အခန်း ( ၅၇ )
လိုရာဆန္ဒ ပြည့်ပြီ
“အကြီးအကဲယု ဒီဝိညာဉ်အဆင့် သွေးမြွေဖမ်းသိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ဒီသိုင်းက အရမ်းအစွမ်း ထက်တာပဲ”
အံအားသင့်နေသော အကြီးအကဲယုကို ရဲချန်ဖန် ကြည့်ပြီး စိတ်သက်ရာရစွာ ရန်စလိုက်သည်။
ဝိညာဉ်အဆင့် သွေးမြွေ ဖမ်းသိုင်းက ထိန့်လန့်ထွေပြား ဝိညာဉ် လက်ညှိုးသိုင်းထက် အများကြီး အစွမ်းထက် အဖိုးတန်မှာ သေချာသည်။ ကောင်းကင်မီး ဂိုဏ်းသားများပင် ဤသိုင်းကို လေ့ကျင့်မည်ဆိုပါက အလွန်အကုန်အကျများ ပေလိမ့်မည်။
ရဲချန်ဖန်က ဝိညာဉ်အဆင့် သွေးမြွေဖမ်းသိုင်းကို အလကား သင်ခွင့် ရလိုက်သည့်အပြင် အကြီးအကဲယုဆီမှ အဆင့်ကိုး ဆေးလုံးများ ရရှိဦးမည် ဖြစ်သည်။ ဒီအဖြစ်အပျက်က အကြီးအကဲယုကို သေချာပေါက် အရှက်ရစေသော ကိစ္စဖြစ်လာမှာ သေချာသည်။
“ရဲချန်ဖန် မင်းငါ့ကို မှန်မှန်ဖြေစမ်း။ မင်းအရင်က ဝိညာဉ်အဆင့် သွေးမြွေဖမ်းသိုင်းကို လေ့ကျင့်ဖူးတယ်မလား”
အကြီးအကဲယုက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူအသံက မခံချိမခံသာ ဖြစ်နေလေသည်။
“မကျင့်ဖူးဘူး။ အကြီးအကဲယုက မယုံသေးရင် နောက်ထပ်သိုင်းကို ကျွန်တော့်ကို လေ့ကျင့်ခိုင်းပြီး စစ်ဆေးလို့ ရပါတယ် ခင်ဗျာ”
ရဲချန်ဖန်က ခေါင်းခါ၍ ပြောလိုက်လေသည်။
“တကယ်တမ်းဆိုရင် အဆင့်မြင့် ဝိညာဉ်သိုင်းကိုလည်း လေ့ကျင့်ပြီး စစ်ဆေးရင်လည်း အဆင်ပြေ ပါတယ် ခင်ဗျာ”
ရဲချန်ဖန်က ရယ်မောကာ ပြောလိုက်သည်။
“မင်း…”
ရဲချန်ဖန်ကြောင့် အကြီးအကဲယုက ပြောစရာ စကားရှာမတွေ့ ဖြစ်နေလေသည်။ အဆင့်မြင့် ဝိညာဉ်သိုင်းသည် အလွန်တရာမှကို တန်ဖိုးကြီးပြီး သူလို ကောင်းကင်မီး ဂိုဏ်းက အကြီးအကဲပင်လျှင် အဆင့်မြင့် ဝိညာဉ်သိုင်းကို ကျက်မှတ် လေ့ကျင့်ခွင့်သာရှိပြီး အပြင်သို့ သယ်ယူခွင့် မရှိပေ။
“ချန်ဖန် မင်းဘယ်လို လေ့ကျင့် လိုက်တာလဲ။ မင်းဘယ်လောက် မြန်အောင် လေ့ကျင့်နိုင်လဲ”
အဲအချိန်တွင် အကြီးအကဲလျှူက မိမိမျက်လုံးပင် မိမိမယုံနိုင် ဖြစ်နေသည်။ ရဲချန်ဖန်က ဝိညာဉ်အဆင့် သွေးမြွေဖမ်းသိုင်းကို နှစ်နာရီအတွင်း လေ့ကျင့် လိုက်လေသည် မဟုတ်ပါလော။
“ကျွန်တော်လည်း မသိဘူး။ ဒီအတိုင်း အာရုံစိုက်လိုက်တိုင်း ထူးဆန်းတဲ့ စိတ်နယ်ပယ်ထဲ ရောက်သွားသလိုပဲ။ ပြီးရင် အဲလေ့ကျင့် လေ့လာတဲ့ သိုင်းရဲ့ အဆီအနှစ်ကို နားလည် သွားတာပဲ”
ရဲချန်ဖန် က နဂိုတည်းကပင် မေးလာလျှင် ဖြေရန် အဆင့်သင့် စဉ်းစားထားပြီး ဖြစ်သည်။
“ကြည့်ရတာ ရဲချန်ဖန် အဲအချိန်မှာ စိတ်ဉာဏ် အလင်းပွင့်တဲ့ အခြေအနေကို ရောက်သွား တာလား”
အကြီးအကဲလျှူက ခန့်မှန်းလိုက်သည်။
“စိတ်ဉာဏ် အလင်းပွင့်တဲ့ အခြေအနေသည် အလွန်ထူးဆန်းသော ထင်မြင်ချက်ပင်။ လူတစ်ယောက်က အဆိုပါ စိတ်ဉာဏ် အလင်းပွင့်တဲ့ အခြေအနေကို ရရှိပါက ထိုလူ၏ လေ့ကျင့်ခြင်းသည် သာမန် အခြေအနေများထက် အလွန် လျင်မြန် နေပေမည်။
သို့သော် ထိုကဲ့သို့ စိတ်ဉာဏ် အလင်းပွင့်တဲ့ အခြေအနေကို အများစုက တစ်သက်လုံးတွင် တစ်ခါမှ ဝင်ရောက်ခြင်း မရှိကြပေ။
“ပါရမီရှင်ပဲ။ တကယ် ပြိုင်ဖက်ကင်း ပါရမီရှင်ပဲ။ မင်းရဲ့ ပါရမီက ငါမြင်ဖူးသမျှ ထဲမှာတော့ အထူးချွန်ဆုံးပဲ။ ငါထင်တယ် မဟာကောင်းကင်မီး ဂိုဏ်းမှာတောင် မင်းလို ပါရမီရှင်ကို ရှာဖို့ခက်မယ်။ မင်းက ဒီစမ်းသပ် စစ်ဆေးမှုမှာ ပထမပဲ”
အကြီးအကဲလျှူက ရဲချန်ဖန်အတွက် ပျော်ရွှင်နေသည်မှာ ဖုံးဖိမရအောင် ပေါ်လွင်နေလေသည်။
“အကြီးအကဲလျှူ ကျွန်တော့်မှာ အပြစ်မရှိကြောင်း သက်သေပြ ပြီးပြီဆိုတော့ ရှန်းတုရဲတို့ သုံးယောက်ပေါင်းပြီး ကျွန်တော်ကို လုပ်ကြံတာရယ်၊ ဝမ်ဖေးဟုန် အသတ်ခံရတဲ့ ကိစ္စကို ဆက်ဆုံးဖြတ်ပေးလို့ ရပြီလား”
ရဲချန်ဖန် အကြည့်က အလွန်ရုပ်ပျက်နေသော ရှန်းဂွန်းပန်၊ ရှန်းတုရွှယ်နှင့် ရှန်းတုရဲတို့ သုံးယောက်ဆီ ရောက်သွားပြီး လေသံမာမာနှင့် ပြောလိုက် လေသည်။
ရဲချန်ဖန် အကြည့်နှင့် ဆုံသွားချိန်တွင် ရှန်းတုရဲတို့ သုံးယောက် ကြောက်လန့်ကာ တုန်လှုပ် သွားလေသည်။ သူတို့အား ရဲချန်ဖန်၏ ပါရမီက အလွန်ကို ခြောက်လန့် နေလေပြီ။ သူတို့မှာကား တကယ်ပါရမီရှင်နှင့် ရန်ငြိုးဖွဲ့မိချေလေပြီ။
ရဲချန်ဖန်သာ အချိန်တစ်ခု ရောက်ပါက သူတို့ သုံးယောက်က မော့ကြည့် အားကျနေရသော အဆင့်ကို သေချာပေါက် ရောက်ရှိပေလိမ့်မည်။ အဲအချိန်ကျလျှင် သူတို့ကို ပုရွက်ဆိတ် သတ်သလို အလွယ်တကူ နင်းချေလို့ ရပေလိမ့်မည်။
“စိတ်မပူနဲ့။ မင်းပြောတာသာ အမှန်ဆိုရင် ငါတို့ ကောင်းကင်မီးဂိုဏ်းက မင်း ကျေနပ်လောက်တဲ့ တရားမျှတမှုကို ဖော်ထုတ်ပေးမယ်”
အကြီးအကဲလျှူက အာမခံ လိုက်လေသည်။
“ရဲချန်ဖန် မင်းက ငါတို့ကို ချောက်ချ နေတာပဲ။ ဘယ်တုန်းက ငါတို့က မင်းနဲ့ဝမ်ဖေးဟုန်ကို လုပ်ကြံလို့လဲ။ မင်းသာ ဝမ်ဖေးဟုန်ကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ အစွမ်းရှိတာ”
ရှန်းတုရဲက ကြောက်လန့်တကြား ငြင်းလိုက်သည်။
“မင်းတို့ ဝမ်ဖေးဟုန်ကို ရက်ရက်စက်စက် သတ်လိုက်တာ ခုထိ ငါ့မျက်လုံးထဲက မထွက်သေးဘူး”
ရဲချန်ဖန်က ရှန်းတုရဲတို့ သုံးယောက်ကို ကြည့်ပြီး တီးတိုးရွေရွတ် လိုက်သည်။
“ဝမ်ဖေးဟုန်က သေပြီ ဟုတ်လား”
အဲသတင်းကို ကြားလိုက်ချိန်တွင် အတုန်လှုပ်ဆုံးလူမှာ တခြားလူ မဟုတ်ပေ။ ဂျီချင်ရွှယ် အလွန်ပင် ထိတ်လန့် သွားသည်။ရဲချန်ဖန်ကို ကြည့်သော အကြည့်ပင် ပြောင်းလဲသွားသည်။
“ရဲချန်ဖန် မင်းငါတို့ကို ဘာလို့ ချောက်ချတာလဲ ငါတို့မသိဘူး။ ဒါပေမဲ့ ငါတို့ကို မစွပ်စွဲခင် မင်းမှာ သက်သေရှိဖို့ လိုတယ်။ မဟုတ်ရင် မင်း ငါတို့ကို စွပ်စွဲလည်း မင်းပြောတာကို ဒီကလူတွေ တစ်ယောက်မှ ယုံမှာမဟုတ်ဘူး”
ရှန်းဂွန်းပန်က ရုပ်အလွန်ပျက် နေလေပြီ။
“အေး မင်းတို့က သက်သေလိုချင်တယ် ဆိုတော့ ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်း ပေးရမှာပေါ့
အဲစကား ပြောပြီးနောက် ရဲချန်ဖန်က သူ့ကို ဂျီချင်ရွှယ် ပေးထားသော မှတ်ဉာဏ်ကျောက်တုံးကို ထုတ်ယူ၍ ပြောလိုက်လေသည်။
“ဒီထဲမှာ မင်းတို့ ဝမ်ဖေးဟုန် ကိုသတ်ပြီး ငါ့ကို လိုက်ဖမ်းနေတဲ့ ပုံတွေကို ငါက တိတ်တိတ်လေး မှတ်ဉာဏ် ကျောက်တုံးနဲ့ မှတ်တမ်း တင်ထားတယ်။ မင်းတို့ မကြောက်ဖူး မဟုတ်လား။ မင်းတို့ မေ့နေကြပြီလား”
ရဲချန်ဖန် လက်ထဲတွင် ရှိနေသော မှတ်ဉာဏ် ကျောက်တုံးကို ကြည့်ပြီး ရှန်းတုရွှယ်၊ ရှန်းတုရဲနှင့် ရှန်းဂွန်းပန်တို့ ရူးသွပ်သွားသလို ခံစားလိုက်ရသည်။ သူတို့ထဲတွင် ရှန်းတုရဲသည် မခံချင်ဆုံးပင်။ သူတို့နဖူးတွင် ချွေးစေးများ စို့လာကာ အလွန်တုန်လှုပ်လာသည်။
“မင်းတို့ ဘာလို့ စကားမပြော ကြတာလဲ။ မင်းတို့ကပဲ ငါက မင်းတို့ကို မတရား စွပ်စွဲနေတာဆို။ ဘာလို့ ဒီလောက် ကြောက်နေကြတာလဲ”
ကြောက်၍ မျက်နှာတွင် သွေးမရှိတော့သော ရှန်းတုရဲတို့ သုံးယောက်ကို ရဲချန်ဖန်က ပြုံးပြီး မေးလိုက်လေသည်။
“မင်းတို့ သုံးယောက် တော်တော် သတ္တိရှိတာပဲ။ ငါတို့ကို အမှန်မပြောဘဲ ဖုံးကွယ်ရဲတာပဲ။ မင်းတို့ သတ္တိကို ကြိုက်သွားပြီ”
အကြီးအကဲလျှူက သူတို့ သုံးယောက် အမူအရာ ပျက်သွားသည်ကို ကြည့်ပြီး နားလည် လိုက်သည်။ သူ့ဆီက အလွန် ကြောက်မက်ဖွယ် အစွမ်းများ ထွက်လာပြီး ဒေါသတကြီး ပြောလိုက်သည်။
“ရဲညီလေး ငါတို့ မှားမှန်း သိပါပြီ။ ကျေးဇူးပြုပြီး မှတ်ဉာဏ် ကျောက်တုံးကို မအပ်လိုက်ပါနဲ့။ ငါတို့ကို ခွင့်လွှတ်ပေးပါ။ မင်းသာ ကတိပေးမယ်ဆိုရင် ငါတို့အမှားတွေအတွက် ငါတို့ အဲမှတ်ဉာဏ်ကျောက်တုံးကို ဈေးကြီးပေး ဝယ်ပါ့မယ်”
ထိုကဲ့သို့ အလွန် တင်းမာနေသော အခြေအနေတွင် သူတို့ကို နှိပ်စက်၍ စစ်ဆေးပါက သူတို့ အပြစ်သည် ပေါ်လာမည် ဖြစ်သည်။ ထို့ကြောင့် ရှန်းတုရဲက အသံလှိုင်းနှင့် ရဲချန်ဖန်ကို စကားပြော လိုက်လေသည်။
“ဈေးကြီးပေး ဝယ်မယ် ဟုတ်လား။ မင်းတို့က ဘယ်လောက် ပေးမှာလဲ”
ရဲချန်ဖန် မျက်ခုံးများ ပင့်သွားပြီး စိတ်ဝင်စားဟန်ဖြင့် မေးလိုက်သည်။
“ဝိညာဉ်ကျောက်တုံး ငါးသိန်း”
ရှန်းတုရဲက အံကြိတ်ပြီး ပြောလိုက်သည်။ သူ့ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်လာသလိုပင် နာကျင် လှလေသည်။
“မင်းမို့ ဒီဈေးပေး ရက်တယ်။ လူကို ရယ်ရအောင် မလုပ်နဲ့”
“မင်းက ဘယ်လောက် လိုချင်တာလဲ”
ရှန်းတုရဲ တစ်ခါမှ သေချင်လောက်အောင် စိတ်မညစ်ဖူးပေ။ သို့သော် ကျောက်တုံးသာ အကြီးအကဲလျှူ လက်ထဲ ရောက်သွားပါက အကျိုးဆက်က မတွေးဝံ့စရာပင်။ ထိုကြောင့် ရင်နာနာနှင့် ရဲချန်ဖန် လိုချင်သမျှကို ပေးရ ပေတော့မည်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်၊ ခန္ဓာကိုယ် သွေးဓါတ်ဖြည့် ကောင်းကင်နဲ့ မြေကြီးကထွက်တဲ့ မြတ်ပင်နဲ့ သိုလှောင်အိတ် တစ်ခု” ရဲချန်ဖန်က ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး။ မင်းပြောတာပေးဖို့ ငါတို့မှာ အစွမ်းလည်း မရှိဘူး။ အဲတာတွေလည်း မရှိဘူး” ရှန်းတုရဲ အလွန်ခံရခက် နေသည်။
“အဲလိုဆိုလည်း ထားလိုက်တော့”
“အကြီးအကဲလျှူ ဒီမှတ်ဉာဏ်ကျောက်တုံးကို ဂိုဏ်းခေါင်းဆောင်ကြီးထံ လွှဲအပ်ပြီး ကျွန်တော်အတွက် တရားမှုကို ဖော်ဆောင် ပေးနိုင်မလား”
ရဲချန်ဖန်က အကြီးအကဲလျှူကို ကြည့်၍ မေးလိုက်လေသည်။
“ခဏတော့စောင့်။ ငါမင်းကို ကတိပေးတယ်”
ထိုအချိန်တွင် ရှန်းတုရွှယ် အသံ သူနားထဲ ရောက်လာလေသည်။ ဂိုဏ်းခေါင်းဆောင်ကြီးသာ သိသွားပါက ရှန်းတု ကလန်တစ်ခုလုံး ထွက်ပြီး ပြောလျှင်ပင် သူတို့လွှတ်မည် မဟုတ်ပေ။
“ငါက အကြွေးကို မကြိုက်ဘူး။ မင်းငါ့ကို လက်ငင်း မပေးနိုင်ဘူးဆိုရင် ငါမင်းတို့ကို အခွင့်အရေး မပေးဘူး မပြောနဲ့”
ရဲချန်ဖန် အသံက အလွန်မာ နေလေသည်။
“ငါသိပါတယ်”
ရှန်းတုရွှယ်က ခေါင်းအကြိမ်ကြိမ်ညိတ် လိုက်လေသည်။
“ရဲချန်ဖန် မင်းလက်ထဲက မှတ်ဉာဏ်ကျောက်တုံးကို ငါ့ကိုပေး”
အကြီးအကဲလျှူက တောင်းလိုက်သည်။
“အကြီးအကဲလျှူ သူတို့ သုံးယောက်က စိတ်ရင်းမှန်နဲ့ တောင်းပန်ပြီး နစ်နာကြေး ပေးမယ်ဆိုရင် သူတို့ လွှတ်ပေးဖို့ ဖြစ်နိုင်မလား”
“ဟုတ်တယ်။ အကြီးအကဲလျှူ သူတို့က ခဏတာ စိတ်အလိုလိုက်ပြီး မှားမိတာပဲ။ သူတို့ကို ရဲချန်ဖန်က ခွင့်လွှတ်ရင် ငါတို့လည်း သူတို့လေးတွေကို အမှားပြန်ပြင်ဆင်ခွင့် ပေးသင့်တာပေါ့”
အကြီးအကဲယုက ရဲချန်ဖန် စကားကို သံယောင်လိုက်ပြီး အကြီးအကဲလျှူကို နားချလိုက်သည်။
“ဝမ်ဖေးဟုန် သေဆုံးတာကရော”
အကြီးအကဲလျှူ မျက်နှာမှာ အလွန်ခက်ထန် နေသည်။
“ဝမ်ဖေးဟုန် ကိစ္စကတော့ ရှန်းတုကလန်နဲ့ ရှန်းဂွန်းကလန်တို့ ညှိုနှိုင်းပြီး ကျေနပ်တဲ့အထိ သွားတောင်းပန် ခိုင်းလိုက်မယ်။ ငါထင်တယ် သူတို့တွေ ကျေနပ်ကြမှာပါ”
အကြီးအကဲယု ကပြောလိုက်သည်။
“ချန်ဖန် မင်းဝန်လေးစရာ ဘာကိစ္စမှ မရှိစေရဘူး။ မင်းငါ့ကို မှန်မှန်ပြော။ သူတို့ အမှားကို ပြင်ဆင်ဖို့ အခွင့်အရေး ပေးချင်လား”
ရဲချန်ဖန်၏ အတွေးကို အကြီးအကဲလျှူက ထပ်ခါထပ်ခါ သေချာအောင် မေးလိုက်သည်။
“ဒီစမ်းသပ်မှု မတိုင်ခင်က ကျွန်တော်က ရှန်းတုရဲနဲ့ ရှန်းဂွန်းပန်တို့နဲ့ အလောင်းအစား လုပ်ထားတာ ရှိပါတယ်။ ပွဲပြီးလို့ ကျွန်တော်က သူတို့ထက် အဆင့်ပိုသာနေရင် သူတို့ရတဲ့ ဆုပေးရမယ်လို့ လောင်းထားတာရှိတယ်”
“သူတို့သာ အဲကတိတည်ပြီး၊ အကြီးအကဲလျှူကလည်း အဆင့်ကိုး ဆေးနှစ်လုံး ပေးမယ်။ ဒါအပြင် ခုနက သူတို့ပေးမယ်လို့ ကတိပေးထားတဲ့ဟာသာ ရမယ်ဆိုရင် သူတို့ကို ဒီပြဿနာ နောက်ထပ် မရှာဘဲ ခွင့်လွှတ်ပေးမယ်”
“မင်း…”
ရဲချန်ဖန်က သူဆီက အဆင့် ကိုးဆေးကို တောင်းရဲတာကို ကြားပြီး အကြီးအကဲယု မျက်နှာက အလွန်စူပုပ် သွားသည်။
သို့သော် လူအများရှေ့တွင် သူမပေးနိုင်ဘူး ဟုတော့ ပြော၍မရပေ။ သူခံစားချက်များ ထိန်းနေသော်လည်း ရှန်းတုရွှယ်မှာ သွေးများ အန်မလို ဖြစ်သွားလေသည်။
အခန်း ( ၅၇ ) ပြီး၏။ ( ၅၈ ) မျှော်
***