Switch Mode

Chapter – 72

မင်းကို ငါက မျက်လုံးထဲတောင် မထည့်ဘူး

အခန်း (၇၂)
မင်းကို ငါက မျက်လုံးထဲတောင် မထည့်ဘူး

နောက်တစ်ရက် ကြာပြီးနောက် ရဲချန်ဖန်အဆင့်သည် တည်ငြိမ်သွားပြီး သူ၏ နှစ်ဆယ့် ငါးရက်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုမှာ ပြီးဆုံးသွားသည်။

သူ ဆွဲအားဂူနန်းမှ ထွက်လာခိုက် အနက်ရောင် ဝတ်စုံနှင့် မိန်းမပျိုလေးကို တစ်ချက် စောင်းငဲ့ ကြည့်လိုက်မိသည်။ သူမထံမှ ပြင်းထန်လှသော အော်ရာများ ထွက်ပေါ်နေသည်။ သူမ၏ အော်ရာသည် ရဲချန်ဖန်ကိုပင် တုန်လှုပ်စေနိုင်သည်။

“ကောင်းကင်မီးဂိုဏ်းမှာ တကယ့်ပါရမီရှင်တွေ ရှိနေတာပဲ။ ငါဓားတစ်ဝက် အင်အားကို အသုံးပြုရင်တောင် သူမကို မယှဉ်နိုင်လောက်ဘူး”

ရဲချန်ဖန်သည် အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုလေးဆီ အကြည့် လွှဲဖယ်လိုက်ပြီး ဆွဲအားဂူနန်းမှ ထွက်လာခဲ့သည်။

“ဂျီချင်ရွှယ်၊ သူမ ဘာလို့ ငါ့ကို လာရှာတာလဲ”

ရဲချန်ဖန်သည် သူ့ခြံဝင်းဆီကို ပြန်နေစဉ် သူ့စိတ်အာရုံ၌ ဂျီချင်ရွှယ်၏ အော်ရာက သူ့ခြံဝင်း အပြင်တွင် ရှိနေသည်ကို တွေ့ရှိလိုက်သည်။ ဂျီချင်ရွှယ်အပြင် နောက်ထပ် လူသုံးဦးပါ ရှိနေပြီး သူတို့ထဲမှ တစ်ယောက်သည် အဆင့်ခြောက် သားရဲသခင် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

“ဂျီချင်ရွှယ်၊ ရဲချန်ဖန် ထွက်လာပြီး မင်းကို ကူညီမယ်လို့ မျှော်လင့်မနေနဲ့။ သူက အခုဆို သူ့ကိုယ်သူတောင် မကယ်နိုင်တော့ဘူး။ မင်းကိုလည်း မကူညီနိုင်ဘူး”

ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် လူငယ်လေးသည် ချောမော လှပသော ဂျီချင်ရွှယ်ကို ကြည့်ပြီး ပြောလိုက်သည်။ သူ ဂျီချင်ရွှယ်ကို ကြည့်သော အကြည့်တွင် ယုတ်မာ ကောက်ကျစ်မှုများ ပြည့်နှက် နေလေသည်။

“ရှန်းဂွန်းမိသားစုက ဂုဏ်သိက္ခာ ကြီးမားတယ်။ ရှင် အဓိပ္ပာယ်မရှိတာ မလုပ်ပါနဲ့။ မဟုတ်ရင် စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲကို တိုင်ရလိမ့်မယ်”

ရမ္မက်မီးလျှံများ လောင်ကျွမ်းနေသည့် လူငယ်လေး၏ မျက်လုံးများကြောင့် ဂျီချင်ရွှယ် မျက်နှာတွင် သွေးပင် မရှိအောင်ပင် ဖြူဖျော့သွားသည်။

“ငါ့ကိုတိုင်မယ် ဟုတ်လား ဘာကိုတိုင်မှာလဲ”

လူငယ်လေး မျက်နှာက ပြုံးနေပြီး လှောင်ပြောင် အထင်သေးမှုကို အတိုင်းသား မြင်နေရသည်။

“ငါ မင်းကို သဘောကျတယ်။ အဲဒါကြောင့် ငါက မင်းကို ပိုးပန်းတယ်။ စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲက ငါ့ကို ဘာစည်းကမ်းနဲ့ အရေးယူမှာလဲ”

လူငယ်လေးက လှောင်ပြောင်ရင်း မေးလိုက်သည်။

“ဂျီချင်ရွှယ် ငါ အခွင့်အရေး ပေးနေတုန်း လိုက်လျောရင် ကောင်းမယ်။ ငါ့မိန်းမအဖြစ် လိမ်လိမ်မာမာနေပြီး ငါ့ကိုပြုစု အဲဒီလိုဆိုရင် နောက်ဘယ်သူမှ မင်းကို ပြဿနာ လာမရှာရဲ စေရဘူး”

“ရှင်… ရှင် အရှက်ကို မရှိဘူး။ ရှင်ပြောတာတွေကို ကျွန်မ ဘယ်တော့မှ လက်မခံနိုင်ဘူး။ ရှင့်မှာ အသည်းနှလုံးကို မရှိဘူး”

ဂျီချင်ရွှယ်၏ မျက်လုံးများမှာ ပြူးကျယ်နီရဲနေပြီး တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ခါ နေလေသည်။ ရှန်းဂွန်းဟန်သည် အဆင့်ခြောက် သားရဲသခင်ဖြစ်ပြီး ကောင်းကင် တန်ခိုးရှင် စာရင်းတွင် နံပါတ် သုံးဆယ့်ငါး အဆင့်တွင် ရှိနေရာ သူမမှာ ရှန်းဂွန်းဟန်၏ ပြိုင်ဘက် လုံးဝမဟုတ်ချေ။

“ဘာလဲ သဘောမတူဘူးလား”

ရှန်းဂွန်းဟန် မျက်လုံးများက အရောင်ပြောင်းသွားပြီး မျက်နှာမှာ အေးစက်သွားသည်။

“သဘော မတူဘူးဆိုရင် ဘာတွေ ဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့”

ရှန်းဂွန်းဟန်က ကြောက်မက်ဖွယ်ရာ အပြုံးနှင့် ပြောလိုက်သည်။

“ငါတကယ်ကို သိချင်သွားပြီ။ သူမ သဘောမတူရင် ဘာဖြစ်မလဲ”

ဂျီချင်ရွှယ် စကားပြန်ပြောတာကိုပင် မစောင့်တော့ဘဲ ရဲချန်ဖန်၏ အသည်းထဲထိ စိမ့်အောင် အေးစက်နေသော အသံက ရှန်းဂွန်းဟန် နားထဲ ထွက်ပေါ်လာသည်။ ရှန်းဂွန်းဟန်သည် အသံလာရာ ဘက်သို့ ကြည့်လိုက်ရာ ရဲချန်ဖန်မှာ သူတို့ဆီ တစ်လှမ်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

“ရဲချန်ဖန်လား”

ရှန်းဂွန်းဟန်သည် ရဲချန်ဖန် ရောက်ရှိလာမည်ဟု မတွေးထားမိချေ။ တစ်ဆက်တည်းမှာပင် သူသည် ရဲချန်ဖန်၏ ခန္ဓာကိုယ် စွမ်းအားမှ ထွက်လာသော ဖိအားကို စ၍ ခံစားလိုက်ရသည်။ ရှန်းဂွန်းဟန် မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး သူ့မျက်နှာသည် အလေးအနက် ဖြစ်လာသည်။

“မင်းက ဘာလို့ ဒီလောက် ထုံအရတာလဲ။ ငါ မင်းကို မေးနေတယ်။ ပြောစမ်း သူမက သဘောမတူရင် ဘာဖြစ်မလဲ”

ရဲချန်ဖန်က ဂျီချင်ရွှယ်နှင့် ပတ်သက်စရာ မရှိတော့သော်လည်း သူမ အနိုင်ကျင့် ခံနေရသည်ကို လက်ပိုက် ကြည့်မနေနိုင်ပေ။ သူမ အနိုင်ကျင့်ခံရသည့် ကိစ္စမှာလည်း သူနဲ့ပတ်သက် နေသည်ဟု ခံစားနေရသည်။

“ရဲချန်ဖန် မင်းက ကောင်းကင် တန်ခိုးရှင်စာရင်း ဝင်နိုင်တယ်ဆိုပြီး တခြားလူကို မျက်လုံးထဲ မထည့်တော့ဘူး ဟုတ်လား။ ငါကလည်း မင်းကို မျက်လုံးထဲကို မထည့်တာ”

“ငါကလည်း မင်းကို လုံးဝကို ရှိတယ်လို့ စာရင်းမထည့်ဘူး”

ရဲချန်ဖန်သည် နှာခေါင်းရှုံ့လိုက်ပြီး လျှပ်ပြက်သလို လှုပ်ရှားသွားကာ ရှန်းဂွန်းဟန်ကို တိုက်ခိုက် လိုက်သည်။ သူနှင့် ရှန်းဂွန်းဟန်မှာ သုံးမီတာကျော်သာ ကွာဝေးရာ ရဲချန်ဖန် ခန္ဓာကိုယ်စွမ်းအားက ပေါက်ကွဲထွက်လာပြီး ပေါင်နှစ်သောင်း ငါးထောင်ကျော်အားဖြင့် ရှန်းဂွန်းဟန် ရင်ဘတ်ကို ထိုးချလိုက်လေသည်။

ရှန်းဂွန်းဟန်သည် ရဲချန်ဖန် ဤမျှလောက် သတ္တိကောင်းလိမ့်မည်ဟု မတွေးထားမိချေ။ ဂိုဏ်းစည်းမျဉ်းများကို ဂရုမစိုက်ဘဲ သူ့ကို တိုက်ခိုက်လာသမျှကို ကမန်းကတန်း ခုခံလိုက်သည်။

“ဘုန်း…”

လက်သီးနှစ်လုံးက ထိပ်တိုက်တွေ့ဆုံပြီး ကြီးမားသော ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ ပြင်းထန်သော အားက ရှန်းဂွန်းဟန်၏ လက်မောင်းကို ထုံကျင်သွားစေပြီး သွေးများ ထွက်လာ လေသည်။

“ရဲချန်ဖန် မင်း ရူးသွားပြီလား။ မင်း ဂိုဏ်းစည်းကမ်းတွေကို သိသိကြီးနဲ့ ချိုးဖောက်ရဲတယ်။ မင်း ဒဏ်ပေးခံရဖို့ ပြင်ထားပေတော့”

ရှန်းဂွန်းဟန်သည် ဝိညာဉ်စွမ်းအင် ထုတ်လိုက်ရာ သူ့လက်မောင်း ထုံကျင်မှုများ ပျောက်သွားသည်။ ထို့နောက် သူသည် ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်း လိုက်သည်။

“စမှတ်ကြယ် ဖျက်ဆီးကြယ်”

ရဲချန်ဖန်သည် ရှန်းဂွန်းဟန် သတိပေးခြင်းကို ဂရုမစိုက်ဘဲ ဝိညာဉ်စွမ်းအားများ ထုတ်ကာ ထိတ်လန့်ထွေပြား ဝိညာဉ်သိုင်းကို အဆက်မပြတ် အသုံးပြု၍ ရှန်းဂွန်းဟန်ကို တိုက်ခိုက်လိုက်ရာ လေထဲတွင် လက်ညှိုး အရိပ်များစွာ ထွက်ပေါ်လာလေသည်။

“ရဲချန်ဖန် မင်း အခုထိ မရပ်သေးဘူးလား။ မင်းတိုက်ခိုက်တာ မရပ်ရင် ငါပြန်တိုက်မှ အဆိုးမဆိုနဲ့”

ရှန်းဂွန်းဟန်မှာ ရဲချန်ဖန် တိုက်ခိုက်မှုများကို ရှောင်ရှားရင်း ဒေါသတကြီး အော်နေသည်။ ရဲချန်ဖန်က ရုတ်တရက် တိုက်ခိုက်လာသဖြင့် ရှန်းဂွန်းဟန် အဖော်နှစ်ယောက်မှာ အံ့အားသင့် တုန်လှုပ်လျက် ကျောက်ရုပ်များလို ရပ်ကြည့်နေကြသည်။

“အရိပ်မဲ့သိုင်း”

“ရဲချန်ဖန်၊ မင်း သေချင်နေရင် ငါကူညီပေးမယ်”

ရှန်းဂွန်းဟန်က သူ့ကို တရစပ် တိုက်ခိုက်နေသော ရဲချန်ဖန်ကြောင့် ဒေါသ ထိန်းမရတော့ဘဲ ပြန်လည် ကြမ်းတမ်းစွာ တိုက်ခိုက်တော့သည်။ ရှန်းဂွန်းဟန်သည် သူ့ဝိညာဉ်သားရဲ အနက်ရောင် ဝက်ဝံနှင့် ပေါင်းစပ်လိုက်ရာ သူ၏ စွမ်းအားမှာ အလွန် တိုးလာပြီး ညာခြေဖြင့် ရဲချန်ဖန်ကို ကန်လိုက်သည်။

“တိမ်တိုက်ကန်ချက်”

ဝိညာဉ်စွမ်းအင် ပေါင်းထည့်၍ ကန်လိုက်ရာ အလွန် လျင်မြန်ပြီး ကြောက်မက်ဖွယ် အစွမ်းများ ပါဝင်ကာ လေထုပင် တုန်ခါနေပြီး ရဲချန်ဖန်ဆီ တိုးဝင်လာသည်။

“ပေါင်လေးသောင်းကျော် စွမ်းအား”

ရှန်းဂွန်းဟန်၏ အလွန် ကြောက်မက်ဖွယ် ဝိညာဉ်သိုင်းကို ရင်ဆိုင်ရချိန်တွင် ရဲချန်ဖန်သည် မရှောင်တော့ဘဲ ပေါင်လေးသောင်းကျော် စွမ်းအားဖြင့် တုံ့ပြန် တိုက်ခိုက်လိုက်သည်။

“ဘုန်း…”

မိုးခြိမ်းသံကဲ့သို့ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာလေသည်။ ရဲချန်ဖန်မှာ သူ၏ ကြီးမားလှသော ခန္ဓာကိုယ် စွမ်းအင်သုံးကာ ရှန်းဂွန်းဟန်၏ ဝိညာဉ်သိုင်းကို ခုခံလိုက်လေသည်။ ပေါက်ကွဲမှုမှာ အလွန် ပြင်းထန်သဖြင့် ဂျီချင်ရွှယ်နှင့် ရှန်းဂွန်းဟန်၏ အဖော်များသည် နောက်ဆုတ်၍ ရှောင်တိမ်း လိုက်ရလေသည်။

“ဘာလဲ…”

ရဲချန်ဖန်သည် ရှန်းဂွန်းဟန်၏ ဝိညာဉ်သိုင်း ကန်ချက်ကို လက်ဖြင့် အသာအယာ ခုခံလိုက်ရာ ရှန်းဂွန်းဟန်နှင့် ကျန်လူအားလုံးက အလွန် တုန်လှုပ်သွားကြသည်။

ကောင်းကင် တန်ခိုးရှင်စာရင်း သုံးဆယ့်ငါးအဆင့်ကို ရောက်ရှိနေသူ ရှန်းဂွန်းဟန်က သူ့အစွမ်းကို အလွန် ယုံကြည်သူဖြစ်ရာ ယခု သူ လုံးဝကို မယုံကြည်နိုင် ဖြစ်နေသည်။

တစ်လပင် မပြည့်သော အချိန်တို အတွင်းမှာပင် ရဲချန်ဖန်က သူ့ကို တုံ့ပြန် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ရှန်းဂွန်းဟန် အံ့သြမှင်သက်နေစဉ် ရဲချန်ဖန်မှာ သူ၏အရှေ့မှ ပျောက်ကွယ် သွားလေသည်။

ရုတ်ခြည်းပင် ရှန်းဂွန်းဟန်သည် နောက်ကျောတွင် အန္တရာယ် ရှိနေသည်ကို ခံစားလိုက်ရသည်။ ရှန်းဂွန်းဟန်သည် ချက်ချင်း ရှောင်တိမ်းပြီး ဝိညာဉ်လက်နက်ကို ထုတ်ယူလိုက်သည်။

ရှန်းဂွန်းဟန် ရှောင်တိမ်းလိုက်ချိန်တွင် ရဲချန်ဖန်လက်က သူ့လည်ပင်းကို လာထိမှန်သည်ဟု ခံစားလိုက်ရပြီး ခုခံမှုမှာ ပျက်ပြယ်သွားသည်။ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းခံလိုက်ရပြီး ရဲချန်ဖန်က ရှန်းဂွန်းဟန်ကို ကိုင်မြှောက်ကာ မြေကြီးပေါ် ကိုင်ရိုက်လိုက်ရာ မြေပေါ်တွင် ကြီးမားသော ချိုင့်ရာကြီး ဖြစ်ပေါ်လာလေသည်။

ရှန်းဂွန်းဟန်မှာ အံ့အားသင့်ပြီး ဘာမှမလုပ်နိုင်ခင် သူ့ခြေထောက်ကို ရဲချန်ဖန်က ကိုင်မြှောက် လိုက်ပြီး ကြမ်းတမ်းစွာ လေထဲ ကိုင်မြှောက် လိုက်လေသည်။ ရှန်းဂွန်းဟန် လေပေါ် မြောက်တက် သွားပြီးနောက် အရှိန်ပြင်းထန်စွာ မြေကြီးနှင့် ရိုက်မိသွားပြန်သည်။ သွေးအများအပြား မြေပေါ်တွင် ပေကျံနေပြီး သူ့ခန္ဓာကိုယ်မှာလည်း အလွန်နာကျင်သွားသည်။

“ရပ်… ရပ်ပါတော့”

နာကျင်မှုကြောင့် ရှန်းဂွန်းဟန် အလွန် ကြောက်လန့်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။

“မင်း မရပ်ဘူးဆိုရင် ငါ စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲကို တိုင်ရလိမ့်မယ်”

ရှန်းဂွန်းဟန်က ကြောက်ကြောက်နှင့် ခြိမ်းခြောက်လိုက်သည်။

“တိုင်မယ် ဟုတ်လား ဒီနေ့ ဒီကိစ္စဖြစ်ရတဲ့ အကြောင်းက မင်းစတာလေ။ မင်းက တရားခံပဲ။ ငါက ပြန်ကာကွယ် ခုခံတာ”

“စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲက မင်းပြောသမျှကို ယုံမယ် ထင်နေတာလား”

ရှန်းဂွန်းဟန်က ဒေါသတကြီး ပြန်တုံ့ပြန်လိုက်သည်။

“စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲက ယုံယုံ မယုံယုံ မင်း မှတ်ထားရမှာ ရှိတယ်။ ဒီကိစ္စကို စုံစမ်းရင် အရင်ဆုံး ခံရမှာက ငါမဟုတ်ဘူး။ ပြီးတော့ ကောင်းကင်မီးဂိုဏ်းက အသုံးမကျတဲ့ လူတွေကို အကာအကွယ် ပေးမယ်ထင်နေလား”

ရဲချန်ဖန်က နှာခေါင်းရှုံ့ပြီး အထင်သေးစွာ ပြောလိုက်လေသည်။

“မင်း…”

ရှန်းဂွန်းဟန်က ပြန်ပြောချင်သော်လည်း ရဲချန်ဖန် ပြောသမျှက အမှန်ပင်။ ရဲချန်ဖန် ပါရမီကို ကောင်းကင်မီး ဂိုဏ်းခေါင်းဆောင်ပင် သတိပြုမိနေပြီ ဖြစ်သည်။ တကယ်တိုင်ပါက နောက်ဆုံး ခံရမည့်သူက သူဖြစ်ဖို့များသည်။

“မင်းက တကယ်ရက်စက်တဲ့ ကောင်ပဲ”

ရှန်းဂွန်းဟန်က ဒေါသကို မျိုသိပ်လိုက်ရပြီး သူ့အဖော်နှစ်ယောက် အကူအညီဖြင့် အရှက်တကွဲ ပြန်သွားရသည်။

*****

Comment

Leave a Reply

Options

not work with dark mode
Reset