Switch Mode

Chapter – 55

လျှို့ဝှက် ပူးပေါင်း ကြံစည်မှု

အခန်း ( ၅၅ )
လျှို့ဝှက် ပူးပေါင်း ကြံစည်မှု

“အွန့်…”

ရဲချန်ဖန် တစ်နာရီကျော်လောက် ခရမ်းရောင် တောင်တန်းကြီးထဲတွင် အစွမ်းကုန် ပြေးလွှား နေခဲ့သည်။ သူမောပန်းလွန်း၍ ဆက်မပြေး နိုင်တော့ပေ။ သွေးများ အန်ထုတ်လိုက်ပြီးနောက် သူ့မျက်နှာမှာ သွေးပင်မရှိအောင် နွမ်းလျနေသည်။

သူသာ အချိန်မီ ဆေးများ ကြိုမသောက်ခဲ့ပါက စွမ်းအင်ကုန်ဆုံးမှုကို လိုက်မီနိုင်မည် မဟုတ်ပေ။ သူ့ကို လုပ်ကြံသူများ လက်ထဲမှ လွတ်မြောက်ရန်လည်း ခက်ခဲပေမည်။ သူ ရှင်သန်နိုးထခြင်း ဆေးသောက်သုံး ပြီးသော်လည်း သူ့ဒဏ်ရာများက ပြင်းထန် နေသေးသည်။

သူ့ခန္ဓာကိုယ်က ကောင်းကင်ကျင့်စဉ်ကို လေ့ကျင့်ထားသောကြောင့်သာ ရှန်းတုရွှယ်၏ အသံလှိုင်း ပညာရပ် တိုက်ခိုက်မှုတွင် သွေးကြောများသာ ပျက်စီးသွားခြင်း ဖြစ်သည်။ မဟုတ်လျှင် မတွေးဝံ့စရာပင်။

“ရှန်းတုရွှယ်၊ ရှန်းတုရဲ၊ ရှန်းဂွန်းပန် ငါ ကလဲ့စားချေမှာကို မင်းတို့ စောင့်နေ”

ရဲချန်ဖန် သူ့ပါးစပ်တွင် ပေနေသော သွေးများကို သုတ်လိုက်ပြီး ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ် လေ့ကျင့်လိုက်သည်။ သူ ဆေးလက်ကျန်များကို ဆက်စုပ်ယူ လိုက်လေသည်။ ထို့နောက် ခရမ်းရောင် တောင်တန်းကို ဆက်တက် လိုက်သည်။ တဖြည်းဖြည်းနှင့် ကောင်းကင်မီးဂိုဏ်း အဆောက်အအုံများနှင့် နီးကပ် လာလေသည်။

“ဘာလုပ်ကြမလဲ။ အဲကောင်လေး လွတ်သွားပြီ။ ငါတို့ ဒုက္ခတော့ အကြီးအကျယ် ရောက်တော့မှာပဲ”

ရှန်းတုရဲတို့ တစ်သိုက် ရဲချန်ဖန်ကို ဖမ်းမမိသဖြင့် ချောက်ချား နေသည်။ သူတို့ နဖူးတွင် ချွေးသီးများ ဆို့နေပြီး ရုပ်အလွန်ပျက် နေကြလေသည်။

သူတို့ ဝမ်ဖေးဟုန်ကို သတ်ပြီး ရဲချန်ဖန်ကို သတ်ရန် ကြံစည်မှုသာ ပေါ်ပေါက်ခဲ့ပါက သူတို့ ကလန်ခေါင်းဆောင်ကပင် ကာကွယ်နိုင်မည် မဟုတ်ပါ။ ကောင်းကင် မီးဂိုဏ်းကလည်း သူတို့ကို ခွင့်လွှတ်မည် မဟုတ်ပေ။

“စိတ်မစောကြနဲ့။ ငါတို့လုပ်ရမှာက ဝမ်ဖေးဟုန် အလောင်းကို ဖျောက်ဖျက်ပြီး သက်သေ မကျန်အောင် အရင်ဉီးဆုံး လုပ်ရမယ်”

ရှန်းတုရွှယ်က စဉ်းစားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ရဲချန်ဖန်ကို လုပ်ကြံတဲ့ကိစ္စကို စိတ်မပူနဲ့။ ငါ့တာဝန်က သူတို့ကို တားဆီးဖို့ပဲ။ ပြီးတော့ အကြီးအကဲလျှူအပြင် နောက်ထပ် အကြီးအကဲ တစ်ဦး ရှိသေးတယ်။ သူက အကြီးအကဲယုပဲ။ အကြီးအကဲယုက ငါတို့ ရှန်းတုကလန်နဲ့ ဆက်ဆံရေး အရမ်းကောင်းတယ်။ အကြီးအကဲတွေက မေးလာရင် ငါပဲတာဝန်ယူမယ်။ မင်းတို့ကို ဒီကိစ္စအကြောင်း မေးခဲ့ရင် ဘာမှမသိဘူးလို့ ငြင်းရမယ်။ လုံးဝ ဝန်ခံလို့မရဘူး”

“အခုမှတော့ အဲလိုပဲ လုပ်ရတော့မှာပေါ့”

ရှန်းတုရဲနှင့် ရှန်းဂွန်းပန်တို့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်မိပြီး သူတို့ မျက်လုံးထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

“ဘာလဲ။ နောက်ကျရင် သူကလဲ့စားချေမှာ ကြောက်နေတာလား”

ရှန်းတုရဲက သူတို့မျက်လုံးထဲတွင် စိုးရိမ်မှုများ တွေ့လိုက်ရ၍ လေသံမာမာနှင့် မေးလိုက်သည်။

“ဒီရဲချန်ဖန်က အဆင့်တက်တာ အရမ်းမြန်တယ်။ သူ့ကို ထပ်ပြီး စွမ်းအားတက်ဖို့ အချိန်သာပေးရင် ဒီနေ့ ငါတို့ ဒီကပ်ဘေးက လွတ်နိုင်ပေမဲ့ ငါတို့အတွက် အန္တရာယ် အရမ်းများသွားပြီ”

ရှန်းတုရဲ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ သူစကားသံတွင် သူ၏တုန်လှုပ် ကြောက်လန့်မှုကို ပြသနေသည်။

“ဟုတ်တယ်။ မနက်က ခရမ်းရောင် တောင်တန်းကို မဖြတ်ကျော်ခင်က သူက ငါ့ကိုယှဉ်ဖို့ အစွမ်းမရှိဘူး။ ခုငါ့ကို အနိုင်ယူပြီး သွားပြီ။ ပြီးတော့ ငါတို့အားလုံး ပေါင်းတာတောင် သူ့ကို မသတ်နိုင်ဘူး။ ကောင်းကင် မီးဂိုဏ်းမှာသာ သူ့ကို အချိန်ပေးလိုက်ရင် နောက်ဆုံးခံရမှာက ငါတို့ပဲ။ ဒီကောင်က တကယ်ဂြိုလ်ဆိုးပဲ”

ရှန်းဂွန်းပန် ပုံမှာ အလွန်လေးနက် နေသည်။

ဤကဲ့သို့ အဆုံးသတ်မည်ဟု ကြိုသိခဲ့ပါက သူ့တွင် ဒီထက် အဆတစ်ရာလောက် သတ္တိရှိနေလျှင်တောင် ရဲချန်ဖန်ကို သတ်မည့် နည်းလမ်းကို သူရွေးချယ်မည် မဟုတ်ပါ။ ခုတော့ အားလုံး လွန်ကုန်ပြီ ဖြစ်သည်။

“စိတ်မပူကျနဲ့။ ငါက သူ့ကို ကောင်းကင်မီးဂိုဏ်း အဝင်မခံပါဘူး”

ရှန်းတုရဲက ကောက်ကျစ်စွာ ပြောလိုက်လေသည်။

“ဝမ်းကွဲအစ်ကို မင်းမှာ နည်းလမ်း ရှိသေးတာလား”

ရှန်းတုရဲက မျက်ခုံးများ ပင့်သွားသည်။

“သူခုနက သုံးသွားတဲ့ ဝိညာဉ်သိုင်းက ကောင်းကင်မီးဂိုဏ်းက ဟာပဲ။ ငါအဲဒါကို အကြောင်းပြပြီး ကောင်းကင်မီးဂိုဏ်းရဲ့ စည်းမျဉ်းတွေနဲ့ အရေးယူလို့ ရတယ်။ မင်းတို့လည်း တစ်ယောက်ဆီ ကောင်းကင်မီးဂိုဏ်းဆီ သွားကြ။ ကောင်းကင်မီးဂိုဏ်းမှာ ငါ့ကိုစောင့်နေ”

“ဝမ်းကွဲအစ်ကို မင်းကိုပဲ ယုံထားလိုက်မယ်”

ညနေခင်းတွင် အလင်းရောင်က ရွှေအိုရောင် သန်းနေပြီး ခရမ်းရောင် တောင်တန်းပေါ် ဖြာကျနေလေသည်။ သစ်ပင် တောတောင်များသည် အလွန်လှပ နေလေသည်။

“အကြီးအကဲလျှူ ခင်ဗျားပြောနေတဲ့ ဒီနှစ် ဂိုဏ်းဝင်သစ် နာမည်က ရဲချန်ဖန်မလား။ သူက နှစ်တစ်ရာမှာ တစ်ယောက် တွေ့ရခဲတဲ့ ပါရမီရှင်ဆို။ ခုချိန်ထိ သူက ဘာလို့မရောက် လာသေးတာလဲ”

အကြီးအကဲလျှူဘေးတွင် အစိမ်းရောင် ဆံပင်နှင့် အရပ်မြင့်ပြီး ဝဲဘက် မျက်လုံးပေါ်တွင် အမာရွတ်ကြီး ရှိနေသော လူတစ်ယောက် ရပ်နေလေသည်။ သူအသံက အလွန်အေးစက် မာကြောလှသည်။

ဤသည်ကို ကြည့်ခြင်းဖြင့် အကြီးအကဲလျှူနှင့် ထိုလူကြား ဆက်ဆံရေးကို သိရှိနိုင်သည်။ သူတို့သည် ကြောင်နှင့်ကြွက်လိုပင် တစ်ယောက်နှင့် တစ်ယောက် ကြည့်မရပေ။

“မြန်တာက အရေးအကြီးဆုံး မဟုတ်ဘူး။ နားလည် သဘောပေါက် နိုင်စွမ်းရယ်၊ ခန္ဓာကိုယ် စွမ်းရည်ကသာ အရေးအကြီးဆုံးပဲ။ ငါက ရဲချန်ဖန် ဆီမှာ ဒါတွေပြည့်စုံတယ် ထင်တယ်”

“ဟုတ်လား။ အဲပါရမီရှင်က သေနေတဲ့ ပါရမီရှင် မဟုတ်ပါစေနဲ့”

ပုံတုံးတုံးနှင့် အကြီးအကဲယုက ထေ့ငေါ့ လိုက်သည်။

သူအဲလို ပြောလိုက်စဉ် သူတို့မြင်ကွင်းထဲ လူတစ်ယောက် ရောက်လာလေသည်။ သူက တဖြည်းဖြည်း နီးလာသည်နှင့်အမျှ အကြီးအကဲလျှူ မျက်နှာတွင် အပြုံးများ ပေါ်လာလေသည်။

“အကြီးအကဲယု အဲ…ရဲချန်ဖန်က မရောက်လာနိုင်ဘူး ဟုတ်လား”

“သူက ရဲချန်ဖန်လား”

အကြီးအကဲယု မျက်လုံးများ မှေးသွားပြီး ရဲချန်ဖန်ကို သေချာကြည့် လိုက်သည်။ သူသည် တစ်ကိုယ်လုံးတွင် ဒဏ်ရာရနေပြီး၊ မျက်နှာတွင်လည်း သွေးပင် မရှိတော့အောင် ဖြူရော်နေသော ရဲချန်ဖန်ကို မြင်လိုက်သောအခါ မလှောင်ပြောင်ဘဲ မနေနိုင် ဖြစ်သွားလေသည်။

“အကြီးအကဲလျှူ ဒါက ခင်ဗျားပြောတဲ့ ပါရမီရှင်လား။ သိပ်မဟန် ပါဘူးဗျာ”

“ဘာပဲဖြစ်ဖြစ် စစ်ဆေးမှု ရလဒ်က သုံးခုပေါင်းပြီး အများဆုံး အမှတ်ရတဲ့လူက ပထမပဲ။ ခင်ဗျားရဲ့ ရှန်းတုရဲနဲ့ ရှန်းဂွန်းပန်တို့ထက် သာပါသေးတယ်”

“ခင်ဗျား…”

အကြီးအကဲလျှူ၏ တုံ့ပြန်မှုကြောင့် အကြီးအကဲယု ပြောစရာစကား ရှာမတွေ့ ဖြစ်သွား လေသည်။ သူ့မျက်နှာပြာနှမ်း သွားပြီး၊ မျက်နှာက မရွှင်မပျ ဖြစ်သွားလေသည်။

“ရဲချန်ဖန် မင်းဘာလို့ ဒီလောက် ဒဏ်ရာတွေ ရလာတာလဲ။ မင်းခရမ်းရောင် တောင်တန်းထဲမှာ ဘာတွေ တွေ့ကြုံခဲ့လို့လဲ”

ရဲချန်ဖန်ကို အကြီးအကဲလျှူက သေချာကြည့်ရှု လိုက်သောအခါ ရဲချန်ဖန်သည် ဒဏ်ရာ ပြင်းထန်ရုံသာမက ဝိညာဉ် စွမ်းအားများပါ မူမမှန်သည်ကို တွေ့လိုက် ရလေသည်။ သူ့မျက်နှာမှ ထူးဆန်းသော အရိပ်ရောင်များ ထွက်လာပြီး စိုးရိမ်စွာ မေးလိုက်လေသည်။

“အကြီးအကဲလျှူ ကျွန်တော် ခရမ်းရောင် တောင်တန်းကို ဖြတ်တဲ့အချိန်မှာ ရှန်းတုရဲနဲ့ ရှန်းဂွန်းပန် ပြီးတော့ ကောင်းကင်မီးဂိုဏ်းဝင်တို့ ပူးပေါင်းပြီး လုပ်ကြံတာ ခံခဲ့ရပါတယ်။ ပြိုင်ပွဲဝင် ဝမ်ဖေးဟုန်က ကံမကောင်းဘဲ သူတို့ သတ်တာခံ လိုက်ရပါတယ်။ ကျွန်တော်ကတော့ တွေ့တဲ့အတိုင်း ဒဏ်ရာတွေနဲ့ လွှတ်မြောက် လာပါတယ်”

“ဘာကွ…”

ရဲချန်ဖန် ဆီမှ အကြောင်းစုံကို ကြားပြီးနောက် သူတို့နှစ်ယောက် အလွန်အံအားသင့် သွားလေသည်။ အကြီးအကဲလျှူ မျက်နှာက မည်းမှောင်သွားပြီး ဒေါသတကြီး အော်ဟစ် လိုက်လေသည်။

“သူတို့က သိပ်သတ္တိ ရှိနေတယ် ဟုတ်လား။ သူတို့ အကျိုးအတွက် အပြစ်မဲ့တဲ့ လူကို သတ်ရဲတယ် ဟုတ်လား။ ကောင်းတယ် ငါကိုယ်တိုင် သူတို့ကို သတ်ပစ်မယ်။ သူတို့ကို ခွင့်လွှတ်လို့ မရဘူး”

“အကြီးအကဲလျှူ ဒါခင်ဗျားလူ ပြောတာလေ။ ရှန်းတုရဲနဲ့ ရှန်းဂွန်းပန်တို့လည်း ဒီကိုလာကြမှာပဲ။ စောင့်ပြီး သူတို့ ပြောတာ နားထောင်ပြီးမှ ဆုံးဖြတ် ကြတာပေါ့”

အကြီးအကဲယု မျက်လုံးထဲတွင် အရောင်တစ်မျိုး လင်းလက်သွားသည်။

“ဒီကိစ္စက ရဲချန်ဖန် ပြောတာနဲ့ ယုံလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ သူပြောတဲ့အတိုင်း ဟုတ်ရင်တော့ ရှန်းတုရဲနဲ့ ရှန်းဂွန်းပန်တို့ကို အပြစ်ပေးရမယ်”

ဤကိစ္စသည် အကြီးအကဲယု မြင်တွေ့လိုသော ဖြစ်ရပ်မဟုတ်ပေ။

“သူတို့ကို ဖြေရှင်းခွင့် ပေးမှာပါ။ ဒါပေမဲ့ ဒီကိစ္စက အမှန်ဆိုရင်တော့ သူတို့ကို ချက်ချင်း သတ်ပစ်ရမယ်”

အကြီးအကဲလျှူက ကြုံးဝါး လိုက်သည်။

“ချန်ဖန် စိတ်အေးအေးထား။ ငါမင်းအတွက် တရားမျှတမှုကို ရှာပေးမယ်။ ဒီပြန်လည် ရှင်သန်ခြင်း ဆေးလုံးက မင်းအတွက်ဘဲ။ ဒါသောက်ပြီး နားနေလိုက်”

အကြီးအကဲလျှူက ဆေးလုံး တစ်လုံးကို ရဲချန်ဖန်ကို ထုတ်ပေး လိုက်လေသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲလျှူ”

ရဲချန်ဖန် ဆေးကိုယူပြီး သောက်လိုက် လေသည်။ ထို့နောက် ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ကာ ဆေးစွမ်းကို စုပ်ယူလိုက်သည်။

အမွှေးတိုင် တစ်ဝက်စာလောက် ကုန်သွားချိန်တွင် သူတို့မြင်ကွင်းထဲ လူတစ်ယောက် ရောက်လာလေသည်။ သူက တခြားလူ မဟုတ်ချေ။ ကောင်းကင်မီး ဂိုဏ်းသား ရှန်းတုရွှယ်ပင်။ ရှန်းတုရွှယ်က ဤကိစ္စကို မည်ကဲ့သို့ ဖြေရှင်းရန် ပြင်ဆင်ပြီး ဖြစ်သည်။

“ညီလေးချန်ဖန် မင်းဒဏ်ရာက အဆင်ပြေရဲ့လား”

ရဲချန်ဖန် ဒဏ်ရာက ပြန်သက်သာ လာသည်ကို ကြည့်ပြီး သူမျက်လုံးထဲတွင် ဖုံးကွယ်ထားသော လူသတ်စိတ်က ပိုပြင်းထန်လာသည်။

“ခုလို ဖြစ်သွားတာက …ခုလိုလက်နည်းနည်း လွန်သွားတဲ့အတွက် ညီလေးချန်ဖန် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

သူ ရဲချန်ဖန် နားလျှောက်လာပြီး တောင်းပန်သံနဲ့ ပြောလိုက် လေသည်။
အခန်း ( ၅၅ ) ပြီး၏။ ( ၅၆ ) မျှော်
***

Comment

Leave a Reply

Options

not work with dark mode
Reset