Switch Mode

Chapter – 73

ငရဲချောက်နက်

အခန်း (၇၃)
ငရဲချောက်နက်

“ချန်ဖန် ကျေးဇူးတင်ပါတယ်”
ဂျီချင်ရွှယ်မှာ ရဲချန်ဖန်၏ အစွမ်းကြောင့် အလွန် တုန်လှုပ်နေမိသည်။ ကောင်းကင်မီး ဂိုဏ်းဝင်ပြီး တစ်လမပြည့်မီပင် ရဲချန်ဖန်သည် ကောင်းကင် တန်ခိုးရှင် စာရင်းထဲ ဝင်ရောက်နိုင်မည်ဟု သူမ ဘယ်တော့ကမှ မတွေးဖူးချေ။

ရဲချန်ဖန်ကို အကာအကွယ်လုပ်ပြီး ရဲချန်ဖန်ကို နာကျင်စေခဲ့ မိသည့်အတွက် ယခုအချိန်တွင် သူမ နောင်တ အနည်းငယ်တော့ ရနေမိသည်။ သူမနှလုံးသားကို လှုပ်ရှားစေသည့် ဆရာချန်အကြောင်း စဉ်းစားမိလိုက်သည်နှင့် နောင်တကား ပျက်ပြယ်သွားပြန်၏။

“မလိုဘူး။ မင်း ဒီကိစ္စကို စိတ်ပူစရာ မလိုဘူး။ ငါ့ကြောင့်သာ မဟုတ်ရင် သူတို့လည်း မင်းကို ရန်ရှာမှာ မဟုတ်ဘူး”

ရဲချန်ဖန်က ထူးခြားမှုမရှိ အေးစက်စက် ဖြစ်နေသည်။

“ချန်ဖန် ရှင့်အဘိုးအို … မဟုတ်ဘူး။ ရဲမိသားစု အကြီးအကဲက ပြောခိုင်းလိုက်တယ်။ သူက ရှင်နဲ့တွေ့ပြီး ရှင့်ပစ္စည်းကို ပြန်ပေးချင်တယ်တဲ့”

ဂျီချင်ရွှယ်သည် ရဲချန်ဖန်၏ အေးစက်စက် မျက်နှာကိုကြည့်ပြီး သူမနှုတ်ခမ်းလေးသာ ကိုက်မိ လိုက်သည်။

“ကျေးဇူးပဲ။ ငါ့မှာ အချိန်ရှိရင် ရဲမိသားစုဆီ သွားလိုက်မယ်။ ဒါနဲ့… ဒီဆေးက မင်းအတွက်ပဲ”

ရဲချန်ဖန်က သူ့တွင်ကျန်နေသော အဆင့်ကိုး ဆေးလုံးကိုထုတ်ပြီး ဂျီချင်ရွှယ်ကို ပေးလိုက် သည်။ ဤဆေးသည် သူ့အတွက် အသုံးမဝင်တော့ပေ။ သူသောက်သုံးသည့်တိုင် ဆေးစွမ်းက သူ့အပေါ် ရှိတော့မည် မဟုတ်ပေ။

“ချန်ဖန် ဒါက တန်ဖိုးကြီးလွန်းတယ်။ ကျွန်မ လက်မခံနိုင်ဘူး”

“ငါ မင်းကို အမြဲတမ်း အကာအကွယ် မပေးနိုင်ဘူး။ မင်း သူများ အနိုင်ကျင့် ဗိုလ်ကျတာ မခံချင်ဘူးဆိုရင် မင်းမှာ အစွမ်းရှိမှ ဖြစ်မယ်”

ရဲချန်ဖန်က ဆေးကို ဂျီချင်ရွှယ်၏ လက်လေးထဲ အတင်း ထည့်ပေးလိုက်ပြီး သူခြံဝင်းထဲ လှည့်ပြန်လိုက်သည်။

“ရဲချန်ဖန် ကျေးဇူးပါပဲ”

ရဲချန်ဖန် ထွက်သွားသည်ကို ကြည့်ရင်း ဂျီချင်ရွှယ်၏ ခံစားချက်များသည် ရောပြွမ်း နေလေသည်။ သူမက တစ်နေ့တွင် ရဲချန်ဖန်ကို အားကိုးရလိမ့်မည်ဟု သူမ မတွေးဖူးခဲ့ချေ။

“ငါ့လက်ရှိအစွမ်းနဲ့ ဓားအင်အား တစ်ဝက်ကို အသုံးပြုရင် မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့်နဲ့ တိုက်ခိုက်လို့ရမလား မသိဘူး”

ရဲချန်ဖန်က ရှန်းဂွန်းဟန်နှင့် တိုက်ခိုက်ပြီး သူအရမ်း ကြိုးစားခဲ့ရသော ကျင့်စဉ်များကို စမ်းသပ်ခဲ့သည်။ အဆင့်သုံး သားရဲသခင် အဆင့်ရောက်ပြီး ကိုယ်တွင်းအင်္ဂါများကို လေးဆယ် ရာနှုန်းခန့် သန်မာအောင် လေ့ကျင့်ပြီးဖြစ်ရာ သာမန် သားရဲသခင် အဆင့်ခြောက်နဲ့ တိုက်ခိုက် နိုင်ပြီဖြစ်သည်။

ရဲချန်ဖန်သာ ဓားတစ်ဝက် အင်အားကို အသုံးပြုမည် ဆိုပါက မြေကမ္ဘာ သားရဲစစ်သူကြီး ပထမအဆင့်နဲ့ တိုက်ခိုက်နိုင်မည် ဖြစ်သည်။ ရန်သူကို အနိုင်ယူနိုင် မနိုင်ကိုမူ လက်တွေ့တိုက်ပွဲမှသာ အဖြေသိရပေမည် ဖြစ်သည်။

ညနေစောင်းတွင် နေရောင်သည် တောင်ကြောတစ်လျှောက် ကျဆင်းနေရာ အလွန် လှပနေသည်။ နာရီအနည်းငယ် ကြာပြီးနောက် သူ့အစွမ်းသည် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိလာသည်။ ရဲချန်ဖန် ပြတင်းပေါက်မှ အပြင်သို့ကြည့်ရင်း ရေရွတ်လိုက်သည်။

“ရဲမိသားစုကို ပြန်ပြီးတွေ့ရမဲ့ အချိန်ရောက်ပြီ”

ရဲချန်ဖန်က ရဲမိသားစုအတွက် ဘာခံစားချက်မှ မရှိတော့သော်လည်း သူ့မွေးစားအဖေ ရဲဟွမ်ရှင်းကိုမူ သူအလွန် ချစ်ခင်လေးစားသည်။ ရဲဟွမ်ရှင်းကြောင့်သာ မဟုတ်လျှင် ရဲချန်ဖန် အစာ ရေစာငတ်ပြီး ကလေးဘဝကတည်းက သေဆုံးကာ ရဲချန်ဖန်ဟုလည်း ရှိလာမည် မဟုတ်ချေ။

ရဲချန်ဖန်က ရဲဟွမ်ရှင်း၏ ရုတ်တရက် သေဆုံးမှုကို အမြဲသံသယ ရှိနေခဲ့သည်။ ဤအကြိမ် ရဲမိသားစုဆီ ပြန်ရင်း အမှန်ကို သိအောင်လုပ်ပြီး သူ့အဖေအတွက် ခံစားနေရသော အမုန်းတရားကို ချေဖျက်ရမည် ဖြစ်သည်။

“အကြီးအကဲလျှူ ကျွန်တော် ခရမ်းမြို့တော်ကို ခဏပြန်ချင်လို့။ အဲဒါ ငှက်ကင်း မီးကောက်ကို ခဏငှားလို့ ရမလား”

ရဲချန်ဖန်က အကြီးအကဲလျှူ ထံသွားကာ အကြီးအကဲလျှူ၏ ငှက်ကင်းမီးကောက်ကို ငှားလိုက်သည်။

“ရတာပေါ့”

အကြီးအကဲလျှူက အလွယ်ပင် သဘောတူလိုက်သည်။ ရဲချန်ဖန်၏ ပါရမီများကြောင့် အကြီးအကဲ လျှူက ရဲချန်ဖန်ကို အလွန် အလေးထားသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲလျှူ”

ရဲချန်ဖနသည် အကြီးအကဲလျှူ၏ ငှက်ကင်းမီးကောက်ကို စီးနှင်းကာ ခရမ်းရောင် မြို့တော်ဆီ ထွက်လာခဲ့သည်။ ဆယ်မီတာကျော် ရှည်လျားသည့် ငှက်ကင်းမီးကောက်သည် ခရမ်းရောင် တောင်တန်းကို ဖြတ်ကျော်ကာ ခရမ်းရောင် မြို့တော် အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။

“ဒီမှာစောင့်နေ”

ငှက်ကင်းမီးကောက်ကို မြို့ပြင်မှာပဲ စောင့်နေရန် အမိန့်ပေးပြီး မြို့ထဲဝင်ကာ ရဲမိသားစု အိမ်တော်ဆီ လျှောက်သွားလိုက်သည်။ စည်းကားလှသော လမ်းမတစ်လျှောက် လမ်းလျှောက်နေရင်း ခမ်းနား ကြီးကျယ်လှသော အဆောက်အအုံများကို ငေးမောနေမိသည်။ မိန်းမပျိုလေးများက ယောက်ျားလေး အဖော်များနှင့် ရယ်မော ပျော်ရွှင်နေသည့် မြင်ကွင်းကိုကြည့်ပြီး သူသည် သီးခြားကမ္ဘာက လာသည့်လူလိုပင် ခံစားလိုက်မိသည်။

သူသည် ကျင့်ကြံခြင်း နယ်မြေကို စတင် ဝင်ရောက် ကတည်းကပင် လူသားကမ္ဘာအတွက် ခံစားချက် သိပ်မရှိတော့ပေ။ သူ့အတွက် အမြင့်ဆုံး တန်ခိုးအဆင့်ကို ကျင့်ကြံ အားထုတ်ပြီး တာအို နှလုံးသားကို ရှာဖွေရန် ရည်မှန်းထားသည်။

တစ်နာရီခန့် လှည့်ပတ် လျှောက်သွားပြီးနောက် မီးထိန်ထိန် လင်းနေသော ရဲအိမ်တော်နား ရောက်ရှိသွားသည်။ ထို့နောက် သူ ရဲအိမ်တော်တွင် ရှိဖူးသော အမှတ်တရများကို တွေးနေမိသည်။

“အနှောင့်အယှက် ပေးမိပြီ။ ချိန်းထားတဲ့အတိုင်း ရဲချန်ဖန် ရောက်လာပြီ”

ရဲချန်ဖန်က ရဲအိမ်တော် ခြံဝတွင်ရပ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“သခင်လေး သခင်လေး ပြန်လာပြီ”

ရဲချန်ဖန် အသံကြားပြီး အိမ်တော်ထိန်းက စိတ်လှုပ်ရှားစွာ ပြေးထွက်လာပြီး ကြိုဆိုလိုက်သည်။

“ခင်ဗျား လူမှားနေပြီ။ ကျွန်တော်က ရဲမိသားစုက မဟုတ်တော့ဘူး”

ရဲချန်ဖန် အသံက ရင်းနှီးကျွမ်းဝင်ဟန် တစိုးတစိမှ မရှိပေ။ သူရင်းနှီးခဲ့သော်လည်း ရင်းနှီးခြင်း မရှိတော့သည့် ရဲအိမ်တော်ထဲ လှမ်းဝင်လိုက်သည်။

“ချန်ဖန် မင်းနောက်ဆုံးတော့ ပြန်လာပြီ”

ရဲချန်ဖန် အိမ်တော်ထဲ ဝင်လိုက်ချိန်တွင် ရဲမိသားစု အကြီးအကဲ ရဲချင်ဟွမ်းအသံက ထွက်ပေါ် လာပြီး သူ့ကို နွေးထွေးစွာ ကြိုဆိုနေကြသော ကလန်အကြီးအကဲများကို တွေ့လိုက်ရသည်။ ရင်းနှီး ကျွမ်းဝင်သော မျက်နှာများကို ပြန်မြင်ရသော်လည်း ရဲချန်ဖန် စိတ်လှုပ်ရှား ပျော်ရွှင်ခြင်း မရှိပေ။ ရဲကလန် အကြီးအကဲများထဲတွင် သူ့အဖေ ရဲဟွမ်ရှင်း တစ်ယောက်က လွဲရင် ကျန်လူများက သူ့ကို မိသားစုဝင်ဟု ဘယ်တော့မှ မသတ်မှတ်ခဲ့ချေ။

“ကလန်အကြီးအကဲ ဂျီချင်ရွှယ်ပြောတာ ကျွန်တော့်ကို ကလန်အကြီးအကဲ ပေးစရာ ရှိတယ်ဆို”

ရဲချန်ဖန်က ကလန်အကြီးအကဲကို ခပ်မာမာပင် မေးလိုက်သည်။

“ဟုတ်တယ် ချန်ဖန်။ ငါ့စာဖတ်ခန်း သွားပြောကြရအောင်”

ရဲချန်ဖန်၏ အပြုအမူ အပြောအဆို ပုံစံကိုကြည့်ပြီး ကလန်အကြီးအကဲ အပြုံးက အလွန် ခါးသီးနေသည်။ ရဲချန်ဖန် အခက်အခဲဆုံး အချိန်တွင် သူတို့က ရဲချန်ဖန်ကို မောင်းထုတ်ခဲ့သည် မဟုတ်ပါလော။ ယခုတော့ ရဲချန်ဖန်က ရဲကလန်ကို အသိအမှတ် မပြုသည်မှာ ယုတ္တိရှိပေသည်။

“ကောင်းပြီ”

ရဲချန်ဖန်က ရဲချင်ဟွမ်နောက်မှ စာဖတ်ခန်းသို့ လိုက်ဝင်သွားသည်။

“ချန်ဖန် မင်းကို ကလန်ကနေ နှင်ထုတ်မိခဲ့တာ ငါ့ဘဝရဲ့ အကြီးမားဆုံး အမှားပဲ။ ငါ မင်းကို တောင်းပန်ပါတယ်။ မင်းအဖေမျက်နှာ ထောက်ပြီး ကလန်ကိုပြန်ခဲ့ဖို့ ဆန္ဒရှိမလား သိချင်တယ်”

ရဲချင်ဟွမ်ကိုယ်တိုင် ရဲချန်ဖန်ကို လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီး တောင်းပန်လိုက်သည်။

“ကလန်အကြီးအကဲ ပြီးခဲ့တာတွေက ပြီးခဲ့ပြီပဲ။ အခု ကျွန်တော်က တာအိုကိုပဲ လေ့ကျင့်တော့ မယ်။ လူ့ဘောင်ကိစ္စတွေကို ဝင်မပါတော့ဘူး”

“အင်း… တကယ်တော့ ငါလည်း ဒီလိုဖြစ်မယ် တွေးထားပြီးသားပါ။ ဒါပေမဲ့ ငါကိစ္စ တစ်ခုတော့ လက်မလျှော့ချင်ဘူး။ ချန်ဖန် ဒီသေတ္တာထဲက ပစ္စည်းက မင်းအဖေ မင်းကို စတွေ့တုန်းက ပါလာတဲ့ဟာပဲ။ ခုတော့ ဒီဟာက မင်းဟာပဲ”

ရဲချင်ဟွမ်က သူ့လက်မောင်းထဲမှ ကျောက်စိမ်း သေတ္တာလေးကို ထုတ်ပြီး ရဲချန်ဖန်ကို ပေးလိုက်လေသည်။

“ကောင်းပြီလေ…”

ရဲချင်ဟွမ် ပြောသမျှကို နားထောင်ပြီးနောက် ရဲချန်ဖန် မျက်ခုံးများ တွန့်သွားမိသည်။ သူ သေတ္တာလေးကို ဖွင့်ကြည့်လိုက်ရာ သစ်သား အပိုင်းအစလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ သစ်သားမှာ တစ်လက်မခန့်သာ ရှည်လျားပြီး အလွန် ကြည့်ကောင်းသော ရွှေအိုရောင်အလင်း ထွက်ပေါ်နေကာ ချောမွေ့သော မျက်နှာပြင်ရှိပြီး သစ်သားနဲ့တူသော ပုံစံမရှိပေ။

ထိုရွှေအိုရောင် သစ်သား အပိုင်းလေးကို သေတ္တာထဲမှ ထုတ်ယူလိုက်ရာ သူနှင့် သွေးချင်းဆက်နွှယ် ပတ်သက်မှု ရှိနေသည်ကို ခံစားမိလိုက်သည်။ သူက ခဏမျှ တုံ့ဆိုင်းနေမိပြီး သူ့လက်ကို ကိုက်ဖောက်ကာ သွေးကို ရွှေအိုရောင် သစ်သားပေါ် ဖိနှိပ်ကြည့်လိုက်သည်။

ရုတ်တရက် ရဲချန်ဖန်သည် အလွန်ပြင်းထန်သော စုပ်ယူမှုက ရွှေအိုရောင် သစ်သားမှ ထွက်လာ သည်ကို ခံစားလိုက်ရပြီး သူ့သွေးများကို လောဘတကြီး စုပ်ယူနေသည်။ မြင်တွေ့ရန် ခက်ခဲသော ရွှေရောင် သွေးတစ်စက်က ရွှေအိုရောင် သစ်သားထဲ ဝင်ရောက်သွားပြီးနောက် ရုတ်တရက်ပင် ရွှေရောင် အလင်းများ ထွက်ပေါ်လာလေသည်။

ထို့နောက် ရွှေအိုရောင် သစ်သားပေါ်တွင် စာလုံး ခုနစ်လုံးက ဝိုးတဝါး ပေါ်လာလေသည်။ အဓိပ္ပာယ်ကား အမြွှာညီနောင်တိုက် အရှေ့ဘက် ငရဲချောက်နက် ဖြစ်လေသည်။

“အမြွှာညီနောင်တိုက် အရှေ့ဘက် ငရဲချောက်နက်လား။ အမြွှာညီနောင်တိုက် အရှေ့ဘက် ငရဲချောက်နက်က ငါ့ဘဝနဲ့ ဘာများ ဆက်စပ်နေမလဲ”

ရဲချန်ဖန် တီးတိုး ရေရွတ်လိုက်မိသည်။

*****

Comment

Leave a Reply

Options

not work with dark mode
Reset