အခန်း ( ၅၁ )
ဘယ်သူက ဘယ်သူဟာ ရမလဲ။
“နောက်ဆုံးတော့ ငါသားရဲသခင်အဆင့် ရောက်ပြီ”
သူ့ခန္ဓာကိုယ်ထဲတွင် အဖြူရောင် ဝိညာဉ် စွမ်းအင်သည် အပြာနုရောင်သို့ ပြောင်းသွားပြီး စွမ်းအင်များသည် သုံးဆခန့် တိုးလာကြောင်း ခံစားသိရှိနေသည်။ ခန္ဓာကိုယ် စွမ်းအားသည် ပေါင်ငါးရာခန့် တိုးလာသည်။
သူ သားရဲသခင်အဆင့် ရောက်သွားသဖြင့် တကယ်တန်ခိုးရှင် နယ်ပယ်သို့ စတင် ဝင်ရောက်ပြီဟု ဆိုနိုင်သည်။ ဝိညာဉ် စွမ်းအားများကို အဆင့်မီမီ စတင် သုံးစွဲလေ့ကျင့် နိုင်တော့မည် ဖြစ်သည်။ သူ နောက်အဆင့်ကို စွမ်းအား ပြည့်လျှံပြီးမှ သဘာဝအလျေှာက် ရောက်ရှိ သွားမှုကြောင့် အဆင့်ကို ခိုင်မာအောင် ထပ်မံလေ့ကျင့်ရန် မလိုအပ်ပေ။
ထို့နောက် ရဲချန်ဖန် သတိလစ်နေသည့် ဂျီချင်ရွှယ်ဆီ ပြန်လျှောက် လာခဲ့လိုက်သည်။ သူ ဂျီချင်ရွှယ်ကို မကြိုက်သော်လည်း ဂျီချင်ရွှယ်သည် တကယ်လှပသည်ကို ဝန်ခံရပေမည်။ သူမ အလှကား တကယ်ကို ပြစ်မျိုးမှဲ့မထင်အောင် လှပပြီး နတ်ဘုံနတ်တို့နေရာ ဌာနက လူ့ပြည်ကို ခေတ္တရောက်လာသော နတ်သမီးလေးလိုပင်။
သို့သော် သူ၌ တခြားအတွေး မျိုးတော့မရှိပေ။ သူ အဆိပ်ဖြေဆေးကို လူဘီလူးကြီး အိတ်ထဲမှ ရှာလိုက်ပြီး သူမကို တိုက်ကျွေး လိုက်သည်။ ငါးမိနစ်ခန့်ကြာသော် သူမ သတိပြန်ရ လာလေသည်။ သူမ သတိမမေ့ခင် ဘာဖြစ်သွားသည်ကို တွေးမိပြီး ကြောက်လန့် သွားမိသည်။
သို့သော် သူမဘေးတွင် ထိုင်နေသော ရဲချန်ဖန်ကို တွေ့လိုက်သောအခါ သူမ စိတ်တုန်လှုပ် ချောက်ချားမှုများ လွှင့်ပစ်သလို ပျောက်သွားပြီး ရင်ခုန်သွားသည်။
သူမကို ရဲချန်ဖန် ကယ်တင်ခဲ့သည်မှာ နှစ်ခါပင် ရှိနေပြီဖြစ်သည်။ သူမ နှစ်ကြိမ် အကြွေးရှိ သွားလေပြီ။
သူမ ကျေးဇူးတင်စကား ပြောရန် လုပ်လိုက်ချိန်တွင် လူဘီလူးကြီးက သွေးအိုင်ထဲတွင် မလှုပ်မယှက် လဲနေသည်ကို တွေ့လိုက်သောအခါ သူမ အမူအရာ တစ်မျိုး ဖြစ်သွားသည်။
“မင်း…နိုးလာပြီလား”
ရဲချန်ဖန် မျက်စိပွင့်လာသည့် ဂျီချင်ရွှယ်ကို ကြည့်ပြီး မေးလိုက်လေသည်။ ရဲချန်ဖန် မျက်နှာက ဟန်အမူအရာ ကင်းမဲ့ပြီး မျက်နှာသေကြီး ဖြစ်နေသည်။
“ရှင်…ရှင် သူ့ကို သတ်လိုက်တာလား”
သူမ ရဲချန်ဖန်ကို ကောင်းကင် မီးဂိုဏ်းဝင်အား သတ်ရဲအောင် သတ္ထိရှိနေမည်ဟု မထင်ထားမိချေ။
“ငါပြဿနာ ထပ်တက်လာမှာ မကြိုက်ဘူး”
“ပြီးတော့ မင်းက မပြောရင် ငါ့လက်ချက်နဲ့ သေတယ်ဆိုတာ ဘယ်သူသိမှာလဲ။ ငါ သူအလောင်းကို သားရဲတွေရှိတဲ့ နေရာမှာ ပစ်လိုက်မယ်။ ဒါဆို ကောင်းကင်မီးဂိုဏ်းက ငါလုပ်တယ်လို့ သဲလွန်စလည်း ရမှာမဟုတ်ဘူး။ သံသယ ဝင်စရာလည်း အကြောင်းမရှိဘူး”
ရဲချန်ဖန်က တုန်လှုပ်ချောက်ချားနေသော ဂျီချင်ရွှယ်ကို တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့…”
“ဘာမှမဖြစ်ဘူး”
ရဲချန်ဖန် စကားဖြတ် ပြောလိုက်သည်။
“ဂျီချင်ရွှယ် ဒီကိစ္စ သိသွားရင် ဘာဖြစ်မလဲ မင်းရော ငါရော သိတယ်။ ဒါကြောင့် မင်းမှာ ရွေးစရာ နှစ်လမ်း ရှိတယ်။ ပထမလမ်းက မင်း ကောင်းကင်မီးဂိုဏ်း ဝင်ခွင့်ကို လက်လျော့လိုက်။ ဒါမှမဟုတ်ရင် မှတ်ဉာဏ်ကျောက်တုံး ငါ့ကိုပေးပြီး ငါနဲ့တူတူ ဒီကိစ္စကို မသိသလို နေလိုက်ဖို့ပဲ”
“ဒါပေမဲ့ ဒီကိစ္စက ဖုံးကွယ်ထားလို့ ဖြစ်ပါ့မလား။ ပြီးတော့ ဝမ်ဖေးဟုန်က ဒီမှာ ဘာဖြစ်ခဲ့လဲ ဆိုတာ သူသိတယ်။ သူတိုင်မှာ ငါစိုးရိမ်တယ်”
“ဝမ်ဖေးဟုန် သူရော ဒီမှာရှိခဲ့တာလား”
ရဲချန်ဖန် မျက်နှာ တည်သွားသည်။
“အင်း …သူခုနက ငါနဲ့ အတူတူ ရှိနေတာ။ ဒါပေမဲ့ သူကြောက်ပြီး ငါ့ကို တစ်ယောက်တည်း ထားပြီး ထွက်ပြေးသွားတာ”
ဂျီချင်ရွှယ်က ရဲချန်ဖန်ကို မနှစ်သက် လှသော်လည်း ဝမ်ဖေးဟုန်ထက် အများကြီး သာသည်ကို လက်ခံရမည်။ အနည်းဆုံးတော့ သူမ ဒုက္ခရောက်နေချိန်တွင် ထားပြီး ထွက်မပြေးသွားပေ။
“ဝမ်ဖေးဟုန် ကိစ္စက ငါ့မှာ ဖုံးကွယ်ဖို့ နည်းလမ်း ရှိတယ်။ မင်းမှတ်ထားရမှာက တစ်ခုခု ပေါ်လာလို့ အကြီးအကဲလျှူက မေးလာရင် မင်းက ဘာမှမသိဘူးလို့ ဟန်ဆောင်ရမယ်”
ရဲချန်ဖန် အလေးအနက် ပြောလိုက်သည်။
“အင်း…ဟုတ်ပြီ”
ဂျီချင်ရွှယ်လည်း ကောင်းကင်မီးဂိုဏ်း ဝင်ခွင့်ကို လက်မလွှတ်ချင်ပေ။ သူမ နှုတ်ခမ်းလေးအား ဖိကိုက်ထားမိပြီး ရဲချန်ဖန်နှင့်အတူ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် မှတ်ဉာဏ်ကျောက်တုံးကို ရဲချန်ဖန်ဆီ ပေးလိုက်သည်။
“အင်း… ငါသွားတော့မယ်။ ကိုယ်ဟာကိုယ် ဂရုစိုက်”
စကားဆုံးသည်နှင့် ရဲချန်ဖန် အချိန်ဆွဲ မနေတော့ဘဲ လူဘီလူးကြီးကို သယ်ကာ လျင်မြန်စွာ ထွက်လာခဲ့သည်။
ရဲချန်ဖန် တစ်နာရီလောက် ကြာသောအခါ ကံကောင်းစွာနှင့် ခွေးအတစ်အုပ်ကို တွေ့လိုက် လေသည်။ လူဘီလူးကြီးကို ခွေးအအုပ်ထဲ ပစ်ထည့်ပြီးနောက် အမြန် ထွက်လာခဲ့လိုက်သည်။
“ဝမ်ဖေးဟုန် ဒီကောင်က တကယ့် ပြဿနာကြီးပဲ”
လူဘီလူးကြီးကို အလောင်းကိစ္စ ရှင်းပြီးသော်လည်း သူ့စိတ်မအေးသွားပေ။ ဝမ်ဖေးဟုန်က သူ့ကို အနာတွင် စူးနေသည့် အရိုးပမာ စိတ်ပူပန်စေသည်။
“ဟင်… တစ်ယောက်ယောက် ရှိနေတာလား”
ရဲချန်ဖန် ဝမ်ဖေးဟုန် ပြဿနာကို ရှင်းရန် စဉ်းစားနေခိုက် သစ်ရွက် လှုပ်ရှားသွားသံလေး တစ်သံသည် သူ့နားထဲ ရောက်လာသည်။
သူ လှမ်းကြည့် လိုက်သောအခါ အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးကို တွေ့လိုက်ရသည်။ လူငယ်လေးသည် အရပ်မှာ အတော်မြင့်ပြီး လက်ထဲတွင် တုတ်ချောင်း တစ်ချောင်း ကိုင်ထားပြီး သူ့အား စိုက်ကြည့်နေသည်။
“ကောင်းကင် မီးဂိုဏ်းဝင်တွေက တယ်ထူးခြားတာပဲ”
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးသည် သားရဲသခင် ဒုတိယအဆင့်သာ ရှိသေးသောကြောင့် သူအား ဖိအား မပေးနိုင်ပေ။ သို့သော် သူ၏လှုပ်ရှားမှုသည် အလွန်ပေါ့ပါး သွက်လက်နေသည်။ ထို့ကြောင့် ရဲချန်ဖန် ဂရုစိုက်ပြီး အကဲခတ် လိုက်မိသည်။
“ကောင်လေး မင်းကံဆိုးပြီး ငါနဲ့လာတွေ့တာပဲ”
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက အေးစက်စက် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“တကယ်လို့ ငါစိတ်ကို လှုပ်ရှားသွားစေနိုင်တဲ့ ရတနာ ပေးနိုင်ရင် ငါမင်းကို လွှတ်ဖို့ စဉ်းစားပေးမယ်”
“ငါ့မှာ ဘာရတနာမှ မရှိဘဲ သွားရင်ကော”
ရဲချန်ဖန် နှာခေါင်းရှုံ့ လိုက်လေသည်။
“မင်းမှာ အဲလိုအစွမ်းရှိလား ကြည့်ရတာပေါ့”
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး ခြေထောက်က ညင်သာစွာ လှုပ်ရှားသွားပြီး သူတစ်ကိုယ်လုံး လေထဲ မြောက်တက် သွားသည်။ ထို့နောက် ရဲချန်ဖန်ဆီ အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက ခုန်ဝင်လာပြီး လက်ထဲရှိ ကိုးလက်မခန့် ရှည်သည့် တုတ်ဖြင့် ထိုးသွင်း လိုက်လေသည်။
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး၏ တိုက်ခိုက်မှုကို ရဲချန်ဖန် မရှောင်ဘဲ သူ့အနားသို့ပင် တိုးကပ် သွားလေသည်။
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး၏ တုတ်က ရဲချန်ဖန် ရင်ဘတ်ကို ထိမှန်တော့မည့် အချိန်တွင် ရဲချန်ဖန် ညာလက်က တုတ်ကို ပုတ်ချ လိုက်လေသည်။
“မင်း…သေချင်နေတာပဲ”
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက ရဲချန်ဖန်က သူတုတ်နဲ့ တိုက်ခိုက်မှုကို လက်ဖြင့်သာ ခုခံမည်ဟု မထင်ထားမိပေ။ ထို့ကြောင့် သူမျက်နှာတွင် ရက်စက်သော အပြုံး ပေါ်လာလေသည်။
သို့သော် သူအပြုံးသည် ချက်ချင်း ပျောက်ကွယ် သွားလေသည်။ သူတွေ့လိုက်သည်မှာ သူတုတ်မှ အားသည် ပျောက်ကွယ်သွားရုံ သာမက အလွန်ပြင်းထန်သော အားက သူ့ဆီ ဝင်ရောက်လာပြီး တုတ်ကိုပင် သူမထိန်းနိုင်တော့အောင် သူလက်များ တုန်ခါသွားသည်။
“ဒင်…”
တုတ်က မြေပေါ် လွတ်ကျ သွားလေသည်။ အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးမှာ တုတ်ကို မကိုင်နိုင်လောက်အောင် နာကျင် သွားလေသည်။
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးသည် ရဲချန်ဖန်၏ ခန္ဓာကိုယ် စွမ်းအားကို ထိတ်လန့်နေစဉ် သူအား ရဲချန်ဖန်က လက်ဝါးဖြင့် ရိုက်လိုက်သည်။ ရုတ်ခြည်းပင် သူ ဝိညာဉ်စွမ်းအား ထုတ်ပြီး သားရဲနှင့် ပေါင်းစည်း ခုခံလိုက်ရသည်။
“မခုခံ နိုင်ဘူးလား”
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက သားရဲနှင့် ပေါင်းစည်း ခုခံလိုက်သော်လည်း ရဲချန်ဖန် စွမ်းအားမှာ ပေါင်တစ်သောင်းကျော်နေရာ သူ့ခုခံမှုမှာ ပျက်စီးသွားပြီး သူရင်ဘတ်ကို လာထိမှန် သွားလေသည်။
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးသည် သွေးများ အန်ထုတ် လိုက်ရပြီး ဆယ်မီတာကျော်မြင့်သော ရှေ့သစ်ပင်ကြီးနှင့် ဆောင့်မိကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။ သူ မထနိုင်တော့ပဲ လဲကျနေလေသည်။
“မင်း… ဒုက္ခမရောက်ချင်ရင် မင်း ငါ့စိတ်ကို လှုပ်ရှားစေမယ့် ရတနာကို ပေးရင်ပေး။ မဟုတ်လို့ကတော့ ငါ့ကို အဆိုးမဆိုနဲ့”
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးကို ကြည့်ပြီး ရဲချန်ဖန် အေးစက်စွာ ပြောလိုက်လေသည်။
“မင်း…မင်း…”
လူငယ်လေးက သူပြောခဲ့သည့် စကားဖြင့် သူပြောခံ လိုက်ရသဖြင့် အလွန်ရှက်ပြီး သွေးများ ထပ်မံအန်ထုတ် လိုက်လေသည်။ ထို့နောက် မေ့မြော သွားတော့သည်။
အခန်း ( ၅၁ ) ပြီး၏။ ( ၅၂ ) မျှော်
***