အခန်း (၇၁)
အဆင့်သုံး သားရဲသခင်
“ရဲချန်ဖန်က အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်သွားတာ တစ်နာရီ ရှိနေပြီ။ သူဆက်ပြီး ဆက်ကျင့်ကြံ နေတုန်းပဲ။ ဒါမယုံနိုင်စရာပဲ”
အနက်ရောင် ဝတ်စုံနှင့် အကြီးအကဲက ဤမျှလောက် ရဲချန်ဖန် တောင့်ခံနိုင်မည်ဟု မထင်ထားပေ။ သူက ဆွဲအားဂူနန်း အပြင်မှနေ၍ ရဲချန်ဖန် လှုပ်ရှားမှု မှန်သမျှကို အလင်းကြေးမုံမှ တစ်ဆင့် စောင့်ကြည့် နေလေသည်။ ရဲချန်ဖန် ခံနိုင်ရည်မရှိဘဲ မတော်တဆ ဖြစ်ပွားလျှင် အဆင့်သင့် ကယ်တင်နိုင်ရန် စောင့်ကြည့်နေခြင်း ဖြစ်သည်။ ရဲချန်ဖန်က ဘုန်းကြီးအိုကဲ့သို့ အလွန်ပြင်းထန်သော ဖိအားအောက်တွင် တရားထိုင်နေသည်။
“ကြည့်ရတာ ငါတို့ ကောင်းကင်မီး ဂိုဏ်းမှာ မဟာပါရမီရှင် ထွက်ပေါ်လာပြီနဲ့ တူတယ်”
အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲက ချီးကျူးသည့် အပြုံး ပြုံးလိုက်လေသည်။ သူသည် ရဲချန်ဖန် အန္တရာယ် ဖြစ်လာမည်ကို စိုးရိမ်ခြင်း မရှိတော့ပဲ ထွက်ခွာသွားသည်။
ရဲချန်ဖန်သည် အားတင်း၍ လေ့ကျင့်နေသော်လည်း သူ့ခန္ဓာကိုယ်က အလွန်တရာ ပြင်းထန်သော နာကျင်မှုက ခံစားနေရသည်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများသည် အလွန် ပြင်းထန်သော ဖိအားကြောင့် အပိုင်းပိုင်း ပြတ်ထွက်နေသည်။ သူ၏ ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်ကလည်း အကြိမ်ကြိမ် ပြုပြင်နေလေသည်။
စုတ်ပြဲခြင်းနှင့် ပြန်ပြုပြင်ခြင်း သံသရာကြားတွင် ရဲချန်ဖန် ခန္ဓာကိုယ် စွမ်းအားမှာ တဖြည်းဖြည်း တိုးတက်လာသည်။ သူသည် အပြင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် ဆေးစွမ်းဖြင့် ကိုယ်တွင်း အစိတ်အပိုင်းများကို ဖိအားပေး သန်မာအောင် လေ့ကျင့်ခြင်းကြောင့် နာကျင်မှု ပိုမိုခံစားရစေသည်။
အလွန်ပြင်းထန်သော ဖိအားနှင့်အတူ ဆေးစွမ်းက ရဲချန်ဖန် ကိုယ်တွင်း အင်္ဂါများဆီ ဝင်ရောက်သွားတိုင်း သူသေချင်စိတ် ပေါ်အောင် ခံစားရသည်။ ဆေးစွမ်းက ကိုယ်တွင်း အင်္ဂါများထဲ ပိုပို၍ များပြားလာပြီး သူ့ကိုယ်တွင်း အင်္ဂါများကို သန်မာအောင် ပြုပြင်ပေးနေသည်။
ရဲချန်ဖန်၏ ယခုလို လေ့ကျင့်နည်းမျိုးသည် အလွန်အန္တရာယ် များသည်ဟု ပြောနိုင်သည်။ သူ့သွေးများသည် ဝံပုလွေအဆင့်သာ ရောက်မနေလျှင် သို့မဟုတ် သူ့သန္နိဋ္ဌာန်ကသာ မခိုင်မာလျှင် သူသည် အချိန်တို ခဏလေးအတွင်းမှာ သေဆုံးသွားနိုင်သည်။
ရဲချန်ဖန် ချွေးပေါက်များ မှတစ်ဆင့် မသန့်စင်သော သွေးများသည် တဖြည်းဖြည်းချင်း စီးစိမ့်ထွက်နေပြီး သူ၏ ကြွက်သားများမှာ တဖြည်းဖြည်းချင်း ပြောင်းလဲနေသည်။
“အင်း… သူ တကယ်တောင့်ခံ နိုင်တာပဲ”
အနက်ရောင်ဝတ်စုံနှင့် မိန်းမချောလေးက ရဲချန်ဖန်လို အဆင့်နှစ် သားရဲသခင် အဆင့် အစွမ်းဖြင့် ခုနစ်ရက်တိုင်တိုင် ဖိအားကို တောင့်ခံနိုင်မည်ဟု မထင်ထားခဲ့ပေ။ သူမ၏ ချောမောသော မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ထွက်ပေါ်နေလေသည်။
သူမပင် အဆင့်သုံး သားရဲသခင် အဆင့်ဖြင့် အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်ရောက် လေ့ကျင့်ရဲမည် မဟုတ်ပေ။ သို့သော် ရဲချန်ဖန်က အဆင့်နှစ် သားရဲသခင် အဆင့်အစွမ်းဖြင့် ခုနစ်ရက်တိုင်တိုင် ဖိအားကို တောင့်ခံနိုင်လေသည်။ ထို့ကြောင့် သူမက ရဲချန်ဖန်ကို တော်တော်လေး စိတ်ဝင်စား သွားမိသည်။
အချိန် ကုန်လာသည်နှင့်အမျှ ကြိုးစား တောင့်ခံနေသော ရဲချန်ဖန်သည် နာကျင်မှုကို သည်းခံ လာနိုင်ပြီး ဗလာနယ်ပယ်ထဲ ဝင်ရောက်သွားသည်။ (ဗလာနယ်ပယ် ဆိုသည်မှာ လက်ရှိ ဖြစ်ပျက်နေသည့် ခံစားမှုများကို မေ့ပျောက်သွားပြီး အေးချမ်းသော စိတ်အာရုံနယ်မြေ ဖြစ်သည်။)
ရှစ်ရက် ကုန်လွန်သွားပြီးနောက် ရဲချန်ဖန်၏ ကိုယ်တွင်းအင်္ဂါများက ဆေးစွမ်းကြောင့် အလွန် သန်မာလာပြီး မသန့်စင်မှုများလည်း ချွေးပေါက်မှတစ်ဆင့် ခန္ဓာကိုယ်အပြင် စီးထွက်သွားသည်။ သူ့ကိုယ်တွင်း အင်္ဂါများမှ နှစ်ဆယ် ရာခိုင်နှုန်းခန့်သည် သန်မာ ပြောင်းလဲသွားပြီ ဖြစ်သည်။
ရဲချန်ဖန်သာ အဆင့်ကိုး ဆေးစွမ်းကို အဆင့်သုံး သားရဲသခင်အဆင့် တက်ရန် ကြိုးစားခဲ့ပါက အဆင့်တက်ရန် မျှော်လင့်ချက်ရှိသည်။ သို့သော် ရဲချန်ဖန်က ဆေးစွမ်းကို ကောင်းကင် ခန္ဓာကျင့်စဉ် အတွက် အသုံးပြုခဲ့ရာ သူ့ကိုယ်တွင်း အင်္ဂါများက နှစ်ဆယ် ရာခိုင်နှုန်းခန့်သာ ပြောင်းလဲသွားသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ကိုယ်တွင်းအင်္ဂါများ သန်မာအောင် လေ့ကျင့်ရန်မှာ မလွယ်ကူကြောင်း မြင်တွေ့နိုင်သည်။
“ပေါင်နှစ်သောင်းကျော် စွမ်းအား”
ရဲချန်ဖန်က သူ့ခန္ဓာကိုယ် စွမ်းအား အပြောင်းအလဲကို ခံစားနေရင်း သူ့ခန္ဓာကိုယ် စွမ်းအားမှာ ပေါင်တစ်သောင်း ငါးထောင်ကျော်မှ ပေါင်နှစ်သောင်းထိ တိုးလာကြောင်း အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ သူ နောက်တစ်ခါ တိုက်ခိုက်ရာတွင် အစွမ်းများ အလွန် တိုးတက်လာမည်ဟု ပြောလို့ ရနိုင်သည်။
ရဲချန်ဖန်က ဆယ်ရက်ပြည့်ရန် နှစ်ရက်လိုချိန်တွင် ဆက်မလေ့ကျင့်တော့ဘဲ ခက်ခက်ခဲခဲ ထရပ်ပြီး ဆွဲအားဂူနန်းထဲမှ ထွက်လိုက်သည်။ ရဲချန်ဖန် ထွက်သွားချိန်တွင် မှောင်ရိပ်ကျနေသော ထောင့်လေးတွင် လေ့ကျင့်နေသော အနက်ရောင်ဝတ်စုံနှင့် မိန်းမချောလေး၏ မျက်လုံးများ ပွင့်လာကာ ရဲချန်ဖန်ကို တစ်ချက်ကြည့်ပြီး ပြန်လေ့ကျင့်နေသည်။
ဆွဲအားဂူနန်းထဲမှ ထွက်လိုက်ပြီးနောက် ရဲချန်ဖန်က သူ့တစ်ကိုယ်လုံးတွင် စွမ်းအားများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။ ဆွဲအားဂူနန်းထဲရှိ ဖိအားက သူ့ဝိညာဉ် စွမ်းအင်များကိုလည်း တစ်ဝက်နီးပါး ဖိနှိပ်ထားရာ သူသည် ဆွဲအားဂူနန်း၏ အကျိုးကျေးဇူးကို ပိုမိုသဘောပေါက် သွားသည်။ ထို့ကြောင့် ရဲချန်ဖန်က ဆွဲအားဂူနန်းထဲတွင် ဆက်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
“ရဲချန်ဖန် မင်းအစောကြီး ထွက်လာတာပဲ။ မင်း ဆက်မတောင့်ခံ နိုင်တော့ဘူးလား”
အကြီးအကဲက ဆွဲအားဂူနန်းထဲမှ ရဲချန်ဖန်က နှစ်ရက်စော၍ ထွက်လာသည်ကို တွေ့ပြီး အပြုံးနှင့် မေးလိုက်လေသည်။ သူက ထိုသို့ ပြောလိုက်သော်လည်း ရဲချန်ဖန်လို ဒုတိယအဆင့် သားရဲသခင်က ဆွဲအား ဂူနန်းထဲတွင် ရှစ်ရက်တိတိ တောင့်ခံခဲ့သည်မှာ ကောင်းကင်မီး ဂိုဏ်း၏ စံချိန်သစ် ဖြစ်ကြောင်း သိနေသည်။
“မခံနိုင်တာ မဟုတ်ဘူး။ ကျွန်တော် ဆွဲအားဂူနန်းထဲ နောက်ထပ် ဆယ့်ငါးရက် လေ့ကျင့်မလို့”
ရဲချန်ဖန်သည် ဝိညာဉ်ကျောက်တုံး ခုနစ်ရာ့ငါးဆယ်ကို ထုတ်ပြီး အကြီးအကဲကို ပေးလိုက်သည်။
“နောက်ထပ် ဆယ့်ငါးရက်လား။ မင်း တကယ် ဆွဲအား ဂူနန်းထဲက ဖိအားကို ခံနိုင်တာလား”
အကြီးအကဲမှာ အလွန် အံ့အားသင့်သွားပြီး ရဲချန်ဖန်ကို လူထူးဆန်း တစ်ယောက်လို ကြည့်နေမိသည်။
“ပြောရရင် ကျွန်တော် အဆင့်ခုနစ် ဆွဲအားနယ်မြေထဲမှာ နည်းနည်း ကျင့်သားရလာပြီ”
“ဟုတ်ပြီ… မင်း ဆက်ပြီး လေ့ကျင့်နိုင်တယ်”
အကြီးအကဲက ရဲချန်ဖန်ကို ထပ်ခါတလဲလဲ ကြည့်ရှု အကဲခတ်နေသည်။ ရဲချန်ဖန်သည် အဆင့် မတက်သေးသော်လည်း ခန္ဓာကိုယ်စွမ်းအား တိုးတက်လာသည်ကို အကြီးအကဲ သတိပြုမိ လိုက်သည်။ အကြီးအကဲသည် ရဲချန်ဖန်လို ဒုတိယအဆင့် သားရဲသခင်က ဘယ်လိုလုပ်၍ ခံနိုင်ရည်စွမ်းအား ဤမျှလောက် မြင့်မားနေသည်ကို စဉ်းစားလို့ မရနိုင် ဖြစ်နေသည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ”
ထို့နောက် ရဲချန်ဖန်က ဆွဲအားဂူနန်းထဲရှိ အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ပြန်ဝင်လာခဲ့သည်။
“သူက ဘာလို့ ပြန်ဝင်လာရတာလဲ”
ဝတ်စုံနက်နှင့် မိန်းမချောလေးက ခုနလေးတင် ထွက်သွားသော ရဲချန်ဖန်က ပြန်ဝင် လာသည်ကို ကြည့်ပြီး သူမမျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ထွက်ပေါ် လာသည်။
ဝတ်စုံနက်နှင့် မိန်းမချောလေးက သူ့ကို တိတ်တဆိတ် အကဲခတ်နေသည်ကို ခံစားမိပြီး ရဲချန်ဖန်က သူမကို ပြုံးပြလိုက်လေသည်။ ထို့နောက် အဆင့်ကိုးဆေး နောက်တစ်လုံးကို ထုတ်ယူပြီး မျိုချလိုက်ရာ ပြင်းထန်လှသော နာကျင်မှုနှင့်အတူ ဆေးစွမ်း ထွက်ပေါ်လာသည်။ ရဲချန်ဖန်က ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်ကို ဆက်လေ့ကျင့်တော့သည်။
အချိန် ကြာလာသည်နှင့်အမျှ ရဲချန်ဖန် ဆေးစွမ်းကို တိုးတိုး၍ စုပ်ယူနေပြီး ကိုယ်တွင်း အင်္ဂါများသည် ပိုမို၍ သန်မာလာသည်။ သူ့ခန္ဓာကိုယ် စွမ်းအားမှာ ပိုတိုးတက်လာပြီး သူ့အရေပြားပေါ်တွင် ပါးလွှသော ချီအလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုချီအလွှာသည် ပြင်းထန်သော ဖိအားကို သူ့ကိုယ်စား ခုခံကူညီပေးနေသည်။
ဆယ့်နှစ်ရက် ကြာပြီးနောက် ရဲချန်ဖန် ပြင်းထန်သော ဖိအားကို အသုံးချပြီး နောက်တစ်ကြိမ် အဆင့်ကိုး ဆေးလုံးကို မျိုချလိုက်လေသည်။ သူသည် ဆေးလုံး၏ အစွမ်းကို ကိုယ်တွင်း အင်္ဂါများထဲသို့ စုပ်ယူပြီး သွားချိန်တွင် ကိုယ်တွင်း အင်္ဂါများ၏ လေးဆယ် ရာခိုင်နှုန်းခန့် ပြောင်းလဲသွားကာ ကိုယ်ခန္ဓာ စွမ်းအားမှာ ပေါင်နှစ်သောင်း ငါးထောင်အထိ တိုးတက်လာသည်။
သူ့အဆင့်သည်လည်း တိုးတက်လာနေပြီး သူမသိလိုက်ခင်မှာပင် နောက်တစ်ဆင့် တက်ရန် လက်တစ်ကမ်း အကွာသို့ ရောက်ရှိလာလေသည်။ ရဲချန်ဖန်၏ ပိတ်နေသော မျက်လုံးက ပွင့်လာပြီး အသက်ရှူနှုန်းမှာ အလွန်ငြိမ်သက်လာသည်။
သူသည် ကိုယ်တွင်းအင်္ဂါများ သန်မာစေခြင်း အဆင့်အသေး တစ်ဆင့်ကို အောင်မြင်သွားပြီ ဖြစ်သည်။ အကယ်၍ ရဲချန်ဖန်သာ ကိုယ်တွင်း အင်္ဂါများ သန်မာစေခြင်း အမြင့်ဆုံး အဆင့်အထိ အောင်မြင်သွားပါက အလွန် ကြောက်မက်ဖွယ် အစွမ်းကို ရရှိလာမည် ဖြစ်သည်။
“ငါ ကိုယ်တွင်း အင်္ဂါတွေကို ငါးဆယ် ရာခိုင်နှုန်းအထက် သန်မာအောင် လေ့ကျင့်ဖို့က အချိန်တိုအတွင်း မဖြစ်နိုင်ဘူး”
ရဲချန်ဖန်တွင် နောက်ထပ် အဆင့်ကိုးဆေးလုံး ရှိသေးသော်လည်း သူက ဆေးနှစ်လုံးကို ဆက်တိုက် စုပ်ယူထားသဖြင့် သူ့ခန္ဓာကိုယ်က ဆေးယဉ်သွားပြီ ဖြစ်သောကြောင့် ဆေးစွမ်းမှာ တိုးတော့မည် မဟုတ်ပေ။ ထို့ကြောင့် အဆင့်ရှစ် ဆေးလုံးကို ထုတ်ယူလိုက်ပြီး တတိယအဆင့် သားရဲသခင် အဆင့်ကို တက်ရောက်ရန် ပြင်ဆင်လိုက်သည်။
ရဲချန်ဖန်က အဆင့်တက်ရန် လက်တစ်ကမ်းသာ လိုတော့ရာ သူ့အနေဖြင့် အဆင့်တက်ရန် အလျင်လိုခြင်း မရှိပေ။ သူ၏အခြေခံ ခိုင်မာမှုကသာ အရေးကြီးသဖြင့် အဆင့်ကို အစွမ်းကုန် ဖိနှိပ်ထား လိုက်သည်။
နောက်ဆုံးတွင် ရဲချန်ဖန်က အဆင့်ခုနစ် ဆွဲအားနယ်မြေ၏ ဖိအားကို အသုံးပြု၍ ဆေးစွမ်းကို စုပ်ယူနေရာ ဆယ့်ခြောက်ရက် မြောက်တွင် ဝိညာဉ်စွမ်းအင်များ ပြည့်လျှံလာပြီး သွေးဥတွင် အက်ရာတစ်ခုက ထပ်မံပေါ်လာသည်။ ထို့နောက် သဘာဝအတိုင်း တတိယအဆင့် သားရဲသခင် အဆင့်ကို ရောက်ရှိ သွားလေသည်။
*****