Switch Mode

Chapter – 60

ကောင်းကင်မီးဂိုဏ်း၏ အစွမ်း

အခန်း ( ၆၀ )
ကောင်းကင်မီးဂိုဏ်း၏ အစွမ်း

“ကောင်းကင်မီးဂိုဏ်း စည်းမျဉ်း စည်းကမ်းများ”

ဝိညာဉ် စွမ်းအင် ကျောက်စိမ်းပြားထဲ ဝင်သွားသည်နှင့် ရဲချန်ဖန်က ကောင်းကင်မီးဂိုဏ်းတွင် တာဝန်ယူရမည့် စည်းမျဉ်း စည်းကမ်းများကို အရင်ဆုံး တွေ့လိုက်ရသည်။ ဤစည်းမျဉ်းများသည် အားနည်းသော သူများအပေါ်တွင်သာ ကျင့်သုံးသည်။ စွမ်းအားကြီးသော သူများက အားနည်းသော တန်ခိုးရှင်တို့ကို အနိုင်ကျင့်လို့ရသော စည်းကမ်းများပင်။ ထို့ကြောင့် သူခပ်မြန်မြန် ဖတ်လိုက်သည်။

နောက်အကြောင်းအရာမှာ ကောင်းကင်မီးဂိုဏ်း၏ တည်နေရာပြ မြေပုံဖြစ်သည်။ မြေပုံထဲတွင် ကောင်းကင်မီးဂိုဏ်း၏ အထူးနယ်မြေ ရှစ်ခုဖြစ်သော လက်နက် နန်းတော်၊ ဝိညာဉ်တာအို ကျမ်းဆောင်၊ ဝိညာဉ်ဆေးခန်းမ၊ ဆွဲအားဂူနန်း၊ ဝိညာဉ် စားသောက် ခန်းမ၊ ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း မှော်အစီအရင်၊ တာဝန်နှင့်ဆုငှာန ၊ တိုက်ခိုက်ရေး ကွင်းပြင်နှင့် ကောင်းကင် ဝိညာဉ်မှော်အစီအရင်တို့ ဖြစ်လေသည်။

၎င်းအထူးနယ်မြေများသည် ကောင်းကင်မီးဂိုဏ်းကြီး၏ အခြေခံ အုတ်မြစ်များ ဖြစ်သည်။ ထိုအထူးနယ်မြေများကြောင့်သာ မြေကမ္ဘာအဆင့် ဝိညာဉ်သားရဲ တန်ခိုးရှင်များကို မွေးထုတ် ပေးနိုင်ခြင်း ဖြစ်သည်။

ထိုအထူးနယ်မြေများတွင် လေ့ကျင့်ပါက အစွမ်းများ အလျင်အမြန် တိုးတက် လာပေလိမ့်မည်။ အထူးနယ်မြေများတွင် လေ့ကျင့်လိုပါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ ပေးရန် လိုအပ်သည်။ သို့သော် ကောင်းကင်မီးဂိုဏ်းတွင် ဝိညာဉ် ကျောက်တုံးရရန် မလွယ်ကူပေ။ အထူးတင်းကျပ်လှသော စည်းမျဉ်းများဖြင့် ဝိညာဉ်ကျောက်တုံး ဝယ်ယူရန် နည်းလမ်းများကို ဖန်တီးထားသည်။

“ငါမှာရှိတဲ့ ဝိညာဉ်ကျောက်တုံးနဲ့ဆို ဘယ်လောက်ကြာကြာ သုံးလို့ရမလဲ မသိဘူး”

သူ ကျောက်စိမ်းပြားကို ဖတ်ကြည့်ရင်း ရေရွတ် လိုက်မိသည်။

တာဝန်နှင့် ဆုဌာန ၊တိုက်ခိုက်ရေး ကွင်းပြင်နှင့် ကောင်းကင် ဝိညာဉ် မှော်အစီအရင်တို့တွင် ဝိညာဉ် ကျောက်တုံးများကို ရှာဖွေရန် နည်းလမ်း သုံးခုရှိသည်။ အဲဒီအထဲတွင် ကောင်းကင် ဝိညာဉ် မှော်အစီအရင်ကို ရဲချန်ဖန် စိတ်အဝင်စားဆုံး ဖြစ်နေသည်။

ကောင်းကင်ဝိညာဉ် မှော်အစီအရင်ကို နယ်မြေအဆင့် ကိုးဆင့် ခွဲထားသည်။ မှော်အစီအရင် နယ်မြေ တစ်ခုတိုင်းတွင် ကွဲပြားသော ရန်သူနှင့် တိုက်ခိုက် ရမည်ဖြစ်သည်။ ကောင်းကင် ဝိညာဉ် မှော်အစီအရင်ထဲကို ဝင်ရောက် လေ့ကျင့်လျှင် နယ်မြေ တစ်ခုတိုင်းတွင် သတ်နိုင်သည့် ရန်သူ အရေအတွက်၊ ရန်သူအဆင့်ပေါ် မူတည်၍ ကောင်းကင် ဝိညာဉ် မှော်အစီအရင်က အမှတ်ပေးခြင်း ဖြစ်သည်။

အမှတ်များများရလေလေ အကြီးအကဲလျှူ ပြောခဲ့သည့် ကောင်းကင် တန်ခိုးရှင် စာရင်းတွင် အဆင့်မြင့် လာမည်ဖြစ်သည်။

ကောင်းကင် တန်ခိုးရှင် စာရင်းတွင် ပါဝင်နိုင်ပါက လစဉ်ရရှိမည့် အရင်းအမြစ်မှာ အကြီးအကဲများပင် လိုချင်တပ်မက်အောင် စွမ်းဆောင် နိုင်လေသည်။

သို့သော်ကောင်းကင် တန်ခိုးရှင် စာရင်းမှာ ကန့်သတ်ချက်ရှိပြီး ထိပ်သီး ငါးဆယ်ဦးသာလျှင် ထိုခံစားခွင့်ကို ရရှိနိုင်ကြသည်။ ထို့ကြောင့် ကောင်းကင် တန်ခိုးရှင် စာရင်းဝင်ရန် ယှဉ်ပြိုင်မှုမှာ အလွန်ပြင်းထန် လှသည်။ ထိုစာရင်းထဲဝင်ရန် တကယ် စွမ်းအားကြီးရန် လိုအပ်ပြီး စာရင်းထဲ ဝင်ရောက်သွားပါက အဆင့်များ ကွာခြားမှုသည် ကြီးသထက် ကြီးလာပြီး ဂိုဏ်းထဲတွင် အရေးပါ အရာရောက်ပြီး အလွန်လွမ်းမိုး နိုင်စွမ်း ရှိလာမည် ဖြစ်သည်။

ကောင်းကင် တန်ခိုးရှင် စာရင်းတွင် မပါဝင်နိုင်ပါက ဝိညာဉ် ကျောက်တုံးများ ရရှိရန် ဆုနှင့် တာဝန်ဌာနကို သွားပြီး တာဝန်များကို ရွေးချယ်ကာ တာဝန် ထမ်းဆောင်ခြင်းဖြင့် ဝိညာဉ် ကျောက်တုံးများကို ရရှိနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက တိုက်ခိုက်ရေး ကွင်းပြင်ကို သွားပြီး တိုက်ခိုက်ခြင်းဖြင့် ဝိညာဉ် ကျောက်တုံးများကို ရရှိနိုင်သည်။

တာဝန်နှင့်ဆုဌာန၊ တိုက်ခိုက်ရေး ကွင်းပြင်နှင့် ကောင်းကင် ဝိညာဉ် မှော်အစီအရင်ထဲတွင် ဘယ်တစ်ခုပဲ ရွေးချယ် ယှဉ်ပြိုင် ယှဉ်ပြိုင် ကိုယ်ပိုင် အစွမ်းရှိဖို့သာ လိုအပ်လေသည်။ လုံလောက်သော အစွမ်းမရှိပါက ကောင်းကင်မီးဂိုဏ်းသည် နေချင့်စဖွယ် နေရာ မဟုတ်ပေ။ အနိုင်ကျင့် ဗိုလ်ကျခြင်းသာ ခံရမည် ဖြစ်သည်။ အစွမ်းကြီးသော သူတို့သာ ကြီးစိုးရာ နေရာ ဖြစ်လေသည်။

“ဒီကောင်းကင်နဲ့ မြေကြီး ဆေးမြက်ကို စုပ်ယူပြီးရင် ငါခန္ဓာကိုယ် စွမ်းအားနဲ့ သွေးစွမ်းအားက ဘယ်လောက်ထိ ပြောင်းလဲ သွားမလဲ မသိဘူး။ ပြီးရင် ကောင်းကင် တန်ခိုးရှင် စာရင်းထဲမှာ ငါပါနိုင်လား”

ထို့နောက် ကောင်းကင်နဲ့ မြေကြီး ဆေးမြက်ကို အရင်စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။

ညသည် နက်သထက် နက်လာပြီး မှော်အစီရင်နှင့် ဖုံးကာ ထားသော ခြံဝင်းလေးက တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေသည်။

ရေချိုး အဝတ်အစားလဲပြီး နောက်ခန္ဓာကိုယ်ကို အမြင့်ဆုံး အနေအထား ရောက်ရန် ပြင်ဆင်ပြီးနောက် ရှန်းတုရွှယ်ကို လှည့်စားကာ တောင်းယူခဲ့သော ကောင်းကင်နဲ့ မြေကြီး ဆေးမြက်ကို ထုတ်ယူ လိုက်လေသည်။

“ကောင်းကင်နဲ့ မြေကြီးဆေးမြက်ရဲ့ အရည်အသွေးက အရမ်းကောင်းတယ်”

ကောင်းကင်နဲ့ မြေကြီး ဆေးမြက်တွင် ပါဝင်သော အသက်သွေး စွမ်းအားသည် နှစ်တစ်ထောင် ဂျင်ဆင်း ဘုရင်ထက် များစွာ အစွမ်းပိုထက်ကြောင်း သိလိုက်သည်။ ကောင်းကင်နဲ့ မြေကြီး ဆေးမြက်သည် ခန္ဓာကိုယ်အတွက် တကယ်ကို အားဖြည့်ပေးသော ရတနာပင်။ သူ ဆေးစွမ်းကို စုပ်ယူပြီးပါက နဂိုထက် သွေးလည်ပတ်မှုမှာ ရှစ်ဆယ် ရာခိုင်နှုန်းလောက် တိုးတက် ကောင်းမွန် လာနိုင်သည်။

ထို့နောက် ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ပြီး ဆေးစွမ်းကို စတင် စုပ်ယူတော့သည်။ သွေးအသက် စွမ်းအားများသည် ပို၍ပြင်းထန်လာပြီး ရဲချန်ဖန် တစ်ကိုယ်လုံးရှိ ဆဲလ်များသည်လည်း လှုပ်ရှားလာကာ ဆေးစွမ်းကို စုပ်ယူနေလေသည်။

ဤဆေးစွမ်း စုပ်ယူချိန်တွင် ဖြစ်လာသော ဖိအားက နှစ်တစ်ထောင် ဂျင်ဆင်းဘုရင်နှင့် ယှဉ်လျှင် ဖိအားက အလွန်များသည်။

ရဲချန်ဖန်က သားရဲသခင် အဆင့်ရောက်သွားပြီ ဖြစ်သောကြောင့် သူကိုယ်၏ ခံနိုင်ရည်မှာ အဆများစွာ တိုးတက်လာပြီး ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုကို အရမ်းမခံစားရပေ။

အချိန် တဖြည်းဖြည်း ကုန်ဆုံးလာပြီး ဆေးမြက် အစွမ်းမှာ လျော့နည်း လာသည်။ သူ့ဆေးစွမ်းကို စုပ်ယူနေစဉ် ဆေးမြက် တစ်ခုလုံးအား စုပ်ယူပြီးပါက အစွမ်း နှစ်ဆယ် ရာခိုင်နှုန်းလောက် တိုးလာမည်ဟု ခံစားနေရသည်။ သူ့ခန္ဓာကိုယ် စွမ်းအားချည်းပင်လျှင် ပေါင်ရှစ်ထောင် ဝန်းကျင်မှ တစ်သောင်း တစ်ထောင်နီးပါး တိုးလာသည်။

ရဲချန်ဖန် ပြတင်းပေါက်မှ ကြည့်လိုက်ရာ နေရောင် စထွက်ပြီး မနက်ပင် ရောက်နေလေပြီ။ သူဆက်မလေ့ကျင့်တော့ဘဲ ရေချိုး အဝတ်လဲကာ အပြင်ထွက် လာခဲ့သည်။ မြေပုံတွင် ပြထားသည့် အညွန်းအတိုင်း သူ ဝိညာဉ် စားသောက်ခန်းမထံသို့ ထွက်လာခဲ့သည်။

“ဒီကောင်းကင်မီးဂိုဏ်းမှာ တကယ်ပညာရှင်တွေ အများကြီးပဲ”

လမ်းတစ်လျှောက်တွင် ကောင်းကင်မီး ဂိုဏ်းသား အများအပြားကို တွေ့ခဲ့ရပြီး သူတို့ အများစုမှာ တူညီချက် တစ်ခုရှိနေသည်။ အကုန်လုံးလိုလို၏ အဆင့်မှာ သားရဲသခင် အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ သူတို့အော်ရာမှာ အလွန်ပင် ကြောက်စရာ ကောင်းလေသည်။

“ဝိညာဉ် စားသောက်ခန်းမက ဒီမှာပဲ”

လမ်းလျှောက်လာရင်း အလွန်ခန်းနားသော ဧရာမ အဆောက်အအုံကြီးကို တွေ့လိုက်ရပြီး ကြီးမားလှသော ဆိုင်းဘုတ်ကြီးပေါ်တွင် ဝိညာဉ် စားသောက်ခန်းမဟု ရွှေရောင် စာလုံးများကို ရေးသားထားသည်။

“နှစ်တစ်ထောင် နဂါးသစ်သား”

ဝိညာဉ် စားသောက်ခန်းမထဲ ဝင်လိုက်သည်နှင့် သူမြင်လိုက်ရသည်မှာ နှစ်တစ်ထောင် နဂါးသစ်သားဖြင့် ပြုလုပ်ထားသော ပရိဘောများနှင့် နှစ်တစ်ထောင် နဂါးသစ်သားနှင့် တန်ဖိုးချင်း ယှဉ်လို့ရသော အဖိုးတန် အခြားပရိဘောဂများ ဖြစ်နေသည်။

အဆိုပါ ပရိဘောဂများဆိုပါက ဇီကျင်နိုင်ငံတွင် ငွေဒင်္ဂါး သုံးသိန်းကျော်ခန့် တန်မည် ဖြစ်သည်။ သို့သော် ဤနေရာတွင်တော့ နေရာတိုင်းတွင် အဆိုပါ ပရိဘောဂများသည် သာမန် အသုံးဆောင် ပစ္စည်းများ ဖြစ်နေသည်။

ရဲချန်ဖန်က ပြတင်းပေါက်နှင့် နီးသော နေရာတွင် လွှတ်နေသည်ကို တွေ့လိုက်ပြီး ထိုင်လိုက် လေသည်။ လူသားပုံစံ စက်ရုပ်က မီနူးကိုင်ကာ သူရှေ့ရောက်လာသည်ကို တွေ့လိုက်ရသည်။

သူ့မီနူးကို ကြည့်ပြီး ပြောစရာ စကားရှာမတွေ့ ဖြစ်သွားမိသည်။ အသားအများစုမှာ အလွန်အစွမ်းထက်သော သားရဲများဖြစ်ပြီး ရှားပါးသော ဆေးဥ ဆေးမြစ်များနှင့် ရောစပ်ကာ ချက်ပြုတ်ထားခြင်း ဖြစ်သည်။ ဈေးနှုန်းမှာ အလွန်တရာ ကြီးမြင့်လှသည်။

ဈေးအကြီးဆုံး ဟင်းလျာ သွေးမြွေ အရိုးစွပ်ပြုတ်ဆိုလျှင် ဝိညာဉ် သားရဲသွေးမြွေ၊ ငှက်မည်းနှင့် အဖိုးတန် ဆေးမြစ်များနှင့် ချက်ပြုတ်ထားရာ စျေးနှုန်းမှာ တစ်ပွဲလျှင် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ငါးဆယ်ကျော် နေလေသည်။ သာမန်လူ ဆိုပါက ဘယ်လိုမှ တတ်နိုင်မည် မဟုတ်ပေ။

ရဲချန်ဖန်က သူ့တွင် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကျော် ရှိနေသော်လည်း ထိုဟင်းလျာမျိုးကို မှာမစားရဲပေ။ သူ ဝိညာဉ် ကျောက်တုံး ရှစ်တုံးခန့် သုံးပြီး ဟင်းတစ်ပွဲနှင့် စွပ်ပြုတ်တစ်ပွဲ မှာလိုက်သည်။

“မထူးဆန်းဘူး… ဒီဟင်းတွေ ဈေးကြီးတာ။ ဒီဟင်းတွေက တကယ်တော့ တန်ပါတယ်”

သူချက်ပြုတ်ထားသော သားရဲ အသားတစ်ကိုက် ကိုက်လိုက်သည်နှင့် ထူးခြား ပြည့်စုံသော အနံ့ အရသာ နွေးထွေးမှုကလည်း ချောင်းမှတစ်ဆင့် သွေးကြောများထဲ စီးဝင်ရောက်ရှိ သွားပြီး သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနေကာ သူ့အဆင့်ကို တည်ငြိမ်အောင် ထောက်ပံ့ ပေးနေသည်။

ထို့နောက် သားရဲသွေးပါသော စွပ်ပြုတ် တစ်ဇွန်း သောက်လိုက်ရာ သန့်စင်သော ဝိညာဉ်စွမ်းအင်က သူကိုယ်ထဲ စီးဝင်လာပြီး သွေးများကို သန်မာစေပြီး ဆဲလ်များကို လှုံ့ဆော်ပေး နေလေသည်။

“မင်းသာ ဒီဝိညာဉ် စားသောက်ခန်းမကို နေ့တိုင်းလာပြီး နှစ်ပေါင်းများစွာ စားသုံးမယ်ဆို မလေ့ကျင့်ဘဲ နေရင်တောင် မြေကမ္ဘာအဆင့် သားရဲအဆင့်ကို ရောက်ရှိနိုင်တယ်”

သူဝိညာဉ် စားသောက်ခန်းမ၏ ချက်ပြုတ်ထားသည့် အစားအသောက်များ စားကြည့်ပြီးနောက် သူကောင်းကင်မီးဂိုဏ်း အကြောင်း ပိုမိုနားလည် သွားသလိုပင်။ သူက ဒါကြောင့် စားနေရင်းနှင့် ကောင်းကင်မီး ဂိုဏ်းအကြောင်း ပိုစိတ်ဝင်စား လာမိသည်။
အခန်း ( ၆၀ ) ပြီး၏။ ( ၆၁ ) မျှော်
***

Comment

Leave a Reply

Options

not work with dark mode
Reset