Switch Mode

Chapter – 68

အံ့အားသင့်ဖွယ် အဆင့်

အခန်း(၆၈)
အံ့အားသင့်ဖွယ် အဆင့်

“နောက်ဆုံးတော့ ကောင်းကင် တန်ခိုးရှင်စာရင်း ပြောင်းလဲသွားပြီ”

ခန်းမထဲတွင် ထိုင်စောင့်ကြည့်နေသော အကြီးအကဲလျှူက ကျောက်စိမ်းပြားပေါ်တွင် အလင်းရောင်များ ထွက်လာပြီး အဆင့်များ ပြောင်းလဲသွားသည်ကို တွေ့လိုက်သည်။

“ဂျန်ရိဂျွန်က ကောင်းကင် တန်ခိုးရှင် စာရင်းထဲ ရောက်သွားပြီ”

အဆင့် အပြောင်းအလဲများကို ကြည့်ရှုနေသော အကြီးအကဲလျှူနှင့် အကြီးအကဲတန်က ဂျန်ရိဂျွန် အဆင့်က ကျောက်စိမ်းပြား အောက်ခြေနားတွင် ပေါ်လာသည်ကို မြင်တွေ့လိုက်ကြသည်။

“အကြီးအကဲလျှူ ငါမပြောဘူးလား။ ဂျန်ရိဂျွန်က ကောင်းကင် တန်ခိုးရှင် စာရင်းထဲပါဖို့ အခွင့်အရေး ရှိတယ်ဆိုတာ။ ခုထိ ရဲချန်ဖန်ကို အထင်ကြီး နေတုန်းပဲလား”

အကြီးအကဲတန်က သူပြောတာ မမှန်ဘူးလားဟူ၍ ဝံ့ကြွားစွာဖြင့် ခပ်ပြုံးပြုံး မေးလိုက်သည်။

“ဒီကောင် ဂျန်ရိဂျွန်က တော်သားပဲ။ ဒါပေမဲ့ ခုထိ ရဲချန်ဖန်က ကောင်းကင်ဝိညာဉ် မှော်အစီအရင်ထဲက ထွက်လာသေးလို့လား။ သူက အံ့အားသင့်ဖွယ်တွေ လုပ်ပြတာ ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲ”

အကြီးအကဲလျှူက ပြန်ပြောလိုက်သည်။ ဒါပေမဲ့ သူ့အသံက အားပျော့နေသည်။

“အကြီးအကဲလျှူ ခင်ဗျား ရယ်စရာမပြောနဲ့။ ဘာပဲဖြစ်ဖြစ် ရဲချန်ဖန်က အခုမှ ကောင်းကင် ဝိညာဉ် မှော်အစီအရင်ထဲ ဝင်ဖူးတာ။ သူ့ရဲ့ပထမအဆင့် သားရဲသခင် အဆင့်နဲ့ဆို ဘယ်လိုလုပ် ကောင်းကင် တန်ခိုးရှင် စာရင်းထဲ ပါနိုင်မှာလဲ”

အကြီးအကဲတန်က ပြန်တုံ့ပြန်လိုက်သည်။

“ငါတို့ စောင့်ကြည့်ကြတာပေါ့”

တစ်မိနှစ်ခန့် ကြာသောအခါ ကောင်းကင် တန်ခိုးရှင် စာရင်းက ထပ်မံ ပြောင်းလဲသွားပြီး ဂျန်ရိဂျွန်က အဆင့် ထပ်တက်သွားကာ အဆင့် လေးဆယ့်ကိုးကို ရောက်ရှိသွားသည်။

“အင်း… တစ်ယောက်တော့ ထွက်လာပြီ”

အဆင့်များ ပြောင်းလဲပြီးနောက် လေမှုတ်သံ ခပ်ကြမ်းကြမ်းနှင့်အတူ လူတစ်ယောက် မှော်အစီအရင် အလင်းတံခါးမှ ထွက်ပေါ်လာပြီး ခန်းမကြီး၏ အေးခဲသော ကြမ်းပြင်ပေါ် လဲကျ သွားသည်။

“ဂျန်ရိဂျွန်လား”

ပါးစပ်တွင် သွေးများ ပေနေကာ အဝတ်အစားများမှာလည်း စုတ်ပြတ်နေပြီး ဒဏ်ရာ ပြင်းထန်စွာ ရနေသော ဂျန်ရိဂျွန်ကို တွေ့လိုက်ရသဖြင့် အကြီးအကဲတန် မျက်ခုံးများ ပင့်သွား လေသည်။ ရဲချန်ဖန်က ဂျန်ရိဂျွန်ထက် အရင်ထွက်လာရမည်ဟု သူထင်ထားမိသည်။ သို့သော် လက်တွေ့မှာ ပြောင်းပြန် ဖြစ်နေလေသည်။

“အဆင့် လေးဆယ့်ကိုး နောက်ဆုံးတော့ ကောင်းကင် တန်ခိုးရှင် စာရင်းထဲ ငါရောက်ပြီ”

ဂျန်ရိဂျွန်က သူ့နှုတ်ခမ်းထောင့်တွင် ပေနေသော သွေးများကို သုတ်လိုက်ပြီး မြေပေါ်မှ ထလိုက်သည်။ သူ့အဆင့်ကို ကျောက်စိမ်းပြားပေါ်တွင် မြင်လိုက်သောအခါ စိတ်လှုပ်ရှား ပျော်ရွှင် သွားသည်။

“ဟင်… ရဲချန်ဖန် ဒီကောင် ဘယ်ကို ထွက်သွားတာလဲ”

ဂျန်ရိဂျွန်က သူ ကောင်းကင် တန်ခိုးရှင်စာရင်းတွင် ပါဝင်နေသည်ကို သေချာ ကြည့်ရှုပြီး နောက် ရဲချန်ဖန်ကို လိုက်ရှာလိုက်သည်။ သူက ရဲချန်ဖန်ကို ဤအချိန်တွင် အနိုင်ယူ ပြချင်နေသည်။ သို့သော် ခန်းမထဲတွင် ရဲချန်ဖန်ကို ရှာမတွေ့ချေ။

“အကြီးအကဲတန် ခင်ဗျား ရဲချန်ဖန်က ဘယ်ကို သွားလိုက်လဲ မသိဘူး”

အကြီးအကဲတန်က သူတို့ကို ဒိုင်သက်သေ လုပ်ပေးမည် ဖြစ်သောကြောင့် ဂျန်ရိဂျွန်က မေးလိုက်သည်။

“ရဲချန်ဖန်က ကောင်းကင်ဝိညာဉ် မှော်အစီအရင်ထဲက မထွက်လာသေးဘူး”

အကြီးအကဲတန်က ဖြေလိုက်သည်။

“ဘာ… သူ့အစွမ်းနဲ့ ဘယ်လောက်ကြာကြာ ခုခံနိုင်မှာမို့လို့လဲ”

ဂျန်ရိဂျွန် အမူအရာ ချက်ချင်း ပြောင်းသွားပြီး မယုံနိုင်သည့်ပုံဖြင့် ပြောလိုက်သည်။

“သူ့စွမ်းဆောင်ရည်က ငါ့ထက် မသာနိုင်ဘူး။ သူတစ်နေရာမှာ ပုန်းပြီး အချိန်ဆွဲနေတာ ဖြစ်မယ်”

ဂျန်ရိဂျွန် မျက်နှာက မရွှင်မလန်း ဖြစ်သွားပြီး သူ့ကိုယ်သူ ဖြေသိမ့်နေစဉ် ကောင်းကင် တန်ခိုးရှင် ဇယားတွင် အဖြူရောင် အလင်းတန်း ပေါ်လာပြီး နောက်ဆုံးနာမည်က ပြောင်းလဲသွားသည်။ ဂျန်ရိဂျွန်၊ အကြီးအကဲတန်နှင့် တခြားလူများ၏ မျက်လုံးထဲတွင် မယုံနိုင်သော အမူအရာများ ပေါ်ထွက်လာသည်။

“မဖြစ်နိုင်ဘူး။ ဒါက မမှန်ဘူး”

ကောင်းကင်ဝိညာဉ် မှော်အစီအရင်ထဲက ထွက်လာပြီး ဂျန်ရိဂျွန်တွင် ရှိနေသော ပျော်ရွှင်မှုသည် ကြက်ပျောက် ငှက်ပျောက်သလို ပျောက်ကွယ်သွားပြီး လက်တွေ့ကို မယုံနိုင် ဖြစ်နေသည်။ သူ့ရင်ထဲတွင် စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်။

“ရဲချန်ဖန် သူတကယ်ပဲ လုပ်နိုင်ခဲ့တာပဲ”

အကြီးအကဲလျှူကတော့ ဂျန်ရိဂျွန်နှင့် ဆန့်ကျင်ဘက်ပင်။ ရဲချန်ဖန်၏ ကောင်းကင် တန်ခိုးရှင် အဆင့်ကို ကြည့်ပြီး ရဲချန်ဖန်အတွက် အမှန်တကယ် ပျော်ရွှင်နေမိသည်။

“အကြီးအကဲတန် ငါမမှားခဲ့ဘူး။ ဒီ ရဲချန်ဖန်က ငါတို့ကို တကယ် အံ့သြစရာတွေ ပေးလိမ့်မယ်”

အကြီးအကဲလျှူက အပြုံးနှင့် ပြောလိုက်သည်။

“အကြီးအကဲလျှူ ခင်ဗျားကတော့ တကယ်အဆိပ်ပြင်းတဲ့ အဘိုးကြီး။ တကယ်ကို မြင်တတ်ပါတယ်။ ဒီရဲချန်ဖန် ပါရမီအတိုင်းဆို သူက ဖုယုံရွှယ်နဲ့ လင်းရှင်ရှင်းတို့ထက် ပိုပါရမီ ရှိလိမ့်မယ်”

အကြီးအကဲတန်က အသက်ဝအောင် ရှူလိုက်ပြီး တုန်လှုပ်စွာ ပြောလိုက်မိသည်။

“အဆင့်က နောက်တစ်ကြိမ် ပြောင်းလဲသွားပြီ”

အကြီးအကဲလျှူက ရဲချန်ဖန် အကြောင်းပြောနေစဉ်ပင် ကောင်းကင် တန်ခိုးရှင် ဇယားက ထပ်မံ ပြောင်းလဲသွားပြီး ရဲချန်ဖန်၏ အဆင့်လည်း ပြောင်းလဲသွားသည်။ ရဲချန်ဖန် အဆင့်က မြင့်သထက် မြင့်လာပြီး ဂျန်ရီဂျွန် အဆင့်ကို ကျော်ဖြတ်သွားသည်။

“ဒါ မဖြစ်နိုင်ဘူး။ ငါ အိပ်မက်မက်နေတာ ဖြစ်မယ်။ သူက အဲဒီလောက် အစွမ်းမရှိနိုင်ဘူး”

ရဲချန်ဖန်နှင့် အလောင်းအစားကို ပြန်တွေးမိပြီး ဂျန်ရိဂျွန် အလွန်စိတ်ပူလာပြီး ချွေးစေးများက နဖူးပေါ်တွင် စီးကျနေလေသည်။

ထိုအချိန်တွင် ကောင်းကင် မှော်အစီအရင် စတုတ္ထမြောက် နယ်မြေတွင် ရဲချန်ဖန်က စတုတ္ထအဆင့် သားရဲသခင် နှစ်ယောက်နှင့် အသက်လုတိုက်ပွဲကို ဆင်နွှဲနေသည်။ ရဲချန်ဖန်က ခန္ဓာကိုယ် စွမ်းအားကို အစွမ်းကုန် ထုတ်သုံးပြီး ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းလိုက်သည်။ သူ၏ စွမ်းအားမှာ ပေါင်နှစ်သောင်း ငါးထောင်အထိ ရောက်ရှိသွားလေသည်။

“သွေးမြွေဖမ်းလက်”

သူ့လက်များက ရှုပ်ထွေးသော သင်္ကေတများ ပုံစံအတိုင်း ပြောင်းလဲနေပြီး သွေးလက်ဖဝါး အနီးတွင် ရှိနေသော အဆင့်လေး သားရဲသခင်ကို ထိမှန်သွားသည်။ ထို့နောက် လေထုပင် တုန်ခါ သွားကာ ထက်မြက်လှသော ဓားတစ်ဝက် အင်အား ထွက်ပေါ်လာပြီး အဆင့်လေး သားရဲသခင်ကို ပိုင်းဖြတ်ကာ သတ်လိုက်သည်။

အဆင့်လေး သားရဲသခင်ကို သတ်ပြီးနောက် သူ့အပေါ်ကျနေသော ဖိအားများ လျော့ပါး သွားပြီး သူ့ထံ ချဉ်းကပ်လာသော နောက်အဆင့်လေး သားရဲသခင်ထံ တိုက်ခိုက်လိုက်သည်။ သူ သွေးမြွေဖမ်း လက်သိုင်းကို အားကုန် အသုံးပြုလိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်တွင် အက်ရာများ ထင်လာသည်။

သူ့ခန္ဓာကိုယ်မှ ပေါင်နှစ်သောင်း ငါးထောင်ကျော် စွမ်းအားက ထွက်ပေါ်လာရာ ရဲချန်ဖန် တစ်ကိုယ်လုံး နာကျင်သွားပြီး အဆင့်လေး သားရဲသခင်၏ ကိုယ်ခန္ဓာမှာ ပေါက်ကွဲ ထွက်သွားသည်။ အဆင့်လေး သားရဲသခင် သေဆုံးပေါက်ကွဲရာ နေရာသည် အဖြူရောင် တိမ်တိုက်ကြီးလို ပြောင်းလဲကာ လေထဲလွင့်စဉ် ပျောက်ကွယ်သွားသည်။

“ကောင်းကင် မှော်အစီအရင် စတုတ္ထမြောက် နယ်မြေက တကယ်ကို ခက်ခဲတာပဲ”

ရဲချန်ဖန်က စတုတ္ထနယ်မြေ ကျောက်တုံးလမ်းတစ်ဝက် မရောက်ခင်မှာပင် သူ့ဝိညာဉ် စွမ်းအင်ရော ခန္ဓာကိုယ်စွမ်းအင် တော်တော်များများပါ ကုန်ဆုံးနေပြီဖြစ်သည်။ သို့သော် အဆက် မပြတ်သော အသက်လု တိုက်ပွဲများကြောင့် သူ ဓားအင်အားပေါ် နားလည်မှုသည် ပို၍ နက်ရှိုင်းလာပြီး အရိပ်မဲ့ သိုင်းအစွမ်းကိုလည်း ပို၍ အသုံးချလာနိုင်သည်။

အရိပ်မဲ့သိုင်း၏ အစွမ်းမှာ အရိပ်ကို အခြေခံထားခြင်း ဖြစ်သည်။ ရဲချန်ဖန်သည် အရိပ်အယူအဆကို နားလည် အောင်မြင်သွားပြီး သူ့အရိပ်၏ မြန်နှုန်းပါ ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ အရိပ် အစားထိုး ပြောင်းလဲခြင်း ပထမအဆင့်ကို အောင်မြင် သွားလေသည်။

“ဝှစ်…”

ရဲချန်ဖန် ခြေထောက်များက အလင်းလိုပင် လှုပ်ရှားသွားပြီး မြန်နှုန်းမှာ မယုံနိုင်လောက်အောင် တိုးတက်လာသည်။ သူသည် ကျောက်တုံးလမ်း အထက် ရှေ့ဆက်ခရီးလမ်း တစ်လျှောက် အဆင့်လေး သားရဲသခင်များ၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရသည်။

ရဲချန်ဖန်၏ မြန်နှုန်းက ပိုမိုကောင်းမွန်လာပြီး ပိုပို၍ သူနှင့် လိုက်လျောညီထွေ ဖြစ်လာသည်။ သူဖြတ်သန်းရာ တစ်လျှောက်တွင် အရိပ်များ ကျန်ရစ်နေလေသည်။ ထိုအမြန်နှုန်းဖြင့် အဆင့်လေး သားရဲသခင်၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်စွမ်း ရှိနေသည်။

ရုတ်တရက် သူ အန္တရာယ် အငွေ့အသက်ကို ရလိုက်ပြီး သူ့မြန်နှုန်းကို အမြင့်ဆုံးထိ တင်လိုက်ကာ စက်ဝိုင်းပုံ လှည့်ပတ်လိုက်ပြီး ရှောင်တိမ်းလိုက်သည်။ သူ့ကို လှံရှည်ဖြင့် တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။

“အဆင့်ငါး သားရဲသခင်”

သူ့အား လှံဖြင့် အလစ် တိုက်ခိုက်လိုက်သော လူငယ်လေးကို ကြည့်ပြီး ရဲချန်ဖန် မျက်နှာမှာ အလွန် လေးနက်သွားသည်။ ထိုလူငယ်၏ ဝင်လေထွက်လေကို ကြည့်ပြီး အဆင့်ငါး သားရဲသခင် အဆင့် ရောက်နေသည်ဟု ပြောနိုင်သည်။

ရဲချန်ဖန်က သူ့ဝိညာဉ် စွမ်းအင်သာ ပြည့်နေပါက ထိုဝတ်စုံနက် လူငယ်လေးကို အနိုင်ယူရန် ယုံကြည်ချက် ရှိသော်လည်း ယခုမူ သူ့ဝိညာဉ် စွမ်းအားများ ကုန်ခန်း၍ မောပန်းနေသည်။ ထို့အပြင် သူ့ဆုတ်လမ်းကို အဆင့်လေး သားရဲသခင်က ပိတ်ဆို့ထားရာ သူ့တွင် ထွက်ပေါက် ပိတ်​နေလေသည်။

အင်အားကြီးသော ရန်သူနှင့် တွေ့ဆုံရသဖြင့် သူ၏ တိုက်ခိုက်လို စိတ်များမှာ ပို၍ပြင်းထန် လာသည်။ သူသည် လေးမှလွှတ်သည့် မြားတစ်စင်းလို အလွန်လျင်မြန်စွာ အဆင့်ငါး သားရဲသခင်နား တိုးကပ်သွားသည်။ ငွေရောင်ဓားရောင်က လေထုကိုခွဲကာ မိုးကောင်းကင်ကို ဖျက်ဆီးမည့်ပုံနှယ် ထွက်ပေါ်လာလေသည်။

*****

Comment

Leave a Reply

Options

not work with dark mode
Reset