Switch Mode

Chapter – 52

ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်း

အခန်း ( ၅၂ )
ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်း

“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတုံးသုံးဆယ်။ အင်း… သိပ်မဆိုးပါဘူး။ ဒီလောက်ရတာ”

ရဲချန်ဖန်က မေ့မြောနေသော အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး၏ ခန္ဓာကိုယ်ကို ရှာဖွေလိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများနှင့် ကန့်သတ် မှော်အစီရင်ပါသည့် ဝါကြင့်ကြင့် စက္ကူလိပ်ကို ရရှိလိုက်သည်။

“ဝိညာဉ်သိုင်းများလား”

ရဲချန်ဖန် မျက်မှောင်များ ကြုတ်နေမိသည်။ နတ်ဦးနှောက်သုံး၍ မှော်အစီအရင်များကို ဖြေလိုက် လေသည်။

“အလယ်အလတ် ဝိညာဉ်အဆင့် ဝိညာဉ်သိုင်းပဲ။ ထိတ်လန့်ထွေပြား ဝိညာဉ် လက်ညှိုးသိုင်း”

ရဲချန်ဖန် စက္ကူလိပ်ပေါ်တွင်ပါသည့် အချက်အလက်များကို ဖတ်ရှုလိုက်ပြီးနောက် ဤဝိညာဉ်သိုင်းသည် အလယ်အလတ် ဝိညာဉ်အဆင့် ဝိညာဉ်သိုင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သိုင်းကို စမှတ်ကြယ်၊ တုန်လှုပ်ကြယ်နှင့် ဖျက်ဆီးကြယ်ဟူ၍ အဆင့်သုံးဆင့် ခွဲထားသည်။

“ငါလတ်တလော သုံးလို့ရမယ့် ဝိညာဉ်သိုင်းက မရှိသေးဘူး။ မင်းက ငါ့ကို အချိန်ကိုက် ပို့ပေးလိုက်တာပဲ”

ရဲချန်ဖန် မျက်နှာတွင် အပြုံးများ ပေါ်လာ၏။ သူ၏ နတ်ဦးနှောက်သည် ခြုံယူဆင်ခြင် သုံးသပ်နိုင်စွမ်း မြင့်မားလွန်းသည်။ ထို့ကြောင့် အမွှေးတိုင် တစ်တိုင် ထွန်းစာလောက် အတွင်းတွင် သူလေ့ကျင့်နည်းကို မှတ်မိသွားသည်။

ဤသိုင်းသည် အလယ်အလတ် ဝိညာဉ်အဆင့်သာရှိရာ လေ့ကျင့်ရန် မခက်ခဲပေ။ အမြင့်ဆုံးအဆင့်ထိ တတ်ကျွမ်းရန်မှာမူ တစ်နှစ်လောက် အချိန်ယူရပေမည်။

ရဲချန်ဖန် လေ့ကျင့်လိုက်သောအခါ ခက်ခဲမှုကို မကြုံတွေ့ရချေ။ သူအတွက် လွယ်ကူလွန်းနေပြီး အဓိက အချက်များကို ချက်ချင်း နားလည် သွားလေသည်။

လေပြေလေညင်းများက တိုက်ခတ်နေပြီး သစ်ရွက်တို့က လေအဝှေ့တွင် ပင်ယံထက်မှ ကြွေကျနေသည်။

“စမှတ်ကြယ်…”

ပင်ယံထက်မှ ကျဆင်းနေသော သစ်ရွက်တို့ကို ကြည့်ပြီး ရဲချန်ဖန် ရုတ်တရက် လက်ညှိုး ထိုးလိုက်ရာ လက်ချောင်းဆီမှ အစိမ်းရောင် အလင်းတန်း ထွက်ပေါ်လာပြီး ကျဆင်းလာသော သစ်ရွက်များကို ထိမှန်သွားသည်။

ရဲချန်ဖန် လှုပ်ရှားမှုများသည် လွယ်ကူ ရိုးရှင်းလှပြီး ရှုပ်ထွေးခြင်း မရှိပါ။ လက်တစ်ချောင်းပြီး တစ်ချောင်း ထိုးလိုက်လေသည်။ လက်ချောင်း အရိပ်များသည် မြွေကဲ့သို့ လေထဲတွင် လျင်မြန်စွာ ထွက်ခွာသွားပြီး အဝေးရှိ ယောက်ျားကြီး ခြောက်ယောက် ဖက်လို့ရသော ရှေးဟောင်း သစ်ပင်ကြီးကို ထိမှန်သွားသည်။

အဝေးရှိ ရှေးဟောင်း သစ်ပင်ကြီးကို လက်ညှိုးအရိပ်များ ထိုးဖောက် ဝင်သွားပြီးနောက် သစ်ပင်ကြီးမှာ ကျိုးကျ သွားလေသည်။ ရဲချန်ဖန်မှာ အလွန်အံအားသင့်ပြီး အသံထွက်အောင် ရယ်လိုက်မိသည်။

သူ နတ်ဦးနှောက်နှင့် ပေါင်းစပ်ပြီး နောက်ပိုင်းတွင် သူ၏ခြုံငုံ ဆင်ခြင်နိုင်စွမ်းသည် အလွန်မြင့်မားလာသည်။ ဤကဲ့သို့ နာရီဝက်လောက် အချိန်တိုအတွင်းမှာပင် ထိတ်လန့် ထွေပြား ဝိညာဉ်လက်ညှိုးသိုင်း၏ ပထမအဆင့် နှစ်ခုကို တတ်ကျွမ်း သွားလေသည်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူစိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီးနောက် သူစိတ်ထဲ၌ ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်း တတိယအဆင့်ကို လေ့ကျင့်လိုက်သည်။

“သူ…သူ ဘာလုပ်နေတာလဲ”

တစ်နာရီခန့် ကြာသောအခါ မေ့နေသော အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက ကြောင်တောင်တောင်နှင့် သတိပြန် ရလာသည်။ သူနိုးလာချိန် သူရင်ဘတ်တွင် ပြင်းထန်သော ဒဏ်ရာ ရနေပြီး၊ သစ်စများလည်း စူးဝင်နေလေသည်။ သို့သော် သူ့ရှေ့က မြင်ကွင်းက သူ့ကို အလွန်အံအားသင့် သွားစေသည်။

တစ်ချိန်တည်းမှာ သူ့အသည်းနှလုံးများပင် တုန်လှုပ်သွားသည်။ အံ့အားသင့်မှုကြောင့် သူ့ပါးစပ်ပင် ဟနေပြီး အချိန်အတန်ကြာ မည်သည့်စကားမှ မထွက်လာချေ။

“ဖျက်ဆီးကြယ်…”

ရဲချန်ဖန်က သူ၏ အပြာနုရောင် ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်ပြီး လက်ညှိုးကို ထိုးလိုက်သည်။ ထို့နောက်တွင် တစ်ပေနီးပါးရှည်သော လက်အရိပ်က အလွန်လျင်မြန်သော အရှိန်ဖြင့် အဝေးရှိ ရှေးဟောင်း သစ်ပင်ကြီးကို ထိမှန်သွားသည်။ ကြီးမား တုတ်ခိုင်လှသော သစ်ပင်ကြီးသည် လုံးဝ ကျိုးကျသွားပြီး သစ်မှုန်၊သစ်စများမှာ လေထဲလွင့်မြော နေလေသည်။

“တစ်နာရီလောက် လေ့ကျင့်တာ ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်းကို အမြင့်ဆုံး အဆင့်အထိ အောင်မြင်အောင် လေ့ကျင့်နိုင်တယ် ဟုတ်လား။ ဒီကောင်လူမှ ဟုတ်ရဲ့လား”

အနက်ရောင် ဝတ်စုံနှင့် လူငယ်က ရဲချန်ဖန်ကို ကြည့်ပြီး အလွန်အံအားသင့်နေပြီး တစ္ဆေ၊ သရဲကို မြင်ရသည့်နှယ် မယုံနိုင် ဖြစ်နေသည်။

ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်းကို အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက သူပိုင်ဆိုင်မှု အားလုံးဖြင့် ကောင်းကင်မီးဂိုဏ်းရှိ သိုင်းတာအို နန်းဆောင်မှ လဲလှယ်ရရှိခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ခြောက်လအတွင်း သူ ကြိုးကြိုးစားစားနှင့် ထိတ်လန့်ထွေပြား ဝိညာဉ် လက်ညှိုးသိုင်းကို လေ့ကျင့်ခဲ့သည်။ ပထမနှစ်ဆင့်သာ နားလည်နိုင်ခဲ့ပြီး ဖျက်ဆီးကြယ် အဆင့်ကို နားလည် နိုင်စွမ်း မရှိခဲ့ပေ။

တစ်နာရီလောက် အတွင်းမှာပင် အမြင့်ဆုံးအဆင့်ထိ တတ်ကျွမ်းသွားရာ ရဲချန်ဖန်ကို အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက ကြည့်ရင်း အံ့ဩ ကြောက်ရွံလာမိသည်။

“ဒီထိတ်လန့် ထွေပြား ဝိညာဉ်လက်ညှိုးသိုင်း စက္ကူလိပ်က မင်းအတွက်ပဲ”

ရဲချန်ဖန်က ထိတ်လန့်ထွေပြား ဝိညာဉ်လက်ညှိုးသိုင်း စက္ကူလိပ်ကို ကောင်းကင်မီးဂိုဏ်း စည်းမျဉ်းများ ချိုးဖောက်ပြီး မယူထားရဲချေ။ ထိုကြောင့် စက္ကူလိပ်ကို အံ့အားသင့်နေသော အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးဆီ ပြန်ပစ်ပေး လိုက်သည်။ ထို့နောက် သူတစ်ချက် လှုပ်လိုက်ရာ တောထဲမှ သူပျောက်ကွယ် သွားသည်။

“ဒီနှစ် လူသစ်လေးတွေထဲမှာ တကယ် ပြိုင်စံရှား ပါရမီရှင် ပါလာပြီ။ ဒီနှစ် ကောင်းကင်မီးဂိုဏ်းက ပျော်စရာတွေ၊ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတော့မှာပဲ”

အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက တီးတိုးရေရွတ် လိုက်လေသည်။

“ငါ နောက်တစ်နာရီလောက် အချိန်ဖြုန်းမိပြီ။ ငါနဲ့ ရှန်းဂွန်းပန်၊ ရှန်းတုရဲတို့ ဘယ်လောက်တောင် ကွာသွားပြီလဲ မသိဘူး”

ရဲချန်ဖန် အချိန်ကို တွက်ဆ လိုက်ရာ သူတို့ကြား အကွာအဝေးသည် နည်းနည်းနေှာနေှာ မဟုတ်ချေ။ ထို့ကြောင့် အချိန်မဆိုင်းဘဲ အရှိန်တင်ကာ ရှန်းဂွန်းပန်တို့ နောက်လိုက်ရင်း ဝမ်ဖေးဟုန်ကို ရှာဖွေနေသည်။

ထိုအချိန်တွင် ရှန်းဂွန်းပန်၊ ရှန်းတုရဲနှင့် အနီရောင်ဝတ်စုံဝတ် မျက်နှာထား တည်တည်နှင့် လူငယ်လေးတို့သည် ရဲချန်ဖန် ရောက်လာမည်ကို စောင့်နေကြသည်။ အနီရောင် ဝတ်စုံနှင့် လူငယ်လေးထံမှ အလွန်ပြင်းထန်သော အော်ရာများ ထွက်ပေါ်နေသည်။ သူသည် တတိယအဆင့် သားရဲသခင် ဖြစ်သည်။

“ဒီခွေးကောင် ရဲချန်ဖန် ဘာလုပ်နေလို့ ဒီလောက် နှေးနေရတာလဲ။ သူ တစ်ခုခု သိသွားတာတော့ မဟုတ်လောက်ပါဘူး”

မြက်ပင်ရှည်များ နောက်တွင် မနက်မှ နေ့လယ်ထိတိုင် စိတ်ရှည်ရှည် စောင့်နေကြရာ ရဲချန်ဖန် မပေါ်လာသဖြင့် ရှန်းတုရဲသည် ဂနာမငြိမ် ဖြစ်လာသည်။

သူတို့သာ ရဲချန်ဖန်ကို မတားဆီးနိုင်ဘဲ ရဲချန်ဖန်က ခရမ်းရောင် တောင်တန်းကို အောင်မြင်စွာ ဖြတ်ကျော် သွားနိုင်ပါက သူတို့ ရရှိမည့် ဆုများကို ဆုံးရှုံးမည့်အပြင် သိက္ခာလည်း ရစရာရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ သူတို့ လက်မခံနိုင်သော ကိစ္စဖြစ်သည်။

“တချို့လူတွေ လာနေတယ်”

ရှန်းတုရဲ တဖြည်းဖြည်း စိတ်ရှည်မှု ကုန်ဆုံးလာချိန်တွင် သစ်ရွက်လှုပ်သံများ အရင်ကြားလိုက် ရပြီးနောက် သတိနှင့် လျှောက်လာသော ဝမ်ဖေးဟုန်ကို တွေ့လိုက်လေသည်။

“ဒီအလကားကောင်က ဘယ်လို ရောက်လာတာလဲ”

သူတို့နား တဖြည်းဖြည်း နီးကပ်လာသော ဝမ်ဖေးဟုန်ကို ကြည့်ပြီး သူမျက်လုံးထဲတွင် အထင်သေးခြင်းများကို အထင်းသား မြင်နေရသည်။ သူက ဝမ်ဖေးဟုန်ကို ဘယ်တော့မှ မျက်လုံးထဲ မထည့်ခဲ့ချေ။

“ဟေ့ကောင်…”

ရှန်းတုရဲ ကျားသစ် တစ်ကောင်လိုပင် ခုန်ထွက်ပြီး ဝမ်ဖေးဟုန်ကို တားဆီး လိုက်သည်။

ရှန်းတုရဲ ရုတ်တရက် ထွက်လာသဖြင့် ဝမ်ဖေးဟုန် လန့်ပြီး ခုန်လိုက်သည်။ သူ့ကို တားဆီးသူကို မြင်လိုက်ရသောအခါ စိတ်အေးသွားဟန် သက်ပြင်းတစ်ချက် ချလိုက်ပြီး သတိထား လိုက်သည်။

“ဝမ်ဖေးဟုန် ငါမေးတာ မှန်မှန်ဖြေရင် ငါမင်းကို လွှတ်ပေးမယ်။ မင်း အခြေအနေကို နားမလည်ရင် ငါလုပ်မှ ငါ့ကို အပြစ်မတင်နဲ့”

ရှန်းတုရဲက ခြိမ်းခြောက် လိုက်သည်။

“မင်းက ဘာမေး ချင်တာလဲ”

ရှန်းတုရဲ အပြုအမှုကို ဝမ်ဖေးဟုန် မကြိုက်သော်လည်း ရှန်းတုရဲ စိတ်တိုအောင် သူမလုပ်ရဲပေ။ သူဒေါသကို မြိုသိပ်ပြီး ပြန်မေးလိုက်သည်။

“ငါသိချင်တာက ရဲချန်ဖန် ဘယ်နားမှာရှိလဲ မင်းသိလား”

“ငါမသိဘူး။ ငါသူ့ကို မတွေ့မိဘူး”

ဝမ်ဖေးဟုန် ခေါင်းခါ လိုက်သည်။

“တကယ်လား။ မင်းငါ့ကို မလိမ်ပါဘူးနော်”

ရှန်းတုရဲဆီမှ ကြောက်မက်ဖွယ် အော်ရာ ထွက်ပေါ်လာပြီး ဝမ်ဖေးဟုန်ကို ဖိနှိပ်ထားသည်။

“ငါကျိန်ရဲ ပါတယ်။ ငါခရမ်းရောင် တောင်တန်းထဲမှာ ရဲချန်ဖန်ကို မတွေ့ခဲ့ဘူး”

ဝမ်ဖေးဟုန်က အဆင့်ခြောက် သားရဲရှင်အဆင့်သာ ရှိသေးရာ ရှန်းတုရဲ၏ အော်ရာကြောင့် အသက်ပင် ရှုမရ ဖြစ်နေသည်။

“အဲလိုလား…”

ရှန်းတုရဲ မျက်နှာ မရွှင်မပျ ဖြစ်သွားသည်။ သူမျက်လုံးမှ ရက်စက် ကြမ်းကြုတ်သည့် အရောင်များ ထွက်နေသည်။

“ရှန်းတုရဲ…မင်းငါ့ကို တွေ့ရဖို့ ဘာလို့ ဒီလောက် ကယောင်ချောက်ချား ဖြစ်နေရတာလဲ။ ငါနဲ့ တိုက်ဖို့ မစောင့်နိုင် ဖြစ်နေတာလား”

ရှန်းတုရဲက ဝမ်ဖေးဟုန်ကို သတ်သင့် မသတ်သင့် စဉ်းစားနေချိန်တွင် ရင်းနှီးသော အသံကို ကြားလိုက်ရပြီးနောက် ရဲချန်ဖန် ထွက်ပေါ် လာသည်ကို တွေ့လိုက်ရသည်။
အခန်း ( ၅၂ ) ပြီး၏။ ( ၅၃ ) မျှော်
***

Comment

Leave a Reply

Options

not work with dark mode
Reset