင့် တခြားအဖွဲ့ဝင်များကို ထပ်ကာထပ်ကာ ကျေးဇူးတင်နေတော့သည်။ ပြန်လည်ဖြည့်ပေးခြင်းစကေးက မြေအောက်ဘုံကို ရှင်းလင်းရာတွင် အလွန်အသုံးဝင်သော စကေးတစ်ခု ဖြစ်သည်။ ပြန်လည်ဖြည့်ပေးခြင်းစကေးကို အပြင်၌ ပြန်လည်ရောင်းချလျှင် အနည်းဆုံး ငွေပြား ၂ပြား၊၃ပြားခန့် ရနိုင်ပေသည်။

“စိတ်ထဲ မထားနဲ့… စကေးစာအုပ်ဆိုတာ သုံးဖို့ပဲလေ… ရှေ့ဆက်သွားရအောင်… “ ရှီဖုန်းက ပြုံးကာ ပြောလိုက်သည်။

AOE စကေးများအပြင် ကုသသူများအတွက် စကေးစာအုပ်များကလည်း အလွန်ဈေးကြီးလှသည်။ သို့သော်လည်း သေဆုံးခြင်းသစ်တော၏ ရည်ရွယ်ချက်ကား ကစားသမားများ အခြေခံခိုင်မာလာစေရန် ဖြစ်သည်။ ငရဲအဆင့်၌ အခြေခံကုသမှုစကေးများ၏ ကျနှုန်းက အလွန်မြင့်၏။ ယခင်ဘဝက ရှီဖုန်းက ငရဲအဆင့်ကို တစ်ခါ ဝင်ရုံနှင့် ကုသမှုစကေးစာအုပ် ၄အုပ်ကို ရရှိခဲ့သည်။

တစ်နာရီကျော် ကြာပြီးနောက်တွင် ရှီဖုန်းတို့ အဖွဲ့ကား ကျယ်ပြန့်သော မြက်ခင်းပြင်တစ်ခုသို့ ရောက်ရှိလာသည်။ နောက်ဆုံးတော့ သူတို့က မြေအောက်ဘုံ၏ နောက်ဆုံးဘော့စ်နှင့် တွေ့ကြလေပြီ။

ဝီလီ (အကြီးအကဲအဆင့်)

အဆင့် ၃

HP 6000

ဝီလီကား ကြမ်းကြုတ်ရက်စက်သော ညယုန်တစ်ကောင် ဖြစ်သည်။ ၎င်း၏ အရပ်က လူ၂ယောက်စာခန့် ရှည်ပြီး ချွန်ထက်သော စတီးခြေသည်းနှင့် စတီးလက်သည်းများကိုလည်း ပိုင်ဆိုင်ထား၏။ ထိုလက်သည်း၊ခြေသည်းများက ကစားသမားများကို အပိုင်းအစစဖြစ်သွားအောင် စုတ်ဖြဲပစ်နိုင်လေသည်။ ထိုလက်သည်း၊ခြေသည်းများအောက်တွင် သေဆုံးသွားရသော ကစားသမားများ မည်မျှရှိသည်ကို မသိနိုင်တော့ချေ။

ဝီလီနှင့် မနီးမဝေးနေရာတစ်ခုတွင် ကင်းစောင့်နေကြသော လက်ရွေးစင်ညယုန် ၇ကောင်လည်း ရှိ၏။ ထိုညယုန် ၇ကောင်က တစ်ကောင်နှင့်တစ်ကောင် အလွန်နီးကပ်နေကြသည်။ ၎င်းတို့ထဲမှ တစ်ယောက် တိုက်ခိုက်ခံရလျှင် တခြားညယုန်များက အပြေးလာကြလိမ့်မည်ဖြစ်သည်။ ထို့အပြင် ဘော့စ်ဝီလီပါ ရောက်လာနိုင်သည်။

ရှီဖုန်းတောင်မှ ဘော့စ် မပြောနှင့် ညယုန် ၇ကောင်ကိုပင် မရင်ဆိုင်နိုင်ပေ။

သို့သော်လည်း ညယုန် ၇ကောင်ကို မရှင်းနိုင်လျှင် ဘော့စ်ကို တိုက်ခိုက်နိုင်မည့် အခွင့်အရေးလည်း မရနိုင်ချေ။

“အစ်ကိုဖုန်း… အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ… ညယုန်တွေက အရမ်းများနေတယ်… ဒီဂိမ်းက ကျွန်တော်တို့ကို ဘာအခွင့်အရေးမှ မပေးထားဘူး… “ ဘလက်ကီ အလွန်စိုးရိမ်နေလေသည်။

ဘော့စ်က သူတို့၏ ရှေ့တွင် ရှိနေသော်လည်း System က သူတို့ကို ခက်ခဲအောင် ပြုလုပ်ထား၏။ ခက်ခဲတာမှ အလွန်ကို ခက်ခဲလေသည်။ ငရဲအဆင့် မြေအောက်ဘုံဖြစ်သည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ အကြွင်းမဲ့ခွန်အားသာ မရှိလျှင် မြေအောက်ဘုံကို အောင်မြင်ရန် အခွင့်အလမ်း မရှိချေ။

System ၏ Setting ကို အားလုံးက ဒေါသထွက်သွားကြသည်။ မည်သူက ညယုန် ၇ကောင်နှင့် ယှဉ်နိုင်မည်နည်း။ အဆင့်၅ ကာကွယ်သူတစ်ယောက်ပင် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

“မင်းတို့အားလုံး ဟိုကျောက်တုံးနားမှာ ငါ့ကို စောင့်နေ… ကိုလာက မွန်းစတားကို တိုက်ခိုက်ဖို့ အသင့်ပြင်ထား… ကျန်တဲ့သူတွေက ငါ့အမိန့် မရဘဲ ဘာမှ မလုပ်ရဘူး… “ ရှီဖုန်းက အနီးအနားရှိ ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို ညွှန်ပြလိုက်သည်။

အားလုံးက ရှီဖုန်းကို မည်သည့်စကားမျှ ပြန်မပေးဘဲ နာခံလိုက်ကြသည်။ ဤသို့ လာသည့်လမ်းတစ်လျှောက်တွင် မွန်းစတားများအားလုံးကို ရှီဖုန်း၏ အမိန့်များကြောင့် အောင်မြင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့အတူ ယခုအချိန်တွင် အားလုံးက ကြေးအဆင့် အိုင်တမ် တစ်ခု သို့မဟုတ် နှစ်ခုစီတော့ ရရှိနေကြပြီဖြစ်သည်။ ဘလက်ကီဆိုလျှင် ကြေးအဆင့် အိုင်တမ် ၅ခုတောင် ရရှိထားပြီး သူတို့အဖွဲ့၏ ခွန်အားက တခြားလက်ရွေးစင်အဖွဲ့များထက် အလွန်သာလွန်နေပြီဖြစ်သည်။ ဤအောင်မြင်မှုများ၏ လက်သည်တရားခံကား ရှီဖုန်းပင် ဖြစ်သည်။

ရှီဖုန်းက ညယုန် ၇ကောင်နှင့် ကိုက်၄၀အကွာရှိ နေရာတစ်ခုသို့ ပြေးသွားလိုက်သည်။ သူက ခြုံပုတ်တစ်ခုအတွင်းသို့ တိတ်ဆိတ်စွာပင် ပုန်းနေလိုက်ပြီး ညယုန်များ၏ လှုပ်ရှားမှုများကို သေသေချာချာ လေ့လာကြည့်လိုက်သည်။

ရှီဖုန်းက မွန်းစတားများအား မျှားခေါ်ရန် ကြိုးစားနေသည်ကို အားလုံးက နားလည်ကြသည်။ သို့သော်လည်း ညယုန်များက ၇ကောင် ရှိနေပြီး တစ်ကောင်နှင့်တစ်ကောင်ကလည်း အလွန်နီးကပ်နေကြသည်။ ထို့အပြင် ရှီဖုန်းက ဓားသမားတစ်ယောက်ဖြစ်သည်။ သူ့တွင် အဝေးမှ တိုက်ခိုက်နိုင်သည့်စွမ်းရည် မရှိပေ။ ထို့ကြောင့် သူက မွန်းစတားများကို မည်သို့ မျှားခေါ်နိုင်မည်နည်း။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသည်။ အားလုံးကလည်း အလွန်စိုးရိမ်လာကြသည်။ အကယ်၍ ရှီဖုန်းသာ မတော်တဆ လွဲချော်သွားခဲ့လျှင် တစ်ဖွဲ့လုံး သတ်ဖြတ်ခံရနိုင်သည်။ သို့သော်လည်း ရှီဖုန်းကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက ခပ်လှမ်းလှမ်းရှိ ညယုန်များကို စောင့်ကြည့်နေရင်း တစ်ချက်မှ လှုပ်ရှားခြင်း မရှိခဲ့ပေ။

ထိုအချိန်တွင် လေအေးတစ်ချက် တိုက်ခတ်သွားသဖြင့် သစ်ပင်များပေါ်မှ သစ်ရွက်ခြောက်တစ်ခုက ကြွေလွင့်လာသည်။

သစ်ရွက်ခြောက် ကျဆင်းလာသည်ကို မြင်သောအခါ ရှီဖုန်းက ဘေးမှ ကျောက်တုံးအသေးတစ်ခု ကောက်ယူပြီး ကျောက်တုံးအား ညင်သာစွာ ပစ်လိုက်သည်။

ကျောက်တုံး ပျံသန်းသွားသည့် ဦးတည်ရာကား ဘော့စ်နှင့် အနီးဆုံး ညယုန်ထံသို့ ဖြစ်သည်။

“ငါတို့တော့ သွားပြီ… “

အားလုံးက မည်သို့သော အဆုံးသတ်ရလဒ် ထွက်ပေါ်လာမည်ကို ခန့်မှန်းမိနေကြသည်။ ဘော့စ်နှင့် ညယုန် ၇ကောင်စလုံးက သူတို့ဆီသို့ ကျိန်းသေ ပြေးလာကြမည်ဖြစ်ပြီး သူတို့အားလုံးကို သွေးယစ်ကောင်များအဖြစ် ပြောင်းလဲပစ်ကြပေလိမ့်မည်။

ကျောက်တုံးက ညယုန်အား ထိတော့မည်အချိန်တွင် သစ်ရွက်ခြောက်က ကျောက်တုံးနှင့် ညယုန်ကြားသို့ အချိန်ကိုက် ရောက်ရှိသွား၏။

ကျောက်တုံးက သစ်ရွက်ခြောက်နှင့်ကပ်၍ ညယုန်အား ထိမှန်သွားလေသည်။

ညယုန်က ချက်ချင်း လှည့်ကြည့်လိုက်ရာ သစ်ရွက်ခြောက်ကိုသာ တွေ့လေသည်။ သို့သော်လည်း သစ်ရွက်ခြောက် ထိမှန်ရုံဖြင့် အဘယ်ကြောင့် နာကျင်ရသနည်း။ ချက်ချင်းဆိုသလိုပင် ညယုန်က သူ့နေရာမှ ထွက်လာကာ ပတ်ဝန်းကျင်ကို လှည့်၍ စစ်ဆေးကြည့်လေတော့သည်။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သော်လည်း မူမမှန်သည့် မည်သည့်အရာကိုမှ မတွေ့ရပေ။ ညယုန်က တဖြည်းဖြည်းနှင့် သူ့နေရာမှ ကိုက်၂၀ကျော်အကွာသို့ ရောက်လာပြီး ဆက်လက်၍ ရှာနေတော့သည်။

“အရမ်းမိုက်တယ်… “ အဖော်မဲ့နှင်းက အံ့အားသင့်စွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများက မျက်လုံးအိမ်မှ ထွက်ကျလုမတတ် သေသေချာချာ စိုက်ကြည့်နေလေသည်။

တခြားသူများကလည်း အံ့အားသင့်နေရင်းဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ကျောက်တုံးက သစ်ရွက်ခြောက်ကို အရင်ထိမှန်ပြီး ညယုန်ကို ဆက်လက် ထိမှန်စေရန် အလွန်ကို တိကျသည့် ကျွမ်းကျင်မှုမျိုးကို လိုအပ်၏။ သစ်ရွက်ခြောက်က ညယုန်၏ စိတ်ကို ရှုပ်ထွေးစေပြီး ဦးတည်ရာမဲ့ လိုက်ရှာစေသည်။

ထိုကဲ့သို့ ကျွမ်းကျင်မှုမျိုးကို အနှိုင်းမဲ့စွမ်းရည်ဟုပင် ခေါ်ဆိုနိုင်သည်။

ရှီဖုန်းက ဘယ်လိုလုပ် လူညံ့တစ်ယောက် ဖြစ်နိုင်ပါမည်နည်း။ သူတို့ကို အရူးလုပ်ဖို့ ရောက်လာသည့် ဂိမ်းနတ်ဘုရားတစ်ပါး ဖြစ်နိုင်မလား။

“ဆင့်ခေါ်သူရေ… ကျန်တာက မင်းအတွက်ပဲ… “ ရှီဖုန်းက ကျောက်တုံးဆီသို့ ပြန်လျှောက်လာပြီး ဆင့်ခေါ်သူ၏ ပခုံးကို ပုတ်ကာ ပြုံး၍ ပြောလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset