Switch Mode

Chapter – 50

ပထမအဆင့် သားရဲသခင်

အခန်း ( ၅၀ )
ပထမအဆင့်သားရဲသခင်

“ရဲချန်ဖန်…လား”

သူမ ဘဝ အရှက်တကွဲ အကျိုးနည်း ဖြစ်ရတော့မည် အခြေအနေမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားနေခိုက် သူမ ရင်းနှီးဖူးသော ပုံရိပ်က သူမရှေ့ကို ရောက်လာချေပြီ။ အားကုန်သုံး၍ တိုက်ခိုက်လိုက်ရာ တော်လည်းသံကြီးကဲ့သို့ ကျယ်လောင်စွာ အသံထွက် လာလေသည်။ ထိမိလိုက်ပါက လူဘီလူးကြီးသည် ချက်ချင်းပင် သေလုမြောပါး ဖြစ်သွားနိုင်သည်။

“ဘုန်း…”

ရဲချန်ဖန်က အားကုန်သုံး တိုက်လိုက်ရာ လူဘီလူးကြီး အလျင်အမြန် ခုခံလိုက်သည်။ ထို့နောက် ရဲချန်ဖန်က သွေးဥနှင့် ပေါင်းစပ်လိုက်သဖြင့် သူအားမှာ ပေါင်တစ်သောင်းကျော် ဖြစ်လာလေသည်။ ရဲချန်ဖန်သည် သူ့အားကို မချွေတာတော့ဘဲ အားကုန်ထိုးလိုက်ရာ လူဘီလူးကြီး၏ လက်သီးတွင်ပါနေသည့် ဝိညာဉ်စွမ်းအားများ ပျက်စီးသွားပြီး လူဘီလူးကြီး၏ လက်မောင်း စတင်ဒဏ်ရာ ရရှိလာလေသည်။

ထို့နောက် ရဲချန်ဖန် လက်သီးက လူဘီလူးကြီး၏ လက်မောင်းကို ကျိုးကြေသွားစေသည်။ အရိုးများပင် အက်ကွဲသွားစေပြီး အတိုင်းသား ပေါ်ထွက်လာသည်။

ရဲချန်ဖန်သည် လူဘီလူးကြီးအား အသက်ရှုချိန်ပင် မရအောင် အဆက်မပြတ် လိုက်လံ တိုက်ခိုက်လေသည်။ ရဲချန်ဖန်၏ ကန်ချက်က လူဘီလူးကြီး၏ ရင်ဘတ်ကို ထိထိမိမိကို ကန်မိသွားသည်။

လူဘီလူးကြီးသည် ရင်ဘတ်တွင် ဒဏ်ရာ အပြင်းအထန် ရသွားလေသည်။ ဂျီချင်ရွှယ်၏ လက်ချက်ကြောင့် ဒဏ်ရာရရှိနေရာ ရဲချန်ဖန် ကန်ချက်ကြောင့် သွေးများ ဒလဟော ကျဆင်းလာပြီး လေထဲလွင့်စဉ် သွားလေသည်။ သူ မြေပေါ်မှ အချိန်အတန်ကြာ မထနိုင်ဘဲ လဲနေလေသည်။

“မင်း အဆင်ပြေရဲ့လား”

ရဲချန်ဖန်က အဝတ်အစားများ ဆိုးဆိုးဝါးဝါး စုတ်ပြဲနေသော ဂျီချင်ရွှယ်ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ သူလေသံတွင် ချစ်ခင်ကြင်နာ သနားမှု တစ်စက်ကလေးမှ မရှိချေ။ သူပုံမှာ သာမန် သူစိမ်းတစ်ယောက်ကို မေးလိုက်ပုံနှင့် မခြားပေ။

“ကျေးဇူး တင်ပါတယ်။ တကယ် ကျေးဇူးတင်ပါတယ်။ ငါ့ကို ကယ်ပေးတာ”

ဤကဲ့သို့ သူမက ပျော့ညံ့ အသုံးမကျသူဟု ထင်ထားသည့် ရဲချန်ဖန်၏ ကယ်တင်ခြင်း ခံရမည်ကို တစ်ခါမျှ မတွေးဖူးပေ။ ရဲချန်ဖန်သည် သူမကို ကယ်တင်ချိန်တွင် သူမနှင့် ရင်းရင်းနှီးနှီး ရှိနေသော ခံစားချက်ကို ရနေမိသည်။

သို့သော် သူမ သဘောကျနေသော ဆရာချန်နှင့် ရဲချန်ဖန်က လူတစ်ယောက်တည်းဟု ပြောလာလျှင် သူမ လုံးဝယုံကြည်မည် မဟုတ်ပါ။

“နောက်ဆို ဂရုစိုက်…”

သူအကြည့်က ဒဏ်ရာရပြီး လဲနေသော လူဘီလူးကြီးဆီ ပြန်ရောက်သွားပြီး လူဘီလူးကြီးထံ လျှောက်သွားလိုက်သည်။

“မင်း…မင်းငါကိုဘာလုပ်မလို့လဲ”

လူဘီလူးကြီးက ရဲချန်ဖန်၏ ရေခဲတမျှ အေးစက် မာကျောနေသော မျက်နှာကို ကြည့်ပြီး သူအသည်းနှလုံးများပင် တုန်ခါသွားလေသည်။

“ကောင်းကင်မီးဂိုဏ်းက တစ်ယောက်နဲ့ တစ်ယောက် သတ်တာ ခွင့်မပြုဘူး။ မင်းငါ့ကို နောက်ထပ် ဒဏ်ရာရအောင်လုပ်ရင် ကောင်းကင်မီးဂိုဏ်း စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ။ အဲအခါကျရင် ကောင်းကင်မီးဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

လူဘီလူးကြီးက အားတင်း ထထိုင်လိုက်ပြီးနောက် ရဲချန်ဖန်အား သတိပေးဟန်ဖြင့် ပြောလိုက်သည်။

“ဟုတ်လား… အဲဆို ခုနက မင်းဘာလုပ်ခဲ့တာလဲ”

ရဲချန်ဖန် နှာခေါင်းရှုံ့လိုက်ပြီး သူဆီမှ လူသတ်စိတ်များ ထွက်လာလေသည်။

ရဲချန်ဖန်က ဂျီချင်ရွှယ်နှင့် ဘာမှထပ်ပြီး ပတ်သက်စရာ မရှိတော့သော်လည်း လူဘီလူးကြီး၏ ယုတ်မာ ရက်စက်သည့် အကျင့်ကို မုန်းတီးလေသည်။ သူသာ ဂိုဏ်းစည်းမျဉ်းများနှင့် အခြားစိုးရိမ်စရာ ကိစ္စများ မရှိလျှင် ထိုလူမျိုးကို အသက်ရှင်ခွင့် ပေးမည်မဟုတ်ပေ။

“ခုနက ငါ့အမှားပဲ။ ငါ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

လူဘီလူးကြီးက သေဘေးနှင့် ကြုံသောအခါ မာနများ မထားရဲဘဲ အသနားခံ တောင်းပန်လိုက်သည်။

“ထားလိုက်တော့ ချန်ဖန်။ ခုနက အဖြစ်အပျက်ကို မှတ်ဉာဏ် ကျောက်တုံးနဲ့ ခိုးပြီး မှတ်တမ်း တင်ထားတယ်။ ငါတို့ ကောင်းကင် မီးဂိုဏ်းရောက်မှ အကြီးအကဲ လျှူကို တိုင်ပြီး ဒဏ်ပေး ခိုင်းရမယ်”

ဂျီချင်ရွှယ် အနေဖြင့် လူဘီလူးကြီးကို သတ်လိုက်သည့်တိုင် ခွင့်မလွှတ် နိုင်သော်လည်း ကောင်းကင်မီးဂိုဏ်း စည်းမျဉ်းများကို မချိုးဖောက်လိုပေ။ ထို့ကြောင့် ရဲချန်ဖန်ကို တီးတိုး ပြောလိုက်လေသည်။

“မှတ်ဉာဏ် ကျောက်တုံးလား”

လူဘီလူးကြီးက ဂျီချင်ရွှယ် အသံကို ကြားလိုက်သောအခါ အလွန်ရုပ်ပျက် သွားပြီး အလွန်ပြင်းထန်သော လူသတ်စိတ် ထွက်ပေါ် လာလေသည်။

တကယ်သာ ဂျီချင်ရွှယ်ဆီမှာ မှတ်ဉာဏ် ကျောက်တုံး ရှိနေပါက သူဘယ်လို ရှင်းပြရှင်းပြ အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပါ။ သူ ကောင်းကင် မီးဂိုဏ်းတွင် ခြေချစရာနေရာ ရှိတော့မည် မဟုတ်ပေ။

“မင်းတို့ ခဏနေပါဦး။ ငါတကယ် အမှားကြီး ကျူးလွန်မိတာ သိပါတယ်။ ဒီနေ့ဖြစ်သမျှ ကိစ္စကို အကြီးအကဲလျှူကို မပြောပြဖို့ တောင်းပန်ပါတယ်။ ဒီနေ့ကိစ္စကို အစမဖော်ဘူးဆိုရင် မင်းတို့ လိုချင်တာ မှန်သမျှ ငါလုပ်ပေးပါ့မယ်”

လူဘီလူးကြီးက အသည်းအသန် တောင်းပန် နေလေသည်။

“ခွေးကောင် ကောင်းကင်မီးဂိုဏ်းက ဒဏ်ခတ်တာကိုပဲ စောင့်နေ”

ဂျီချင်ရွှယ်က ဒေါသနှင့် ပြောလိုက်သည်။

ရဲချန်ဖန်သာ အချိန်မီ မကယ်တင်ခဲ့ပါက သူမသည် လူဘီလူးကြီး၏ အနိုင်ကျင့်ခြင်း ခံရပြီး သူမဘဝလည်း ပျက်သွား ပေလိမ့်မည်။

“မသွား…မသွားပါနဲ့။ ငါ့မှာ အဆင့်ကိုး ဆေးလုံးရှိတယ်။ ငါ့ကို ခွင့်လွှတ်ပေးရင် ဒီအဆင့်ကိုး ဆေးလုံး မင်းကိုပေးမယ်”

လူဘီလူးကြီးက သူခါးဆောင် အိတ်ထဲမှ အစိမ်းရောင် သေတ္တာလေးကို ရဲချန်ဖန်တို့ ရှေ့သို့ ထုတ်ယူ လိုက်သည်။

“အဆင့်ကိုး ဆေးလုံးလား”

ရဲချန်ဖန် မျက်ခုံးများ တွန့်သွားပြီး လူဘီလူးကြီး လက်ထဲက အစိမ်းရောင် သေတ္တာလေးကို လှမ်းကြည့် လိုက်သည်။

လူဘီလူးကြီးက အစိမ်းရောင် သေတ္တာလေးကို ဖွင့်လိုက်သည်နှင့် ရဲချန်ဖန်၏ ထက်မြက်သော စိတ်အာရုံက အန္တရာယ် အငွေ့အသက်ကို ရရှိလိုက်ပြီး အသက်အောင့်ကာ ဘေးသို့ ရှောင်လိုက်မိသည်။

သူရှောင်လိုက်သည်နှင့် တစ်ပြိုင်နက် အဆိပ်ငွေ့များ ထွက်လာသည်။ ရုတ်တရက် အလွန်လျင်မြန်စွာ ဖြစ်သွားသောကြောင့် ဂျီချင်ရွှယ်က အဆိပ်ငွေ့များကို အချိန်မီ မရှောင်လိုက်နိုင်ပါ။

ဂျီချင်ရွှယ် အဆိပ်ငွေ့များကို ရှုလိုက်မိသည်နှင့် မူးဝေ သွားလေသည်။ ထို့နောက် သူမကိုယ်သူမ ထိန်းနိုင်တော့ဘဲ မြေပေါ်လဲကျ သတိမေ့ သွားလေသည်။

“အခြေအနေ မကောင်းဘူး”

လူဘီလူးကြီးက ရဲချန်ဖန်ကို ဤမျှလည်၍ သတိကောင်းမည်ဟု မထင်မိချေ။

“မင်းပြေးလို့ လွတ်မယ် ထင်နေတာလား”

ရဲချန်ဖန် နှာခေါင်းရှုံ့လိုက်ပြီး သူခြေထောက်များက လျင်မြန်စွာ လှုပ်ရှားသွားလေသည်။ သူပုံမှာ ကျားသစ် တစ်ကောင်လိုပင် အရှိန်ရလာသည်နှင့် ပိုပိုလျင်မြန်လာပြီး တုန်လှုပ်စွာ ပြေးနေသော လူဘီလူးကြီးကို လိုက်မီ သွားလေသည်။

သူသာ ဖမ်းခံရပါက ဘယ်လို အဆုံးသတ်နှင့် ကြုံရမလဲ သိနေရာ ဒဏ်ရာ ပြင်းထန် နေသော်လည်း ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် ထုတ်သုံးပြီး ရဲချန်ဖန် နောက်ဆုတ် သွားစေရန် ကြိုးစားနေသည်။

သူ ဒဏ်ရာသာ မရရှိထားပါက ရဲချန်ဖန်ကို ခြိမ်းခြောက်နိုင်မည် ဖြစ်သော်လည်း ယခုမူ သူအစွမ်း သုံးဆယ် ရာခိုင်နှုန်းသာ ထုတ်သုံး နိုင်တော့သည်။

“ဘုန်း…”

လက်သီးများ ထိဆုံသွားချိန်တွင် ရဲချန်ဖန်၏အားက လူဘီလူးကြီး၏ဝိညာဉ် အကာအကွယ်များကို ချိုးဖောက်ပြီး သူလက်မောင်းကို ထိမှန် သွားလေသည်။ သူနောက်သို့ ဆုတ်လိုက်ရသည်။

“အစက ငါမင်းကို မသတ်ဘဲ နေမလို့ပဲ ခုတော့ မင်းသေရတော့မယ်”

ရဲချန်ဖန်ဆီမှ လူသတ်စိတ်က ဖုံးကွယ် မရအောင်ပင် ထွက်နေသည်။ သူ့မှာသာ အစွမ်းထက်သော စိတ်အာရုံသာ မရှိပါက သူကပ်ဆိုးနဲ့ ကြုံတွေ့ရပေမည်။ သူသာ လူဘီလူးကြီး လက်ထဲ ရောက်သွားပါက သူ့အတွက် လွတ်လမ်း မရှိနိုင်တော့ပေ။

“မင်း…မင်း…မင်း ငါ့ကို သတ်လို့မရဘူး။ ငါ့ကိုသတ်ရင် ကောင်းကင် မီးဂိုဏ်းက အလွတ်ပေးမှာ မဟုတ်ဘူး”

လူဘီလူးကြီးသည် ယခုတော့ အလွန်ကြောက်လန့် လာနေသည်။ ကောင်းကင် မီးဂိုဏ်းကို အသုံးချကာ ဖိအားပေး လိုက်သည်။

“ငါမင်းကို သတ်တာ ဘယ်သူသိလို့လဲ။ ပြီးတော့ ဂျီချင်ရွှယ်ကို မင်းစော်ကားရဲတာက ပြောပြနေတာ ရှိတယ်။ ဒီနေရာက စိတ်ချရလို့ မင်း အဲလို လုပ်ရဲတာပဲ။ ငါခန့်မှန်းတာ မှန်လား မသိဘူး”

ရဲချန်ဖန်သည် လွတ်မြောက်ရန် နည်းလမ်း အသည်းအသန် ရှာနေသော လူဘီလူးကြီးကို ကြည့်ပြီး ပြောင်လှောင် ပြောလိုက်သည်။

ထို့နောက် ရဲချန်ဖန်၏လက်က အံအားသင့်နေသော လူဘီလူးကြီး၏ ခေါင်းကို ပုတ်လိုက်သည်။ တစ်ချိန်တည်းတွင် လက်မှ အလွန်ပြင်းထန်သော စုပ်အား ထွက်ပေါ်လာပြီး လူဘီလူးကြီး၏ သားရဲကို စုပ်ယူ လိုက်တော့သည်။ ထို့နောက် လူဘီလူးကြီးကို ဇီဝိန်ချွေလိုက်သည်။

“ငါ့ဝိညာဉ် စွမ်းအင်က အလွန်ပြည့်လျှံနေပြီ”

ရဲချန်ဖန်သည် နှစ်တစ်ထောင် သွေးဂျင်ဆင်း ဘုရင်ကို စုပ်ယူထားသဖြင့် အဆင့်တက်ရန် လက်တစ်ကမ်းသာ လိုတော့ရာ လူဘီလူးကြီး၏ အဆင့်နှစ် သားရဲသခင် ဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်ပြီးနောက်တွင် သွေးဥ၌ အက်ရာထင်လာ လေတော့သည်။

သန့်စင်သော ဝိညာဉ် စွမ်းအင်က သူခန္ဓာကိုယ် တစ်ခုလုံး သာမကပဲ သူ၏ စိတ်ဝိညာဉ် အာရုံကိုပါ ပြောင်းလဲ သွားစေသည်။

သွေးဥတွင် အက်ရာ ပိုမိုထင်ရှားလာပြီး ရဲချန်ဖန်၏ ဝိညာဉ်စွမ်းအားသည် အရေအတွက် သာမကပဲ အရည်အသွေးပါ ပြောင်းလဲသွား​သည်။ သူ့ဝိညာဉ်သည် ပိုအစွမ်းထက်သော အပြာနုရောင် ဝိညာဉ် စွမ်းအင်အဖြစ် ပြောင်းသွားသည်။ သူသည် သဘာဝ အတိုင်းပင် စွမ်းအင်ပြည့်လျှံပြီး ပထမအဆင့် သားရဲသခင် အဆင့်သို့ တက်ရောက်သွားသည်။
အခန်း( ၅၀ ) ပြီး၏။ ( ၅၁ ) မျှော်

***

Comment

Leave a Reply

Options

not work with dark mode
Reset