အခန်း (၇၀)
ကြောက်စရာကောင်းသည့် မိန်းမပျိုလေး
မှောင်မိုက်သော ညတွင် ရေတွက်မရနိုင်သော ကြယ်များသည် ကောင်းကင်၌ လင်းလက်နေပြီး လနတ်မင်းကို ဝန်းရံ ခစားနေသည့်နှယ် ရှိနေသည်။ ၎င်းတို့မှာ အကန့်အသတ် မရှိသော ကြယ်တာရာ ပင်လယ်ကြီးထဲတွင် အဆုံးအစမရှိ မျက်စိတစ်ဆုံး လင်းလက် နေလေသည်။
နာရီအနည်းငယ် အသက်ရှူ လေ့ကျင့်ပြီးနောက် ရဲချန်ဖန်၏ ကုန်ခန်းသွားသော ဝိညာဉ် စွမ်းအင်များ ပြန်ပြည့်ဖြိုးလာပြီး ဒဏ်ရာများကလည်း သက်သာလာသည်။
“ငါအခု ကောင်းကင်ဝိညာဉ် မှော်အစီအရင် စတုတ္ထနယ်မြေကို ထပ်ဝင်ရင် ဘယ်လိုနေမလဲ မသိဘူး”
သူ့အစွမ်းများ အမြင့်ဆုံး အနေအထားသို့ ပြန်ရောက်လာရာ တစ်ကိုယ်လုံးတွင် စွမ်းအင်များ ပြည့်နှက်နေသည်။ ကောင်းကင်ဝိညာဉ် မှော်အစီအရင်ထဲတွင် အသက်လုတိုက်ပွဲများ ဆင်နွှဲခဲ့သဖြင့် သူ့ကိုယ်ထဲ ကျန်ရစ်နေသော ဆေးအဆိပ်များက လုံးဝ ပျက်ပြယ်သွားလေသည်။ အဆင့်ကိုး ဆေးလုံးကို သောက်သုံးပါက အစွမ်းအထက်ဆုံး ဆေးစွမ်းကို စုပ်ယူနိုင်ပေလိမ့်မည်။
သူ စားသောက် ဗိုက်ဖြည့် လိုက်ပြီးနောက် ညအလင်းရောင် အောက်တွင် ဆွဲအားဂူနန်းဆီ သွားနေသည်။ ရဲချန်ဖန်သည် ဆွဲအားဂူနန်းကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်ပြီး ဝိညာဉ်စုဆောင်း မှော်အစီအရင်ကို ရွေးချယ်ခြင်း မပြုပေ။
သူက ဆွဲအားဂူနန်း၏ အလွန် ပြင်းထန်လှသော ဖိအားကို အသုံးပြုပြီး အဆင့်ကိုး ဆေးလုံး၏ ဆေးစွမ်းကို အမြင့်ဆုံး အနေအထားကို ရောက်ရှိစေပြီး သူ့အတွင်းပိုင်း ကလီစာတွေကို သန်မာအောင် လေ့ကျင့်ရာတွင် အထောက်အကူ ပြုစေရန် မျှော်လင့်ထားသည်။
သူ၏ ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် တတိယအဆင့် ရောက်အောင် အတွင်းပိုင်း ကလီစာများကို သန်မာအောင် လေ့ကျင့်ရပေမည်။
“အကြီးအကဲခင်ဗျား ကျွန်တော် ဆွဲအားဂူနန်းရဲ့ အဆင့်ခုနစ် ဆွဲအားနယ်မြေထဲမှာ လေ့ကျင့် ချင်ပါတယ်”
ရဲချန်ဖန်က ဆွဲအားဂူနန်းဆီ ညအချိန်မှ သွားလိုက်သော်လည်း ဆွဲအား ဂူနန်းရှေ့တွင် စောင့်ကြပ်နေသော အနက်ရောင် ဝတ်စုံနှင့် အကြီးအကဲကို တွေ့ရသဖြင့် သူ့ရည်ရွယ်ချက်ကို ပြောလိုက်သည်။
“အဆင့်ခုနစ် ဆွဲအားနယ်မြေလား”
အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲသည် အံ့သြသင့်သွားပြီး ရဲချန်ဖန်ကို သေချာ အကဲခတ်ကာ အလေးအနက် သတိပေးလိုက်သည်။
“လူငယ်လေး ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးမနေနဲ့။ မင်းရဲ့ သားရဲသခင် အဆင့်နှစ်နဲ့ဆို အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ သွားလေ့ကျင့်တာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ မခြားဘူး”
“အကြီးအကဲခင်ဗျား ကျွန်တော် အဆင့်ခုနစ် ဆွဲအားကို ခုခံနိုင်မယ်လို့ ယုံကြည်ချက် ရှိပါတယ် ခင်ဗျား”
ရဲချန်ဖန်၏ ဝိညာဉ်စွမ်းအားမှာ အရမ်းအဆင့် မမြင့်သော်လည်း ခန္ဓာကိုယ် စွမ်းအားမှာမူ အလွန်မြင့်မားသော အနေအထားကို ရောက်ရှိနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်၏ ခံနိုင်ရည်သည် သာမန် မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်များထက်ပင် မြင့်မားနေပြီးဖြစ်သည်။
“မရဘူး။ မင်း ပြဿနာ မရှာနဲ့။ မင်းအစွမ်းနဲ့ဆို အဆင့်တစ် သို့မဟုတ် အဆင့်နှစ် ဆွဲအား နယ်မြေလောက်ပဲ ဝင်လို့ရမယ်”
အကြီးအကဲက လုံးဝ လက်မခံချေ။ ထို့ကြောင့် ခပ်ပြတ်ပြတ်ပင် ငြင်းနေလေသည်။
“ရဲမောင်လေး မင်းအခုပဲ ကောင်းကင် တန်ခိုးရှင် စာရင်းထဲ ရောက်တယ်။ ခုဆွဲအားဂူနန်းမှာ လာလေ့ကျင့်နေပြီ။ မင်းက အရမ်းကြိုးစားတာပဲ”
ရဲချန်ဖန် ဆွဲအားဂူနန်း၏ အကြီးအကဲကို အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်ခွင့်ပြုရန် မည်သို့ နားချရမည်မှန်းမသိ ဖြစ်နေစဉ် အနက်ရောင် လေ့ကျင့်ရေး ဝတ်စုံနှင့် ခန္ဓာကိုယ် လုံးကြီးပေါက်လှနှင့် မိန်းမချောလေး တစ်ယောက် ဆွဲအားဂူနန်းထဲ ဝင်လာပြီး ရဲချန်ဖန်ကို နှုတ်ဆက်လိုက်သည်။ သူမကား ဖန်ရှောင်ရှောင်း ဖြစ်သည်။
“မင်းက အဲဒီရဲချန်ဖန်လား”
ဖန်ရှောင်ရှောင်း၏ နှုတ်ဆက်လိုက်သံ ကြားပြီး ဝတ်စုံနက်နှင့် အကြီးအကဲက မျက်ခုံးများ ပင့်သွားပြီး ရဲချန်ဖန်ကို ကြည့်သည့် အကြည့်မှာလည်း ပြောင်းလဲသွားသည်။ သေချာသည်။ သူလည်း ရဲချန်ဖန်၏ အောင်မြင်မှုများကို ကြားဖူးထားပြီး မယုံနိုင်ပင် ဖြစ်ခဲ့ဖူးသည်။
“ဟုတ်တယ်။ အကြီးအကဲက ကျွန်တော် အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်လေ့ကျင့်ဖို့ အတွက် ခွင့်ပြုပေးဖို့ ခွင့်တောင်းပါတယ်”
ရဲချန်ဖန်က ထပ်မံ၍ အသနားခံလိုက်သည်။
“ဆွဲအားဂူနန်းက နယ်မြေခုနစ်ခုပဲ ရှိတာ။ ဟုတ်တယ် ရဲမောင်လေး ဆွဲအားဂူနန်းက အရမ်း ကြောက်ဖို့ကောင်းတယ်။ သူ့ဖိအားက ပထမအဆင့် မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်ကို သေစေ နိုင်တယ်။ ခေါင်းမာပြီး တစ်ဇွတ်ထိုး မလုပ်ပါနဲ့ မောင်လေး”
“ကျွန်တော်က ခေါင်းမာ တစ်ဇွတ်ထိုးဆန်တဲ့ လူနဲ့တူလို့လား”
ရဲချန်ဖန်သည် ရုတ်တရက် ဘာပြောရမှန်း မသိပင် ဖြစ်သွားပြီး အပြုံးနှင့် ပြန်မေးလိုက်သည်။
“မင်း တကယ် အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်လေ့ကျင့်ဖို့ ဆုံးဖြတ် ထားတာလား”
ရဲချန်ဖန်၏ ယုံကြည်မှု အပြည့်ရှိသော ပုံကိုကြည့်ပြီး ဂိုဏ်းခေါင်းဆောင်ဆီမှ စာကိုတွေးမိပြီး ဝတ်စုံနက် အကြီးအကဲက သေချာအောင် မေးလိုက်သည်။
“ဟုတ်ပါတယ် အကြီးအကဲ။ ခွင့်ပြုပေးပါ”
ရဲချန်ဖန်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ မင်းက အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်လေ့ကျင့်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ ငါ မင်းကို ခွင့်ပြုပေးမယ်။ ဒါပေမဲ့ မင်းမှတ်ထားရမှာက ဒီဆွဲအားဂူနန်းက တခြားနေရာတွေနဲ့ မတူဘူး။ ဒီမှာလေ့ကျင့်ရင် အန္တရာယ် အရမ်းများတယ်။ မင်း တောင့်မခံနိုင်ရင် ခေါင်းမမာနဲ့။ မဟုတ်ရင် အသက် အန္တရာယ်ရှိတယ်”
အကြီးအကဲက ထပ်မံ သတိပေးလိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော့်အသက်ကို အပျော်အပြက် မလုပ်ပါဘူး”
“အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်လေ့ကျင့်ခွင့် အတွက် တစ်ရက်ကို ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးရမယ်။ မင်း ဘယ်နှရက် လေ့ကျင့်ချင်လဲ”
အကြီးအကဲက မေးလိုက်သည်။
“ကျွန်တော် ဆယ်ရက် လေ့ကျင့်မှာပါ”
ရဲချန်ဖန်က ခဏ စဉ်းစားလိုက်ပြီး ဝိညာဉ်ကျောက်တုံး ငါးရာကို အကြီးအကဲထံ ပေးလိုက် သည်။
“ဆယ်ရက်လား”
ရဲချန်ဖန် ပြောတာကြားပြီး ဖန်ရှောင်ရှောင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ အဆင့်ခုနစ် ဆွဲအား နယ်မြေထဲတွင် ဆယ်ရက်ခန့် လေ့ကျင့်ပါက မည်သို့ဖြစ်မည်ကို သူမ မတွေးရဲချေ။ သူမ ဆိုပါက ခန္ဓာကိုယ်တစ်ခုလုံး စေ့စေ့ညက် ကြေသွားမလားပင်။
“ဖန်ရှောင်ရှောင်း .. မင်းက ဒီမှာ ခဏစောင့်ဦး။ ရဲချန်ဖန် မင်းက ငါနဲ့လိုက်ခဲ့”
အကြီးအကဲက ဖန်ရှောင်ရှောင်းကို လှည့်ပြောလိုက်ပြီးနောက် ရဲချန်ဖန်ကို ညှို့မှိုင်း အုံ့ဆိုင်းနေသော ကျောက်တုံးလမ်းထဲ ခေါ်ဆောင်သွားရာ တစ်မိနစ်ခန့် ကြာသောအခါ ဆွဲအားဂူ အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။
“အစစအရာရာ ဂရုစိုက်။ ခေါင်းမမာနဲ့”
အကြီးအကဲက စိတ်မချဖြစ်နေပြီး ထပ်မံ သတိပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ကျွန်တော် သတိထားပါမယ်”
ထို့နောက် သူအသက်ဝအောင် ရှူလိုက်ပြီး အရှေ့တွင်ရှိနေသော အလင်းတံခါးကို ဖြတ်ပြီး အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်ရောက်လိုက်သည်။
အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်လိုက်ပြီးနောက် အထဲရှိ အလင်းမှာ မီးခိုးရောင်ကဲ့သို့ ခပ်မှိန်မှိန် လင်းနေသည်။ သူ လေ့လာ အကဲခတ်လို့ မပြီးသေးခင် အလွန် ကြောက်စရာကောင်းသော ဖိအားကို ခံစားလိုက် ရသည်။
ဖိအားက သူ့တစ်ကိုယ်လုံးပေါ် ကျရောက်လာလေသည်။ မမျှော်လင့်ဘဲ ရဲချန်ဖန် ခြေထောက်များ အနည်းငယ် တုန်နေပြီး မြေပေါ် ဒူးထောက် လဲကျသွားကာ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများက တုန်ခါနေလေသည်။
“ကြောက်စရာ ကောင်းလိုက်တဲ့ ဖိအားပဲ”
ဖိအားက တိုးသထက် တိုးလာလေရာ ရဲချန်ဖန်သည် သူ့အရေပြားများ စတင်ကွဲထွက် နေသည်ကို ခံစားသိရှိနေပြီး အနီရောင် သွေးကြောများသည် ဖောင်းကား၍ ထွက်လာနေသည်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများသည်လည်း ဖိအားကို မခံနိုင်တော့ပဲ စတင် ကျိုးပဲ့လာတော့သည်။
နာကျင်မှုကြောင့် ရဲချန်ဖန် တစ်ကိုယ်လုံး တွန့်လိမ်ကာ ချွေးများ စီးကျနေသည်။ အကယ်၍ ရဲချန်ဖန်သာ ကောင်းကင်ကျင့်စဉ် ဒုတိယအဆင့်သာ မအောင်မြင် ထားပါက ဆွဲအားဂူနန်း၏ အဆင့်ခုနစ် ဖိအားကြောင့် ခန္ဓာကိုယ် အလွယ်တကူ ကျိုးကြေပျက်စီးကာ အမှုန့် ဖြစ်သွားနိုင်သည်။
“ဒီနေရာက မင်းလာသင့်တဲ့ နေရာမဟုတ်ဘူး။ မသေချင်ရင် မြန်မြန်ထွက်သွား”
ရဲချန်ဖန်က ကောင်းကင်ကျင့်စဉ်ကို အကြိမ်ကြိမ် လှည့်ပတ်လေ့ကျင့်ပြီး ဖိအားကို ခုခံနေစဉ် အေးစက်မာကျောသော အသံကို ကြားလိုက်ရသည်။ အသံလာရာကို လိုက်ရှာလိုက်ရာ အမှောင် ကျသော ထောင့်တစ်နေရာတွင် လူတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ရဲချန်ဖန်က သူ့အား စကားပြောလိုက်သော လူကို ကြည့်လိုက်ရာ မှုန်ဝါးဝါး မျက်နှာကိုသာ မြင်လိုက်ရသည်။ ရဲချန်ဖန်က အံ့သြသွားသည်။ အဘယ်ကြောင့်ဆိုသော် အသံပိုင်ရှင်မှာ မိန်းကလေး တစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။
“ဘယ်လောက် အစွမ်းထက်လိုက်တဲ့ အမျိုးသမီးလဲ”
သူက မှုန်ဝါးဝါးသာ မြင်ရသော်လည်း အလွန် အစွမ်းထက်သူမှန်း သိရှိနေသည်။ အဆင့်ခုနစ် ဆွဲအားနယ်မြေထဲ ဝင်လေ့ကျင့်နိုင်သည့်သူ ဖြစ်လေရာ အဘယ် အစွမ်းနည်းသောသူ ဖြစ်နိုင်မည်နည်း။
“ငါခံနိုင်ပါတယ်”
ရဲချန်ဖန်က အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ် စွမ်းအားက ထွက်ပေါ်လာပြီး ဖိအားကို ခုခံကာ အဝင်ဝတွင် ထိုင်ချလိုက်သည်။ သူ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အဆင့်ကိုး ဆေးလုံးကို ထုတ်ယူကာ သောက်လိုက်သည်။ ရုတ်တရက် ဆေးစွမ်း ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ထဲ စီးဆင်းသွားသည်။
အဆင့်ကိုး ဆေးလုံး၏ ဆေးစွမ်းမှာ ကြောက်မက်ဖွယ် ပြင်းထန်လှသည်။ သူက ဆေးစွမ်းများကို ခန္ဓာကိုယ်အတွင်း လည်ပတ်လိုက်ရင်း အဆင့်ခုနစ် နယ်မြေ၏ ဖိအားကို အသုံးပြုပြီး သူ၏ အတွင်းပိုင်း ကလီစာများကို ဖိနှိပ်ကာ သန်မာအောင် လေ့ကျင့်တော့သည်။ ဆေးစွမ်းအပြင် အဆင့်ခုနစ်နယ်မြေ၏ ဖိအားကြောင့် တစ်ကိုယ်လုံးကို သံမဏိအပ်များနှင့် ထိုးစိုက်နေသလို အလွန်နာကျင် နေလေသည်။
“တောင့်ခံထားစမ်း ငါ ဒီလောက်တော့ ခံနိုင်ပါတယ်”
ရဲချန်ဖန်က အံများကြိတ်ပြီး မယုံနိုင်စရာ နာကျင်မှုကို ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် လည်ပတ်လေ့ကျင့်ပြီး ခုခံနေလေသည်။
“ကိုယ့်ကိုယ်ကိုယ် တော်တော် အထင်ကြီးတဲ့အကောင်”
သူမ တိုက်တွန်းမှုကို လက်မခံဘဲ ဆက်လေ့ကျင့်နေသော ရဲချန်ဖန်ကို ဂရုမစိုက်တော့ပေ။ ရဲချန်ဖန် သေသည်ရှင်သည်က သူမနှင့် မသက်ဆိုင်ရာ အတွေးများကို ဖြတ်ပြီး ဆက်တရားထိုင် နေလိုက်သည်။
*****