Switch Mode

Chapter – 56

ပြိုင်ဖက်ကင်း ပါရမီရှင်

အခန်း ( ၅၆ )
ပြိုင်ဖက်ကင်း ပါရမီရှင်

“ရှန်းတုရွှယ် မင်းက ရဲချန်ဖန်ကို လုပ်ကြံ တိုက်ခိုက်တဲ့ အဖွဲ့ထဲ ပါတာလား”

အကြီးအကဲလျှူက ရှန်းတုရွှယ်ကို ကြည့်သည့် အကြည့်မှာ ပြာကျသွားနိုင် လောက်သည်။

“လုပ်ကြံ တိုက်ခိုက်တာ… အကြီးအကဲလျှူ လူမှားနေတာလား။ ကျွန်တော်က ရဲချန်ဖန်ကို ဟန့်တား တိုက်ခိုက်တာက ဂိုဏ်းရဲ့ တာဝန်ပေးမှုကြောင့်လေ။ အဲဒါ ပြဿနာ ရှိလို့လား”

“အဲလိုလား။ ဒါဆို ရှန်းတုရဲနဲ့ ရှန်းဂွန်းပန်တို့က ဘယ်မှာလဲ။ သူတို့က မင်းနဲ့အတူတူ ရှိနေတာ မဟုတ်ဖူးလား”

“မရှိပါဘူး။ ကျွန်တော်သူတို့နဲ့ ခရမ်းရောင် တောင်တန်းထဲမှာ တွေ့တောင် မတွေ့မိဘူး”

ရှန်းတုရွှယ်က ပြန်ဖြေလိုက်သည်။ သူပုံမှာ အကြီးအကဲလျှူက တော်တော်ထူးဆန်းပြီး သူ့ကို အပြစ်ရှာချင် နေသည်ကို သူက ခံနေရသူ ပမာပင်။

“ရှန်းတုရွှယ် မင်းငါ့ကို မလိမ်ဘဲ မှန်မှန်ဖြေရင် ကောင်းမယ်။ မဟုတ်ရင် မင်းတို့ ရှန်းတု ကလန်ခေါင်းဆောင် ကိုယ်တိုင် လာရင်တောင် မင်းကို မကယ်နိုင်ဘူး ဖြစ်သွားမယ်”

အကြီးအကဲလျှူ လေသံမှာ အလွန်ခက်ထန် နေသည်။

“အကြီးအကဲလျှူ ကျွန်တော်ကို ယုံပေးပါ။ ကျွန်တော် တာဝန်အရ ညီလေး ရဲချန်ဖန်ကို ဟန့်တား တိုက်ခိုက်တာတော့ အမှန်ပဲ”

ရှန်းတုရွှယ်က ပြန်ပြော လိုက်သည်။

“ရှန်းတုရွှယ် မင်းက ရဲချန်ဖန်နဲ့ တိုက်ခိုက်ခဲ့တယ်ဆို။ ဘာလို့လဲ”

အကြီးအကဲယုက ဝင်မေး လိုက်သည်။

“ကျွန်တော် အမှတ်မထင် ရှာတွေ့ခဲ့တာ ရှိပါတယ်။ အကြီးအကဲတို့… ညီလေး ရဲချန်ဖန်က ဂိုဏ်းက အပြင်လူတွေကို သင်ကြားခွင့် မပေးထားတဲ့ ထိတ်လန့်ထွေပြား ဝိညာဉ် လက်ညှိုးသိုင်းကို အဆင့်ကုန်အထိ တတ်မြောက် နေပါတယ်။ ဒါကြောင့် သူ့ကို ထိန်းသိမ်းပြီး စစ်ဆေးချင်လို့ပါ”

ရှန်းတုရွှယ်က အလွန်ရိုသေသော အမူအရာဖြင့် ပြောလိုက်လေသည်။

“ဟုတ်လား… ရဲချန်ဖန် ငါမေးတာ မှန်မှန်ဖြေရင် ကောင်းမယ်။ ရှန်းတုရွှယ် ပြောတာ အမှန်ပဲလား။ မင်းက ငါတို့ ဂိုဏ်းသားတွေပဲ သင်ခွင့်ရှိတဲ့ ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုး သိုင်းကို အဆင့်ကုန်အထိ တတ်နေတာလား”

အကြီးအကဲယု အသံက တရားခံကို စစ်မေးနေသည့် အတိုင်းပင်။

အကြီးအကဲလျှူက မျက်ခုံးများ ပင့်သွား ရလေသည်။ ဤသို့ ဖြစ်လာမည်ဟု သူမမျှော် လင့်ထားပေ။

ကောင်းကင်မီးဂိုဏ်းတွင် ဝိညာဉ်သိုင်းများ၊ ဝိညာဉ်ကျင့်စဉ်များနှင့် ပတ်သက်လျှင် တင်းကျပ်လွန်းသော စည်းကမ်းများ ချမှတ်ထားသည်။ ဂိုဏ်းဝင်များက သိုင်းနှင့် ကျင့်စဉ်များကို ကိုယ်သဘောနှင့်ကိုယ် အပြင်လူကို သင်ကြားခွင့် မရှိပေ။

အပြင်လူများကိုလည်း ဂိုဏ်း၏ ပညာရပ်များကို သင်ကြား တက်မြောက်ခွင့် မပြုထားပေ။ ထို့စည်းကမ်းများ ချိုးဖောက်သူတွေကို ဂိုဏ်းက နှင်ထုတ်ရုံသာမက ပြင်းထန်စွာ အရေးယူ လေ့ရှိသည်။ ရှန်းတုရွှယ် ပြောသည့်အတိုင်း မှန်ကန်နေပါက ဖြစ်လာမည့် အကျိုးဆက်မှာ တွေးဝံ့စရာ မရှိပေ။

“ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်းက ကျွန်တော့်ကို ဟန့်တားတဲ့ ကောင်းကင် မီးဂိုဏ်းဝင်ရဲ့ ကိုယ်ပေါ်ကတွေ့လို့ လေ့ကျင့်မိတာ။ အဲလို စည်းမျဉ်းရှိတာ ကျွန်တော် မသိလို့ပါ။ ပြီးတော့ ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုး သိုင်းကျင့်စဉ်ကို ကျွန်တော် အဲစီနီယာ အစ်ကိုကြီးကို ပြန်ပေးခဲ့ပါတယ်”

ဒဏ်ရာမှ အနည်းငယ် သက်သာလာသော ရဲချန်ဖန်က ထရပ်ပြီး ရှင်းပြ လိုက်သည်။

“အဓိပ္ပါယ် မရှိတာဘဲ။ ရဲချန်ဖန် မင်းငါတို့ကို လှည့်စားရဲတယ် ဟုတ်လား။ ငါမင်းကို ပြင်းထန်စွာ အရေးယူမယ်ဆိုတာ မင်းယုံလားတော့ မသိဘူး”

“ဒီက အကြီးအကဲခင်ဗျာ ကျွန်တော် ဘာအပြစ်များ ကျူးလွန်မိခဲ့လဲ မသိဘူး။ ဘာအပြစ်ကြောင့် ကျွန်တော်က ဒဏ်ခတ်ခံရမှာလဲ”

ရဲချန်ဖန်က သူဘာများ အကြီးအကဲယုကို မကျေနပ်အောင် လုပ်မိသလဲ နားမလည်နိုင် ဖြစ်နေလေသည်။ သူကို ဘာလို့ အပြစ်ရှာနေသနည်း။
“မင်းက ခုထိ နားမလည်ဘူးလို့ ဟန်ဆောင် ချင်တယ်ပေါ့။ ဒါဆို မင်း ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုး သိုင်းတတ်ဖို့အချိန် ဘယ်လောက် ယူခဲ့ရလဲ”

အကြီးအကဲယုက သူ့ကို မလိမ့်တစ်ပတ် လုပ်နေသည်ဟု တွေးကာ မရွှင်မပျ ဖြစ်လာသည်။

“တစ်နာရီကျော် လောက်ပါပဲ”

ရဲချန်ဖန်က သူ့အစွမ်းများကို လျှို့ဝှက်ထားခြင်း မပြုတော့ဘဲ ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။

“လိမ်တယ်။ မင်းက ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်း အဆင့်ကုန်အထိကို တစ်နာရီနဲ့ လေ့ကျင့်တယ် ဟုတ်လား။ ငါတို့ အားလုံးကို အရူးလို့ ထင်နေတာလား”

အကြီးအကဲယုက ဒေါသတကြီး ဖြစ်နေလေသည်။

အဘယ်ကြောင့် ဆိုသော် ရဲချန်ဖန် မဆိုထားနှင့် ကောင်းကင်မီးဂိုဏ်း၏ အစွမ်းအထက်ဆုံးသော ပါရမီရှင်များပင်လျှင် ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်း အဆင့်ကုန်အထိကို တစ်နာရီနဲ့ လေ့ကျင့်ရန် မဖြစ်နိုင်ပေ။

“တကယ်လို့ အကြီးအကဲက မယုံရင် အဲဂိုဏ်းဝင်ကို ရှာပြီး မေးလို့ ရပါတယ်။ သူ့ကိုသာ မေးလိုက်ရင် ကျွန်တော်လိမ်လား မလိမ်လားဆိုတာ အကြီးအကဲ သိရပါလိမ့်မယ်”

ရဲချန်ဖန်က တုန်လှုပ်ချင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။

“အဲလောက် ဒုက္ခခံစရာ မလိုပါဘူး။ ငါ့မှာ အလယ်အလတ်အဆင့် ဝိညာဉ်သိုင်း ရှိတယ်။ အဲသွေးမြွေဖမ်း ဝိညာဉ်သိုင်းကို နှစ်နာရီအတွင်း အမြင့်ဆုံးအဆင့်ထိ မင်းလေ့ကျင့်နိုင်ရင် မင်းပြောတာကို လက်ခံပေးရုံတင်မကဘဲ မင်းရသင့်တဲ့ ဆုတွေပါ ရစေရမယ်လို့ ငါအာမခံတယ်။ မဟုတ်ရင်တော့ …ဟင်း…ဟင်း”

အကြီးအကဲယုက စက္ကူလိပ်တစ်ခုကို ထုတ်ယူပြီး ရဲချန်ဖန်ကို ပေးလိုက်ကာ အလွန်ကြောက်စရာ ကောင်းသော လေသံဖြင့် ပြောလိုက် လေသည်။

“အကြီးအကဲယု ဒီသွေးမြွေဖမ်း ဝိညာဉ်သိုင်းက တစ်ဆင့်သာ ရှိတယ်ဆိုပေမဲ့ ဒီသိုင်းကို လေ့ကျင့်ဖို့က အလယ်အလတ် ဝိညာဉ်သိုင်းထက် ပိုခက်တယ်။ ခင်ဗျားရဲ့ စစ်ဆေးမှုက အရမ်းခက်တယ်”

အကြီးအကဲလျှူက အကြီးအကဲယု၏ စစ်ဆေးမှုကို လက်မခံနိုင်ပေ။

“အကြီးအကဲလျှူ… ခင်ဗျားက ခုထိ သူပြောတာ ယုံနေတုန်းပဲလား”

“အကြီးအကဲယု ကျွန်တော်က နှစ်နာရီအတွင်း ဒီဝိညာဉ်သိုင်းကို အမြင့်ဆုံး အဆင့်ထိ လေ့ကျင့်နိုင်မယ်ဆိုရင် အကြီးအကဲယုက ကျွန်တော့်ကို အဆင့်ကိုး ဆေးလုံးနှစ်လုံး ပေးရမယ်။ ကျွန်တော်က မကျင့်နိုင်ဘူးဆိုရင် အကြီးအကဲယု ဒဏ်ပေးတာ ခံယူမယ်။ ဘယ်လိုလဲ”

ရဲချန်ဖန်သည် သွေးမြွေဖမ်း ဝိညာဉ်သိုင်းက ထိတ်လန့်ထွေပြား ဝိညာဉ် လက်ညှိုးသိုင်းထက် လေ့ကျင့်ရန် ပိုခက်သည်ဟု အကြီးအကဲယု ပြောသည်ကို ကြားလိုက်သော်လည်း သူ၏ နတ်ဦးနှောက် အစွမ်းအား အကြွင်းမဲ့ ယုံကြည်ရာ အကြီးအကဲယုကို စိန်ခေါ်လိုက်သည်။

“ရတယ်…”

ရဲချန်ဖန်၏ ယုံကြည်မှု အပြည့်ရှိသော မျက်နှာကြည့်မိပြီး အကြီးအကဲယု အပြုံးများက ခပ်တန်းတန်းပင် ဖြစ်သွားရသည်။

“ဘယ်လိုလဲ။ အကြီးအကဲယုက သတ္တိမရှိဘူးလား”

ရဲချန်ဖန်က ပြုံးပြုံးလေး မေးလိုက်သည်။ ဤအကြည့်က သူတို့ချင်းသာ နားလည်သည်။ ရဲချန်ဖန်၏ အကြည့် အပြုံးများက အကြီးအကဲယုကို မခံမရပ်နိုင်အောင် စော်ကား နေလေသည်။

အကြီးအကဲယုမှာ ၎င်း၏ရာထူးကို အလွဲသုံးစား လုပ်ပြီး မိမိကို အခက်ခဲတွေ့အောင် လုပ်ဆောင်နေရာ သူ့အနေဖြင့် လျော့စရာ အကြောင်းမရှိပေ။ သူက ပါးကိုက်လျှင် ကိုယ်က နားပြန်ကိုက် ရမည်သာ။ ထို့မှသာ နောင်တွင် အကြီးအကဲယုက သူ့အား ဒုက္ခပေးလာမည်တို့ကို စိုးရိမ်စရာ မရှိနိုင်တော့ပေ။

သူသာ အံဖွယ် ပါရမီကိုသာ ပြသနိုင်ပါက ကောင်းကင်မီးဂိုဏ်း၏ အလေးထားခြင်း ခံရမည်ဖြစ်ပြီး အကြီးအကဲယုက အဲအချိန်တွင် ရန်စရဲမည် မဟုတ်ပေ။

“ကောင်းပြီ။ ငါ ကတိပေးတယ်”

သွေးမြွေဖမ်း ဝိညာဉ်သိုင်း ကျင့်ရန်ခက်ခဲမှုကို တွေးလိုက်ပြီး သူသဘောတူ လိုက်သည်။ အဆင့်ကုန် အောင်မြင်ရန် မဆိုထားနှင့် အခြေခံအဆင့် ရောက်ရန်ပင် ကောင်းကင် မီးဂိုဏ်းဝင် ပါရမီရှင်များသည် အချိန်ယူကြရသည်ဖြစ်ရာ ရဲချန်ဖန် စိန်ခေါ်မှုကို စိတ်မပူမိပေ။

ရဲချန်ဖန်သာ မအောင်မြင်ပါက သူသည် ကြီးလေးသော ပြစ်ဒဏ်ကို ခံရမည်ဖြစ်ပြီး၊ အကြီးအကဲလျှူလည်း မျက်နှာပျက် အရှက်ကွဲ ရပေမည်။ ထိုနှစ်ချက်နှင့်ပင် တန်နေပေပြီ။ ထို့ကြောင့် သူလက်ခံ လိုက်လေသည်။

“ချန်ဖန် မင်းဟာက သေချာပါတယ်နော်”

ရဲချန်ဖန်၏ လောင်းကြေး စိန်ခေါ်မှုကို ကြားပြီး အကြီးအကဲလျှူက စိုးရိမ်နေလေသည်။

“အကြီးအကဲလျှူ စိတ်ချပါ။ ကျွန်တော် လေ့ကျင့်နေတုန်း ကျွန်တော့်ကို ကာကွယ် ပေးပါခင်ဗျာ”

ရဲချန်ဖန်က အကြီးအကဲယုဆီမှ စက္ကူလိပ်ကိုယူပြီး အကြီးအကဲလျှူကို အကူအညီ တောင်းလိုက်သည်။

“စိတ်ချ ငါကာကွယ် ပေးမယ်။ မင်းကို ဘယ်သူမှ အနှောင့်အယှက် မပေးစေရဘူး”

“ကျေးဇူးတင်ပါတယ်။ အကြီးအကဲလျှူ…”

ရဲချန်ဖန်သည် အကြီးအကဲလျှူ၏ ကျေးဇူးကို မှတ်ထားလိုက်ပြီးနောက် ဝိညာဉ် စွမ်းအင်များကို စက္ကူလိပ်ထဲ ထည့်ကာ ကျင့်စဉ်ကို စတင်ဖတ်ရှု လေ့ကျင့်တော့သည်။

“ရဲချန်ဖန် ငါ မင်းဟန်ဆောင် နေလား၊ တကယ်လားတော့ မသိဘူး။ အကြီးအကဲယု နဲ့တောင် မင်းက လောင်းကြေးစားကြေး လုပ်ရဲတယ် ဆိုတော့ အကြီးအကဲယုရဲ့ စရိုက် အတိုင်းဆိုရင် မင်း လူဖြစ်ရတာ နောင်တရအောင် သူလုပ်လိမ့်မယ်”

ရှန်းတုရွှယ် တိတ်တိတ်လေးသာ စောင့်ကြည့် နေသည်။ သူ့စိတ်ထဲတွင် ရဲချန်ဖန် ဒုက္ခလှလှ တွေ့မည်ကို မြင်ယောင် နေလေသည်။

အချိန် တဖြည်းဖြည်း ကုန်ဆုံးနေသည်။ နာရီဝက်ခန့် ကြာပြီးနောက် ရှန်းတုရဲနှင့် ရှန်းဂွန်းပန်တို့ ရှေ့ဆင့် နောက်ဆင့် ရောက်လာ ကြသည်။

နောက်တစ်နာရီခန့် ကြာသောအခါ ဖန်ရှောင်ရှောင်း၊ ဂျီချင်ရွှယ်နှင့် ရှန်းတုပင်တို့သည် ခရမ်းရောင် တောင်တန်းကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ရောက်ရှိလာကြသည်။

ရှန်းတုရွှယ်ထံမှ အကြောင်းစုံ ကြားသိပြီးနောက် ရဲချန်ဖန်၏ တဇွတ်ထိုး မိုက်ရူးရဲဆန်သည့် အလောင်းအစားကို ကြားပြီး ဂျီချင်ရွှယ်နှင့် တခြားသူများက နောက်ထပ်ပင် ရဲချန်ဖန်ကို ခနဲ့တဲ့တဲ့ ပြောနေကြ လေသည်။

နှစ်နာရီအတွင်းတွင် အလယ်အလတ် ဝိညာဉ်အဆင့်သိုင်းကို ရဲချန်ဖန် အောင်မြင်အောင် လေ့ကျင့်နိုင်မည်ဟု တစ်ယောက်ကမျှ မထင်ပေ။ နှစ်နာရီပြည့်ရန် အမွေးတိုင် တစ်တိုင်စာလောက် အလိုတွင် ရုတ်တရက် မြေပေါ် ထိုင်နေသော ရဲချန်ဖန် မျက်လုံးများ ပွင့်လာပြီး သူလက်များက ရှုပ်ထွေးသော သင်္ကေတ ပုံစံများအတိုင်း လှုပ်ရှား နေလေသည်။

သူလက်မှ သင်္ကေတ လက္ခဏာများ အတွင်းသို့ ဝိညာဉ်စွမ်းအင်များ ဝင်ရောက်သွားပြီး လေထဲတွင် ထူးခြား အစွမ်းထက်လှသော လက်ဝါး ပေါ်လာလေသည်။

“ဘာကြီးလဲ…”

သွေးမြွေဖမ်း လက်ဝါးက ရဲချန်ဖန်ဆီမှ ထွက်ပေါ်လာရာ အကြီးအကဲလျှူ၊ အကြီးအကဲယု၊ ရှန်းတုရွှယ်နှင့် ကျန်လူအားလုံးသည် မျက်လုံးများ ပြူးကျယ်ပြီး ပါးစပ်များဟကာ တစ္ဆေသူရဲကို မြင်သလို ထိတ်လန့်ကာ အံအားသင့်နေ ကြလေသည်။

“သွေးမြွေဖမ်းလက်ဝါး…”

ရဲချန်ဖန်သည် သင်္ကေတ၊ လက္ခဏာများနှင့် သိပ်အကျွမ်း မဝင်သော်လည်း အောင်မြင်စွာ လေ့ကျင့်နိုင် လိုက်လေသည်။

“ဘွန်း…”

သွေးမြွေကြီးက အလွန်ကြီးမားပြီး အစွမ်းထက်လှသော အော်ရာများ ထုတ်လွှင့် နေသည်။ မြွေကြီးက အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်စွမ်းရှိပြီး မြွေကြီးကို ကြည့်မိလိုက်ရုံဖြင့် အသည်းများ တုန်ကာ ထွက်ပြေးချင်စိတ်သာ ပေါ်လာမည် ဖြစ်သည်။

မြွေကြီးက တစ်ချက်လှုပ် လိုက်ရာ အဝေးရှိ ကျောက်တုံးကြီးနှင့် ထိမှန် သွားလေသည်။ ကျောက်တုံးကြီးမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားသည်။ ကြောက်မက်ဖွယ် မြင်ကွင်းက သူတို့ရှေ့တွင် အမှန်တကယ် ဖြစ်ပျက် နေသည်ကို အားလုံးက မယုံသော်လည်း လက်တွေ့တွင်မူ မြင်နေရသည်။

“သူရဲကောင်း ပါရမီရှင်ပဲ။ သူက တကယ်ကို ပြိုင်ဖက်ကင်း ပါရမီရှင်ပဲ”

ဤမြင်ကွင်းကို ကြည့်ပြီး သူစိတ်ထဲ ရုတ်တရက် တွေးမိသည်မှာ ဒီကောင်က တကယ့်ပါရမီရှင်ပဲ။ ထို့နောက် ရဲချန်ဖန်၏ပါရမီက အကြီးအကဲယုကို ကြောက်ရွံ့ တုန်လှုပ် သွားစေသည်။
အခန်း ( ၅၆ ) ပြီး၏။ ( ၅၇ ) မျှော်
***

Comment

Leave a Reply

Options

not work with dark mode
Reset