Switch Mode

Chapter – 61

နှစ်ယောက်စလုံး တစ်ပြိုင်တည်း တက်လာခဲ့ပါ

အခန်း ( ၆၁ )
နှစ်ယောက်စလုံး တစ်ပြိုင်တည်း တက်လာခဲ့ပါ

“ဒီနှစ် လူသစ်ကလေးတွေက တော်တော် ချမ်းသာတာပဲ။ ကောင်းကင် မီးဂိုဏ်း ရောက်တာနဲ့ ဝိညာဉ် စားသောက်ခန်းမမှာတောင် လာစားသောက် နေနိုင်ပြီ”

ရဲချန်ဖန် အရသာရှိရှိ စားသောက်နေရာ သူတစ်ကိုယ်လုံး နွေးထွေးပြီး စွမ်းအားများ ပိုပြည့်ဖြိုး လာနေသည်။ ထိုအချိန်တွင် အသံတစ်ခုက သူနားထဲ ဝင်ရောက်လာသည်။

မီးခိုးရောင် ဝတ်စုံ ဝတ်ထားသော အရပ်မြင့်မြင့် ထွားကြိုင်းသော ခန္ဓာကိုယ်ရှိသည့် ဂိုဏ်းသား နှစ်ယောက် ဝိညာဉ် စားသောက်ခန်းမထဲ အားမာန်အပြည့်နှင့် ဝင်ရောက် လာလေသည်။ သူတို့သည် အဆင့်သုံး သားရဲသခင်အဆင့် ရောက်နေသူများဖြစ်ရာ အလွန် အစွမ်းထက်သော အော်ရာများ ထွက်ပေါ် နေလေသည်။ သူတို့ကို ကြည့်ရသည်မှာ ရဲချန်ဖန်နှင့် ရန်ငြိုးရှိသည့် ပုံပင်။

သူတို့ဆီမှ ရန်လိုနေမှုကို မြင်နေရရာ ရဲချန်ဖန်သည် သူ့ကိုပြဿနာရှာရန် ရည်ရွယ်ချက်ရှိရှိ လာရန်စနေကြောင်း ခန့်မှန်းမိလိုက်သည်။ သူ့ကိုရန်စခိုင်းသည့်လူမှာ ရှန်းတုရွှယ်မှ လွဲ၍ တခြားလူ ရှိရိုးလား။

သို့သော် ကောင်းကင် မီးဂိုဏ်းက တင်းတင်းကျပ်ကျပ် တားမြစ်ထားသော စည်းမျဉ်းများလည်း ရှိနေသည်။ အကယ်၍ ရန်သူနှစ်ယောက်က စွမ်းအားသုံး တိုက်ခိုက် ဖြေရှင်းချင်ပါက တိုက်ခိုက်ရေး ကွင်းပြင်မှာသာ တိုက်ခိုက်ခွင့် ရှိသည်။ မဟုတ်ပါက အကြီးအကဲများ သိရှိသွားပါက ကြီးလေးသော ပြစ်ဒဏ် ချမှတ်ခံရပေမည်။

“ကောင်လေး… ငါသိထားတယ် ။ မင်းမှာ ဝိညာဉ် ကျောက်တုံး အများကြီး ရှိတယ်ဆို။ ဒီလိုလုပ် ငါတို့ ညီအစ်ကိုက မင်းကို ကျွေးမွေးပြုစုခွင့် ပေးမယ်။ ငါတို့ ကျေနပ်အောင် ပြုစုနိုင်ရင် မင်းကို နောက်ကျရင် ငါတို့က အကာအကွယ်ပေးမယ် ဟုတ်ပလား”

ရဲချန်ဖန်မှာ သူတို့ကို အရေးပင် မလုပ်ရာ သူတို့ ဒေါသထွက်သွားပြီး ရဲချန်ဖန် ရှိရာ လျှောက်လာ ကြသည်။ ရဲချန်ဖန်ရှေ့ ရပ်လိုက်ပြီး အထင်သေးသည့် ပုံဖြင့် ကြည့်လိုက်သည်။

“ငါ မင်းတို့ကို ဝိညာဉ် စားသောက်ခန်းမဆီ ဖိတ်ချင်ပါတယ်။ ဒါပေမဲ့ ငါဖိတ်ခေါ်ရအောင် မင်းတို့မှာ အဲလိုအစွမ်း ရှိပါ့မလား”

သူက စားလက်စ ပန်းကန်များ အောက်ချလိုက်ပြီး တည်ငြိမ်စွာ မေးလိုက်လေသည်။

“ဒီလောက် ကြွားရရင် တော်သင့်ပြီ”

“ဘာလဲ။ မင်းက ငါ့ကို စိန်ခေါ်ချင်တာလား”

မီးခိုးရောင် ဝတ်စုံဝတ်ထားသည့်ထဲမှ လူငယ် တစ်ယောက်က ဒေါသအလွန် ထွက်သွားပြီး ရဲချန်ဖန်ကို အထင်သေးသည့်ပုံဖြင့် ကြည့်ပြီး မာန်မဲလိုက်သည်။

“ဟုတ်တယ်။ မင်းက ချရဲလို့လား”

ရဲချန်ဖန်က ခပ်ရင့်ရင့်ပင် ပြောလိုက်သည်။

ရဲချန်ဖန်က ဆေးမြက်ကို စုပ်ယူပြီး ဖြစ်သော်လည်း အဆင့် မတက်သေးပေ။ သို့သော် သူက ပေါင်တစ်သောင်းကျော် စွမ်းအား ရရှိနေပြီး သူသွေးမြွေဖမ်းလက်နှင့် ပေါင်းစပ် လိုက်ပါက သူ အသာအယာပင် အဆင့်သုံး သားရဲသခင်ကို ဖိချေပစ်လိုက်လို့ ရသည်။

“ဟားဟား… ငါနားကြား မှားတာတော့ မဟုတ်ပါဘူးနော်။ ဒီကလေးက ငါတို့ကို စိန်ခေါ်တယ်တဲ့လား”

မီးခိုးရောင်ဝတ် လူနှစ်ယောက်က အချင်းချင်း ကြည့်ပြီး အားပါးတရ ရယ်မော လိုက်ကြသည်။

“မင်းတို့ ချရဲရင် တိုက်ခိုက်ရေး ကွင်းပြင်ဆီ သွားရအောင်။ မချရဲဘူးဆို နောက်ခါ ငါနဲ့ ခပ်ဝေးဝေး နေကြ။ ပြီးတော့ ငါရှေ့မှာ ထပ်မမြင်ချင်ဘူး” ရဲခန်ဖန်က ပြောလိုက်သည်။

“အေးမင်းက သေချင်နေတာဆိုတော့ ငါတို့က မင်းဆန္ဒ ဖြည့်ဆည်းပေး ရမှာပေါ့”

မီးခိုးရောင်ဝတ် လူနှစ်ယောက်က ရဲချန်ဖန် အဲလောက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလိမ့်မည်ဟု မထင်ထားချေ။ သူတို့ လူသတ်ချင်စိတ် ဝင်လာ ကြသည်။

“ဘယ်သူက အရင်သေချင်လဲ”

ရဲချန်ဖန် ဝိညာဉ် ကျောက်တုံး ရှစ်တုံး ထုတ်ပြီး စားပွဲပေါ် တင်ခဲ့လိုက်ပြီး ဝိညာဉ် စားသောက်ခန်းမထဲမှ အပြင်သို့ထွက်လိုက်သည်။

“ခမ်းစုံ သူငယ်ချင်း ငါအရင်သွားပြီး အဲကောင်ကို ပညာပေး လိုက်မယ်။ ငါ သူ့ခြေထောက်တွေ ရိုက်ချိုးပြီး ခွေးလို တောင်းပန်ခိုင်းမယ်”

မီးခိုးရောင်ဝတ် လူငယ်က ပြောလိုက်သည်။

“ရှုံးဟီ ဒီကောင်ပုံက အဲလောက် မလွယ်ဘူး။ သတိတော့ထား။ အမှားအယွင်း မရှိစေနဲ့”

ပိန်သော မီးခိုးရောင်ဝတ် လူငယ်က ပြောပြီး သတိပေး လိုက်သည်။

“စိတ်မပူနဲ့။ ဘာမှ မမှားစေရဘူး”

ရှုံးဟီက သူအစွမ်းအစကို သူ အပြည့်အဝ ယုံကြည်သူဖြစ်ရာ သူ ရဲလျန်ဖန်ကို ရှုံးမည်ဟု တစ်စက်ကလေးမှ မထင်ချေ။

ဝိညာဉ် တိုက်ခိုက်ရေး ကွင်းပြင်သည် ကောင်းကင်မီး ဂိုဏ်းဝင်များကို အချင်းချင်း ကိုယ်ရေး ကိုယ်တာ ကိစ္စများ၊ မကျေနပ်ချက်များကို ဖြေရှင်းရန် တိုက်ခိုက် ခွင့်ပြုထားသော တစ်ခုတည်းသော နေရာဖြစ်သည်။ အခြားနေရာတွင် တိုက်ခိုက်ပါက မည်သူမဆို ကြီးလေးသော ပြစ်ဒဏ်ကို ခံရမည် ဖြစ်သည်။

သူတို့ ကျောက်စိမ်း လှေခါးများအတိုင်း လျှောက်လာခဲ့ပြီး ဝိညာဉ် တိုက်ခိုက်ရေး ကွင်းပြင်ရှိသည့် အဆောက်အဦထဲ ဝင်လိုက်သည်။ ဝိညာဉ် တိုက်ခိုက်ရေး ကွင်းပြင် ဘေးပတ်ပတ်လည်တွင် ကြီးမားလှသော လက်နက်မျိုးစုံကို ချိတ်ဆွဲထားသည်ကို မြင်နေရသည်။ ဓါးများ၊ ဆေဘာများ၊ ပုဆိန်ကြီးများ၊ တုတ် အရွယ်အစားမျိုးစုံ၊ လှံရှည်များနှင့် ကြီးမားလှသော တူကြီးမျိုးစုံဆီမှ ကြီးမားသော အော်ရာများ ထွက်နေသည်။

ဝိညာဉ် တိုက်ခိုက်ရေး ကွင်းပြင် အလယ်တွင် တိုက်ခိုက်ရေး စင်မြင့် သုံးခု ရှိနေသည်။ ထိုစင်မြင့်များကို သံမဏိအနက်ဖြင့် တည်ဆောက်ထားပြီး အဲအချိန်တွင် ဂိုဏ်းဝင်များက ပြိုင်ပွဲဝင် ယှဉ်ပြိုင် တိုက်ခိုက် နေကြသဖြင့် လူများစွာက စောင့်ကြည့် အားပေး နေကြသည်။

“ရွှေအကြီးအကဲခင်ဗျာ ကျွန်တော်တို့ စိန်ခေါ် တိုက်ခိုက်စရာရှိလို့ ပြိုင်ပွဲ စင်မြင့်ကို ဖွင့်ပေးပါ ခင်ဗျာ”

ဝိညာဉ် တိုက်ခိုက်ရေး ကွင်းပြင်ထဲ ဝင်သွားပြီး ငွေရောင် ဆံပင်နှင့် အကြီးအကဲ တစ်လျောက်ဆီ လျှောက်သွားပြီး ရှုံးဟီက လေးစားစွာ ပြောလိုက်သည်။

“အင်း။ တိုက်ခိုက်တာ ခွင့်ပြုပေမဲ့ သတ်ဖြတ်တာ ခွင့်မပြုဘူး။ မဟုတ်ရင် ဂိုဏ်းစည်းကမ်းနဲ့ အရေးယူခံရမယ်”

ငွေရောင် ဆံပင်နှင့် အကြီးအကဲက သူတို့ သုံးယောက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ ထို့နောက် ရွှေအကြီးအကဲက ပိတ်ဆို့ အစီအရင်ကို ပိတ်ပြီး စင်မြင့်သုံးကို ဖွင့်ပေး လိုက်လေသည်။

“ကောင်လေး ဒီအတိုင်း တိုက်ရင် ပျင်းစရာ သိပ်ကောင်းမယ်။ ငါတို့လောင်းကြေး မထပ်ချင်ဘူးလား”

ရှုံးဟီက ရဲချန်ဖန်သည် ရှန်းတုရွှယ်ဆီမှ ဝိညာဉ်ကျောက်တုံး နှစ်ထောင်နီးပါး ရထားသည်ကို သိရှိထားရာ အရှက်မရှိဘဲ စိန်ခေါ်ပြီး လောင်းကြေး ထပ်ရန်ပင် အကြံပြု လိုက်သေးသည်။

“ရတယ်လေ။ ငါတို့ ဝိညာဉ် ကျောက်တုံး နှစ်ထောင်ကြေး လောင်းကြတာပေါ့”

ရဲချန်ဖန်က နှုတ်ခမ်းများ ကွေးအောင် ပြုံးသွားပြီး သူမျက်လုံးမှ အေးစက်သော အလင်းရောင်တစ်ခု ထွက်သွားသည်။

ရှုံးဟီရော၊ ခမ်းစုံပါ လောင်းကြေး သဘောတူသော်လည်း သူတို့တွင် ဝိညာဉ် ကျောက်တုံး နှစ်ထောင် မရှိပေ။ အများအားဖြင့် သူတို့က လေ့ကျင့်နေကြသဖြင့် ဝိညာဉ် ကျောက်တုံးများ စုဆောင်း ထားလေ့မရှိပေ။

“ဘာလဲ မင်းတို့က ကလေးကစားသလို လောင်းချင် နေတာလား။ ဘာလို့ မင်းတို့ အဲလောက် ညံ့ဖျင်း ရတာလဲ” ရဲချန်ဖန်က အထင်သေးဟန်ပြု လိုက်သည်။

“ငါတို့မှာ ဝိညာဉ် ကျောက်တုံး အဲလောက် အများကြီး မရှိဘူး”

ရှုံးဟီးက ရဲချန်ဖန်သည် သူတို့ကို ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲနေကြောင်း ခန့်မှန်းမိသည်။ ထိုကြောင့် အလွန်ဒေါသ ထွက်သွား လေသည်။

“အို့…မင်းတို့က တကယ် စိတ်ပျက်စရာပဲ။ မင်းတို့က ဘယ်လောက်ပဲ လောင်းချင်တာလဲ။ အရမ်းနည်းရင် ငါမင်းတို့နဲ့ မတိုက်ဘူး”

ရဲချန်ဖန် စိတ်ပျက် လက်ပျက် သက်ပြင်းချပြီး ပြောလိုက်ရာ အားကြိုးမာန်တက် ဖြစ်နေသော ရှုံးဟီမှာ ဒေါသ အလွန်ထွက်ပြီး ပေါက်ကွဲ သွားလေသည်။

“ငါတို့ ဝိညာဉ်ကျောက်တုံး သုံးရာလောင်းမယ်” ရှုံးဟီသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သွားများကိုကြိတ်လိုက်ပြီး ပြောလိုက်သည်။

“ဝိညာဉ် ကျောက်တုံး သုံးရာလား။ မင်းတို့ တကယ် ဆင်းရဲတာပဲ”

ရဲချန်ဖန် ခေါင်းသာ တွင်တွင်ခါ နေသည်။

“ကောင်လေး မင်းအရမ်းကြွ မနေနဲ့။ မင်းအတွက် ငိုပေးမယ့် လူသာ ရှာထား”

ရဲချန်ဖန်၏ အထင်သေးရှုတ်ချသော အမူအရာများကို ဆက်တိုက်ခံနေရ၍ ရဲချန်ဖန်ကို တစ်စစီလုပ်ရန် ရှုံးဟီမှာ မစောင့်နိုင် ဖြစ်လာနေသည်။

အမှန် သူ မသိသည်မှာ သူသည် မုဆိုးမဟုတ်ဘဲ ကစားခံ နေရသော သားကောင်ပင်။ ရဲချန်ဖန်၏ ရည်ရွယ်ချက်ရှိရှိ ရန်စမှုသည် သူ့ကို ပညာပေးလို၍ ဖြစ်ကြောင်း သူ မသိပေ။ ရဲချန်ဖန် ရင်ထဲတွင်တော့ သူကို ဟားတိုက် နေလေသည်။

“မင်းတို့ အသင့်ဖြစ်ပြီလား။ မင်းတို့ အသင့်ဖြစ်ရင် လောင်းကြေး ငါ့ဆီအပ်ပြီး စတိုက်ခိုက် လို့ရပြီ”

ရဲချန်ဖန်ကို အကြီးအကဲ ဂျင်က သေချာစိုက်ကြည့် လိုက်သည်။ ဤကောင်လေးကို သူ မမြင်ဖူးပေ။

“ငါက အဆင့်သင့် ဖြစ်တာ ကြာနေပြီ”

ရှုံးဟီသည် လက်သီးဆုပ်ကာ အလွန် တိုက်ခိုက် ချင်နေသည်။ ထို့နောက် ဝိညာဉ် ကျောက်တုံး သုံးရာကို အကြီးအကဲ ဂျင်ဆီအပ်လိုက်ပြီး စင်မြင့်ပေါ် ခုန်တက် လိုက်သည်။

“ဘာလို့ မင်းက စင်ပေါ် မတက်တာလဲ။ မင်းတို့အတူ ပေါင်းပြီး ငါ့ကို မတိုက်ဘူးလား”

ရဲချန်ဖန်က ခမ်းစုံကို ကြည့်ပြီး ဇဝေဇဝါပုံဖြင့် မေးလိုက်သည်။

“ဘာလဲ။ မင်းက ငါတို့နှစ်ယောက်ကို တစ်ပြိုင်တည်း စိန်ခေါ်ချင်လို့လား”

ခမ်းစုံက မျက်မှောင်ကြုတ်သွားပြီး ပြန်မေးမိ လိုက်သည်။

ရဲချန်ဖန်က ဤမျှ စိတ်ကြီးဝင်နေဟု သူတို့ မတွေးဖူးပေ။ သူတို့ကို မျက်လုံးထဲ လုံးဝမထည့်ဘဲ တစ်ပြိုင်တည်း နှစ်ယောက်လုံးကို စိန်ခေါ်ရဲသည်။

“ဟုတ်တယ်။ တစ်ယောက်တည်းဆို အားနည်း လွန်းတယ်။ မင်းတို့ နှစ်ယောက်ပေါင်းမှ စိန်ခေါ်မှု နည်းနည်းရှိတာ။ တော်ပြီ အဓိပ္ပါယ် မရှိတာတွေ။ မင်းတို့ နှစ်ယောက်လုံး တစ်ပြိုင်တည်း တိုက်ကွာ။ ငါလေ့ကျင့်ဖို့ ရှိသေးတယ်”

ရဲချန်ဖန်သည် ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်သည်။

“ကိုယ့်ဟာကိုယ် တော်တော် အထင်ကြီးတာပဲ”

ရှုံးဟီးက သူတို့ကို သူတို့ တော်တော် မြောက်ကြွ မြောက်ကြွနှင့် မာနကြီးသည်ဟု ထင်ထားခဲ့သော်လည်း ရဲချန်ဖန်မှာ သူတို့ထက် အဆပေါင်းများစွာ စိတ်ကြီးဝင်သည့် လူစား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဒေါသကြောင့် သူ့တို့မျက်နှာများမှာ နီရဲကာ သွေးကြောများပင် ဖောင်းကား ထွက်နေသည်။

“အကြီးအကဲဂျင် ဒါကဝိညာဉ် ကျောက်တုံး ခြောက်ရာပါ”

ရဲချန်ဖန်သည် သူတို့၏ ဒေါသမျက်လုံးကို အရေးမစိုက်ဘဲ အကြီးအကဲဂျင်ကို လောင်းကြေး ဝိညာဉ် ကျောက်တုံးများ အပ်လိုက်သည်။ ထို့နောက် စင်မြင့်ပေါ် ခုန်တက် လိုက်သည်။

“အေး… မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့”

ဒေါသ မျက်လုံးနှင့် လူသတ်စိတ် ထွက်နေသည့် ခမ်းစုံက အော်ဟစ်လိုက်ပြီး အကြီးအကဲဂျင်ကို လောင်းကြေး ဝိညာဉ်ကျောက်တုံး သုံးရာပေးအပ်ကာ စင်ပေါ် ခုန်တက် လိုက်သည်။

“ငါကျိန်ရဲတယ်။ မင်း နောင်တ ရစေရမယ်” ရှုံးဟီက ကြုံးဝါးလိုက်သည်။

သူတို့ကိုယ်မှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဝိညာဉ် သားရဲနှစ်ကောင် ထွက်ပေါ်လာကာ ရဲချန်ဖန်ကို ဖိနှိပ်လိုက်လေသည်။

သူတို့ သုံးယောက် လောင်းကြေးက ဝိညာဉ်သိုင်းပြိုင်ကွင်းက လူအများကို ဆွဲဆောင် သွားသည်။ ရဲချန်ဖန်နှင့် သူ့ရန်သူ နှစ်ယောက်ကို အားလုံးက အာရုံစိုက်မိသွားသည်။
အပိုင်း ( ၆၁ ) ပြီး၏။ ( ၆၂ ) မျှော်
***

Comment

Leave a Reply

Options

not work with dark mode
Reset