အခန်း ( ၆၄ )
ဓါး အင်အားလော။
“ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ သတ်ဖြတ်ခြင်း အော်ရာတွေလဲ”
ရဲချန်ဖန်က အလွန်ထူးခြားသော သတ္တုများဖြင့် တည်ဆောက် ထားသော လက်နက် နန်းတော်ထဲ ဝင်သွားသည်နှင့် အမျိုးမျိုးသော ဝိညာဉ် လက်နက်များကို နံရံပေါ်တွင် ချိတ်ဆွဲပြသ ထားသည်ကို အံ့ဩမှင်သက်ဖွယ် တွေ့လိုက် ရလေသည်။
လက်နက်များဆီမှ ပြင်းထန် ရက်စက်သော အော်ရာများ ထွက်ပေါ်နေပြီး တစ်ကိုယ်လုံးရှိ အမွှေးများပင် ထောင်သွားကာ ခြေလက်များ အေးစက် သွားသည်။
လက်နက် နန်းတော်တွင် ရောင်းချသော ဝိညာဉ် လက်နက်များက အလွန် တန်ဖိုး ကြီးမြင့်သောကြောင့် ကောင်းကင်မီး ဂိုဏ်းဝင်များသည် ဝိညာဉ် ကျောက်တုံးများကို ကျင့်ကြံခြင်း အတွက်သာ အသုံးပြုကြသည်။
ထို့ကြောင့် ဝိညာဉ် လက်နက်များက အလှပြထား သကဲ့သို့ ဖြစ်နေပြီး လက်နက် နန်းတော် အရောင်း တာဝန်ခံမှာလည်း ကျောက်တုံး ကုလားထိုင်တွင် လဲလှောင်းနေရာ အိပ်ပျော် နေသည်ဟုပင် ထင်ရသည်။
“ဘယ်လို လက်နက်က ငါနဲ့လိုက်ဖက်မလဲ”
ကြီးမားလှသော လက်နက်များ ချိတ်ဆွဲထားသည့် နံရံကြီးကို ကြည့်ပြီး ရဲချန်ဖန် အလေးအနက် စဉ်းစားနေသည်။
ဓါးသည် လက်နက်တို့၏ ဘုရင်ဖြစ်ပြီး တိုက်ခိုက်ရာတွင် လျင်မြန် ပြင်းထန်လှသဖြင့် အများစုက လက်နက်အဖြစ် ရွေးချယ် အသုံးပြုကြသည်။ သို့သော် ဓါးကို ကျွမ်းကျင်ပိုင်နိုင်ပြီး အဆင့်အတန်း မြင့်မားစွာ အသုံးပြုနိုင်သော ဓါးသမားများမှာမူ ရှားပါးလှသည်။
“အင်း… ဒီ ဓါးမကြီးက မဆိုးဘူး”
ဓါးမကြီးက အလွန်ကြီးမားပြီး ကြည့်လိုက်သည်နှင့် ပြင်းထန်လှသော အရှိန်အဝါ ပေါ်ထွက် နေသည်။ သို့သော် ပြိုင်ဖက်ကင်းသည့် ဟန်နှင့် ထက်မြက်မှုက ပျောက်ဆုံးနေသည်။ တိုက်ခိုက်မှုအတွက်ရော ခုခံမှုအတွက်ပါ စဉ်းစားမည် ဆိုပါက အားနည်းချက် ရှိနေသည်။
ဒါ့အပြင် သူ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကြောင့် သူ့ခန္ဓာကိုယ် စွမ်းအားက အားသာချက်အဖြစ် ရှိနေရာ ကြီးမားသော လက်နက်များက သူအတွက် ပိုသင့်လျော် သလိုပင် ရှိသည်။ ဒါကြောင့် လှံရှည်ကသာ သူ့အတွက် အနာဂါတ်တွင် အသုံးပြုသင့်သော လက်နက် ဖြစ်နေသည်။
သူ ရှေ့ဆက်၍ သူနှင့် သင့်လျေှာ်မည် ထင်သည့် လက်နက်များကို ကြီးမား ရှည်လျားလှသော နံရံတစ်လျှောက် ကြည့်နေရင်း မျက်နှာပြင်က ဖုန်များ တက်နေပြီး အရောင်များပင် လွင့်ပြယ်နေသော ညိုညစ်ညစ် ဓါးကျိုးကြီး တစ်ချောင်းက သူ့အာရုံကို ဆွဲဆောင် သွားသည်။
ဓါးကျိုးကို စိတ်ဝင်စား သွားရခြင်းမှာ ၎င်းကို ကြည့်မိလိုက်သည်နှင့် သူ့စိတ်ထဲရှိ နတ်ဦးနှောက်မှ ထူးခြားသော တုံ့ပြန်မှုများ ထွက်ပေါ် လာခြင်းကြောင့် ဖြစ်သည်။
“ကြည့်ရတာ ဒီဓါးကျိုးက သာမန် မဟုတ်ဘူးနဲ့ တူတယ်”
ရဲချန်ဖန် မျက်ခုံးများ တွန့်သွားပြီး လက်နက်နန်းတော် အရောင်းတာဝန်ခံ အကြီးအကဲထံ လျှောက်သွားပြီး ဓါးကျိုး၏ တန်ဖိုးကို မေးလိုက်သည်။
“ဒီဓါးကျိုးက ဘယ်လောက်နဲ့ ရောင်းတာလဲ အကြီးအကဲ။ ဒါကို ကောင်းကင်မီး ဂိုဏ်းက သွန်းလုပ် ထားတာလား”
“ဒီဓါးကျိုး တန်ဖိုးက ဝိညာဉ် ကျောက်တုံး တစ်ထောင်ပဲ။ သူဘယ်က လာလဲ။ ဘယ်အဆင့်လဲဆိုတာ ငါလည်း မသိဘူး”
ကျောက်ကုလားထိုင် ပေါ်တွင် လဲနေသော အကြီးအကဲ မျက်လုံးက တဖြည်းဖြည်း ပွင့်လာပြီး နွေးထွေးခြင်းလဲမရှိ အေးစက်ခြင်းလည်း မရှိသော အသံဖြင့် ဖြည်းဖြည်းလေး ရှင်းပြ လိုက်သည်။
“ဝိညာဉ် ကျောက်တုံး တစ်ထောင်လား။ ဈေးကြီးလိုက်တာ”
ရဲချန်ဖန်သည် ဓါးကျိုးတန်ဖိုးကို ကြားပြီး စိတ်နည်းနည်း လေသွားပြီး ဝယ်ရန် တွန့်သွားမိသည်။
ဝိညာဉ် ကျောက်တုံး တစ်ထောင်ဖြင့် အလယ်အလတ်အဆင့် ဝိညာဉ် သိုင်းဝယ်ရန် လုံလောက်ရုံ သာမက အဆင့်မြင့် ဝိညာဉ်သိုင်းနှင့်ပင် အလှဲအလှယ် လုပ်လို့ ရနိုင်သည်။ ထို့အပြင် ဓါးကျိုးက ကြီးကြီးမားမား ထိခိုက်ထားပြီး တန်ဖိုးရှိပုံပင် မပေါ်တော့ချေ။
“ဒီဓါးကျိုး သမိုင်းက အရမ်း ရှည်လျားတယ်။ ပြီးတော့ သူ့ကို သွန်းလုပ်ထားတဲ့ ပစ္စည်းတွေကလည်း သာမန်တွေ မဟုတ်ဘူး။ ဒါကြောင့် ဈေးကြီးတာပဲ”
“ကျွန်တော် ဓါးကို အရင်ကြည့်လို့ ရမလား မသိဘူး”
ရဲချန်ဖန်က စဉ်းစားပြီး မေးလိုက်သည်။
“မရဘူး။ မဝယ်ဘဲနဲ့ ပစ္စည်းတွေကို ကိုင်ကြည့်လို့ မရဘူး”
အကြီးအကဲက ရဲချန်ဖန် တောင်းဆိုမှုကို ငြင်းပယ် လိုက်သည်။
“ဒီဓါးကျိုးကို ကျွန်တော် ဝယ်မယ်”
အကြိမ်ကြိမ် တုံ့ဆိုင်းနေပြီး နောက်တွင် ရဲချန်ဖန်က ဝိညာဉ် ကျောက်တုံး တစ်ထောင်ပေး၍ ဝယ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။
“မင်းတကယ် ဆုံးဖြတ်ပြီးပြီလား။ ကြားတာတော့ ဒီဓါးကျိုးက တော်တော် ထူးဆန်းတယ်”
အကြီးအကဲ မျက်လုံးတွင် လေးနက်သော အရိပ်အရောင်များ တွေ့နေရပြီး ရဲချန်ဖန်ကို သတိပေး လိုက်သည်။
“ကျွန်တော် ဆုံးဖြတ်ပြီးပြီ”
ပြောပြီး ရဲချန်ဖန်က ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ထုတ်ပေး လိုက်သည်။
ဓါးကို ဝယ်ပြီးနောက် ရဲချန်ဖန် ဆက်မကြည့်တော့ဘဲ သူနေထိုင်ရာ ခြံဝင်းငယ်လေးထဲ လှည့်ပြန် ခဲ့လေသည်။ ထို့နောက် ဓါးကျိုးကို သေချာလေ့လာရန် ပြင်ဆင်လိုက်သည်။
ရဲချန်ဖန် အလျင်လိုနေခြင်းမှာ သူဓါးကျိုးကို မြင်လိုက်ရချိန်တွင် နတ်ဦးနှောက်က ချက်ချင်း တုံ့ပြန်မှုများ ဖြစ်ပေါ်လာသဖြင့် ဓါးက သာမာန်မဟုတ်ဟု ကောက်ချက်ချ နိုင်သည်။
ထို့နောက် စိတ်တည်ငြိမ်အောင် လုပ်ပြီး ဓါးကျိုးကို စတင် လေ့လာတော့သည်။ သူ တွေ့လိုက် ရသည်မှာ ဓါးပေါ် သွေးစက်ချပြီး ဓါးနှင့်ပေါင်းစည်းရန် လုပ်လိုက်သော်လည်း သူသွေးကို ဓါးက မစုပ်ယူသည့်အပြင် နတ်ဦးနှောက်နှင့်ပါ တုံ့ပြန်မှု မရှိတော့ခြင်းပင်။
“ကြည့်ရတာ နတ်ဦးနှောက်က မှားယွင်းပြီး တုံ့ပြန်မိတာ ဖြစ်မယ်။ ဒီဓါးကျိုးက ဘာမှအသုံးမဝင်တဲ့ အပိုင်းအစနဲ့ တူတယ်”
ရဲချန်ဖန်က နာရီဝက်ကျော် နတ်ဦးနှောက်နှင့် ခံစားတုံ့ပြန်မှုရရန် ကြိုးစားနေသော်လည်း ထူးခြားမှု မရှိ၍ ရဲချန်ဖန်မှာ စိတ်ပျက်သောပုံ ပေါ်လာသည်။
“ငါသုံးတဲ့ နည်းလမ်းက မှားနေလို့ များလား”
အချိန်အနည်းငယ် စဉ်းစားပြီးနောက် ရဲချန်ဖန် နည်းလမ်း ပြောင်းလဲ အသုံးပြုရန် ဆုံးဖြတ် လိုက်သည်။ သူ ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်လိုက်ပြီး အလွန်လျင်မြန်သော နှုန်းဖြင့် ဝိညာဉ်စွမ်းအင်များကို ဓါးကျိုးထဲ ဖြည့်သွင်း လိုက်သည်။
စက္ကန့်ပိုင်းလေး အတွင်း ဓါးကျိုးတွင် ထူးခြားမှုများ ဖြစ်လာပြီး သူ့ဝိညာဉ်စွမ်းအားက ဓါးကျိုးထဲ ဝင်ရောက်သွားပြီး မှော်အစီအရင် တစ်ခုရှိနေကြောင်း အာရုံခံမိလိုက်သည်။
ဓါးမှာ ကျိုးပဲ့နေသောကြောင့် မှော်အစီအရင်မှာလည်း ကျိုးပဲ့နေလေသည်။
“မှော်အစီအရင်က တိုက်ခိုက်မှု သုံးထောင့်ခြောက်ရာနဲ့ ဖွဲ့စည်း စီရင်ထားတာပဲ။ ဒီဓါးက ဘယ်လိုဓါးလဲ”
ရဲချန်ဖန် မတွေးဝံ့အောင် အံ့ဩသွားသည်။ အကယ်၍သာ မှော်အစီရင်ထဲရှိ တိုက်ခိုက်မှုပေါင်း သုံးထောင့်ရှစ်ရာ အားလုံး၏ အစွမ်းသာ ပေါက်ကွဲ ထွက်လာပါက မည်ကဲ့သို့ အစွမ်း ဖြစ်လာမည်နည်း။
ကောင်းကင် သားရဲရှင်ကိုပင် အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိလိမ့်မည်ဟု သူခန့်မှန်း လိုက်သည်။
“ငါ့ရဲ့ နတ်ဦးနှောက်က ဒီမှော်အစီအရင်ကို ပြုပြင်ပေးနိုင်မလား မသိဘူး”
ရဲချန်ဖန် ရေရွတ် လိုက်မိသည်။ သူ အခွင့်အရေး ရပါက နတ်ဦးနှောက် အကူအညီနှင့် မှော်အစီအရင်ကို ပြုပြင်ရန် ဆုံးဖြတ်လိုက်သည်။ ပြုပြင်လို့ရပါက သူ့အတွက် အကြီးမားဆုံး ဝှက်ဖဲ ဖြစ်လာ ပေလိမ့်မည်။
“အင်း…ဓါးရိုးထဲမှာ လျှို့ဝှက်ချက် တစ်ခုခုရှိနေမယ် ထင်တယ်”
နတ်ဦးနှောက်ဖြင့် မှော်အစီအရင်ကို ကြည့်ရှုနေစဉ် ဓါးသွားထဲတွင် ထူးခြားချက် တစ်ခုခု ရှိနေသည်ကို သတိထားမိ လိုက်သည်။
“ကြိုးပဲ့စမ်း…”
ဝိညာဉ်စွမ်းအင်နှင့် မှော်အစီအရင်ထဲ အတင်းထိုးဖောက် ဝင်လိုက်ရာ အလွန် ကျယ်လောင်သော အသံက သူ့နားထဲ ဝင်ရောက် လာလေသည်။
“သတ်…သတ်…သတ်စမ်း…အကုန်လုံးကိုသတ်…”
အလွန်ကြောက်စရာ ကောင်းသော မိုးချုန်းသံကဲ့သို့ အသံနက်ကြီးက သူ့နားထဲတွင် ပေါ်ထွက် လာလေသည်။ အလွန် အစွမ်းထက်သော အသံကြောင့် ရဲချန်ဖန်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ဒွါရခုနစ်ပေါက်ဆီမှ သွေးများ ထွက်လာပြီး ခေါင်းမှာ တရိပ်ရိပ် မူးနောက် လာလေသည်။
သူ ဝိညာဉ်စွမ်းအင်ကို ဓါးထဲမှ ပြန်ခေါ်လိုက်စဉ် မှော်အစီအရင်ထဲမှ ကောင်းကင် ဓါးတစ်လက်က ထွက်ပေါ်လာသည်။ ထို့နောက် ရဲချန်ဖန် ဝိညာဉ်စွမ်းအင်ကို ဖြတ်တောက် ဖျက်ဆီး လိုက်လေသည်။
ထို့နောက် သူ့စိတ်ဝိညာဉ် နယ်ပယ်ထဲပင် ဆက်လက် ဝင်ရောက်သွားပြီး ရဲချန်ဖန်၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်တော့သည်။ သူ့ စိတ်ဝိညာဉ် နယ်ပယ်တွင် အလွန်ကြီးမားသော အပေါက်ကြီး ဖြစ်သွားသည်။
ရဲချန်ဖန် ခေါင်းကွဲမတတ် နာကျင်ပြီး သေတော့မတတ် ခံစားနေရသည်။ ထိုအချိန်တွင် နတ်ဦးနှောက်သည် အလိုအလျေှာက် အလွန် လျင်မြန်စွာ လှည့်ပတ်ပြီး အစွမ်းထက်လှသော စုပ်အား ထွက်ပေါ်လာကာ ဖျက်ဆီးမှု စွမ်းအား အလွန်ပြင်းသော ကောင်းကင်ဓါးကို စတင် စုပ်ယူတော့သည်။
ထိုအချိန်လေး အတွင်းမှာပင် နောက်ထပ် ကောင်းကင်ဓါး တစ်လက် ထွက်ပေါ်လာပြီး ရဲချန်ဖန်၏ ဝိညာဉ်ကို တိုက်ခိုက်တော့သည်။ ပြိုင်ဖက်ကင်းသော ဓါးအင်အား၏ တိုက်ခိုက်မှု ခံရချိန်တွင် ရဲချန်ဖန် တောင့်မခံနိုင်တော့ပေ။ သားသတ်ရုံတွင် အသတ်ခံရန် စောင့်ဆိုင်း နေရသော သားကောင်လိုပင် ဖြစ်နေသည်။ သူ့မျှော်လင့်ချက် အားလုံးသည် နတ်ဦးနှောက် ပေါ်တွင် မူတည် နေတော့သည်။
သူ၏နတ်ဦးနှောက်သာ ဓါးကျိုးထဲမှ ထွက်လာသော ကောင်းကင်ဓါးများကို မစုပ်ယူနိုင်ပါက သူမလွဲမသွေ သေဆုံး ရပေတော့မည်။
မှော်အစီအရင်မှ ဒုတိယအကြိမ် ထွက်လာသော ကောင်းကင်ဓါးသည် ရဲချန်ဖန် ဝိညာဉ်ထဲ ဝင်ရောက် လာသည်နှင့် နတ်ဦးနှောက်သည် ဒုတိယ ကောင်းကင်ဓါးကို ချက်ချင်းပင် တုံ့ပြန် စုပ်ယူတော့သည်။
ဒုတိယ ကောင်းကင်ဓါး ထွက်လာပြန်ရာ ရဲချန်ဖန် စိတ်ဓါတ်ကျ သွားလေသည်။ အဘယ်ကြောင့် ဆိုသော် မှော်အစီအရင်ထဲတွင် တတိယ ကောင်းကင်ဓါး ရှိနေသည်ကို သူခံစား မိနေသောကြောင့် ဖြစ်သည်။ ထိုဓါးမှ သေခြင်း အော်ရာများ ထွက်ပေါ်နေသည်ကို ခံစားသိရှိ နေသည်။
ထိုအချိန်တွင် မျက်စိကျိန်းရ လောက်အောင် လင်းထိန်နေသော အဖြူရောင် အလင်းတန်းက သူမျက်လုံး နှစ်လုံးမှ တစ်ပြိုင်နက် ထွက်ပေါ် လာသည်။ ထိုအလင်းတန်း နှစ်ခုသည် ကြယ်ကြွေသည့် ပုံနှယ် အလွန် လျင်မြန်စွာ နတ်ဦးနှောက်ဆီ တိုးဝင် သွားလေသည်။ စိတ်ညာဉ်နယ်ပယ်တွင် အဓိက ပဲ့ကိုင် ထိန်းချုပ်ထားသော နတ်ဦးနှောက်ကို တိုက်ခိုက် လေတော့သည်။
ထိုဓါးအင်အား ထွက်ပေါ်လာပြီးနောက် မယုံနိုင်စရာ စုပ်အားက နတ်ဦးနှောက်မှ ထွက်ပေါ် လာလေရာ အံ့အားသင့်နေသော ရဲချန်ဖန်သည် တစ်ကိုယ်လုံး သွေးများစိုရွှဲလျက် အိပ်ရာပေါ် လဲကျ သွားလေတော့သည်။
ထိုအချိန် ခဏသည် သူ့ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးတော့မည် ဖြစ်သည်။ နတ်ဦးနှောက်သာ ကောင်းကင်ဓါးများကို မစုပ်ယူနိုင်ပါက သူသေဆုံး သွားပေတော့မည်။
အခန်း ( ၆၄ ) ပြီး၏။ ( ၆၅ ) မျှော်
***