Switch Mode

Chapter – 336

လျော့တွက်၍ မရသော သူ

Chapter – 336
“လျော့တွက်၍ မရသော သူ”

“လက်ဖက်ရည်ကြမ်းလေး သောက်လိုက်ပါဦး . . .”
ဇုဝူကျီ ရေနွေးကြမ်းပူပူတစ်ခွက် ထည့်လိုက်ပြီး ရဲရှောင်ဘေးတွင် ချပေးလိုက်သည်။ ထို့နောက် ရဲရှောင်ဘေးနား ဝင်ထိုင်လေ၏။
“မင်းလာတယ် ဆိုကတည်းက အရေးကြီးကိစ္စ တစ်ခုခု ရှိလို့ မှတ်တယ် . . .”
ရဲရှောင်လည်း သူ့အရှေ့ရှိ ယုံကြည်မှု အပြည့်ရှိကာ တည်တည်ငြိမ်ငြိမ် ဖြစ်နေသည့် ဇုဝူကျီအား ကြည့်ရင်း တုန်လှုပ်သွားမိ၏။
ဇုဝူကျီသည် အဘိုးဖြစ်သူ၏ ကျောက်စိမ်းတောင်ဝှေးအား ခိုးယူခဲ့ဖူး၏။ ထိုလုပ်ရပ်အတွက် နောင်တရကာ အလွန်လည်း ရှက်ရွံ့မိခဲ့၏။
ထိုစဉ်အခါက နေ့ရက်များသည် ဇုဝူကျီအဖို့ အိပ်မက်ဆိုးများ ကဲ့သို့ပါပင်။ ယခုအခါတွင်မူ ယုံကြည်မှုအပြည့်ရှိသည့် တည်ကြည်သော လူတစ်ဦး ဖြစ်နေချေပြီ။
နှစ်ဝက်မျှ ကာလအတွင်း အပြောင်းလဲကြီး ပြောင်းလဲခဲ့ခြင်း ဖြစ်ပေသည်။
ဇုဝူကျီ၏ ပုံစံကိုကြည့်ရင်း မုန်တိုင်းအိမ်တော်၏ သခင်ကြီးဘိုင် ပုံစံနှင့်ပင် တူနေသလို ရဲရှောင် ခံစားနေရသည်။ ဒုတိယူသခင်ကြီးဘိုင်အား တွေ့နေရသလိုပါပင်။
“ဇုဝူကျီ . . . မင်းက တော်တော်ကြီး ပြောင်းလဲနေပြီပဲ။ ငါတောင် အံ့သြမိတယ် . . .”
ရဲရှောင်သည် ထိုသို့ပြောရင်း သက်ပြင်းချလိုက်သည်။
“ငါက မပြောင်းလဲပါဘူး . . .”
ဇုဝူကျီ တည်ငြိမ်စွာ ပြောလိုက်၏။
“ငါက အရင်လိုပါပဲ၊ အရင်က စိတ်ဝင်စားခဲ့ဖူးတာတွေ အခုလည်း စိတ်ဝင်စားတာပဲ။ ဒါပေမဲ့ အရင်က အလွန်အကျွံ လုပ်မိခဲ့တာပဲ ရှိတာ . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ပြီး –
“အင်း . . . မင်းက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက်လိုပဲ။ လူရှုပ်လူပွေ သခင်လေး ၃ ယောက်ထဲက တစ်ယောက်လို့ အမည်တွင်ခဲ့တယ် ဆိုတာလည်း မင်းလုပ်ခဲ့တဲ့ အရာတွေကြောင့်ပေါ့။ ဒါပေမဲ့ ဒီလို လုပ်ခဲ့တယ်ဆိုတာ လူတွေက မင်းကို အဲဒီလိုထင်အောင် တမင်လုပ်ခဲ့သလိုပဲ . . .”
ဇုဝူကျီသည် တည်ငြိမ်စွာ ရှိနေသည့်တိုင် အံ့သြသွားဟန်ပါပင်။
“ရှောင်ရှောင် . . . မင်းငါ့အိမ်က ယူသွားတဲ့ ကျောက်တုံးလေးက သုံးလို့ ကောင်းတယ် မဟုတ်လား”
ရဲရှောင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း –
“ခွေးကောင် . . . မင်းက အားလုံးကို သိနေတာပါလား။ လူတိုင်းကို အရူးလုပ်ခဲ့တာပဲ . . .”
ဇုဝူကျီမှ –
“အဲဒီပစ္စည်းလေးကို ရဖို့အတွက် ငါ့အဘိုး တော်တော် ကြိုးစားခဲ့ရတာကွ။ အဲဒါလေး ရပြီးကတည်းက နေရာမျိုးစုံမှာ ထားကြည့်တယ်။ ဒါပေမဲ့ သင့်တော်တဲ့ နေရာကို ရှာမတွေ့ခဲ့ဘူး။ အဲဒါနဲ့ သူက သိမ်းပဲသိမ်းထားခဲ့တယ်လေ။ ငါ့အဘိုးကတော့ အဲဒီပစ္စည်းလေးရှေ့မှာ အမြဲလိုလို တစ်ခုခု တွေးတောနေတတ်တယ်။ ထူးဆန်းတာပြောရရင် ဒီပစ္စည်းငါတို့ဆီ ရောက်လာပြီးကတည်းက လေးငါးရက်တစ်ခါလောက် တစ်ယောက်မဟုတ်တစ်ယောက် သေတော့တာပဲ . . .”
“ဒီပစ္စည်းလေးက အသုံးဝင်ကောင်း ဝင်နိုင်တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အသုံးဝင်ဝင် ငါတို့မှ မသုံးတတ်တာ။ ဒီပစ္စည်း ရောက်လာကတည်းက အိမ်တော်မှာ ဂြိုလ်ဆိုး ဝင်သလိုပဲ။ မြွေပွေးခါးပိုက်ပိုက် ထားသလိုကို ဖြစ်နေတော့တာ။ ငါကတော့ လွှင့်ပစ်ချင်လောက်အောင်ကို စိတ်အနှောင့်အယှက် ဖြစ်ခဲ့မိတယ်။ အဲဒီပစ္စည်းမရှိမှ ငါ့အိမ်တော်လည်း ငြိမ်းချမ်းလိမ့်မယ်လို့ ငါတွေးခဲ့မိတယ်လေ . . .”
ဇုဝူကျီ ပြုံးလိုက်ပြန်ရင်း ဆက်လက်၍ –
“မင်းက ဒီပစ္စည်းလေးကို သဘောကျတယ် ဆိုတော့ ငါ့အတွက် ကွက်တိလို ဖြစ်သွားတာပေါ့။ တကယ်လို့ မင်းမလိုချင်ရင်တောင်မှ မင်းကိုငါ တစ်နည်းနည်းနဲ့ ပေးမိမှာ၊ တကယ်လည်း ဒီပစ္စည်းက မင်းအတွက် အသုံးတည့်ခဲ့သလို မင်းကိုပေးခဲ့မိတဲ့ ငါ့အတွက်လည်း အကျိုးရှိစေခဲ့တယ်။ ဘယ်လောက် ကောင်းလိုက်သလဲကွာ . . .”
ရဲရှောင် အံ့သြသွားဟန်ဖြင့် –
“ဒီကျောက်တုံးလေးက ကြမ္မာဆိုးတွေကို သယ်ဆောင်လာတယ်တဲ့လား၊ ကြည့်ရသလောက် ဒီကျောက်တုံးရဲ ဝိညာဉ်က လူရွေးတယ် ထင်တယ်။ ဇုဝူကျီ မင်းက ငါ့အပေါ် တော်တော်ကို ရက်ရောခဲ့တာပေါ့လေ ဟားဟား . . .”
ဇုဝူကျီ ပြုံးလိုက်ရင်း –
“ပညာရှိတို့ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်တယ် ဆိုသလိုပေါ့ကွာ ဒီပစ္စည်းလေး မရှိတော့ ကတည်းက ဘယ်သူမှ မသေတော့ဘူးကွ . . .”
ရဲရှောင်မှ –
“ငါသဘောပေါက်ပါတယ် . . .”
(ဒီပစ္စည်းကို လွယ်လွယ်ရခဲ့တာ မယုံနိုင်စရာ ကောင်းလှချည်လားလို့ ထင်ခဲ့မိတာ တကယ်တော့ ဒီလိုကိုး . . .
ငါကလည်း လိုချင်နေတာနဲ့ ဇုဝူကျီက ပေးချင်နေတာနဲ့ ကွက်တိကို ဖြစ်သွားတာ။ အဲဒါကြောင့်ပဲ လွယ်လွယ် ရခဲ့တာပေါ့။
ဒီလိုမှ မဟုတ်ရင် အမတ်ကြီးဇုအိမ်တော်က ဘယ်လိုပစ္စည်းကိုများ အလွယ်တကူ ရနိုင်မှာမို့လို့လဲ၊ သေစမ်းကွာ . . . လောကမှာ အရူးတွေ အများကြီး ရှိတယ်။ လူတစ်ယောက်ကို အရူးပဲလို့ ငါတွေးမိတဲ့ အချိန်မှာ အရူးသွပ်ဆုံးလူက ငါကိုယ်တိုင် ဖြစ်နေတာပါလား . . .)
ရဲရှောင် ရယ်လည်းရယ်ချင်နေမိသလို စိတ်အနှောင့်အယှက်လည်း ဖြစ်နေမိ၏။
လူများအား လက်တစ်လုံးခြား လှည့်စားရခြင်းမှာ စိတ်ကျေနပ်စရာ ကောင်းလှသည့်တိုင် ကိုယ်တိုင် လက်တစ်လုံးခြား လှည့်စားခံရသည်မှာတော့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းလှ သည်။
သူသည် လူတွေကို ထိုကဲ့သို့ လက်တစ်လုံးခြား လှည့်စားနိုင်ခဲ့သည်ဟု ထင်မြင်မိခဲ့၏။ တကယ်တမ်းတွင် သူသည်သာ တခြားလူ၏ လှည့်စားခြင်းကို ခံနေရခြင်း ဖြစ်ပေသည်။
ပို၍ စိတ်ကသိကအောက် ဖြစ်ရသည်မှာ ထိုကဲ့သို့ အလှည့်စား ခံနေရကြောင်း တစ်ဖက်မှ ဖွင့်ပြောလာခြင်းမျိုးပင် ဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ခံခဲ့ရသည်ဟု သိလိုက်ရခြင်းလောက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စမျိုး မရှိလောက်ချေ။
ထို့ကြောင့်ပင် ရဲရှောင်သည် ရယ်ချင်သလို စိတ်အနှောင့်အယှက်လည်း ဖြစ်နေမိခြင်း ဖြစ်၏။
ဇုဝူကျီ ပြုံးလိုက်ရင်း –
“သိပ်လည်း ဝမ်းနည်းမနေပါနဲ့ကွာ၊ မင်းက အကျိုးအမြတ်တွေ ရခဲ့တာပဲ မဟုတ်လား။ ဒီပစ္စည်းလေးကို မင်းကောင်းကောင်း အသုံးချနိုင်ခဲ့ပုံပဲ။ ငါခန့်မှန်း ကြည့်ရသလောက်တော့ ဒီအတောအတွင်း မင်းတိုးတက်မှုတွေ ဖြစ်လာတယ်ဆိုတာ ဒီပစ္စည်းနဲ့ ဆက်စပ်နေမယ် ထင်တယ် . . .”
ရဲရှောင် ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
မှော်ကျောက်ဖရုံသည် ဖန်တီးနိုင်သော စွမ်းအင်များ ရှိ၏။ အသက်ချီဓာတ်များ ထုတ်လွှတ်ပေး နိုင်ပြီး သူ၏ ကိုယ်ပိုင် ချီဓာတ်များအဖြစ် ပြောင်းလဲစေနိုင်၏။ စကြဝဠာအတွင်းရှိ မည်သည့် အရာကိုမဆို အဆင့်မြင့်တင်ပေးနိုင်စွမ်းလည်း ရှိသည်။ ကိုယ်ဝိုင်ဝိညာဉ်လို ရှိနေသဖြင့် ချီဓာတ်များကို အဆက်မပြတ် ထုတ်လွှတ်ပေးနိုင်လေသည်။ အသက်ချီဓာတ်များကို ထုတ်လွှတ်ပေးတိုင်း ကောင်းကင်နှင့် မြေကြီးရှိ ဝိညာဉ်တော် စွမ်းအင်များကို စုပ်ယူသေး၏။
ထိုပစ္စည်းကောင်းလေး၏ အကြောင်းကို သေချာသိသူ ဆိုပါက ထိုပစ္စည်းအား ဝိညာဉ်တော်စွမ်းအင် သိပ်သည်းသည့် နေရာသို့ ယူဆောင်သွားပေလိမ့်မည်။ ထိုအခါ အသက်ချီဓာတ်များ ပို၍များများ ရရှိနိုင်မည် မဟုတ်ပါလား။ ကျင့်ကြံမှုအတွက် အလွန်အမင်း အထောက်အကူ ပြုစေလိမ့်မည် ဖြစ်သည်။
အမတ်ကြီးဇုသည် ဗဟုသုတ ကြွယ်ဝသူ တစ်ဦးဖြစ်သည့်တိုင် ထိုမှော်ကျောက်ဖရုံ၏ အကြောင်းကို မသိရှိချေ။ ကျင့်ကြံသူတစ်ဦးအတွက် မည်မျှထိ အရေးပါမည်ကိုလည်း မသိပေ။ တကယ်တမ်းတွင် သူတော်စင်အဆင့် ပညာရှင်ကြီးများပင် လိုချင်ကြသည့် ပစ္စည်းပင် ဖြစ်၏။ သို့သော် သာမန်လူများအဖို့ အလှပြရုံလောက်သာ အသုံးဝင်လေသည်။
အရွယ်အစားသေးငယ်သည့် မှော်ကျောက်ဖရုံသာ ဆိုပါက ဝိညာဉ်တော် စွမ်းအင်များအား စိတ်ရှိသလောက် စုပ်ယူနိုင်လောက်အောင် အစွမ်းထက်မည် မဟုတ်ပေ။ အသက်ချီဓာတ်များ အတော်ကြာ ထုတ်လွှတ်ပေးပြီးနောက် ကွယ်ပျောက်သွားမည်သာ ဖြစ်၏။
အမတ်ကြီးဇု၏ မှော်ကျောက်ဖရုံမှာမူ အတော်အတန်ကြီးသည့်အထဲတွင် ပါဝင်လေသည်။ အသက်ချီဓာတ်များစွာ ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ပြီး ထိုကဲ့သို့ ထုတ်လွှတ်ပေးရန်မှာလည်း ဝိညာဉ်တော် စွမ်းအင်များစွာ စုပ်ယူရန် လိုအပ်လှပေသည်။ အမတ်ကြီးဇု၏ အိမ်တော်တွင် ဝိညာဉ်တော်စွမ်းအင် သိပ်သည်းခြင်း မရှိချေ။ တကယ်တော့ လူများ၏ အသက်ဓာတ်သည် ဝိညာဉ်တော် စွမ်းအင်ပင် ဖြစ်၏။ ထို့ကြောင့်ပင် ထိုအသက်ဓာတ်များ စုပ်ယူခံရသဖြင့် လူများ သေခဲ့ကြရခြင်း ဖြစ်ပေသည်။
မည်သို့ပင် ဖြစ်ပါစေ ထိုပစ္စည်းလေးသည် ရဲရှောင်အား အတော် အကျိုးပြုပေးခဲ့၏။
“အဲဒီပစ္စည်းလေးက . . .”
ရဲရှောင်ပြုံးရင်း ပြောလိုက်၏။ ထို့နောက် ခဏနားလိုက်ရင်း အကျိုးသင့်အကြောင်းသင့် ပြောနိုင်ရန် စကားလုံးရှာနေမိ၏။
“ဒီကိစ္စကို ငါ့ကို ပြောပြစရာ မလိုပါဘူး . . .”
ဇုဝူကျီ ပြောလိုက်သည်။
“ဒီပစ္စည်းလေးက အခု မင်းအပိုင် ဖြစ်နေပြီလေ။ ငါနဲ့ ဘာမှ မဆိုင်တော့ဘူး။ နောက်ပြီး ဒီပစ္စည်း မင်းကို ပေးခဲ့လို့ ငါလိုချင်တာကိုလည်း ပြန်ရခဲ့ပြီးပြီ။ ဒါနဲ့တင် ငါ့အတွက် လုံလောက်နေပါပြီ . . .”
ထို့နောက် ရဲရှောင်အား တစ်ချက် လှမ်းကြည့်ပြန်ရင်း –
“အမှန်တိုင်း ပြောရရင် ဒီပစ္စည်းက မင်းကို ဘာမှ ဘေးမဖြစ်စေတာကိုပဲ ငါတော်တော် ပျော်မိပါတယ် . . .”
(ခွေးကောင် . . . မင်းက အကြံအစည်တွေနဲ့ ပြည့်နေတဲ့ကောင်ပဲ။ ဒီလို အကြံအစည်တွေနဲ့ ပြည့်နေတာ မှန်ပေမဲ့ ကံကောင်းတဲ့ အချက်တစ်ချက် ရှိတယ်။ အဲဒီအချက်ကတော့ မင်းနဲ့ငါက သူငယ်ချင်း အရင်းတွေ ဖြစ်နေတာပဲ . . .)
ရဲရှောင် မျက်စောင်းထိုးရင်း တွေးလိုက်မိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset