အခန်း ( ၅၄ )
ဖျက်ဆီးကြယ်
ရဲချန်ဖန် အော်ဟစ်မာန်သွင်း၍ တိုက်ခိုက် လိုက်သည်။ သူ့လက်ချောင်း စွမ်းအားမှာ အမြင့်ဆုံးအထိ ရောက်ရှိ သွားလေသည်။ သူ့ခန္ဓာကိုယ် စွမ်းအားများ အစွမ်းကုန် ထုတ်သုံးနေ၍ သူ့တစ်ကိုယ်လုံးမှ အသံများ ထွက်နေသည်။
ရဲချန်ဖန်ဆီမှ အလွန်ကြောက်စရာ ကောင်းသော စွမ်းအားများ ထွက်ပေါ်လာရာ ရှန်းတုရွှယ် အမူအရာ ပြောင်းသွားလေသည်။ သူပင် ထိုမျှ ကြောက်မက်ဖွယ် အားကို မထုတ်နိုင်ပေ။
“ဟမ်… ”
ရဲချန်ဖန် အားသည် အမြင့်ဆုံး ရောက်ရှိနေပြီး သူက အလွန်ထူးဆန်းသည့် ထောင့်ကို အရိပ်မဲ့သိုင်း သုံးပြီး ရွှေ့လျားလိုက်ရာ ရှန်းတုရွှယ်၏ အရိပ်မဲ့တုတ်ကို ရှောင်ဖယ်ပြီး ရှန်းတုရဲရှေ့တွင် ပေါ်လာလေသည်။
“ကောင်းကင်နိုင်သိုင်း…”
ရဲချန်ဖန်၏ လူသတ်စိတ်ပါသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ရှန်းတုရဲ အတွင်းစိတ် ဝိညာဉ်ပါ တုန်လှုပ်သွားသည်။ ရှန်းတုရဲ ဝိညာဉ်စွမ်းအားများကို ဓါးထဲ အစွမ်းကုန် ထည့်သွင်းပြီး တိုက်ခိုက် လိုက်သည်။ ရှန်းတုရဲ၏ ဓါးချက်က ရဲချန်ဖန်ကို အနည်းငယ် နောက်ဆုတ် သွားစေသည်။
“စမှတ်ကြယ်…”
ရဲချန်ဖန်က ရှန်းတုရဲဆီမှ ထပ်ဝင်လာသော ဓါးချက်များကို မရှောင်တော့ဘဲ ဝိညာဉ်စွမ်းအင်များ ပြည့်နေသော လက်ညှိုးဖြင့် တိုက်ခိုက် လိုက်လေသည်။
စမှတ်ကြယ် လက်ညှိုးအရိပ်က ရှန်းတုရဲ၏ ဓါးချက်များနှင့် ထိလိုက်ချိန်တွင် ဓါးသည် နှစ်ပိုင်းကျိုး သွားလေသည်။
“အင့်…”
ရှန်းတုရဲ၏ ရင်ဘတ်ကို စမှတ်ကြယ် လက်ညှိုးအရိပ်က ထိမှန်သွားရာ ချက်ချင်းပင် သွေးများ ဖြာကျ လာလေသည်။
ဤတစ်ကြိမ် တိုက်ခိုက်လိုက်ချိန်တွင် ရဲချန်ဖန်က ရှန်းတုရဲကို တစ်ချက်တည်း သတ်ပစ်ရန် အခွင့်အရေး ရှိသော်လည်း ရှန်းတုရွှယ် တိုက်ခိုက်မှုကြောင့် ထိုအခွင့်အရေးကို အသုံးမချလိုက်နိုင်ချေ။
ထို့ကြောင့် ရှန်းတုရဲက ဒဏ်ရာသာ ရရှိသွားခြင်းဖြစ်သည်။ ရဲချန်ဖန်က ရှန်းတုရဲကို ဒဏ်ရာရအောင် တိုက်နေစဉ် ရှန်းဂွန်းပန်၏ပုဆိန် ခုတ်ချက်က သူ့နောက်ကျောပေါ် ကျရောက် လာလေသည်။
ရှန်းဂွန်းပန်၏ ပုဆိန် ခုတ်ချက်က သူ့ကို ထိခါနီးတွင် သူခြေထောက်က လှုပ်ရှားပြီး အရိပ်မဲ့ သိုင်းသုံးကာ ရှန်းဂွန်းပန်၏ ဝိညာဉ်သိုင်းကို ရှောင်လိုက်လေသည်။
“ပေါင်တစ်သောင်းကျော်စွမ်းအား…”
ရဲချန်ဖန်က ရှောင်တိမ်း လိုက်ပြီးနောက် သူ အားကုန်သုံးကာ ရှန်းဂွန်းပန် ရင်ဘတ်ကို ထိုးလိုက်သည်။
လက်သီးကြောင့် လေထုပင် တုန်ခါသွားပြီး လေတိုးသံများ ထွက်ပေါ်လာကာ ရှန်းဂွန်းပန် ရင်ဘတ်ဆီ တိုးဝင်သွားသည်။
လက်သီးမှာ သူ့ကိုလာ မထိသေးသော်လည်း ကြောက်မက်ဖွယ် ခွန်အားကြောင့် ရှန်းဂွန်းပန် မျက်နှာပျက် သွားသည်။ ထို့နောက် ပုဆိန်ဖြင့် ရင်ဘတ်ရှေ့တွင် အမြန်ခုခံ လိုက်ရသည်။
“ယား…”
ရဲချန်ဖန် အားကုန် ထိုးလိုက်သဖြင့် လက်သီးက ပုဆိန်နှင့် အရှိန်ပြင်းထန်စွာ ထိပြီးနောက် ရှန်းဂွန်းပန် ရင်ဘတ်ကိုဆက်၍ ထိမှန်သွားလေသည်။ ရှန်းဂွန်းပန်သည် သူ့ရင်ဘတ် အောင့်သွားပြီး လည်ချောင်းထဲတွင် ချိုသောအရသာကို ခံစားလိုက်ရသည်။ ရဲချန်ဖန်၏ တုံ့ပြန်တိုက်ခိုက်မှုမှာ ကြောက်စရာ အလွန်ကောင်းနေပြီး ရှန်းဂွန်းပန်သည် ဆယ်မီတာကျော် လွင့်စဉ်သွားပြီးနောက် မြေပေါ် လဲကျသွားသည်။ သူ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။
“အသံလှိုင်းသိုင်းပညာ…”
ရှန်းတုရွှယ်သည် အမှန်အားဖြင့် ထိုကဲ့သို့ ဖြစ်လာမည်ဟု မတွေးထားဖူးပေ။ မျက်စိတစ်မှိတ်အတွင်း ရဲချန်ဖန်က ရှန်းဂွန်းပန်နှင့် ရှန်းတုရဲတို့ကို ဒဏ်ရာရရှိ သွားစေသည်။ သူ့ရုပ် အလွန်ပျက်သွားပြီး သူ့သားရဲနှင့် ပေါင်းကာ အစွမ်းကြီးလှသော အသံလှိုင်းပညာနှင့် ရဲချန်ဖန်ကို တိုက်ခိုက် လိုက်လေသည်။
“ယိတ်…”
အသံလှိုင်းပညာဖြင့် တိုက်ခိုက် ခံလိုက်ရသဖြင့် ရဲချန်ဖန် ဝိညာဉ်များပင် တုန်ခါ သွားလေသည်။ သူ့ကိုယ်မှ သွေးများ ထွက်လာပြီး သွေးကြောမများလည်း ထိခိုက်သွားသည်။ ဒါကြောင့် သူလှုပ်ရှားမှုများက အနည်းငယ် နှေးကွေးလေးလံ သွားသည်။
“အရိပ်မဲ့ ကောင်းကင် တုတ်သိုင်း…”
ရဲချန်ဖန် နှေးကွေး သွားသည်ကို အခွင့်ကောင်းယူကာ ရှန်းတုရွှယ်က ရဲချန်ဖန် ခေါင်းကို ရိုက်ချလိုက်သည်။
သေရေးရှင်ရေး အချိန်တွင် ရဲချန်ဖန် အလိုအလျေှာက် တုံ့ပြန်တိုက်ခိုက်လိုက်၏။ ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်း၏ တတိယအဆင့် အစွမ်းအထက်ဆုံး ဖြစ်သော ဖျက်ဆီးကြယ် လက်ညှိုးက တစ်ပေခန့် ရှည်သော မြွေကဲ့သို့ လက်ချောင်းအရိပ် လေထဲတွင် ထွက်ပေါ်လာပြီး ရှန်းတုရွှယ် ရိုက်ချက်နှင့် ထိမှန်သွားရာ ရိုက်ချက်မှာ အနည်းငယ် နှေးသွားသဖြင့် ရဲချန်ဖန် ရှောင်တိမ်းရန် အချိန်ရရှိ သွားသည်။ ထို့နောက် သူဘေးကို လိမ့်ကာရှောင်တိမ်း လိုက်လေသည်။
ရဲချန်ဖန် ရပ်နေခဲ့သော နေရာသည် အရိပ်မဲ့တုတ်၏ အားလှိုင်းကြောင့် ချက်ချင်း မီတာပေါင်းများစွာ နက်သော ကွဲအက်ကြောင်းပင် ပေါ်လာလေသည်။ သူ့ကိုသာ ထိမှန်သွားပါက မသေရင်တောင် အပြင်းအထန် ဒဏ်ရာရရှိ သွားနိုင်ပေသည်။ ထို့ကြောင့် သူစိတ်ပူ လာလေသည်။
“ဖျက်ဆီးကြယ်လား။ ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်းကို အမြင့်ဆုံးအဆင့် ရောက်အောင် လေ့ကျင့်ထားတာပဲ။ မင်းက ဘယ်သူလဲ”
ရှန်းတုရွှယ်က အမြင့်ဆုံး အဆင့်ထိ အောင်မြင်ရန် အလွန်ခက်သော ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်းကို ရဲချန်ဖန်က အောင်မြင်စွာ လေ့ကျင့်ထားသည်ကို တွေ့လိုက်ရသောအခါ အလွန် အံ့အားသင့်ပြီး မေးလိုက်လေသည်။
ရှန်းတုရွှယ်၏ တိုက်ခိုက်မှုကို ရဲချန်ဖန်က ခုခံလိုက်နိုင်သော်လည်း ရှန်းတုရွှယ်က သူ့ကို အလွန်ကြီးမားသော အန္တရာယ်ကို ပေးစွမ်းနိုင်သည်။ ထို့ကြောင့် ဆုတ်ခွါခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု တွေးကာ ရုတ်ခြည်းပင် ရဲချန်ဖန်သည် လှုပ်ရှားလိုက်ပြီး ဘေးရှိချုံထဲ ပြေးဝင်လိုက်သည်။ ဤရန်ကြွေးကိုတော့ သူအဆင့်ကိုး ဆေးလုံးရပြီးမှ ပြန်လက်စားချေ ရပေမည်။
“မင်းက ဘယ်ကို ပြေးချင်တာလဲ”
ရှန်းတုရွှယ်က ရဲချန်ဖန်သည် သူမေးတာမဖြေဘဲ ပြေးထွက်သွားသည်ကို မြင်သောအခါ အရိပ်မဲ့တုတ်ဖြင့် ရဲချန်ဖန် နောက်ကျောကို တိုက်ခိုက် လိုက်သည်။
ရဲချန်ဖန်က အရိပ်မဲ့ ကိုယ်ဖေါ့သိုင်း သုံးလိုက်သဖြင့် ကိုယ်ပွါး အရိပ်များ ထွက်လာပြီး အရိပ်မဲ့တုတ်ကို ရှောင်လိုက်ရာ ရှန်းတုရွှယ်က သူနားပို၍ နီးကပ်လာလေသည်။ ထို့နောက် ရဲချန်ဖန်ဆီ ရှန်းတုရွှယ်က လက်ဝါးရိုက် ထုတ်လိုက်သည်။
“ဖျက်ဆီးကြယ်…”
သူ့ဆီဝင်လာနေသော လက်ဝါးကိုကြည့်ပြီး ရဲချန်ဖန်က သူ့သွေးကြောများ ဒဏ်ရာ ရထားသည်ကို လျစ်လျှူရှုပြီး ဖျက်ဆီးကြယ် ဝိညာဉ်လက်ညှိုးကို အသုံးပြု လိုက်လေသည်။ ရှန်းတုရွှယ်၏ လက်ဝါးကို ချေဖျက်လိုက် နိုင်သော်လည်း ရဲချန်ဖန်က ခြေလှမ်းများစွာ ဆုတ်လိုက် ရလေသည်။
ထို့နောက် ချုံတွေကြား တိုးဝင်လိုက်ရာ ရှန်းတုရွှယ်တို့ တစ်သိုက်မြင်ကွင်းမှ ရဲချန်ဖန် ခြေရာဖျောက် သွားလေသည်။
အခန်း ( ၅၄ ) ပြီး၏။ ( ၅၅ ) မျှော်
***