Switch Mode

Chapter – 65

ဓါးတစ်ဝက် အင်အား

အခန်း ( ၆၅ )
ဓါးတစ်ဝက် အင်အား

“ဟင်…ငါမသေသေး ဘူးလား”

အချိန်မည်မျှ ကြာသွားမှန်း မသိဘဲ ရဲချန်ဖန် မေ့မြောနေရာမှ နိုးလာသည်။

သူ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ သူ မမြောခင် အချိန်က နေရာ၌ပင် ရှိနေခဲ့ပြီး ဓါးကျိုးမှာ ဘေးတွင် ကျနေသည်။ ရဲချန်ဖန်သည် ဓါးအင်အားက သူ့ဝိညာဉ်ကို ဖျက်ဆီးမည့် အရေးမှ နတ်ဦးနှောက်က ကယ်တင် လိုက်ကြောင်း သိလိုက်သည်။

ရဲချန်ဖန် အသက်ရှင် လွတ်မြောက် သွားသော်လည်း အဲအဖြစ်အပျက်ကို ပြန်တွေး လိုက်တိုင်း သူကြောက်ရွံ့နေဆဲ ဖြစ်သည်။

“ဒီဓါးကျိုးက အရမ်း ကြောက်စရာ ကောင်းတာပဲ။ ဒီအခြေအနေ ရောက်နေတာ အနည်းဆုံး နှစ်ရာပေါင်း များစွာ ရှိနေလောက်ပြီ။ ဒီဓါးပိုင်ရှင်ဆို ဘယ်လောက် အစွမ်းထက်မလဲ ဆိုတာ တွေးကြည့်လို့တောင် မရဘူး”

သူ ရေရွတ်လိုက်ပြီး ဓါးကျိုးကို သေချာဂရုစိုက်၍ ထပ်မံစစ်ဆေး လိုက်သည်။

ဤအကြိမ်တွင်တော့ အရမ်းသတိထားပြီး စွန့်စားရန် ဆုံးဖြတ်ကာ ဓါးကျိုးကို ဆက်လေ့လာ လိုက်သည်။ အလွန် ကြောက်စရာ ကောင်းသော ဓါးအင်အား တစ်ခု ဓါးသွားထဲတွင် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူ အလွန်ထိတ်လန့် သွားကာ ချွေးစေးများ ထွက်လာလေသည်။

“ထားလိုက်တော့။ နောက် ငါ့အစွမ်းတစ်ဆင့် မြင့်လာမှ ဆက်လေ့လာ တော့မယ်”

ရဲချန်ဖန်က စတုတ္ထမြောက် ဓါးအင်အားကို ခုခံရန် သတ္တိ မရှိသေးပေ။ ဒါကြောင့် ဓါးကျိုးကို သိုလှောင်အိတ်ထဲတွင် ဂရုတစိုက် ထည့်သွင်း သိမ်းဆည်း လိုက်သည်။

“အို…ဒါက…”

ရဲချန်ဖန် ခုတင်ပေါ်တွင် ထိုင်ကာ နတ်ဦးနှောက် အသုံးပြု၍ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များ ပြန်ဖြည့်ရန် လေ့ကျင့်နေခိုက် သူ့ နတ်ဦးနှောက်ထဲတွင် ဓါးသဏ္ဌာန် (ဝါ) ဓါးအင်အား (ဓါးပုံ အမှတ်အသား သုံးခု)ကို တွေ့ရှိ လိုက်ရသည်။

မမျှော်လင့်ပဲ ထိုဓါးသဏ္ဌာန် သုံးခုသည် ဓါးကျိုးထဲမှ ဓါးအင်အား ဖြစ်နေသည်။

ရဲချန်ဖန် အလွန် ပျော်ရွှင် သွားလေသည်။ နတ်ဦးနှောက်မှာ မယုံနိုင်စရာ ကောင်းအောင် အစွမ်းထက် လွန်းလှသည်။ သူ့အသက်ကို ကယ်ခဲ့ရုံသာမက ဓါးသဏ္ဌာန် သုံးခုကိုပါ သိမ်းဆည်း ပေးထားလေသည်။

ဓါးသဏ္ဌာန်ကို နားလည် သဘောပေါက် သွားသော ဓါးသမားတို့သည် အဆင့်တူများ ကြားတွင် ပြိုင်ဖက်ကင်းသည်ဟု ဆိုနိုင်ကာ ဓါးချက်တိုင်းက ရန်သူများကို သေဆုံးစေနိုင်သည်။ ထိုဓါးသမားတိုင်းသည် ကမ္ဘာတစ်ခွင်ကို တုန်ဟည်းအောင် လုပ်ဆောင် နိုင်ကြသော ပါရမီရှင်များ ဖြစ်ကြလေသည်။

“ငါဘယ်လောက်ကြာမှ ဒီဓါးသဏ္ဌာန်ကို နားလည် သဘောပေါက် နိုင်မလဲ မသိဘူး”

သူ့တွင် လေ့ကျင့်စရာ ဓါးသဏ္ဌာန် ရှိလာပြီ ဖြစ်သောကြောင့် ဓါးကို သူ လက်နက်အဖြစ် ရွေးချယ် လိုက်သည်။

ရက်အတန်ကြာ မေ့မြောနေသောကြောင့် ရဲချန်ဖန် အလွန် ဆာလောင်နေပြီ ဖြစ်သည်။ သူ ဝိညာဉ် စွမ်းအား ပြည့်လာသည်နှင့် ဝိညာဉ် စားသောက်ခန်းဆီ သွားလိုက်သည်။

သူ အသားဟင်းလျာများ စားသောက်ပြီးနောက် ဝိညာဉ် ကျောက်တုံး တစ်ရာ့သုံးဆယ်ခန့် သုံးကာ အလွယ်တကူ သိုလှောင် ထားလို့ရသော အသား အများအပြား ဝယ်ယူ လိုက်သည်။ ဓါးအင်အားကို အခန်းပိတ် လေ့ကျင့်ရန် ဝိညာဉ်စွမ်းအင် ပါသော အစားအစာများကို စုဆောင်းနေသည်။

ရဲချန်ဖန် ဝိညာဉ် စားသောက်ခန်းမဆီမှ ထွက်ပြီး သူခြံဝင်းလေးထဲ ဝင်လိုက်သည်။ သူအခန်းအောင်း လေ့ကျင့်ရန် ပြင်ဆင်နေခိုက် ခြံဝင်းအပြင်၌ အဖြူရောင် ဝတ်စုံနှင့် အရပ်မြင့်မြင့် လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“အစွမ်းထက်တဲ့ တန်ခိုးရှင်လား”

သူသည် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေပြီး မျက်လုံးဖြင့်သာ မမြင်ရပါက သူရှိနေသည်ကို သိနိုင်မည် မဟုတ်ပေ။

“ရဲချန်ဖန် ငါမင်းကို စောင့်နေတာ ကြာနေပြီ”

အဖြူရောင် ဝတ်စုံနှင့် လူငယ်က ရဲချန်ဖန်ကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။

“ခင်ဗျားက ရှန်းတု ကလန်ကလား”

အဖြူရောင် ဝတ်စုံနှင့် လူငယ်က ရှန်းတုရွှယ်နှင့် မျက်နှာပေါက်ချင်း ဆင်နေရာ သူဘယ်သူလဲ ဆိုတာ ရဲချန်ဖန် ခန့်မှန်း သိရှိလိုက်လေသည်။

“ဟုတ်တယ် ငါက ရှန်းတုဟန်ပဲ။ ရှန်းတုရွှယ်နဲ့ ရှန်းတုရဲတို့ရဲ့ ဝမ်းကွဲအစ်ကိုပဲ”

“ရှန်းတုဟန် ကောင်းကင် တန်ခိုးရှင်စာရင်းမှာ အဆင့်တစ်ဆယ်”

ရဲချန်ဖန်က ရှန်းတုဟန် နာမည်ကို ကြားဖူးထားပြီး ထိုလူထံမှ အန္တရာယ် အငွေ့အသက်များ ရနေသည်။ ထို့ကြောင့် ခပ်မာမာပင် မေးလိုက်သည်။

“မင်းဘာလို့ ငါ့ကို လာရှာတာလဲ”

“ငါမင်းကို ရှာတာ မင်းကို ကံကောင်းခြင်းတွေ ပေးချင်လို့ပဲ”

သူက မြင့်မား မြင့်မြတ်သူပုံစံ ဖမ်းလိုက်ပြီး… ” မင်း…ငါ့ညီမ ရှန်းတုပင်ကို ဘယ်လို သဘောရလဲ”

“မင်းညီမနဲ့ ငါ့ကို လက်ထပ်ပေးချင်တာလား”

ရဲချန်ဖန်က အပြုံးနှင့် မေးလိုက်သည်။ သူ ကောက်ကျစ်ကာ မိုက်ရူးရဲဆန်သော ရှန်းတုပင်ကို စိတ်မဝင်စားပေ။

“ငါ့ညီမကို မင်းနဲ့ လက်ထပ်ပေးတာ မဟုတ်ဘူး။ မင်းက ငါတို့ ရှန်းတု မိသားစုထဲ ဝင်ရောက်တာ”

“ဝမ်းနည်းပါတယ် ငါမင်းညီမကို စိတ်မဝင်စားဘူး။ မင်းတို့ ရှန်းတု ကလန်ထဲလည်း ဝင်မှာ မဟုတ်ဘူး”

ရှန်းတုဟန်၏ ရည်ရွယ်ချက်ကို နားလည်ရာ သူ ခပ်ပြတ်ပြတ်ပင် ငြင်းလိုက်သည်။

“မင်းသေချာ စဉ်းစားပြီးပြီလား။ ဒါငါတို့ ရှန်းတုကလန်နဲ့ ဆက်ဆံရေး ပြေလည်ဖို့ အခွင့်အရေးပဲ။ ဒါကို မင်းလက်လွှတ်မိရင် မင်းတစ်သက်လုံး နောင်တ ရနေရမယ်”

ရှန်းတုဟန် အသံမှာ အလွန်လေးနက် နေသည်။

“မင်းပြောလို့ ပြီးပြီလား။ ပြီးရင် ငါဝင်တော့မယ်”

ရဲချန်ဖန်က ရှန်းတုဟန် ဒေါသကို ဂရုမစိုက်ဘဲ ခြံဝင်းထဲဝင်ကာ မှော်အစီအရင်ကို ဖွင့်လိုက်သည်။

“ရဲချန်ဖန် မင်းက အခွင့်အရေးကို တန်ဖိုးမထားတတ်တော့ ငါရက်စက်တယ်လို့ အပြစ်မတင်လေနဲ့”

ရှန်းတုဟန်၏ အသံက အလွန်အေးစက်နေပြီး အသည်းငယ်သူများ ကြားမိပါက လန့်ဖျား ဖျားသွား နိုင်သည်။

“ကောင်းကင် တန်ခိုးရှင် စာရင်း ထိပ်သီး ဆယ်ယောက်က တကယ် အစွမ်းထက်တာပဲ”

ရှန်းတုဟန်နှင့် တွေ့ကြုံပြီးနောက် ကောင်းကင် တန်ခိုးရှင် စာရင်းဝင် ထိပ်သီး ဆယ်ယောက် အစွမ်းကို သူအကြမ်းဖျင်း ခန့်မှန်းလို့ ရသွားသည်။ သူအနေဖြင့် ကောင်းကင် တန်ခိုးရှင် စာရင်းဝင် ထိပ်သီး ဆယ်ယောက် အစွမ်းနှင့် အလွန်ကွာဟ နေသည်ဟု ခံစားနေမိသည်။

ကိစ္စများသည် တဖြည်းဖြည်း အလျင်လိုလာရာ သူ့အနေဖြင့် ဓါးအင်အားကို အမြန်ဆုံး သဘောပေါက် နားလည်ရန် လိုအပ်နေသည်။ ဓါးအင်အားကို သဘောပေါက် နားလည်မှသာ ဓါးအင်အား အစွမ်းကို ထုတ်ယူ အသုံးချနိုင်မည်။ ထိုမှသာ အချိန်တိုအတွင်း ရှန်းတုဟန် အစွမ်းနှင့် ကွာခြားမှု နည်းလာမည် ဖြစ်သည်။

ရဲချန်ဖန်က ခြံဝင်းထဲရှိ ရှေးဟောင်း သစ်ပင်အိုကြီးအောက် ထိုင်နေပြီး ရှုပ်ထွေးနေသော အတွေးများကို မတွေးတော့ဘဲ နတ်ဦးနှောက် အတွင်းရှိ ဓါးအင်အား သုံးခုကို စတင်လေ့လာ တော့သည်။

နတ်ဦးနှောက်နှင့် ပေါင်းစပ်ပြီးနောက် ရဲချန်ဖန်၏ လေ့လာ သဘောပေါက်မှု အစွမ်းသည် မယုံနိုင်စရာ အခြေအနေသို့ ရောက်နေသော်လည်း ဓါးအင်အားက သူ့အတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေသေးသည်။

ဓါးအင်အားက အလွန်နက်နဲ၍ နားလည် သဘောပေါက်ရန် ခက်ခဲရာ ဓါးအင်အားသည် ပုံစံမျိုးစုံ ပြောင်းလဲနေသည်။ တစ်ချိန်တည်းဖြင့် ဓါးအင်အားကို နားလည် သဘောပေါက်ရန် ခက်ခဲပေသည်။

ရဲချန်ဖန်က ဓါးအင်အား အဆီအနှစ်များကို နားလည်ရန် လောမနေချေ။ သူ့ပုံမှာ ဘုန်းကြီးအို ကဲ့သို့ပင် စိတ်ရှည်ရှည်နှင့် ဓါးအင်အားကို နားလည်နိုင်ရန် ကြိုးစားနေသည်။

အချိန်သည် တဖြည်းဖြည်းနှင့် စီးဆင်းနေရာ ရဲချန်ဖန်မှာ စားသောက်ပြီးသည်နှင့် အချိန်အများစုအား ဓါးအင်အားကို နားလည် သဘောပေါက်အောင် ကြိုးစားနေသည်။ တဖြည်းဖြည်းနှင့် နတ်ဦးနှောက်၏ လေ့လာစမ်းစစ်မှု၊ ဆင့်ကဲ ပြောင်းလဲလာမှုများကြောင့် ဓါးအင်အား၏ အဓိပ္ပါယ် တစ်စိတ်တစ်ပိုင်းကို စတင် နားလည် လာလေသည်။

ထိုအချိန် ထက်မြိလှသော ဓါးအလင်းရောင်က သူ့ခန္ဓာကိုယ်ပေါ်မှ ဖြစ်ပေါ်လာပြီး အနီးသို့ ကျဆင်းနေသော သစ်ရွက်ကို တစ်စစီဖြစ်အောင် ပိုင်းဖြတ် လိုက်သည်။

“ဓါးအင်အားက တကယ့်ကို ပြိုင်ဖက် ကင်းတာပဲ။ ဓါးထဲမှာ ဝိညာဉ် ရှိနေတာပဲ။ ဓါးအင်အားကို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း ဖြစ်အောင် လေ့ကျင့်နိုင်ရင် ဓါးက အသက်ဝင် လာမှာ။ ဒါက ဓါးအင်အားရဲ့ တကယ့် အဓိပ္ပါယ်ပဲ”

တစ်လနီးပါး သိုင်းဈာန် ဝင်စားနေခဲ့ပြီးနောက် ဓါးအင်အား၏ တကယ့် အဓိပ္ပါယ်ကို နားလည်သွားသည်။

ရုတ်တရက် ပိတ်နေသော ရဲချန်ဖန် မျက်လုံးများက ပွင့်လာပြီး အလွန်စူးရှသော အလင်းတန်းက ရဲချန်ဖန် လည်ချောင်းမှ ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ရဲချန်ဖန်၏ လက်ချောင်းဖြင့် အနည်းငယ် ဖိလိုက်ရာ သေးငယ် ပါးလွှာလှသော ဓါးသည် ရဲချန်ဖန် လက်ချောင်းထိပ်မှ လေထဲသို့ ထွက်သွားပြီး တိုက်ခိုက် လိုက်လေသည်။

ရဲချန်ဖန်သည် လက်ချောင်းကို ဓါးအဖြစ် အစားထိုးပြီး တိုက်လိုက်သော်လည်း သူ့ဓါးအစွမ်း၏ မြန်နှုန်းနှင့် ဖျက်ဆီးအားမှာ ပြီးပြည့်စုံနေပြီဖြစ်ရာ ခြံဝင်းကို ကာရံထားသော မှော်အစီအရင်က စက္ကူစုတ်ဖြဲလိုက်သလို အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားသည်။

“ဒီ…ဒီဓါးချက်ကို ဓါးတစ်ဝက် အင်အားလို့ ပြောရမလား”

ရဲချန်ဖန် အခု ပစ်လွှတ်လိုက်သည့် ဓါးချက်မှာ အလွန်အင်အား ပြင်းထန်သော်လည်း တကယ့် ဓါးအင်အားနှင့် ဆိုပါက အလွန်အစွမ်း ကွာခြားနေကြောင်း နားလည်လိုက်သည်။

ဒီကွာခြားချက်များ လျော့နည်းအောင် အချိန်အများကြီး ထပ်လေ့လာရန် လိုအပ်ပေသည်။
ယခုဓါးချက်ကို ဓါးတစ်ဝက် အင်အားဟု ဆိုနိုင်ပေသည်။
အခန်း ( ၆၅ ) ပြီး၏။ ( ၆၆ ) မျှော်
***

Comment

Leave a Reply

Options

not work with dark mode
Reset