အခန်း (၄၈)
ဂျီချင်ရွှယ်၏ ဒုက္ခ
ခရမ်းရောင် တောင်တန်းသည် ဇီကျင်နိုင်ငံ၏ အကြီးမားဆုံးသော တောင်တန်းကြီး ဖြစ်သည်။ တောင်တန်းကြီးသည် မိုင်ထောင်ပေါင်း များစွာ ရှည်လျားပြီး ဇီကျင်နိုင်ငံ၏ ငါးပုံတစ်ပုံလောက်ကို ဖုံးလွှမ်းထားသည်။
ခရမ်းရောင် တောင်တန်းကြီးထဲတွင် အလွန်များပြားသော သားရဲကြီးများ ရှိနေကာ တောင်တန်း ကြီး၏ အနက်ရှိုင်းဆုံး နေရာတွင် ဝိညာဉ်အဆင့် သားရဲကြီးများပင် ရှိနေသည်။ ဝိညာဉ်အဆင့် သားရဲကြီးများသည် လူသားတန်ခိုးရှင် မြေကမ္ဘာသားရဲ အဆင့်နှင့် အဆင့်တူ ဖြစ်သည်။
ထို့အပြင် ခရမ်းရောင် တောင်တန်းကြီးထဲတွင် ကောင်ကင်မီးဂိုဏ်းက ပိတ်ဆို့ထားသော အစွမ်း ထက်လှသော မှော်အစီအရင်ကြီး တစ်ခုလည်း ရှိနေသည်။ သာမန် လူသားများသာ ခရမ်းရောင် တောင်တန်းကြီးထဲ ဝင်ရောက်သွားပါက အလွယ်တကူ လမ်းပျောက် သွားနိုင်သည်။ ထို့ကြောင့် ခရမ်းရောင် တောင်တန်းကြီးသည် တဖြည်းဖြည်းနှင့် ကန့်သတ် တားမြစ်နယ်မြေသဖွယ် ဖြစ်လာသည်။ လူတချို့သာလျှင် တောနက်ထဲသို့ ဝင်ရဲလေသည်။
ငှက်ကင်းမီးကောက်ကြီးသည် နှစ်နာရီ နီးပါး ပျံသန်းပြီးနောက် အလင်းတန်းဖြင့် ဖုံးလွှမ်း ကာရံထားသည့် (အလင်းတန်းအကာအရံ)ကန့်သတ် နယ်မြေဆီသို့ ရောက်ရှိလာသည်။
“မှော်အစီအရင်ပဲ”
အလင်းတန်းဖြင့် ဖုံးလွှမ်း ကာရံထားသည့် (အလင်းတန်း အကာအရံ)ကို ကြည့်ပြီး ရဲချန်ဖန် တစ်ခါတည်း သိလိုက်သည်။ အလင်းတန်း အကာအရံတွင် ပိတ်ဆို့မှု အကြီးဆယ့်သုံးခုနှင့် ပိတ်ဆို့မှု အသေး အစီအရင် များစွာနှင့် ပေါင်းစပ် ရေးဆွဲထားရာ မှော်အစီအရင်၏ အဓိက စွမ်းရည်မှာ အဝင်အထွက်ကို ပိတ်ဆို့မှုပင် ဖြစ်သည်။
“ကဲ၊ ဒီနေရာကနေ မင်းတို့ စမ်းသပ်မှုကို စတင်မယ်။ မင်းတို့ ညနေမတိုင်မီ ဒီတောင်တန်းကြီးကို ကျော်ဖြတ်နိုင်ရင် မင်းတို့ စမ်းသပ်မှုက အောင်မြင်တယ်။ အဲဒါဆိုရင် မင်းတို့ ကောင်းကင်မီးဂိုဏ်း ဝင်ခွင့် ရရှိပြီ”
အကြီးအကဲလျှူက ငှက်ကင်းမီးကောက်ကြီးပေါ်မှ ခုန်ဆင်းပြီး ရှန်းဂွန်းပန်နှင့် တခြား ပြိုင်ပွဲဝင်ရန် စိတ်အား ထက်သန်နေသော ပြိုင်ပွဲဝင်များကို ကြည့်ကာ ပြောလိုက်လေသည်။
“မင်းတို့ ပြိုင်ပွဲဝင်နေစဉ်မှာ သားရဲကြီးတွေနဲ့ အရင်ကျောင်းသားဟောင်းတွေက မင်းတို့ကို တားဆီးလိမ့်မယ်။ အဲဒါကို မင်းတို့ကို ကျော်ဖြတ်ပြီး ကောင်းကင်ဂိုဏ်း ဝင်ခွင့် ရမရဆိုတာ မင်းတို့ရဲ့ အရည်အချင်းပဲ”
အကြီးအကဲလျှူက ပြိုင်ပွဲ စည်းမျဉ်းများကို အသေးစိတ် ပြောပြနေသည်။
“ကျောင်းသားဟောင်းတွေက တားဆီးမယ် ဟုတ်လား”
“ရဲချန်ဖန်၊ မင်း ငါ့ကို စောင့်နေ။ မင်းခဏပဲစောင့်။ မင်းရဲ့ ရန်ကြွေးဟောင်းတွေနဲ့ ရန်ကြွေးသစ် အတူတူ ပေါင်းပြီး မင်းကို သတ်မှာ”
ရှန်းတုရဲက အလွန်ဒေါသ ထွက်နေသည်။
“ရဲချန်ဖန်၊ မင်း ငါနဲ့ ဘယ်သူက ခရမ်းရောင် တောင်တန်းကို ဖြတ်ကျော်မလဲဆိုတာ လောင်းဖို့ စိတ်ဝင်စားလား”
ရှန်းဂွန်းပန်က ရဲချန်ဖန်ဆီ လျှောက်သွား လိုက်ပြီး ရဲချန်ဖန် ပခုံးကို ပုတ်လိုက်ကာ အဓိပ္ပာယ်ပါပါ ရန်စပြီး မေးလိုက်လေသည်။
“မင်းက ဘာလောင်းချင်တာလဲ”
ရဲချန်ဖန်၏ ဝိညာဉ် စွမ်းအားသည် နတ်ဦးနှောက်နှင့် ပေါင်းစည်း ထားပြီးဖြစ်ရာ မယုံနိုင်စရာ အခြေအနေကို ရောက်နေပြီဖြစ်ပြီး ရှန်းဂွန်းရှန်၏ အသေးအဖွဲ အပြုအမူက အစ သူ့ မျက်စိအောက်က မလွတ်ပေ။ ရှန်းဂွန်းရှန်က သူ့ပခုံးကို ပုတ်လိုက်ချိန်တွင် တည်နေရာကို ရှာဖွေလို့ရသည့် ဝိညာဉ် အမှတ်အသားမျိုးကို သူ့ပေါ် ချန်ထားခဲ့ကြောင်း တွေ့လိုက်ရသည်။ ထိုကြောင့် မာရေကျောရေနှင့် ပြန်ပြောလိုက်သည်။
“ရှုံးတဲ့လူက ရတဲ့ဆုကို နိုင်တဲ့လူကို ပေးရမယ်”
“ရတယ်။ ငါ ကတိပေးတယ်။ အကြီးအကဲလျှူက ကျွန်တော်တို့ကို သက်သေ လုပ်ပေးနိုင်မလား မသိဘူး”
ရဲချန်ဖန်က အကြီးအကဲလျှူကို မေးလိုက်သည်။
“ရတယ်။ မင်းတို့ လောင်းချင်တယ်ဆို ဒီအဘိုးကြီးက ဒိုင်လုပ်ပေးမယ်”
“ရဲချန်ဖန်၊ မင်း တကယ်ပဲ ငါနဲ့ လောင်းမလို့လား။ မင်း တကယ် နုံတာပဲ”
ရှန်းဂွန်းပန်က ကောက်ကျစ်စွာ ပြုံးနေလေသည်။
သူ မသိသည်မှာ ရဲချန်ဖန်က သူ့လှည့်ကွက် အားလုံးကို သိနေပြီး ဖြစ်သည်။
“ဟုတ်ပြီ။ စမ်းသပ်မှု အခုစတင်ပြီ။ မင်းတို့ ခရမ်းရောင် တောင်တန်းကို စတင် ဖြတ်ကျော်နိုင်ပြီ” အကြီးအကဲလျှူက ကြေညာလိုက်သည်။
အကြီးအကဲလျှူ စကားဆုံးသည်နှင့် ပြေးလွှားသံများ ထွက်ပေါ် လာလေသည်။ ပြိုင်ပွဲဝင်များသည် လေးညို့မှ လွှတ်သော မြားကဲ့သို့ တစ်ရှိန်ထိုး တောအုပ်ထဲ ဝင်ရောက် သွားကြလေသည်။
ရဲချန်ဖန် ကိုယ်ပေါ်တွင် ဝိညာဉ် အမှတ်အသားကို မှတ်ထား လိုက်သောကြောင့် ရှန်းဂွန်းပန်က ရဲချန်ဖန် ခြေရာပျောက်သွားမည်ကို စိုးရိမ်ခြင်း မရှိပါ။ သူတို့က ရဲချန်ဖန် နောက်သို့ မလိုက်ပဲ ရဲချန်ဖန်ကို ခရမ်းရောင် တောင်တန်း၏ အတွင်းဆုံး နေရာမှ စောင့်ဆိုင်းနေမည် ဖြစ်သည်။ ထိုအချိန်တွင် အကြီးအကဲလျှူက သူတို့ကို ခြေရာခံနိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။ အကြီးအကဲလျှူသာ သိရှိ သွားပါက ပြဿနာ အကြီးအကျယ် တက်သွား ပေလိမ့်မည်။
“ဒီခရမ်းရောင် တောင်တန်းက တကယ်ကို လောကနိဗ္ဗာန်ဘုံပဲ” ရဲချန်ဖန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ကြည်လင်သော အသံဖြင့်ပြောလိုက်သည်။
သားရဲများက နေရာအနှံ့ ပြေးလွှားနေပြီး ဆေးဖက်ဝင် သစ်ပင်များကလည်း နေရာအနှံ့ ပေါက်ရောက်နေသည်။ ခရမ်းရောင် တောင်တန်းကို တက်နေရင်း သူရှေ့တွင် အလွန်သာယာလှပသော ရှုခင်းကြီးကို မြင်တွေ့နေရသည်။
တောင်တန်းများ ထိပ်တွင် တိမ်တိုက်တို့က ဖုံးလွှမ်းနေပြီး စမ်းရေတို့ကလည်း စိမ်းစိုစွာ စီးဆင်း နေကြသည်။ တိမ်တိုက်များသည် ဟိုဟိုသည်သည် လွင့်မြောနေပြီး လောကနိဗ္ဗာန်ဘုံ အလားပင်။
ရဲချန်ဖန် စိမ်းလန်းသော တောင်ကြီးများစွာ၊ မြစ်ချောင်းများစွာ ဖြတ်ပြီးနောက် သူ၏ အရှေ့တွင် လှုပ်ရှားသွားသော ဝိညာဉ်စွမ်းအင် အမျှင်လေးကို အစွမ်းထက်သော စိတ်အာရုံတွင် အာရုံခံလိုက် မိလေသည်။
ထိုစဉ် သူ့နား တစ်စုံတစ်ခုက ချဉ်းကပ်လာသည်ကို ခန့်မှန်းလိုက်မိကာ သူ အမြန်ဆုံး ရွေ့လျားလိုက်ပြီး အစိမ်းရောင် ချုံပုတ်တစ်ခုထဲ ခုန်ဝင်လိုက်လေသည်။ ထို့နောက် သူ့ အော်ရာများကို အတတ်နိုင်ဆုံး ဖုံးကွယ် လိုက်လေသည်။
ဆယ်စက္ကန့်လောက် အတွင်း အလင်းတန်း နှစ်ခု ပေါ်လာပြီး လူငယ်လေး နှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့သည် အဝတ်အစားကောင်းများ ဝတ်ဆင်ထားပြီး ဓါးများကို ကိုင်ဆောင် ထားကာ မျက်လုံးများမှ စူးရှသော အရောင် ထွက်ပေါ်နေသည်။ သူတို့သည် ရဲချန်ဖန် ရပ်နေသော နေရာ အနီးတစ်ဝိုက်ကို ရှာဖွေ နေလေသည်။
သူတို့ အော်ရာများအရ ဆိုလျှင် သူတို့သည် ဒုတိယအဆင့် သားရဲသခင် အဆင့်များဖြစ်ပြီး အစွမ်းမှာ ရှန်းဂွန်းပန်နှင့် နှိုင်းယှဉ်လို့ ရလေသည်။
တစ်ယောက်ချင်း ဆိုပါက သူတို့ကို ရဲချန်ဖန် အနိုင်ယူရန် ယုံကြည်ချက် ရှိသည်။ နှစ်ယောက် တစ်ယောက်ဆိုလျှင် ရဲချန်ဖန် မစွန့်စားချင်ပေ။ ထို့ကြောင့် သူ မတိုက်ဘဲ ပုန်းလိုက်ခြင်း ဖြစ်သည်။
“တကယ် ထူးဆန်းတာပဲ။ ခုနက ဒီနားမှာ လူရှိနေတာ သေချာတယ်။ ခုဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ”
သူတို့ထဲမှာ အရပ်ရှည်ရှည်နှင့် လူ၏ ဝိညာဉ်အဆင့်သည် သာမန်လူတို့ထက် မြင့်သောကြောင့် ရဲချန်ဖန် ရှိနေသည်ကို သူ သတိပြုမိသော်လည်း သူ ရောက်လာပြီးနောက် ရှာမတွေ့သဖြင့် စိတ်ရှုပ်ထွေး သွားသည်။
“လျန် မင်းမှားတာတော့ မဟုတ်ဘူးနော်”
သူ့အဖော်က မေးလိုက်သည်။
“မမှားဘူး။ မမှားဘူး”
လျန်ရီက မျက်လုံးမှိတ်ပြီး ပတ်ဝန်းကျင်ကို အာရုံ ခံလိုက်သည်။ သို့သော် မည်သည့် ထူးခြားမှုကိုမှ မတွေ့ချေ။ ထို့ကြောင့် သူ ခေါင်းခါပြီး ရေရွတ်လိုက်မိသည်။
“အင်း၊ ငါမှားသွားတာနဲ့ တူတယ်”
ထို့နောက် သူတို့ ရပ်မနေဘဲ တောင်ပေါ် ဆက်တက်လိုက်ပြီး တခြားပြိုင်ပွဲဝင်များကို လိုက်ရှာ နေသည်။
“ကောင်းကင် မီးဂိုဏ်းဝင်တွေက တော်တော် အစွမ်းထက်တာပဲ”
ရဲချန်ဖန်သည် သူတို့ တော်တော်ဝေးဝေး ရောက်သည့်တိုင် ဆက်ပုန်းနေလိုက်သည်။ ထို့နောက် ကောင်းကင်မီးဂိုဏ်း ရှိရာသို့ ဆက်ထွက်ခွာလာသည်။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာပြီး ပန်းတိုင်နှင့် နီးလာလေ သားရဲများနှင့် ပို၍ ကြုံလာရလေဖြစ်သည်။ ရဲချန်ဖန်၏ အစွမ်းသည် အရင်လို မဟုတ်ရာ အလွန်ကြောက်စရာ ကောင်းသော သားရဲများနှင့်သာ မဆုံလျှင် သူ ကြောက်စရာ မလိုပေ။
“ယား”
ရဲချန်ဖန်၏ အားပါသော လက်သီးက အဆိပ်ဝံပုလွေ ခေါင်းကို ကွဲကြေသွားစေသည်။ ခန္ဓာကိုယ်ကြီးသည် ရှေ့ဟောင်း သစ်ပင်ကြီးနှင့် ရိုက်ခတ်ကာ သေဆုံး သွားလေသည်။
“ကောင်းကင်မီးဂိုဏ်းက ဘယ်လောက်ဝေးသေးလဲ မသိဘူး”
အဆိပ်ဝံပုလွေကြီးကို သတ်ပြီးနောက် ဆယ်မီတာ မြင့်သော ထင်းရှုးပင်ကြီးပေါ် တက်၍ ပတ်ဝန်းကျင် အနေအထားကို လေ့လာ လိုက်လေသည်။
သူ ပတ်ဝန်းကျင်ကို လေ့လာနေစဉ် တိတ်ဆိတ်နေသော တောအုပ်ကြီးထဲတွင် ကြောက်လန့် တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။
“အဲဒါ သူမလား”
ရင်းနှီးသော အသံကို ကြားလိုက်ပြီး ရဲချန်ဖန် မျက်လုံးများ ပြူးသွားသည်။ နောက်ဆုံးတွင် သူ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဂျီချင်ရွှယ်က ဘာအန္တရာယ်များ ကြုံနေသနည်း။
အခန်း (၄၈) ပြီး၏။ (၄၉) မျှော်
******