အခန်း ( ၅၉ )
ကလန်အသီးသီး၏ အကြံအစည်များ
ညအချိန်တွင် လရောင်ဖျော့ဖျော့က ခရမ်းရောင် မြို့တော်ကို အလင်းပေး နေလေသည်။
ကောင်းကင်မီးဂိုဏ်း အရည်အချင်းစစ် ဝင်ခွင့်ပွဲက ညနေစောင်းတွင် ပြီးဆုံး သွားသည်။ ရဲချန်ဖန် ပထမရရှိပြီး အောင်မြင်သူများ အကြောင်းက တစ်မြို့လုံးကို တောမီးပမာ အလွန်လျင်မြန်စွာ ပျံ့နှံသွားသည်။
ရဲချန်ဖန်နှင့် ရှန်းတုရွှယ်တို့ သုံးယောက်ကြား ပဋိပက္ခ၊ ရဲချန်ဖန်၏ ပြိုင်ဖက်ကင်း ပါရမီတို့မှာမူ သတင်း မထွက်ပေ။ ကောင်းကင်မီးဂိုဏ်းမှ ထိုသတင်းကို ဖုံးကွယ်ထားရာ လူအနည်းငယ်သာ သိရှိကြလေသည်။
ထိုအချိန် ရဲကလန် အိမ်တော်တွင် အစည်းအဝေး တစ်ခု ကျင်းပနေသည်။
“အဖေ ကောင်းကင်မီးဂိုဏ်းရဲ့ ဝင်ခွင့်အဆင့်တွေ ထွက်လာပြီ”
သတင်းစုံစမ်းပြီး အိမ်တော်သို့ အမြန်ပြန်လာကာ ရဲရီဟိုင်က သတင်းပို့လိုက်သည်။
“ရဲချန်ဖန် ဝင်ခွင့်ရလား”
လက်ဖက်ရည်ငှဲ့နေသော ရဲချင်ဟွမ် လက်ဖက်ရည်ခွက် အလျင်အမြန်ချပြီး မေးလိုက်သည်။
“ရဲချန်ဖန်က ကျွန်တော်တို့ ထင်ထားထက် အများကြီး ပိုတော်တယ်။ သူက စစ်ဆေးမှု သုံးခုလုံးမှာ ပထမရပြီး အဆင့်တစ်နဲ့ ကောင်းကင်မီးဂိုဏ်းကို ဝင်ခွင့်ရတယ်။ အလွန်စည်းကမ်း တင်းကျပ်တဲ့ အကြီးအကဲလျှူတောင် သူ့ကို ချီးကျူးသွားတယ်”
ရဲရီဟိုင် က သူ့ခေါင်းသူခါရင်း သူတို့ မှားယွင်းအကဲခတ် မိသည်ကို နောင်တ ရနေသည်။
“စစ်ဆေးမှု သုံးခုလုံးမှာပထမရတယ် ဟုတ်လား”
ရဲချင်ဟွမ်က သူက ရဲချန်ဖန်ကို အလွန် အထင်ကြီးသော်လည်း နောက်ဆုံးရလဒ်က သူ့ကို တုန်လှုပ်မှုကို ပေးစွမ်းနေတုန်းပင်။
ရဲချင်ဟွမ်၏ အံ့ဩမှုကို ကြည့်ပြီး ရဲရီဟိုင် ပြုံးမိသော်လည်း ထိုအပြုံးမှာ ခါးသီးလွန်းနေသည်။ သူလည်း အစက ရဲချန်ဖန် သတင်းကြားပြီး ရဲချင်ဟွမ်လို အံအားသင့် ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်မီးဂိုဏ်း ဝင်ခွင့် စစ်ဆေးမှု လုပ်တိုင်း ထိပ်ဆုံးဆုများကို ရှေးဟောင်း သိုင်းမိသားစုများကသာ ကြီးစိုးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။
“ဟုတ်တယ်။ ငါတို့ နည်းလမ်း ရှာမှဖြစ်မယ်။ ဒီ ရဲချန်ဖန်က တကယ် အစွမ်းထက်တဲ့ ပါရမီရှင်ပဲ။ မဟုတ်ရင် ငါတို့ရဲကလန်က တစ်သက်မှာ တစ်ခါရတဲ့ အခွင့်အရေး ဆုံးရှုံးသွားမယ်”
ရဲချန်ဖန်၏ အံဖွယ်ရလဒ်ကို သိရှိပြီးနောက် ကလန်ခေါင်းဆောင် ရဲချင်ဟွမ်သည် သက်ပြင်းများသာ ချနေမိပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း နောင်တရနေမိသည်။
“အဖေသာ ရဲချန်ဖန်ကို သွားတွေ့ဆုံမယ်ဆို အစ်ကိုကြီး မျက်နှာထောက်ပြီး ရဲမိသားစုကို ပြန်လာမယ် ထင်တယ်”
“ဒီခွေးကောင်က သူအစွမ်းကို ဒီလောက် လျှို့ဝှက်ဖုံးကွယ် ထားမယ်လို့ မထင်ထားမိဘူး။ ငါတို့ သူ့ကို သတ်ကို သတ်ပစ်ရမယ်။ မဟုတ်ရင် သူအစွမ်းထက် လာတာနဲ့အမျှ ငါတို့ ဂျန်ကလန်ကို ဒုက္ခအကြီးကြီး ပေးလိမ့်မယ်”
ဂျန်အိမ်တော်တွင်လည်း ကလန် အစည်းအဝေး ပြုလုပ်နေပြီး ရဲချန်ဖန် အကြောင်း ဆွေးနွေးနေကြသည်။ ကလန်ခေါင်းဆောင် ဂျန်ကျုံရှင်းက စားပွဲကို ဖြည်းဖြည်းချင်း တတောက်တောက် ခေါက်နေသည်။ သူ့မျက်နှာကမူ အလွန်မည်းမှောင် နေလေသည်။
“အဖေ အဖေက ရဲဟွမ်ရှင်း သေဆုံးမှုကို ရဲချန်ဖန်က ပြန်စုံစမ်းစစ်ဆေးပြီး ဂျန်ကလန်ကို လက်စားချေမှာကို စိုးရိမ်နေတာလား”
ဂျန်ကျုံရှင်း၏ အကြီးဆုံးသား ဂျန်ရှီယုက မေးလိုက်သည်။
“ဟုတ်တယ်။ ရဲချန်ဖန်က ရဲကလန်ကို မေတ္တာမရှိပေမဲ့ ရဲဟွမ်ရှင်းနဲ့ ပတ်သက်မှုက အရမ်းကြီးတယ်။ ရဲဟွမ်ရှင်းက ငါတို့ကြောင့် အဆိပ်မိပြီး သေသွားတာ သိရင် အကျိုးဆက်က မကောင်းဘူး”
ဂျန်ကျုံရှင်း မျက်နှာမှာ အလွန်တည်ကြည် လေးနက်နေသည်။
“အဘိုး တကယ်တော့ ရဲချန်ဖန်ဆီက ခြိမ်းခြောက်မှုကို သိပ်စိတ်ပူစရာ မလိုဘူး။ သူ့ကို တစ်ယောက်ယောက်က ရှင်းပစ်လိမ့်မယ်”
ညှိုမှိုင်းလေးပင်နေသော ဂျန်ကလန် အစည်းအဝေး ခန်းမထဲကို ဂျန်ကလန် ပါရမီရှင် ဂျန်ရိဂျွန်က ကောင်းကင်မီးဂိုဏ်းမှ သတင်းများကို ပြန်ပြောပြ လိုက်သည်။
“ရိဂျွန် ဘယ်သူက ငါတို့ကိုကူပြီး ရဲချန်ဖန်ကို ရှင်းချင်နေတာလဲ”
ဂျန်ရိဂျန်က မေးလိုက်သည်။
“ရှန်းတုကလန်နဲ့ ရှန်းဂွန်း ကလန်တို့ပဲ”
“ဘာလို့လဲ။ ရဲချန်ဖန်က အဲကလန် နှစ်ခုနဲ့ ပြဿနာ ဖြစ်ထားတာလား”
ဂျန်ဇောင်ရှင်းက အနည်းငယ် အံအားသင့် သွားလေသည်။
ဂျန်ကလန်သည် ဇီကျင်နိုင်ငံတွင် အင်အား အကြီးဆုံး ကလန်ဖြစ်သော်လည်း ထိုရှေးဟောင်း သိုင်းကလန်ကြီး နှစ်ခုနှင့် ယှဉ်လျှင် အားနည်း နေတုန်းပင်။
“ဟုတ်တယ်။ ခရမ်းရောင် တောင်တန်းကို ဖြတ်ကျော်တဲ့အချိန် ရှန်းတုရွှယ်၊ ရှန်းတုရဲနှင့် ရှန်းဂွန်းပန် သူတို့သုံးယောက်နဲ့ ရဲချန်ဖန် အကြီးအကျယ်ကို ပဋိပက္ခ ဖြစ်ကြတယ်တဲ့။ အဲသတင်းက ကောင်းကင်မီးဂိုဏ်း အကြီးအကဲတွေဆီတောင် သတင်းရောက် သွားတယ်”
ဂျန်ရိဂျွန်က ဖြစ်သမျှ အကြောင်းကို စီကာပတ်ကုံး ပြောပြ လိုက်သည်။
သို့သော် သူတို့သိရသော သတင်းမှာ တစ်ဖက်မှ ပြောသော သတင်းချည်းပင်။ အမှန်ဖြစ်သော ရဲချန်ဖန် နှင့်ဝမ်ဖေးဟုန်တို့ လုပ်ကြံခံရသော သတင်းကိုမူ ဖုံးကွယ် ထားလေသည်။
“ဒီသတင်းသာ မှန်မယ်ဆို ရှေးဟောင်းသိုင်း မိသားစုကြီး နှစ်ခုပေါင်းပြီး ရဲချန်ဖန်ကို လုပ်ကြံကြမှာပဲ။ ဒါဆို ရဲချန်ဖန် သေချာပေါက် သေမှာပဲ”
ဂျန်ကျုံရှင်းက စိတ်နည်းနည်း အေးသွား မိသည်။
“ရိဂျွန် ကောင်းကင်မီးဂိုဏ်းကို ပြန်ရင် ရဲချန်ဖန် သတင်းကို မျက်ခြေ မပျက်စေနဲ့။ မင်း အခွင့်အရေးသာရရင် အဲကောင်လေးကို အပြတ်ရှင်းပစ်လိုက်။ အဲဒါမှ ပြဿနာတွေ မကြီးလာမှာ”
ဂျန်ကျုံရှင်းက ကောက်ကျစ်စွာ ပြောလိုက် လေသည်။
“စိတ်မပူနဲ့ အဘိုး။ ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ မြေးသိပါတယ်”
ဂျန်ရိဂျွန်က ခေါင်းညိတ် လိုက်သည်။
ကောင်းကင်မီးဂိုဏ်းရဲ့ ဝင်ခွင့် စစ်ဆေးမှု ပြီးသွားပြီးနောက် အကုန်လုံးက လျှို့ဝှက်စွာ လှုပ်ရှား နေကြသည်။ ထိုအချိန်တွင် ရဲချန်ဖန်နှင့် နောက်ဂိုဏ်း ဝင်ခွင့်ရသူ ခြောက်ဦးလုံး အကြီးအကဲလျှူ စီစဉ်မှုဖြင့် နေရာအသီးသီး ချပြီးနောက် သူတို့ ကိုယ်ပိုင် တရားဝင် ဂိုဏ်းသား အမှတ်အသား တိုကင်ကို တစ်ယောက်စီ လက်ခံရရှိကြသည်။
ရဲချန်ဖန် သတ်ခြင်းခံရသည့် လူဘီလူးကြီးကိစ္စမှာ ရဲချန်ဖန်နှင့် ရှန်းတုရွှယ်တို့ကြား ပဋိပက္ခများကြောင့် ဘယ်သူမှ အလေးမထားမိကြပေ။ ထိုကြောင့် ဂျီချင်ရွှယ် ရင်ထဲက အလုံးကြီး ကျသွားပြီး စိတ်အေး သွားသည်။
“ဒီခြံဝင်း ခြောက်ဝင်းက အနာဂါတ် မင်းတို့နေရမဲ့ နေရာပဲ။ ရဲချန်ဖန် မင်းက အဆင့်တစ် ရတဲ့အတွက် မင်းကြိုက်တဲ့ခြံကို အရင်ရွေး”
အကြီးအကဲလျှူက ကောင်းကင်မီးဂိုဏ်း မြေပုံထုတ်ကာ ခြံဝင်းခြောက်ခုကို ထောက်ပြပြီး ရဲချန်ဖန်ကို ဦးစွာ ပထမ ရွေးခိုင်းလိုက်သည်။
“ကျွန်တော် အဲနေရာကို လိုချင်တယ်”
ရဲချန်ဖန် တိတ်ဆိတ် ငြိမ်သက်သော ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်သဖြင့် မြေပုံကို တစ်ချက်ကြည့်ပြီး အစွန်ဆုံးခြံဖြစ်သော ချောက်ကမ်းပါးနှင့် နီးသည့်ခြံလေးကို ရွေးချယ်လိုက်သည်။
ရဲချန်ဖန် ပြီးနောက် ရှန်းဂွန်းပန်၊ ရှန်းတုရဲနှင့် တခြားလူများက သူတို့ခြံများကို ရွေးချယ် လိုက်ကြသည်။
“ဒီမျက်နှာပြင် ခြောက်ခုပါတဲ့ အလံက မင်းအတွက်ပဲ။ မင်းနေတဲ့ ခန်းမအလယ် ဒီအလံ စိုက်လိုက်တာနဲ့ ခြံထဲက မှော်အစီအရင်က အလုပ်လုပ် လိမ့်မယ်။ ဒါဆို မင်းတို့ လေ့ကျင့်နေချိန် ဘယ်သူကမှ လာပြီး နှောင့်ယှက်လို့ မရဘူး”
“ဒီအထူးဝတ်စုံက ကောင်းကင်မီးဂိုဏ်းရဲ့ ဝတ်စုံပဲ။ သူက အရမ်းထူးခြားပြီး ရွှေပိုးကောင် ချည်မျှင်နဲ့ ရေခဲပိုးကောင် ချည်မျှင်တို့ကို ပေါင်းစပ် ယက်လုပ် ထားတာပဲ။ အဲဝတ်စုံကို ဝတ်ထားရင် အဆိပ်ရှိ ပိုးကောင်တွေက မင်းတို့ကို မကိုက်နိုင်ဘူး။ မင်းတို့ကိုလည်း ရှောင်ဖယ် လိမ့်မယ်”
“ဒီအဆင့်နိမ့် ဝိညာဉ် ကျောက်တုံး သုံးဆယ်က မင်းအတွက်ပဲ။ ဒီကျောက်တုံးကို အသုံးပြုပြီး လျှို့ဝှက် ဝိညာဉ် ကျင့်စဉ်တွေ၊ ဝိညာဉ်သိုင်းတွေနဲ့ ဝိညာဉ် စွမ်းအင် စုဆောင်းတဲ့ မှော်အစီအရင်တွေနဲ့ လဲလှယ်လို့ ရတယ်”
“မင်းတို့ ဒီဝိညာဉ် ကျောက်တုံးတွေ ကုန်သွားရင်တော့ ကိုယ့်ဟာကို ရှာဖွေဖို့ နည်းလမ်း ရှာထား။ မင်းတို့ ဝိညာဉ်ကျောက်တုံး ရနိုင်မယ့် နည်းလမ်းတွေကို ဒီကျောက်စိမ်း ပြားထဲမှာ ရှင်းပြထားတယ်”
“အခုအချိန်လည်း သိပ်မစောတော့ဘူး။ မင်းတို့ ကိုယ်ခြံကိုယ် ပြန်ပြီး နားကြ။ မင်းတို့ နာမည်ကို နောက်ကျရင် ကောင်းကင်မီးသိုင်း တန်ခိုးရှင် စာရင်းမှာ တွေ့ဖို့ မျှော်လင့်တယ်”
“ကျေးဇူးတင်ပါတယ် အကြီးအကဲလျှူ”
အကြီးအကဲလျှူ ပေးသော အရင်းအမြစ်များကို ယူလိုက်ကြပြီး သူတို့နေရမည့် ခြံဝင်းကို သွားလိုက် ကြသည်။
“ရဲချန်ဖန် မင်းသတိထား နေပေတော့။ ငါတို့ ရှန်းတုကလန်က မင်းကို ခွင့်မလွှတ်ဘူး”
ရဲချန်ဖန် နောက်ကျောကို ကြည့်ပြီး သူတို့ ရဲချန်ဖန်၏ပညာပြမှုကို ခံရသည့် အကြောင်းတွေးမိပြီး သူ့မျက်လုံးမှ မုန်းတီးမှုများသည် ထိန်းမရအောင် ထွက်နေလေသည်။
ဤအကြိမ်တွင် သူတို့ ရှန်းတုကလန် ဆုံးရှုံးမှုမှာ ကြီးမားလှသည်။ ဆုံးရှုံးမှုမှာ ဝိညာဉ် ကျောက်တုံး နှစ်ထောင်၊ ဆေးမြက်ပင်၊ သိုလှောင်အိတ် သာမကပဲ သူတို့ ဂုဏ်သိက္ခာပါ ကြီးကြီးမားမား ထိခိုက်သွားသည်။
“လှလိုက်တဲ့ခြံဝင်း…”
သူနေရမယ့် နေရာကိုကြည့်ပြီး ရဲချန်ဖန် မျက်လုံးက လင်းလက် သွားသည်။ ကောင်းကင် မီးဂိုဏ်းတွင် ယခုလိုနေထိုင်ရန် ပတ်ဝန်းကျင်ကောင်း ရှိမည်ဟု မထင်ထားမိပေ။ နံရံများတွင်လည်း ကျောက်သံ ပတ္တမြားများနှင့် အလှဆင်ထားသည်။
ခြံဝင်းထဲရှိ အဆောက်အဦလေးမှာလည်း သပ်ရပ်သန့်ရှင်းပြီး နေချင့်စဖွယ်ပင်။ ဝါးရုံတောကလည်း လေတိုက်တိုင်း ယိမ်းနွဲ့လုပ်ရှားနေပြီး ဘေးရှိ ရေကန်ငယ်လေးထဲတွင် ငါးလေးများက ဟိုဟိုဒီဒီ ကူးခတ် နေကြ၏။
ရဲချန်ဖန် အခန်းအလယ်ရှိ မှော်အစီအရင် နေရာတွင် အလံကို ထိုးစိုက်လိုက်ရာ ချက်ချင်းပင် လေးဘက်လေးတန်မှ မှော်အစီအရင် အော်ရာများ ထွက်ပေါ်လာသည်ကို ခံစားသိလိုက်ရပြီး ခြံလေးကို လွှမ်းခြုံ ဖုံးကာ သွားသည်။
အမွှေးတိုင် တစ်ဝက်စာလောက် ကုန်ချိန်ခန့်တွင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လာပြီး အင်မော်တယ်တို့ ပျော်စံရာ ဘုံကဲ့သို့ ဝိညာဉ်စွမ်းအင်များ ပြည့်နှက် နေလေသည်။
“ကလန်ကြီးတွေရဲ့ ကလန်သားတွေက ကောင်းကင်မီးဂိုဏ်းကို ဘာလို့ဝင်ချင်လဲ မဆန်းဘူး။ ဒီလိုပတ်ဝန်းကျင်မှာ လေ့ကျင့်ရင် အပြင်ကမ္ဘာမှာ လေ့ကျင့်တာထက် အများကြီးကို လွယ်ကူပြီး ခရီးပိုရောက်မှာပဲ”
ရဲချန်ဖန် က ကောင်းကင်မီးဂိုဏ်း၏ လေ့ကျင့်ခြင်း ပတ်ဝန်းကျင် အနေအထားနှင့် ပတ်သက်ပြီး အလွန်ကျေနပ် နေမိသည်။ သူအကျောများ ဆန့်ပြီး အိပ်ခန်းထဲ ဝင်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပြား ထုတ်ကာ ဝိညာဉ်စွမ်းအင် ထည့်သွင်း လိုက်သည်။
အခန်း ( ၅၉ ) ပြီး၏။ ( ၆၀ ) မျှော်
***