Switch Mode

Chapter – 53

အကျပ်အတည်း

အခန်း ( ၅၃ )
အကျပ်အတည်း

“ရဲချန်ဖန် မင်းအခုတော့ ရောက်လာပြီပေါ့။ ငါမင်းကို စောင့်နေတာ တော်တော် ကြာနေပြီ”

သူထံသို့ ရဲချန်ဖန် တဖြည်းဖြည်းချင်း လျှောက်လာနေစဉ် ရှန်းတုရဲသည် အချက်ပေး ကျောက်တုံးကို ခွဲလိုက်သည်။

“ရှန်းတုရဲ ငါက မင်းနဲ့ ရဲချန်ဖန် ပြဿနာထဲ ဝင်ရှုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ငါသွားလိုက် ပါဦးမယ်”

မောက်မာလှသည့် သူတို့ကိုကြည့်ပြီး ဝမ်ဖေးဟုန် အလွန်ထိတ်လန့် နေသည်။ သူ့အတွက် အမြန်ထွက်သွားခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်မည်။ မဟုတ်က ကျွဲနှစ်ကောင် ခတ်သောကြားက မြေစာပင်သာ ဖြစ်ပေလိမ့်မည်။

“မရတော့ဘူး။ တစ်ယောက်မှ သွားခွင့် မရှိဘူး”

ရှန်းတုရဲက ယုံကြည်မှု အပြည့်နှင့် ပြောလိုက်သည်။

“ရှန်းတုရဲ မင်းက ငါ့ကို ဘာလုပ် စေချင်တာလဲ။ မင်းက ငါ့ကိုပါ သတ်ချင် နေတာလား။ ငါမင်းကို သတိပေး လိုက်မယ်။ ငါသာ အန္တရယ် တစ်ခုခုဖြစ်ရင် ကောင်းကင်မီးဂိုဏ်းက ခွင့်လွှတ်မှာ မဟုတ်ဘူး”

ဝမ်ဖေးဟုန်က ကြောက်လန့်ပြီး ရုပ်အလွန်ပျက် နေသည်။

“ဝမ်ဖေးဟုန် ငါမင်းကို အခွင့်အရေး ပေးမယ်။ ငါနဲ့အတူ ပေါင်းပြီး ရဲချန်ဖန်ကို တူတူ သတ်ရအောင်။ သူ့ကို ငါတို့သတ်ပြီးရင် မင်းကိုငါ လွှတ်ပေးမယ်။ အဲဒါကို မင်းလက်မခံရင် အရင်ဆုံး သေရမယ့်လူက မင်းပဲ”

ရှန်းတုရဲက ခြိမ်းခြောက် လိုက်လေသည်။

“တကယ်လား…”

ထိတ်လန့်နေသော ဝမ်ဖေးဟုန်က သံသယနှင့် ပြန်မေးလိုက်သည်။

အလွန်စိတ်လှုပ်ရှား တုန်လှုပ်နေသော ဝမ်ဖေးဟုန်ကို ကြည့်ပြီး ရဲချန်ဖန် ချက်ချင်း မလှုပ်ရှား သေးပေ။ ဦးစွာ ဝမ်ဖေးဟုန်၏ရွေးချယ်မှုကို စောင့်ကြည့် နေလေသည်။

ဝမ်ဖေးဟုန်သာ ရှန်းတုရဲကို ကူညီပြီး သူ့အား တိုက်ခိုက်လာပါက သူအနေဖြင့် ဝမ်ဖေးဟုန်ကို သတ်ရန် အကြောင်းပြချက် ရပြီဖြစ်သဖြင့် စိတ်ရှင်းရှင်း တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် ဝမ်ဖေးဟုန် ကြောင့် စိတ်ပူရမည့် ကိစ္စများအတွက်လည်း ဖယ်ရှားပြီး ဖြစ်ပေလိမ့်မည်။ သူအတွက်တော့ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်သလိုပင်။

“ရှန်းတုရဲ … ရဲချန်ဖန်ကို သတ်ဖို့ မင်းနဲ့အတူ ကူတိုက်ပေးရင် ငါ့ကို လွှတ်ပေးမယ် ဆိုတာ မင်းကျိန်ရဲလား”

ဇဝေဇဝါဖြစ်နေသော ဝမ်ဖေးဟုန်က ရှန်းတုရဲကို မေးလိုက်သည်။

“ရတယ်။ ငါကျိန်ဆိုတယ်။ မင်းသာ ငါ့ကိုကူပြီး ရဲချန်ဖန်ကို တိုက်ပေးမယ်ဆို ငါမင်းကို အသက်ရှင်ခွင့် ပေးမယ်”

ရှန်းတုရဲက ကျိန်ဆို လိုက်လေသည်။

“မင်းငါ့ကို မလိမ်ဖို့ မျှော်လင့်တယ်။ မဟုတ်ရင် ငါလည်း မင်းကို အလွတ်မပေးဘူး”

ရှန်းတုရဲက ကျိန်ဆိုလိုက်ပြီးနောက် ဝမ်ဖေးဟုန် စိတ်သက်သာရာ နည်းနည်းရ သွားသည်။

“ဝမ်ဖေးဟုန် ငါက မင်းကို လူတော်လို့ ထင်ထားတာ။ မင်း ဒီလောက်ညံ့မယ် ငါမထင်မိဘူး” ရဲချန်ဖန်က ခေါင်းခါ လိုက်မိသည်။

“ရှန်းတုရဲက မင်းကို လွှတ်ဖို့ ကျိန်ပေမဲ့ သူအဖော်တွေက မင်းကို လွှတ်ပေးမယ် ထင်လား။ ငါတစ်ခုခု ဖြစ်သွားခဲ့ပြီး နောက်ကျရင် သူတို့ကို မင်းက ဒီကိစ္စနဲ့ ခြိမ်းခြောက် လာနိုင်တဲ့အတွက် မင်းကို အသက်ရှင်လျက်နဲ့ လွှတ်ပေးမယ်လို့ ရူးကြောင်ကြောင်နဲ့ ယုံနေတာလား”

ရဲချန်ဖန် ပြောတာ ကြားလိုက်ချိန်တွင် ဝမ်ဖေးဟုန် မျက်နှာအမူအရာ ပြောင်းလဲ သွားသည်။ ရဲချန်ဖန် ပြောသမျှ အမှန်တွေဆိုတာ သူသိနေသည်။ ရဲချန်ဖန်သာ သေဆုံးသွားပါက သူကိုပါဆက်၍ နှုတ်ပိတ် ကြပေမည်။

“ဝမ်ဖေးဟုန် သူပြောတာ မယုံနဲ့။ ငါကျိန်ထား ပြီးပြီပဲ။ မင်းကို ငါဒုက္ခ မပေးပါဘူး”

ရှန်းတုရဲက ရဲချန်ဖန်ကို တစ်ယောက်တည်း မတိုက်ရဲချေ။ ထို့ကြောင့် သူငြင်း လိုက်လေသည်။

သို့သော် ဝမ်ဖေးဟုန်က ခဲမှန်ဖူးသော စာသူငယ်လိုပင် အလွန် ကြောက်လန့်နေပြီ ဖြစ်သည်။ သူသာ အမြန်ဆုံး ဒီအခြေအနေက မထွက်ပါက သူ ကံကြမ္မာဆိုးကို ကြုံရမည်ဟု နားလည်နေသည်။ ထိုကြောင့် သူ အမြန်လှည့်ကာ ချုံပုတ်တွေကြား တိုးဝင်ထွက်ပြေးတော့သည်။

“မင်း…ဘယ်သွားမလို့လဲ”

ဝမ်ဖေးဟုန် ချုံတွေကြား တိုးဝင်လိုက်စဉ် အသံအောကြီးကို ကြားလိုက် ရလေသည်။

အရပ်မြင့်မြင့် တုတ်တုတ်ခိုင်ခိုင် ရှန်းဂွန်းပန်နှင့် အနီရောင် ဝတ်စုံဝတ်ထားပြီး ရှန်းတုရဲနှင့် ရုပ်ချင်းဆင်သည့် လူငယ်လေး တစ်ယောက်သည် သူ့ပြေးလမ်းကို ပိတ်ထားလေသည်။ ထိုအနီရောင် ဝတ်စုံနှင့် လူငယ်လေးမှာ ရှန်းတုရွှယ် ဖြစ်သည်။

“ဝမ်းကွဲအစ်ကို၊ ရှန်းဂွန်းပန် အဲကောင်ကို တားထား။ သူကို မလွှတ်သွားစေနဲ့”

အလွန် အရေးကြီးနေသည့် အချိန်တွင် ရှန်းတုရွှယ်နှင့် ရှန်းဂွန်းပန်တို့ ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် အလွန်ပျော်သွားကာ အော်ဟစ် ပြောလိုက်လေသည်။

“မလုပ်ပါနဲ့။ ကျွန်တော်ကို မသတ်ကြပါနဲ့။ ကျွန်တော့်ကို မသတ်ရင် ဘာခိုင်းခိုင်း လုပ်ပါ့မယ်”

သူအသက်ရှင်ရန် မာနကို ခဝါချပြီး ဝမ်ဖေးဟုန်က တောင်းပန်တိုးလျှိုး လိုက်သည်။

ဝမ်ဖေးဟုန် တောင်းပန်မှုက ရှန်းဂွန်းပန် စိတ်ကို ပြောင်းလဲစေခြင်း မရှိပါ။ ရှန်းဂွန်းပန်၏ ပုဆိန်ကြီးက ဝမ်ဖေးဟုန် ကိုယ်ကို နှစ်ပိုင်းဖြစ်အောင် ခုတ်ပိုင်း လိုက်လေသည်။ ဝမ်ဖေးဟုန် ကိုယ်မှာ နှစ်ပိုင်းကွဲသွားပြီး တစ်ခါတည်း သေဆုံးသွားသည်။

“ရှန်းတုရဲ မင်းက ငါ့ကို အရမ်းသတ်ချင် နေတာပဲ”

ရဲချန်ဖန်က သွေးအိုင်ထဲရှိ ဝမ်ဖေးဟုန် အလောင်းကို ကြည့်ပြီး ခပ်ဆတ်ဆတ် ပြောလိုက်သည်။ သို့သော် သူ့အမူအရာက စိုးရိမ်ကြောက်လန့်ခြင်း အလျဉ်းမရှိချေ။

“ခုမှ မင်းကြောက်နေလည်း အပိုပဲ။ မင်းက ငါ့ကိုစိတ်ဆိုးအောင် လုပ်လိုက်ကတည်းက မင်းက ပျက်စီးဖို့ ကံပါလာပြီးသား။ စိတ်အေးအေးထား ငါမင်းကို ဖြည်းဖြည်း သတ်မှာပါ”

“ငါကမင်း ဝမ်ဖေးဟုန်ကို အပြစ်မရှိဘဲ သတ်တာကို တိုင်မယ်”

ရဲချန်ဖန်က ခေါင်းခါလိုက်ပြီး သူကိုယ်မှ အပြာနုရောင် ဝိညာဉ်စွမ်းအင်ကို ထုတ်လွှင့် လိုက်သည်။

“အဆင့်တစ် သားရဲသခင်လား။ မင်း…သားရဲသခင်အဆင့် ရောက်သွားပြီလား”

အပြာနုရောင် ဝိညာဉ်စွမ်းအင်က ရဲချန်ဖန် ကိုယ်မှ ထွက်နေသည်ကို ကြည့်ပြီး ရှန်းတုရဲ၊ ရှန်းဂွန်းပန်တို့ မျက်လုံးများ ပြူးကျယ်ကာ မယုံနိုင် ဖြစ်နေသည်။

ခရမ်းရောင် တောင်တန်းကို ဖြတ်ကျော်စဉ် အဆင့်တစ် သားရဲသခင် အဆင့်သို့ ရဲချန်ဖန် ဘယ်လိုရောက်ရှိ သွားသည်ကို သူတို့ မတွေးနိုင်ကြပေ။ ထို့ကြောင့် သူတို့ စိတ်ပူပန် လာမိသည်။

“အဆင့်တစ် သားရဲသခင် အဆင့်ကလေးကို ဘာကြောက်စရာလိုလဲ”

ရှန်းတုရွှယ်က ရဲချန်ဖန် မည်မျှ ကြောက်စရာကောင်းသည်ကို မသိရာ ရဲချန်ဖန်ကို မျက်စိထဲ မထည့်ချေ။

“သွေးဖားပြုတ် ပေါင်းစည်းစမ်း…”

ရှန်းတုရွှယ်က ဝိညာဉ်စွမ်းအင် ထုတ်ပြီး သွေးဖားပြုတ်ဖြင့် ပေါင်းစည်းလိုက်ရာ ကြောက်မယ်ဖွယ် သွေးရောင်များ ဖုံးလွှမ်းနေသည့် ဖားပြုတ်ကြီးက ပေါ်လာပြီး ရဲချန်ဖန်ကို အသံလှိုင်းဖြင့် တိုက်ခိုက် လိုက်သည်။

“အဆင့်သုံး သားရဲ သခင်လား”

ရှန်းတုရွှယ်၏ အစွမ်းကို သိလိုက်ပြီး ရဲချန်ဖန် မျက်နှာတည်သွားပြီး ရန်သူမှာ အလေးအနက်ထား ရင်ဆိုင်ရန်လိုကြောင်း နားလည်သွားသည်။

ရဲချန်ဖန်က သူအစွမ်းများ အရမ်းတိုးတက်လာပြီး အလယ်အလတ်အဆင့် ဝိညာဉ်သိုင်းကို တတ်မြောက်ထားသော်လည်း ရှန်းတုရွှယ်မှာ ကောင်းကင်မီးဂိုဏ်း၏ ပါရမီရှင် ဖြစ်သောကြောင့် သူကိုခြိမ်းခြောက် နိုင်စွမ်း ရှိနေသည်။ ထို့အပြင် ရှန်းဂွန်းပန်နှင့် ရှန်းတုရဲတို့လည်း ရှိနေသေးရာ သူရသမျှ အခွင့်အရေးကို အသုံးချနိုင်မှ တော်ကာကျမည်။ မဟုတ်က သူ့အတွက် အလွန်အန္တရာယ် များသွားနိုင်သည်။

“ကောင်လေး နောက်ဘဝကျရင် မျက်လုံး ရှင်ရှင်ထားပြီး လိမ်လိမ်မာမာနေ။ တချို့လူတွေကို မင်းပြဿနာ သွားရှာလို့မရဘူး”

သွေးဖားပြုတ် ပေါင်းစည်းထားသော ရှန်းတုရွှယ်က ရက်စက်မည့် အရိပ်အယောင်များ ထွက်လာပြီး သွေးဖားပြုတ်က အလွန်အစွမ်းထက်လှသော အသံလှိုင်းဖြင့် ရဲချန်ဖန်ကို တိုက်ခိုက် လိုက်လေသည်။

“ပေါင်တစ်သောင်းကျော်စွမ်းအား ကျိုးပျက်စမ်း…”

သွေးဖားပြုတ်က အသံလှိုင်းဖြင့် ရုတ်တရက် တိုက်ခိုက် လိုက်သော်လည်း သူက မရှောင်ဖယ်ဘဲ သူ၏အစွမ်းထက်လှသော ခန္ဓာကိုယ် အားကိုယူကာ တုံ့ပြန်လိုက်သည်။

“ဘုန်း…ဘုန်း…”

အလွန်ပြင်းထန်သော အားနှစ်ခုက ထိပ်တိုက် တိုက်မိသွားပြီး အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ အလွန်ကြီးမားသော ပေါက်ကွဲအားက ပတ်ဝန်းကျင်ရှိ သစ်ပင်များကို လဲပြိုသွားစေပြီး မြေကြီးများကလည်း အက်ကွဲလာလေသည်။

“လေတောင်ပဲ ခုတ်ချက်…”

“ရှေးဟောင်း ဝိညာဉ်လက်…”

ရဲချန်ဖန်နှင့် ရှန်းတုရွှယ်တို့ တိုက်ခိုက်နေချိန်တွင် ရှန်းဂွန်းပန်နှင့် ရှန်းတုရဲတို့က ရပ်ကြည့် မနေကြဘဲ ရဲချန်ဖန်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

ဝိညာဉ်သိုင်း နှစ်မျိုးက သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်လာရာ ရဲချန်ဖန် အရိပ်မဲ့ကိုယ်ဖေါ့သိုင်းကို အသုံးပြု၍ ရှောင်လိုက်လေသည်။ သူတို့ တိုက်ခိုက်မှုများက အရိပ်ကိုသာ ထိမှန်သွားသည်။ အရိပ်မဲ့ သဏ္ဌာန်ပြောင်းသိုင်း၏ အဓိက အချက်များကို နားလည်တတ်ကျွမ်းပါက အရိပ်များကို ခွဲထွက်နိုင်ပြီး ခွဲထွက်ထားသည့် အရိပ်နေရာတွင် မူလခန္ဓာကိုယ်ကို ပြောင်းရွှေ့ နိုင်လေသည်။

“ငါမင်းကို အထင်သေးမိတာပဲ”

ထူးဆန်းသော ကိုယ်ဖေါ့သိုင်းကို ကြည့်ပြီး ရှန်းတုရွှယ် မျက်မှောင်များကြုတ် သွားကာ အံအားသင့် သွားသည်။

“ဝမ်းကွဲအစ်ကို၊ ရှန်းဂွန်းပန် ဒီကောင်က အံ့ဩဖို့ ကောင်းတယ်။ ငါတို့ အတူတူ တိုက်ရအောင်။ သူ့ကို ဒီနေ့သတ်ပစ်မှ ရမယ်။ မဟုတ်လို့ ဒီကိစ္စပေါ်သွားရင် ငါတို့ ဒုက္ခရောက် လိမ့်မယ်”

ရှန်းတုရဲက ပို၍ပင် အံအားသင့်နေပြီး လက်မခံနိုင် ဖြစ်နေမိသည်။ ရဲချန်ဖန်က နာရီအနည်းငယ်အတွင်း အဆင့်တက်ပြီး ထူးဆန်းသော ကိုယ်ဖေါ့သိုင်းကိုပါ တတ်ကျွမ်း ထားသည်။

“အဲဒါကောင်းတယ်”

ရှန်းတုရွှယ် သဘောတူ လိုက်သည်။ သူ ဝိညာဉ်စွမ်းအားကို သားရဲထဲ အများအပြား ထပ်မံ ပို့လွှတ်လိုက်ပြီး အဆင့်နိမ့် ဝိညာဉ်လက်နက် တုတ်ကို ထုတ်ယူကာ ရဲချန်ဖန်၏ သေကွင်း သေကွက်များကို တိုက်ခိုက်တော့သည်။
အခန်း ( ၅၃ ) ပြီး၏။ ( ၅၄ ) မျှော်
***

Comment

Leave a Reply

Options

not work with dark mode
Reset