Switch Mode

Chapter – 69

ကောင်းကင် တန်ခိုးရှင်စာရင်းထဲ ဝင်ပြီ “ဓားတစ်ဝက် အင်အား”

အခန်း (၆၉)
ကောင်းကင် တန်ခိုးရှင်စာရင်းထဲ ဝင်ပြီ

“ဓားတစ်ဝက် အင်အား”

ဒီဓားချက်သည် စွမ်းအားအရကော အရှိန်အရပါ ပြီးပြည့်စုံသော ဓားချက်ဟု ဆိုနိုင်ပြီး အဆင့်ငါး သားရဲသခင် လူငယ်လေးကို ခုတ်ချလိုက်လေသည်။ အဆင့်ငါး သားရဲသခင် လူငယ်လေးသည် ဓားချက်ကို ရှောင်တိမ်းခြင်း မပြုဘဲ သူ၏လှံရှည်ဖြင့် ထိပ်တိုက် ရင်ဆိုင်ခုခံ လိုက်လေသည်။

“ဘုန်း…”

စွမ်းအားပြင်းသော အားနှစ်ခုက ထိပ်တိုက် တွေ့ဆုံသွားရာ အလွန်ပြင်းထန်သော ပေါက်ကွဲအား ဖြစ်ပေါ်လာပြီး သူတို့ကို လာရိုက်ခတ်လေသည်။ ပေါက်ကွဲအားကြောင့် ရဲချန်ဖန် လက်မောင်းများပင် ထုံကျင်သွားပြီး ဟန်ချက်ပျက်ကာ အနောက်သို့ ချော်လဲသွားသည်။

ဓားတစ်ဝက် အင်အားက မယုံနိုင်စရာ ကောင်းအောင် အစွမ်းထက်သော်လည်း အဆင့်ငါး သားရဲသခင်သည်လည်း အစွမ်းထက် လွန်းလှသည်။ ဓားတစ်ဝက် အင်အားကြောင့် အဆင့်ငါး သားရဲသခင် လူငယ်လေး၏ လက်မောင်းမှာ ပြတ်ထွက်သွားပြီး ရင်ဘတ်တွင်လည်း ဓားရာကြီးကို မြင်နေရလေသည်။

ရဲချန်ဖန် အနောက်သို့ လဲကျသွားစဉ် အနောက်က သူ့ကို လုပ်ကြံတိုက်ခိုက်ရန် ချောင်းနေသော အဆင့်လေး သားရဲသခင်က အနားသို့ ချဉ်းကပ်လာပြီး ရဲချန်ဖန် နောက်ကျောကို အလွန် ကြောက်စရာ ကောင်းသော ဝိညာဉ်စွမ်းအားနှင့် ရိုက်ချလိုက်သည်။

ရဲချန်ဖန်သာ ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ် ဒုတိယအဆင့်ကိုသာ ရောက်မနေပါက ထိုလက်သီးချက်က သူ့အတွင်းပိုင်း ကလီစာများကို ဒဏ်ရာ ရရှိသွားစေနိုင်ပြီး သူလည်း ဆက်တိုက်ခိုက် နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

ရဲချန်ဖန်မှာ နောက်ကျောကို ပြင်းထန်စွာ တိုက်ခိုက် ခံလိုက်ရရာ သွေးများ အန်ထွက်သွားပြီး ခန္ဓာကိုယ်မှာလည်း လွင့်စဉ်သွားလေသည်။ အသက်ရှူချိန်ပင် မရဘဲ သူ့ကို သားရဲသခင် အများအပြားက ဝိုင်းဝန်း တိုက်ခိုက်ကြလေသည်။

ရဲချန်ဖန်က အသက်အန္တရာယ် ကျရောက်လာသဖြင့် သူ့လက်ထဲတွင် အသက်ကယ် ကျောက်တုံးကို ကိုင်ထားပြီး ရှိသမျှ လက်ကျန် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဓားတစ်ဝက် အင်အားကို ထုတ်သုံးလိုက်ရာ အလွန် ပြင်းထန်လှသည့် ဖျက်ဆီးမှု စွမ်းအား ပါနေသော ဓားချက် ဖြစ်ပေါ် လာလေသည်။

ထိုအချိန်သည် ရဲချန်ဖန်အတွက် ငရဲပြည်တွင် စစ်ခင်း နေသကဲ့သို့ပင်။ သူသည် သတ်ရန်တစ်ခုသာ သိလေသည်။ သူ၏ အရူးအမူး တိုက်ခိုက်မှုကြောင့် သူ့အား ပိတ်ဆို့ တိုက်ခိုက်နေသော သားရဲသခင်များသည် နောက်သို့ ဆုတ်နေရလေသည်။ ဓားတစ်ဝက် အင်အား ဓားချက်က သားရဲသခင်များ၏ ခုခံမှုကို ချေပျက်သွားစေပြီး သူတို့၏ ခန္ဓာကိုယ်ကို ထိမှန်သွားရာ သူတို့ရင်ဘတ်တွင် ဓားရာများ ပေါ်လာလေသည်။

ရဲချန်ဖန်ကို ပိတ်ဆို့ တိုက်ခိုက်နေသော သားရဲသခင်များသည် များပြားလှပြီး နေရာပေါင်းစုံမှ တိုက်ခိုက်နေသဖြင့် ရဲချန်ဖန်မှာ ဒဏ်ရာ ပြင်းထန်စွာရပြီး တစ်ကိုယ်လုံး သွေးများ ရွှဲရွှဲစိုနေသည်။ ဓားတစ်ဝက် အင်အား ဓားချက်ကြောင့် အဆင့်လေး သားရဲသခင် နောက်ဆုတ် သွားသည်ကို ရဲချန်ဖန်က အခွင့်ကောင်း ယူလိုက်သည်။ သူသည် အရိပ်မဲ့သိုင်းကို အသုံးပြုလိုက်ပြီး အလွန် လျင်မြန်စွာဖြင့် အဆင့်လေး သားရဲသခင်၏ နောက်ကျောတွင် ပေါ်လာလေသည်။ ထို့နောက် ဓားဖြင့် ထိုးလိုက်ရာ အဆင့်လေး သားရဲသခင်က မရှောင်နိုင်တော့ဘဲ သေဆုံးသွားလေသည်။

ထိုလျှပ်တစ်ပြက် တိုက်ခိုက်မှုကြောင့် သူ့ပြေးလမ်းမှာ ပွင့်သွားပြီး ရဲချန်ဖန်သည် ခက်ခက်ခဲခဲဖြင့် အဆင့်လေး သားရဲသခင် သုံးယောက်ကို သတ်လိုက်နိုင်သည်။ သူ၏ ဝိညာဉ် စွမ်းအင်များ ကုန်ခန်းသွားရာ သူဆက်တိုက်ရန် မဖြစ်နိုင်တော့သဖြင့် အသက်ကယ် ကျောက်တုံးကို ခွဲလိုက်သည်။ ထို့နောက် ရဲချန်ဖန်သည် ကောင်းကင် မှော်အစီအရင် စတုတ္ထမြောက် နယ်မြေဆီမှ ပျောက်ကွယ် သွားသည်။

“အဆင့် သုံးဆယ့်ကိုးလား… ငါ မှားဖတ်မိတာ မဟုတ်ပါဘူးနော်။ သူက ထိပ်ဆုံး အယောက် လေးဆယ်ထဲ ဝင်သွားပြီ။ ဒီကောင် လူရော ဟုတ်ရဲ့လား”

ရဲချန်ဖန်က အဆင့်လေး သားရဲသခင် အများအပြားကို သတ်လိုက်ပြီးနောက် ကောင်းကင် တန်ခိုးရှင် စာရင်းမှာ ပြောင်းလဲသွားသည်။ သူ့အဆင့်က ချက်ချင်းဆိုသလို တက်လာပြီး အဆင့် သုံးဆယ့်ကိုး ချိတ်သွားသည်။ ရဲချန်ဖန်၏ စွမ်းရည်က ကောင်းကင် တန်ခိုးရှင်စာရင်း၏ စံနှုန်းသစ် ဖြစ်လာလေသည်။ မည်သူ တစ်ယောက်ကမှ ပထမဆုံးအကြိမ်ဖြင့် ထိပ်သီးလေးဆယ် စာရင်းထဲ ဝင်ရောက်နိုင်ချင်း မရှိခဲ့ချေ။

“မဖြစ်နိုင်ဘူး။ အဲဒါ လုံးဝ မဖြစ်နိုင်ဘူး။ အဲဒါ မမှန်ဘူး။ သူ အဲဒီလောက် အစွမ်းမရှိဘူး”

ဂျန်ရိဂျွန်က လက်တွေ့ကို လက်မခံနိုင် ဖြစ်နေပြီး ယုံကြည်ရန် ခက်ခဲနေသည်။

“မကောင်းဆိုးဝါးကောင်ပဲ မင်းက မကောင်းဆိုးဝါးလိုပဲ။ မင်းရဲ့ပါရမီက ဖုယုရွှယ်ထက် သာနေတာပဲ”

အကြီးအကဲတန်က သက်ပြင်းချလိုက်ပြီး အလွန်အမင်းကို ချီးကျူးလိုက်သည်။

ရဲချန်ဖန်၏ အစွမ်းနှင့်ပါရမီကို အကြီးအကဲတန်က အလွန် သဘောကျ သွားလေသည်။ တစ်နှစ်ပင် မပြည့်သေးသော အချိန်တိုလေး အတွင်းတွင် ရဲချန်ဖန်သည် ကောင်းကင် တန်ခိုးရှင် စာရင်းထဲ ဝင်ရောက်နေနိုင်ပြီ ဖြစ်သည်။ ပို၍ အရေးကြီးသော အချက်မှာ ရဲချန်ဖန်မှာ အခုမှ ဆယ့်ငါးနှစ်သာ ရှိသေးပြီး ကောင်းကင် တန်ခိုးရှင် စာရင်းတွင် အငယ်ဆုံး ပါရမီရှင် ဖြစ်လေသည်။

လူတိုင်းက ရဲချန်ဖန် အဆင့်ကြောင့် ထိတ်လန့် တုန်လှုပ်နေစဉ် ရဲချန်ဖန်သည် မှော်အစီအရင် အပြင်ဘက်တွင် သွေးများ စိုရွှဲလျက် ထွက်ပေါ်လာပြီး မြေပေါ် လဲကျသွားသည်။

“တစ်ထောင့်သုံးရာ ငါးဆယ့်ခုနစ်မှတ် ဆိုတော့ ငါ အဆင့် ဘယ်လောက်ချိတ်မလဲ မသိဘူး”

ရဲချန်ဖန် ခန္ဓာကိုယ်က အားနည်းနေပြီး ဝိညာဉ်စွမ်းအား အနည်းငယ်ကို စုပ်ယူပြီးနောက် မြေပေါ်မှ ထလိုက်ပြီး ခန်းမကျယ်ကြီးထဲ ဝင်လိုက်လေသည်။

“သူ နောက်ဆုံးတော့ ထွက်လာပြီ”

သွေးများနှင့် စိုရွှဲနေသော ရဲချန်ဖန်ကို လူတိုင်းက လူထူးဆန်းသဖွယ် အံ့သြစွာ ကြည့်နေကြ လေသည်။

“ချန်ဖန် မင်းနောက်တစ်ဆင့် တက်သွားပြီလား”

အကြီးအကဲလျှူက ရဲချန်ဖန် အဆင့် ပြောင်းလဲသွားသည်ကို သတိထားမိပြီး အံ့သြစွာ မေးလိုက်လေသည်။

“ကျွန်တော် ကံကောင်းပြီး မှော်အစီအရင်ထဲမှာ အဆင့်တက်သွားတာ”

ရဲချန်ဖန်က နှိမ့်ချစွာ ပြောလိုက်ပြီး သူ့အကြည့်စူးစူးက ဂျန်ရိဂျွန်ဆီ ရောက်ရှိသွားသည်။

“ဂျန်ရိဂျွန် ငါ့ကို မင်းစောင့်နေ။ ငါသက်သာလာရင် တိုက်ခိုက်ရေး ကွင်းပြင်ဆီ သွားတာပေါ့”

“ဒီတစ်ကြိမ် ငါလည်း အရမ်းကို ပြင်းထန်တဲ့ ဒဏ်ရာရနေတာ”

ဂျန်ရိဂျွန်က မျက်နှာ မသာမယာနှင့် ပြောလိုက်သည်။

ကောင်းကင် တန်ခိုးရှင် စာရင်းတွင် အဆင့် တစ်ဆင့်ချင်း၏ အစွမ်း ကွာခြားမှုသည် အလွန် ကြီးမားလေရာ ဂျန်ရိဂျွန်က အဆင့်ငါးဆယ်ကို ဝင်ရုံဆိုကလေးပဲ ဝင်ရာ အဆင့် သုံးဆယ့်ကိုး ချိတ်နေသော ရဲချန်ဖန်နှင့် အစွမ်း အလွန် ကွာခြားနေသည်မှာ သိသာနေလေသည်။ အဲဒီအချိန်တွင် တိုက်ခိုက်မည် ဆိုပါက ကျောက်တောင်ကို ကြက်ဥနှင့် ပေါက်သလို ဖြစ်နေပေလိမ့်မည်။ ဂျန်ရိဂျွန်က ရဲချန်ဖန်ကို မတိုက်ရဲချေ။

“ဘာလဲ မင်းက ကြောက်လို့လား”

ရဲချန်ဖန် နှုတ်ခမ်းများက ကွေးနေအောင် ပြုံးသွားပြီး လှောင်ပြောင်ကာ မေးလိုက်လေသည်။

သွေးများ ပေနေသော ရဲချန်ဖန် မျက်နှာကိုကြည့်ပြီး ဂျန်ရိဂျွန် အလွန် ရှက်သွားလေသည်။ ဂျန်ရိဂျွန်က ကြောက်လန့်နေပြီး သူမိုက်မဲစွာ ရဲချန်ဖန်ကို စိန်ခေါ်မိသည့် အတွက် နောင်တ ရနေမိသည်။ သူက ရှန်းတုဟန် စကားကို နားမယောင်ခဲ့သင့်ပေ။ ယခုတော့ နောင်တရလည်း မထူးတော့ပေ။

“ရဲချန်ဖန် ငါက မင်းလောက် အစွမ်းမရှိဘူး။ တိုက်ခိုက်ဖို့ စိန်ခေါ်တာကို မေ့လိုက်တော့”

ဂျန်ရိဂျွန်က သူ့မာနကို ခဝါချကာ လူလယ်ကောင်တွင် အရှုံးပေးလိုက်လေသည်။

“ဂျန်ရိဂျွန် မင်းက တကယ် စိတ်ပျက်ဖို့ ကောင်းတယ်။ မင်း မာနတွေ ဘယ်ရောက်ကုန်ပြီလဲ။ ငါတို့ အကြီးအကဲတန်ကို သက်သေထူပြီး တိုက်မယ်လို့ ကတိပြု ထားတယ်လေ။ အဲဒါကို မင်းမေ့မယ် မထင်ဘူး”

ဂျန်ရိဂျွန်က အရှုံးပေးနေသော်လည်း ရဲချန်ဖန်က လွယ်လွယ်နှင့် ဂျန်ရိဂျွန်ကို ခွင့်မလွှတ် နိုင်ချေ။ ထို့ကြောင့် သူခပ်ရင့်ရင့်ပင် ပြောလိုက်လေသည်။

“ဂျန်ရိဂျွန် မင်း ကောင်းကင်မီးဂိုဏ်းရဲ့ စည်းမျဉ်းတွေကို နားလည်တယ် မဟုတ်လား။ စည်းမျဉ်းတွေကို ဖောက်ဖျက်ရင် နစ်နာကြေး ဝိညာဉ်ကျောက်တုံး ငါးရာကို ပေးရမယ်”

အကြီးအကဲတန်က လျှောက်လာပြီး ပြောလိုက်လေသည်။

“ဝိညာဉ်ကျောက်တုံး ငါးရာကိုပေးမယ်”

ရဲချန်ဖန် အဆင့်ကိုကြည့်ပြီး ဂျန်ရိဂျွန်က တိုက်ခိုက်လိုသည့် ဆန္ဒ လုံးဝမရှိတော့ပေ။ ထို့အပြင် ရဲချန်ဖန်က သူ့ကို ရက်စက်စွာ တိုက်ခိုက်မည်ကို ကြောက်ရွံ့နေသည်။ ထို့ကြောင့် ဝိညာဉ်ကျောက်တုံး ငါးရာကိုသာ အရှုံးခံလိုက်လေသည်။

“အကြီးအကဲလျှူ အကြီးအကဲတန် ကျွန်တော်ပြန်တော့မယ်”

ရဲချန်ဖန်က ဂျန်ရိဂျွန်ကို သင်ခန်းစာ မပေးလိုက်ရသော်လည်း သူ့အတွက် အရေးပါသော ဝိညာဉ်ကျောက်တုံး ငါးရာကို ရရှိလိုက်သည်။ ထို့နောက် ဝိညာဉ်ကျောက်တုံး ငါးရာကို သိုလှောင် အိတ်ထဲ သိမ်းဆည်းကာ ထွက်လာခဲ့လေသည်။

ရဲချန်ဖန် ကောင်းကင်ဝိညာဉ် မှော်အစီအရင်မှ ထွက်ခွာသွားပြီး မကြာမီတွင် သူ့အံ့ဖွယ် အဆင့်ကို လူတိုင်း သိရှိသွားပြီး ရဲချန်ဖန် နာမည်ကို မသိသူ မရှိလောက်အောင် ကျော်ကြားသွားလေသည်။

“တတိယအစ်ကို သတင်းကြားပြီးပြီလား။ အဲဒီလူ ရဲချန်ဖန်က ပထမဆုံး အကြိမ်မှာပဲ ကောင်းကင် တန်ခိုးရှင်အဆင့်ထဲ ဝင်ရောက်သွားပြီး ဂျန်ရိဂျွန်ကလည်း ဝိညာဉ်ကျောက်တုံး ငါးရာကို ရဲချန်ဖန်ကို ပေးလိုက်ရတယ်”

အဲဒီသတင်းကြားပြီး ရှန်းတုရွှယ်၊ ရှန်းတုရဲတို့ အလွန်စိတ်ပူပြီး ရှန်းတုဟန်ခြံဝင်းကို ရောက်လာကြသည်။

“ငါသိပြီးပြီ”

ရှန်းတုဟန် ပုံမှာ အေးစက်စက်နှင့် ဘာမှမဖြစ်သလိုပုံဖြင့် ပြောလိုက်သဖြင့် သူ့စိတ်ထဲ ဘာဖြစ်နေလဲ ခန့်မှန်းရန် မလွယ်ကူချေ။

“အစ်ကိုသုံး ဒီကောင်က ကျွန်တော်တို့ကို အရမ်း ပြဿနာပေးနေပြီ။ သူ့ကို သတ်ပစ်မှရမယ်။ မဟုတ်ရင် သူက ငါတို့ တာအိုနှလုံးသားကို ထိခိုက်လာလိမ့်မယ်”

ရှန်းတုရွှယ်က ကောက်ကျစ်စွာ ပြောလိုက်သည်။

“သူ့ကို ဘယ်လိုသတ်မလဲ။ ဒီကောင် ပါရမီအရမ်းရှိလို့ ကောင်းကင်မီး ဂိုဏ်းခေါင်းဆောင်က အလေးထားနေပြီ။ သူ့ကို ပြဿနာသွားရှာရင် ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်နေမယ်”

ရှန်းတုဟန် အသံက စိတ်ပျက်နေလေသည်။

“ဘာလုပ်ရမလဲ။ သူဆက်ပြီး အစွမ်းထက်လာတာ ထိုင်ကြည့်နေလို့ မရဘူး”

ရှန်းတုရွှယ်သည် အလွန်ပင် လက်မခံနိုင် ဖြစ်နေ၏။

“ငါ အစ်ကိုနှစ်ကို သွားတွေ့ပြီး ဒီကိစ္စကိုရှင်းဖို့ လုပ်လိုက်မယ်”

ရှန်းတုဟန်သည် လက်နောက်ပစ်ကာ ရှန်းတုကောင်း ခြံဝင်းဆီ ဦးတည်လိုက်သည်။ ရှန်းတုကောင်းကား တခြားလူမဟုတ်ချေ။ ကောင်းကင် တန်ခိုးရှင် အဆင့်သုံးနေရာတွင် ရပ်တည်လျက် ရှိသော အလွန် အစွမ်းထက်လှသည့် ပါရမီရှင် ဖြစ်သည်။

*****

Comment

Leave a Reply

Options

not work with dark mode
Reset