အခန်း ( ၅၈ )
ပညာရတယ် မှတ်ပါ။
“အကြီးအကဲယု ကျွန်တော့်ကို အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ငါးရာလောက် ချေးထားလို့ ရမလား။ ထွက်ပြေးမည့်ပုံပင် ပေါက်နေသော အကြီးအကဲယုကို ရှန်းတုရွှယ် မေးလိုက်သည်။ သူ့အသံမှာ အလွန်နာကျင် ခံရခက်နေသည့် ပုံပင်။
“ရှန်းတုရွှယ် ဘာလို့ အဲလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေလို နေတာလဲ”
အကြီးအကဲယု မျက်နှာမှာ အလွန်စူပုပ် နေလေပြီ။
သူသည် ကောင်းကင်မီးဂိုဏ်း၏ အကြီးအကဲ တစ်ယောက်ပင် ဖြစ်သော်လည်း သူလစဉ်ရသော ကျောက်တုံးမှာ အကန့်အသတ် ရှိသေးသည်။ ဝိညာဉ် ကျောက်တုံး တစ်ထောင့်ငါးရာမှာ နည်းသော ပမာဏ မဟုတ်ပေ။ သူ့တွင်လည်း အဲလောက် အများကြီး မရှိပေ။
“ကျွန်တော် ရဲချန်ဖန်ကို ဝိညာဉ် ကျောက်တုံး နှစ်ထောင် ပေးမယ်လို့ ကတိပေး ထားရတယ်”
ရှန်းတုရွှယ် အသံက အလွန်ပင် နာကျင်နေသည်။
“ဘာ… ဝိညာဉ် ကျောက်တုံး နှစ်ထောင် ဟုတ်လား။ မင်းတော်တော် အရှက်မရှိတာပဲ”
ရဲချန်ဖန်ကို အကြီးအကဲယုက အံအားသင့် နေလေသည်။
“ဝိညာဉ် ကျောက်တုံး နှစ်ထောင်ပဲလေ။ အသက်က သုံးချောင်းတောင်။ ဘယ်လောက်တောင် တန်လိုက်သလဲ”
ရဲချန်ဖန်က မခံဘဲ ပြန်ပြောလိုက်သည်။
“အကြီးအကဲယု ကျွန်တော့်ကို ဝိညာဉ် ကျောက်တုံး ထောင့်ငါးရာ ချေးမယ်ဆိုရင် ဝိညာဉ် ကျောက်တုံး နှစ်ထောင်ကို သုံးရက်အတွင်း ပြန်ဆပ်မယ်လို့ ကတိပေး ပါတယ်ဗျာ”
ရှန်းတုရွှယ်က သူတို့၏ အသက် အန္တရာယ်နှင့် ယှဉ်လိုက်ပါက ကျန်တာက တန်ဖိုးမရှိပေ။ ထို့ကြောင့် ဒေါသလျော့ပြီး ညှိုနှိုင်းရ လေတော့သည်။
“မရှိဘူး ငါမှာလည်း…”
အကြီးအကဲယုက အလွန်ကံဆိုး နေသည်ဟု တွေးနေမိသည်။ သူက အဆင့်ကိုး ဆေးလုံး နှစ်လုံးကို ဆုံးရှုံးရသည့်အပြင် ပြိုင်ဖက်ကင်း ပါရမီရှင်ကို ဒေါသထွက်အောင် လုပ်မိလိုက်သည်။ အခု ရှန်းတုရွှယ်က ရဲချန်ဖန်ကို ပေးရန် လူရှေ့တွင် သူဆီမှ ဝိညာဉ်ကျောက်တုံးများ ချေးနေလေပြီ။ သူ့ဒေါသ ပေါက်ကွဲသွားပြီး ခပ်ရင့်ရင့် ပြောလိုက်လေသည်။
ထိုစဉ် ရဲချန်ဖန်က –
“ရှန်းတုရွှယ် ငါစိတ်ရှည်တာ အတိုင်းအတာ ရှိတယ်။ မင်းပြောတာ မပေးနိုင်ရင်တော့ ငါ့ကို အခွင့်အရေး မပေးဘူး မပြောနဲ့”
ရှန်းတုရွှယ်က ကြောင်တောင်တောင် အကွက်ခင်းရန် ကြိုးစားနေရာ ရဲချန်ဖန် သတိပေး လိုက်သည်။
“ငါ့ကို အချိန် တစ်နာရီပေး။ ငါနေတဲ့ နေရာပြန်ပြီး ချေးလိုက်ဦးမယ်”
ရှန်းတုရွှယ် သွားများ ကြိတ်နေသည်။
“အေး ငါမင်းကို တစ်နာရီ အချိန်ပေးမယ်။ တစ်နာရီကျော်လို့ ပြန်မလာရင် ဘာဖြစ်မလဲ ကြည့်ကြတာပေါ့”
“ငါသေချာပေါက် အမြန်ဆုံး ပြန်လာမယ်”
ရှန်းတုရွှယ် အလျင်အမြန် ပြေးထွက် သွားသည်။
“အကြီးအကဲယု အဆင့်ကိုးဆေးတွေ ကျွန်တော်ကို ပေးလို့ရပြီ”
ရဲချန်ဖန်က ရှန်းတုရွှယ် ထွက်သွားတာ ကြည့်ပြီးနောက် အကြီးအကဲယုကို လှမ်းကြည့်ပြီး ပြောလိုက်လေသည်။
“ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…”
လူအများရှေ့တွင် သူလှည့်စား၍ မရတော့ပေ။ ထို့အပြင် ရဲချန်ဖန်၏ မယုံနိုင်စရာ ပါရမီကိုလည်း သူစိုးရိမ်ရသည်။ ထို့ကြောင့် အသည်းများ ကွဲသော်လည်း အောင့်အည်းပြီး သူနှစ်ပေါင်းများစွာ ချွေတာပြီးမှ ရလာသော ဆေးနှစ်လုံးကို မပေးချင် ပေးချင်နှင့် ရဲချန်ဖန်ဆီ ပေးလိုက်ရသည်။
ကျောက်စိမ်း သေတ္တာလေးကို ဖွင့်လိုက်ရာ အလွန်သင်းပျံ မွှေးကြိုင်သော ရနံ့ ထွက်ပေါ်လာပြီး နဂါးမျက်လုံး အရွယ်အစား ဆေးနှစ်လုံးကို တွေ့လိုက်လေသည်။ ဆေး၏ရနံ့ကပင် တစ်ကိုယ်လုံး လန်းဆန်း သွားစေနိုင်စွမ်း ရှိနေသည်။
“တကယ် အဆင့်ကိုး ဆေးလို့ခေါ်ဆို ထိုက်ပါတယ်။ ဒီဆေးရနံ့နဲ့တောင် ဒီလောက် စွမ်းနေရင် သောက်လိုက်ရင်တော့ အဆင့်အနည်းဆုံး တစ်ဆင့်တက်မှာ သေချာတယ်”
ရဲချန်ဖန် ဆေးများကို သေချာစွာ ထုပ်သိမ်း လိုက်သည်။ ထို့နောက် ငိုချင်ပုံပေါက်နေသည့် အသည်းကွဲနေသော အကြီးအကဲယုကို ကြည့်ပြီး ပြောလိုက်သည်။
“ဆေးလုံးတွေ လက်ဆောင် ပေးတဲ့အတွက် အကြီးအကဲယုကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”
“အကြီးအကဲလျှူ ဒီမှာ ငါဘာလုပ်စရာမှ မရှိတော့ဘူး။ ငါသွားနှင့်မယ်”
အကြီးအကဲယုက အလွန်ဒေါသထွက် နေလေသည်။ ရဲချန်ဖန်သာ ထပ်မံခနဲ့နေပါက သွေးပင် အန်နိုင်သည်။
“ရှန်းဂွန်းပန်နဲ့ ရှန်းတုရဲ မင်းတို့က ဒုတိယ၊ တတိယ အသီးသီးရတဲ့ အတွက် ဒီမှာမင်းတို့ရဲ့ဆု အဆင့်ရှစ် ဆေးလုံးနဲ့ အဖြူရောင် ကျောက်စိမ်းဆေး”
ရဲချန်ဖန်ကို ဆုပေးအပ် လိုက်ပြီးနောက် အကြီးအကဲလျှူက ရှန်းဂွန်းပန်နှင့် ရှန်းတုရဲတို့ကိုလည်း သက်ဆိုင်သည့် ဆုများ ပေးအပ် လိုက်လေသည်။
“ရှန်းဂွန်းပန်နဲ့ ရှန်းတုရဲ မင်းတို့ လက်ထဲက ဆေးလုံးတွေက ငါ့ဟာတွေပဲ”
ရှန်းဂွန်းပန်နဲ့ ရှန်းတုရဲက ဆုကို အခုမှ လက်ခံယူပြီးရာ သူတို့လက်ထဲ ပူအောင်ပင် မကိုင်ရသေးဘဲ ထိုအချိန် ရဲချန်ဖန် အသံက ထွက်လာလေသည်။
“မင်းကိုပေးရမယ် ဟုတ်လား”
သူတို့ နိုင်ကွက်ကို ရဲချန်ဖန်က ကိုင်ထားသည့်အပြင် အလောင်းအစား လုပ်ချိန်တွင် အကြီးအကဲလျှူကို သက်သေထား ထားရာ သူတို့ ဘယ်လောက်ပင် ဆန္ဒမရှိသော်လည်း နောက်ဆုံးတွင် ဆေးများကို ရဲချန်ဖန်ဆီ ပေးလိုက် ရလေသည်။
အဆင့်ကိုး ဆေးလုံးသုံးလုံးနှင့် အဆင့်ရှစ် ဆေးနှစ်လုံးတို့ကို ရဲချန်ဖန် တစ်ယောက်တည်း ရရှိသွားရာ အကုန်လုံးက သေလောက်အောင် မနာလို ဖြစ်သွား ကြသည်။
“ရဲချန်ဖန် သူတကယ် ပြောင်းလဲ သွားတာပဲ”
အရပ်မြင့်ပြီး ခန့်ညား ချောမောနေသော ရဲချန်ဖန်ကို ကြည့်ပြီး ဂျီချင်ရွှယ်က သူသိသော လူမဟုတ်ဟု ရုတ်တရက် ခံစားလိုက် မိလေသည်။
“ဖန်ရှောင်ရှောင်း၊ ဂျီချင်ရွှယ်၊ ရှန်းတုပင် မင်းတို့က အဆင့်လေးကနေ အဆင့်ခြောက် ကိုယ်စီ ကောင်းကင်မီးဂိုဏ်း စမ်းသပ်မှုမှာ အဆင့်ချိတ် ကျတယ်။ ဒါက မင်းတို့ရဲ့ ဆုတွေပဲ”
ပထမသုံးဆုကို ပေးပြီးနောက် အကြီးအကဲလျှူက ဂျီချင်ရွှယ်တို့ကို အဆင့်အလိုက် ဆုပေးလိုက်သည်။
“ကောင်းပြီ။ ခုကစပြီး မင်းတို့ ခြောက်ယောက်က ကောင်းကင်မီး ဂိုဏ်းသားတွေ ဖြစ်လာပြီ။ ရဲချန်ဖန် ကိစ္စပြီးတာနဲ့ ကောင်းကင်မီးဂိုဏ်းထဲ ငါနဲ့အတူ သွားပြီး တရားဝင် အခမ်းအနားကို ကျင်းပမယ်။ မင်းတို့က အနာဂါတ် ကောင်းကင်မီးဂိုဏ်းမှာ လေ့ကျင့်ခွင့် ရှိပြီ”
အကြီးအကဲလျှူက ကြေညာ လိုက်သည်။
အကြီးအကဲလျှူက ကြေညာသံကြားပြီး ဖန်ရှောင်ရှောင်းနဲ့ ဂျီချင်ရွှယ်တို့ တော်တော် စိတ်လှုပ်ရှားနေပြီး သူတို့နား ရပ်နေသော ရှန်းတုပင် တစ်ယောက်ကမူ ကြောက်လန့်ကာ နောင်တ ရနေမိသည်။ သူမသာ ရဲချန်ဖန်ကို သွားပြဿနာ မရှာခဲ့လျှင် ဤနေ့လို အဖြစ်မျိုး ဖြစ်လာမည် မဟုတ်ပေ။
အချိန်တဖြည်းဖြည်း ကုန်ပြီး တစ်နာရီပြည့်ခါနီး လာသည်။ နောက်ဆုံးတွင် မျက်နှာ အလွန်စူပုပ်နေသော ရှန်းတုရွှယ် ပြန်ရောက် လာလေသည်။
“ရဲချန်ဖန် ငါမင်းကို ကတိပေးထားတာတွေ ယူလာပြီ။ ငါမင်းကို ဒါတွေ မပေးခင် မင်းက ငါတို့ကို ဒီကိစ္စတွေ ဒီမှာပြီးပြီလို့ အာမခံရမယ်။ ပြီးတော့ မှတ်ဉာဏ် ကျောက်တုံးကို ငါ့ကိုပေး”
မျက်နှာပင် ဖြူဖပ်ဖြူရော် ဖြစ်နေသော ရှန်းတုရွှယ်က ခပ်တင်းတင်း ပြောလိုက်သည်။ ဤကိစ္စသည် အလွန်အရေးကြီးသည် မဟုတ်လော။ ရဲချန်ဖန်လို ပါရမီရှင်က နောင်တစ်ချိန် သူအလွန် အစွမ်းထက်လာလျှင် ဤကိစ္စကို အစဖော် ရန်ရှာပါက သူတို့ ဘာမှတတ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ရဲချန်ဖန် တောင်းဆိုသည့် ပစ္စည်းများကို တစ်နာရီအတွင်း ပေးရန် သူမယုံနိုင်စရာ စျေးပေးခဲ့ရသည်။ သူနှစ်ပေါင်းများစွာ စုထားသော လုပ်အားခများသည် ရဲချန်ဖန်ကို ပေးလိုက်ရသည်နှင့် ကုန်ပြီဖြစ်သည်။
“အင်း ငါကတိပေးတယ်။ ဒီကိစ္စကို နောက်ကျ ပြန်အစဖော်တဲ့လူ မိုးကြိုး ငါးကြိမ်တိုင် ပစ်ခံရပြီး ခွေးလိုသေပါစေ”
ရဲချန်ဖန် လူအများရှေ့ ကတိပေးကာ ကျိန်စာတိုက် လိုက်သည်။
“ငါမင်းကို ဒါတွေ ပေးမယ်။ မှတ်ဉာဏ်ကျောက်တုံး ငါ့ကိုပေး”
ရဲချန်ဖန် လူအများရှေ့ ကတိပြုပြီးနောက် အလွန်စိတ်တိုနေသော ရှန်းတုရွှယ်မှာ စိတ်တော်တော် ပြေသွားပြီး သိုလှောင်အိတ်အား ရဲချန်ဖန်ဆီ ပစ်ပေးလိုက်သည်။ ရဲချန်ဖန်နှင့် ရှန်းတုရွှယ်က ပစ္စည်းချင်း လဲလှယ်လိုက်ကြသည်။
“ရှန်းတုရွှယ် မင်းမသွားခင် မင်းကို သေချာပေါက် ပြောရမယ့် ဟာရှိတယ်။ တကယ်တော့ မင်းကိုငါ လှည့်စားခဲ့တာ။ ငါ့မှာရှိတဲ့ မှတ်ဉာဏ်ကျောက်တုံးက မင်းတို့ ငါ့ကို လိုက်ဖမ်းတာ၊ ဝမ်ဖေးဟုန်ကို သတ်တာ အဲဟာတွေကို မှတ်တမ်း မတင်ထားဘူး”
ရဲချန်ဖန်က သိုလှောင်အိတ်ကို ရင်ဘတ်ထဲ သေချာထည့်လိုက်ပြီး ထွက်ခွါနေသည့် ရှန်းတုရွှယ်ကို ပြောလိုက် လေသည်။
“ဘာ…”
ရဲချန်ဖန် စကားဆုံးသည်နှင့် ရှန်းတုရွှယ်တို့ သုံးယောက် မျက်နှာ ချက်ချင်း ပျက်သွားလေသည်။ ရှန်းတုရွှယ်က ချက်ချင်း မှတ်ဉာဏ်ကျောက်တုံးကို စစ်ဆေးလိုက်ရာ ရဲချန်ဖန် ပြောသကဲ့သို့ပင် မှတ်ဉာဏ် ကျောက်တုံးထဲတွင် မှတ်တမ်းတင် ထားသည့် မည်သည့် ပုံရိပ်မှ ရှိမနေချေ။
“ငါက မင်းတို့ တော်တော်တုံးတာကို သိတယ်။ ဒါကြောင့် မင်းတို့ နောက်တစ်ခါ ဒီလိုမခံရအောင် ပညာပေးတာ။ မှတ်ထားကြ ငါပြောတာကို။ အဲဒီအချိန်မှာ ငါသေဘေးနဲ့ ဒီလောက် နီးနေတာ မှတ်ဉာဏ် ကျောက်တုံးနဲ့ မှတ်တမ်းတင်မယ် ဆိုတာ ဖြစ်နိုင်လို့လား”
ရဲချန်ဖန်က အလွန် ဒေါသထွက်နေသော သူတို့ သုံးယောက်အား ငချွတ်လေးတွေကို ဆရာကြီးက ပညာသင်ပေးနေသည့်ပုံနှင့် ရှင်းပြလိုက်သည်။
ရှန်းဂွန်းပန်နဲ့ ရှန်းတုရဲတို့မှာ အမှန်ကို သိလိုက်ပြီးနောက် ရူးသွပ်မတတ် ဖြစ်သွားလေသည်။ သူတို့သည် ရဲချန်ဖန်ကို သတ်ရန် တစ်စက္ကန့်လေးမှ မစောင့်စား နိုင်အောင် ဖြစ်နေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။
“တော်ပြီ။ တော်ပြီ။ မင်းတို့ သုန်မှုန် စိတ်ကောက် မနေနဲ့တော့။ စိတ်ကောက်တာ မကောင်းဘူး”
“မင်း…မင်း…”
ရှန်းတုရွှယ်က သူတို့ပေးလိုက်ရသည့် တန်ဖိုးကို တွေးမိပြီး ဖော်ပြလို့ မရနိုင်အောင် ရှက်သွားလေသည်။ ရှက်ရွံခြင်းက သူနှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိခိုက်သွားစေပြီး ရူးသွပ်ပေါက်ကွဲလု တဲတဲလေးပင်။
သူဖြေသိမ့်နိုင်စွမ်း မရှိတော့ဘဲ ဒေါသငယ်ထိပ် ရောက်ကာ သွေးများ အန်ထုတ် လိုက်သည်။ ရှန်းတုရွှယ်သည် သူလှည့်စား ကစားခံ လိုက်ရသည်ကို လက်မခံနိုင်ဘဲ ထပ်မံသွေးများ အန်ထုတ် လိုက်ရသည်။
အခန်း ( ၅၈ ) ပြီး၏။ ( ၅၉ ) မျှော်