Switch Mode

Chapter – 67

သားရဲသခင် ဒုတိယအဆင့်

အခန်း (၆၇)
သားရဲသခင် ဒုတိယအဆင့်

“ယစ်…”

ရဲချန်ဖန် ငရဲမီးလျှံထဲ ဝင်လိုက်သည်နှင့် မီးလုံးကြီးသုံးခုက အနီရောင် ချော်ရည်ပူ များထဲမှ ထွက်ပေါ်လာသည်။ တဒင်္ဂအတွင်းမှာပင် မီးလုံးကြီးများသည် အဆင့်ခြောက် သားရဲရှင် သုံးယောက်အဖြစ် ပြောင်းလဲသွားသည်။

အဆင့်ခြောက် သားရဲရှင် သုံးယောက်၏ ပိတ်ဆို့ တိုက်ခိုက်သော်လည်း ရဲချန်ဖန်သည် ပျာယာခတ် သွားချင်းမရှိဘဲ သူ့ခန္ဓာကိုယ် စွမ်းအားကို အသုံးပြုလိုက်ရာ သားရဲရှင် သုံးယောက်ကို တုန်လှုပ် သွားစေသည်။

“စမှတ်ကြယ်”

သားရဲရှင် သုံးယောက် ခြေတစ်လှမ်း နောက်ဆုတ် လိုက်ချိန်တွင် ရဲချန်ဖန် လက်ချောင်းများက လှုပ်ရှားသွားပြီး ကြယ်ပုံစံ လက်ချောင်း အရိပ်များမှာ သားရဲရှင် သုံးယောက်၏ ခေါင်းများကို ဖောက်ထွက် သွားလေသည်။

ရဲချန်ဖန်သည် သားရဲရှင် သုံးယောက်ကို တစ်ကွက်တည်းဖြင့် သတ်လိုက်ပြီးနောက် ကျောက်တုံး လမ်းမ တစ်လျှောက် ဆက်လျှောက် လာခဲ့လေသည်။ သူသည် ကောင်းကင်ဝိညာဉ် အစီအရင်၏ ဒုတိယ နယ်မြေဆီ ဦးတည်လိုက်သည်။

သူရှေ့ကို ဆက်လျှောက်လိုက်တိုင်း သားရဲရှင် အဆင့်ခြောက်များက ချော်ရည်ပူများ ကြားမှ အဆက်မပြတ် ထွက်ပေါ်လာနေပြီး ရဲချန်ဖန်ကို တိုက်ခိုက်နေကြသည်။ သို့သော် ပထမဆုံး နယ်မြေအတွင်းတွင် တိုက်ခိုက်ရမည့် ရန်သူများက အကန့်အသတ်ရှိပြီး ရဲချန်ဖန်ကို အန္တရာယ် မပေးနိုင်ချေ။

သူက လူသူကင်းမဲ့နေသော နယ်မြေကို ဖြတ်လျှောက် နေသလိုပင်။ သူ အဆင့်ခြောက် သားရဲရှင် ကိုးဆယ့်ခြောက်ယောက်မြောက်ကို သတ်လိုက်နိုင်သည်နှင့် ပထမဆုံး နယ်မြေအဆုံးဆီကို ရောက်ရှိသွားသည်။

မှော်အစီအရင်မှ ဒုတိယနယ်မြေ ဝင်ပေါက် ပေါ်ပေါက်လာသည်။ ရဲချန်ဖန်က ဒုတိယနယ်မြေထဲ ဝင်ရောက်လိုက်သည်။ ဒုတိယနယ်မြေသည် ပထမနယ်မြေကဲ့သို့ တစ်ပုံစံတည်းပင်။ ငရဲမီးလျှံများလည်း လောင်ကျွမ်း လျက်ရှိသည်။

သို့သော် ဒုတိယနယ်မြေတွင် ရန်သူများသည် ဝိညာဉ်သားရဲရှင်များ မဟုတ်တော့ သားရဲသခင် အဆင့် ဖြစ်လာပြီး ရန်သူကို သတ်နိုင်တိုင်း ရသည့်အမှတ်မှာ တစ်မှတ်မှ သုံးမှတ် ဖြစ်လာသည်။

“ပေါင်တစ်သောင်းကျော် စွမ်းအား”

အဆင့်တူ ရန်သူအများအပြားနှင့် ယှဉ်ဆိုင်ရချိန်တွင် ရဲချန်ဖန်သည် သူ့ခန္ဓာကိုယ် စွမ်းအားကို ပေါင်တစ်သောင်းကျော် အထိ တိုးမြှင့်လိုက်သည်။ ထို့နောက် ရန်သူများကို စတင် တိုက်ခိုက်လေသည်။ သူ့ခန္ဓာကိုယ် စွမ်းအားကို တိုးမြှင့်လိုက်၍ ရန်သူများက တောက်လျှောက် ပေါက်ကွဲသေဆုံး သွားကြသည်။ အရူးအမူး တိုက်ခိုက်နေ၍ ရဲချန်ဖန်၏ အမှတ်များမှာလည်း အလျင်အမြန် ပြောင်းလဲ နေလေသည်။

နာရီဝက်ခန့် ကြာသောအခါ ဒုတိယနယ်မြေ အဆုံးထိ ရောက်ရှိ သွားလေ၏။ တတိယ နယ်မြေ ဝင်ပေါက် ပေါ်ထွက်လာပြီးနောက် ရဲချန်ဖန်က ဝင်ရောက်သွားသည်။ တတိယ နယ်မြေထဲတွင် ဒုတိယအဆင့် သားရဲ သခင်များသာမက တတိယအဆင့် သားရဲသခင်များပါ ရှိနေသည်။

“ခရမ်းရောင်ဓား”

ရန်သူများက တဖြည်းဖြည်း များပြားလာရာ စွမ်းအင်ချွေတာရန် သိုလှောင်အိတ်ထဲမှ ခရမ်းရောင်ဓားကို ထုတ်ယူပြီး တတိယ နယ်မြေအတွင်းရှိ ရန်သူများကို စတင် သတ်ဖြတ်တော့သည်။

“အကြီးအကဲလျှူ ခင်ဗျားက အရမ်းအမြော်အမြင် ကြီးတာပဲ။ ရဲချန်ဖန် အခု မှော်အစီအရင် ထဲမှာ နှစ်နာရီလောက် ကြာနေပြီ။ ပုံမှန်နှုန်း အတိုင်းဆို သူ တတိယနယ်မြေကို ရောက်နေလောက်ပြီ”

အကြီးအကဲတန်က ချီးမွမ်း ပြောဆိုလိုက်သည်။

တကယ်ဆို ရဲချန်ဖန်လို ပထမအဆင့် သားရဲသခင် အဆင့်ဖြင့် ပထမအကြိမ် ကောင်းကင် ဝိညာဉ် မှော်အစီအရင်ထဲ ဝင်လေ့ကျင့်ရာတွင် တတိယနယ်မြေထိ ရောက်အောင် သွားနိုင်သော ပါရမီရှင်များသည် မရှိသလောက် အလွန် တွေ့ရခဲလေသည်။

“ငါထင်တာ တတိယနယ်မြေက ရဲချန်ဖန်ရဲ့ အစွမ်းကုန် မဟုတ်ဘူး။ သူ့အစွမ်းနဲ့ဆို စတုတ္ထ နယ်မြေကိုတောင် ရောက်သွားမယ် ထင်တယ်”

ရဲချန်ဖန်၏ ပါရမီကို အကြီးအကဲလျှူက ယုံကြည်မှု ရှိနေသည်။

“မဖြစ်နိုင်ဘူး။ သူ့အဆင့်နဲ့ဆို တတိယ နယ်မြေကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူး”

အကြီးအကဲတန် ခေါင်းခါယမ်းပြီး မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။

“ရဲချန်ဖန်က ငါတို့ကို အံ့အားသင့်အောင် လုပ်ပြမယ်လို့ ငါယုံတယ်”

အကြီးအကဲလျှူက ခပ်တိုးတိုး ပြောလိုက်သည်။ အကြီးအကဲတန် ခန့်မှန်းမှု အရဆိုလျှင် တတိယနယ်မြေတွင် ရဲချန်ဖန်သည် အလွန် ပြင်းထန်သော ခုခံမှုများကို ကြုံတွေ့ရပေမည်။ အထူးသဖြင့် သားရဲသခင် အဆင့်သုံးများက ရဲချန်ဖန်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။

မှန်ပေသည်။ ရဲချန်ဖန်သာ သဏ္ဌာန်မဲ့ အရိပ်သိုင်းကိုသာ လေ့ကျင့် အောင်မြင်ထားခြင်း မရှိပါက သူ ရှုံးနိမ့် သွားနိုင်သည်။ ရဲချန်ဖန်က ခရမ်းရောင်ဓားဖြင့် အဆင့်နှစ် သားရဲသခင်ကို သတ်လိုက်စဉ် အလစ်ကို စောင့်ဆိုင်းနေသော အဆင့်သုံး သားရဲသခင်က တိုက်ခိုက်လိုက်သည်။ ပြင်းထန်သော အပူစွမ်းအင်များ ပါဝင်သည့် လက်သီးက ရဲချန်ဖန် နောက်ကျောကို ထိမှန်သွားလေသည်။

ရဲချန်ဖန်က သူ့ခန္ဓာကိုယ် စွမ်းအားကို သုံး၍ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစား လိုက်သော်လည်း ဒဏ်ရာရရှိသွားပြီး သွေးများ အန်ထုတ်လိုက်ရသည်။

“ယား…”

ဖျက်ဆီးမှု စွမ်းအားများ ပြည့်နေသော ဓားအလင်းက ပေါ်ထွက်လာပြီး အဆင့်သုံး သားရဲသခင်၏ ဒုတိယအကြိမ် တိုက်ခိုက်မှုကို ချေဖျက်ပြီး အဆင့်သုံး သားရဲသခင်ကို နှစ်ပိုင်း ပြတ်သွားစေသည်။

“တစ်ချက်တည်းနဲ့ သေသွားတာလား”

ရဲချန်ဖန်က ဓားတစ်ဝက် အင်အားကို ထုတ်သုံးလိုက်ရာ အဆင့်သုံး သားရဲသခင်ကို ဓားချက် တစ်ချက်ဖြင့် သေဆုံးသွားစေသည်။ ထိုအချိန်တွင် နောက် ရန်သူသုံးယောက် ထပ်မံ ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို ဝိုင်းတိုက်ခိုက် ကြလေသည်။ သူ့ကို ပြင်ဆင်ရန် အခွင့်အရေးပင် မပေးဘဲ တရစပ် တိုက်ခိုက်ကြရာ ဓားတစ်ဝက် အင်အားကို ရွေးချယ်စရာမရှိပဲ ထပ်မံ ထုတ်သုံးရလေသည်။

ဓားတစ်ဝက် အင်အားမှာ အလွန် အစွမ်းထက်သော်လည်း တစ်ချက် ထုတ်သုံးတိုင်း သူ့စွမ်းအင် အများအပြားကို အသုံးပြုရလေသည်။ ရဲချန်ဖန်က ဓားတစ်ဝက် အင်းအားကို တရစပ် အသုံးပြု၍ ရန်သူ ခုနစ်ယောက်ကို သတ်ပြီးချိန်တွင် သူသည် ဓားတစ်ဝက် အင်အားကို အသုံးပြုရန် ခက်ခဲလာသည်။

“ဒီတတိယ နယ်မြေကို ငါ သေချာပေါက် ဖြတ်ကျော်ရမယ်”

ရဲချန်ဖန်က ဆုံးဖြတ်လိုက်ပြီး ပင်ပန်းမှုကို အလေးမထားဘဲ တရစပ် တိုက်ခိုက်လေသည်။ အသက်လု တိုက်ပွဲများကသာ သူ့ခန္ဓာကိုယ် စွမ်းအားကို အမြင့်ဆုံး ရောက်စေရန် လှုံ့ဆော်​ပေးနိုင်သည် မဟုတ်ပါလော။

“အွန့်…”

ရဲချန်ဖန်က ဓားတစ်ဝက် အင်အားကို ထုတ်သုံးလိုက်၍ အဆင့်သုံး သားရဲသခင်ကို သတ်ပစ်လိုက် နိုင်သော်လည်း သူ့ဒဏ်ရာများက ပိုဆိုးရွားလာသည်။ ရဲချန်ဖန်က ဒဏ်ရာ ရသွားသည်ကို အခွင့်ကောင်းယူကာ အသိဉာဏ် မြင့်မားလှသော သားရဲသခင် တတိယအဆင့် နှစ်ယောက်က ဝိညာဉ်သိုင်းများ တရစပ် ထုတ်သုံးကာ ရဲချန်ဖန်ကို တိုက်ခိုက်ကြလေသည်။

ရဲချန်ဖန်သည် သားရဲသခင် တတိယအဆင့် နှစ်ယောက် စုပေါင်း တိုက်ခိုက်မှုကြောင့် ကျဉ်းမြောင်းသော ကျောက်တုံး လမ်းပေါ်တွင် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပဲ သူ့အစွမ်းကိုသာ အားကိုးရန် ရှိတော့သည်။

“ဓားတစ်ဝက် အင်အား”

ရဲချန်ဖန်က အသက်ပြင်းပြင်း ရှူလိုက်ကာ ခရမ်းရောင်ဓားကို ဆုပ်ကိုင်ပြီး ဓားတစ်ဝက် အင်အားကို ထုတ်သုံးလိုက်သည်။ အလွန်စူးရှသော ဓားသံ ထွက်ပေါ်လာပြီး ဓားတစ်ဝက် အင်အားနှင့်အတူ ခရမ်းရောင်ဓားကို အသုံးပြုလိုက်သဖြင့် အလွန် ပြင်းထန်လှသော ဓားချက် ဖြစ်ပေါ်လာသည်။

သားရဲသခင် တတိယအဆင့် နှစ်ယောက်၏ စုပေါင်း တိုက်ခိုက်မှုကို ဓားတစ်ဝက် အင်အားက ဖျက်ဆီး လိုက်လေသည်။ သူတို့ မတုံ့ပြန်နိုင်မီ ဓားတစ်ဝက် အင်အားက သူတို့ခေါင်းများကို ပိုင်းဖြတ်လိုက်ပြီး သူတို့အသက်ကို နုတ်ယူသွားလေသည်။

“နောက်တစ်ဆင့် တက်ပြီ”

ရန်သူနှစ်ယောက်ကို သတ်လိုက်ပြီးနောက် ရဲချန်ဖန် အားအင်ကုန်ဆုံးပြီး ရပ်ပင် မရပ်နိုင် တော့ပေ။ ထိုအချိန်တွင် ရဲချန်ဖန်သည် သူ့အဆင့်ကို ဖိနှိပ်ထားခြင်း မပြုနိုင်တော့ပဲ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲ ထွက်သွားပြီး ဝိညာဉ်စွမ်းအင်များ သွေးကြောများထဲတွင် ပြည့်နှက်လာကာ သွေးဥတွင် အက်ရာ ထပ်မံ ပေါ်လာလေသည်။

တဒင်္ဂအတွင်းမှာပင် သူ့အစွမ်းများ တိုးတက်လာပြီး အဆင့်တက်ကာ သားရဲသခင် ဒုတိယ အဆင့်ကို ချိုးဖောက် ဝင်ရောက်သွားသည်။ အဆင့်တက် သွားပြီးနောက် ရဲချန်ဖန်၏ ကုန်ဆုံးလုနီးပါး ဖြစ်နေသော ဝိညာဉ်စွမ်းအင် များသည် တစ်ဝက်မက ပြန်လည် ပြည့်ဖြိုးလာပြီး သူ့အစွမ်းမှာ အဆပေါင်း များစွာ တိုးတက်လာသည်။ သူ့ကို သားရဲသခင် တတိယအဆင့်က ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။

“သတ်”

ချော်ရည်ပူများထဲမှ ထပ်မံ ခုန်ထွက်လာသော ရန်သူများကို ကြည့်ပြီး ရဲချန်ဖန် အော်ဟစ် မာန်သွင်းကာ အရူးအမူး သတ်ဖြတ်နေသည်။ နာရီဝက်ခန့် ကြာသောအခါ သူကျောက်တုံး လမ်းတစ်လျှောက် ရန်သူများကို ရှင်းလင်းပြီး တတိယနယ်မြေ အဆုံး စတုတ္ထနယ်မြေ ဝင်ပေါက်ဆီ ရောက်ရှိသွားသည်။

*****

Comment

Leave a Reply

Options

not work with dark mode
Reset