Switch Mode

Chapter – 335

“ဇုဝူကျီနှင့်တွေ့ဆုံခြင်း”

Chapter – 335
“ဇုဝူကျီနှင့်တွေ့ဆုံခြင်း”

ချန်နိုင်ငံတော်တွင် စစ်မီးများ တဟုန်းဟုန်း တောက်လောင်လျက် ရှိသည်။ လာမည့်နှစ်များအတွင်း ပြည်သူများသည် အခွန်ထမ်းနိုင်ကြတော့မည် မဟုတ်ချေ။ အထောက်အပံများပင် တောင်းခံလာကြ ပေလိမ့်မည်။
အရာအားလုံးအတွက် ငွေစများစွာ လိုအပ်နေ၏။ ချန်နိုင်ငံတော်သည် ငွေစများစွာ လိုအပ်နေပြီ ဖြစ်သည်။
ထိုငွေစများ မည်သည့်နေရာက ရလာမည်နည်း။
ကောင်းကင်ပေါ်မှ ကျလာနိုင်မည်လော . . .
ထိုကဲ့သို့ ဘယ်တော့မျှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
မော်တယ်ကမ္ဘာ၌ ဆိုင်ခွဲများစွာရှိသော လင်းပါအိုသည် ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံနှင့်မျှ ပူးပေါင်း ဆက်ဆံခဲ့ခြင်း မရှိဘဲ ရုတ်တရက် ဆိုသလို ချန်နိုင်ငံတော်ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့၏။ လေလံပွဲမှ ရရှိငွေ၏ တဝက်ကျော်အား နိုင်ငံ့ဘဏ္ဍာအဖြစ် ပေးမည်ဟု ကြေညာခဲ့ကြ၏။
လင်းပါအို၏ အင်အားနှင့် ပတ်သက်၍ မည်သူမျှ အတပ်မသိကြသည့်တိုင် လင်းပါအိုသည် မော်တယ်ကမ္ဘာတွင် ငွေကြေးစီးဆင်းမှု အများဆုံး နေရာတစ်ခုဖြစ်ကြောင်း လူတိုင်း သိကြ၏။
သာမန်လေလံပွဲတစ်ခု၏ တဝက်ဆိုလျှင်ပင် အတော်များသော ပမာဏ ဖြစ်ပေလိမ့်မည်။ ယခုအခါတွင်မူ ထူးခြားအစွမ်းထက်သော ဆေးလုံးများစွာ ရောင်းချသည့် လေလံပွဲ ဖြစ်နေလေသည်။
မျှော်လင့်ထားသည့် အတိုင်းပင် လင်းပါအိုသည် အလွန်များပြားသော ငွေစများကို ရရှိခဲ့ကြ၏။
ချန်နိုင်ငံတော်အား လှူဒါန်းသည့် ပမာဏမှာ ၇၀ ဘီလီယံကျော် ဖြစ်လေသည်။
မယုံကြည်နိုင်လောက်အောင် များပြားသော ပမာဏပင် ဖြစ်၏။
မည်သည့်နိုင်ငံကမျှ ထိုမျှလောက်ထိ ငွေပမာဏကို စုဆောင်းမိကြလိမ့်မည် မဟုတ်ချေ။ နိုင်ငံများ စုပေါင်းလိုက်လျှင်ပင် ထိုပမာဏကို မီလောက်မည် မဟုတ်ပေ။
ထို့အပြင် အားလုံးမှာ ငွေသားချည်းပင် ဖြစ်၏။
ထိုသို့ များပြားလှသော ငွေများစွာကို ထူးခြားအစွမ်းထက် ဆေးလုံးများအား ရောင်းချခြင်းဖြင့် ရရှိခဲ့ကြ၏။
ထို့အပြင် မုန်တိုင်းအိမ်တော်၏ အကူအညီကိုလည်း ရရှိခဲ့သေးသည်။ ဒဏ္ဍာရီတွင် ရာဇဝင် တွင်လောက်သည့် လေလံပွဲကြီးပင် ဖြစ်လေသည်။
ချန်နိုင်ငံတော်အနေဖြင့် ထိုမျှလောက် များပြားသော ငွေပမာဏကို ငြင်းဆန်လိမ့်မည် မဟုတ်ချေ။
ထိုငွေစများကို လက်ခံလိုက်မည် ဆိုပါက အန္တရာယ်ဖြစ်မည်မှန်း သိလျှင်ပင် လက်ခံမည်သာ ဖြစ်၏။
ဂိုဏ်းကြီး ၂ ဂိုဏ်း၏ ဖိနှိပ်မှု၊ အင်အားစုများစွာ၏ မနာလိုမှုများ ကြားမှပင် ထိုမျှလောက်ထိ ငွေပမာဏများစွာ ရရှိခဲ့ကြသည်။
ချန်နိုင်ငံတော်နှင့် လင်းပါအိုတို့ ယခုလက်ရှိ အခြေအနေကဲ့သို့ ကျဉ်းထဲကျပ်ထဲ ရောက်လိမ့်မည်ဟု ကြိုသိနေကြမည် ဆိုလျှင်ပင် ဆက်လုပ်ကြမည်သာ ဖြစ်သည်။
နောင်ခါလာ နောင်ဈေးသာ ဖြစ်၏။ လက်ရှိသည်သာလျှင် အသေချာဆုံး ဖြစ်သည်။ နောက်တစ်ခေါက် ဆိုသည်မှာ မသေချာလှချေ။
ဒုက္ခရောက်မည်မှန်း သိသိကြီးနှင့် ဆက်တိုးနေခြင်းပင် ဖြစ်လင့်ကစား ချန်နိုင်ငံတော်အဖို့ ထိုသို့ လုပ်မှကို ဖြစ်ပေလိမ့်မည်။
ဇုဝူကျီ ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်ရင်း သက်ပြင်းချလိုက်၏။
(ဒီလိုတွေဖြစ်အောင် စီစဉ်နိုင်တဲ့ လူက တော်တော်ကို ဉာဏ်ပြေးတယ် ပြောရမယ်။ အရာရာကို အစီအစဉ်တကျ ဖြစ်အောင် စီမံနိုင်တယ်။ သေချာပေါက် အစွမ်းထက်တဲ့လူပဲ ဖြစ်ရမယ်။ ငါ့မှာဒီလို အခြေအနေကနေ ကယ်တင်နိုင်မဲ့ နည်းလမ်းရှိရင်တောင် အဲဒီလောက် အစွမ်းထက်တဲ့လူကို ဘယ်လို ရင်ဆိုင်ရမလဲ . . .)
ဇုဝူကျီ တွေးနေစဉ်မှာပင် အပြင်ဘက်မှ –
“သခင်လေးရဲ ရောက်လာပါတယ် . . .”
(ရဲရှောင်လား . . . သူဘာလာလုပ်တာပါလိမ့် . . .)
ဇုဝူကျီ မျက်လုံးများ အရောင်ဝင်းလက်သွားပြီး –
“စာဖတ်ခန်းထဲ မြန်မြန် လွှတ်လိုက် . . .”
ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် –
“ငါ့ရဲ့ စာဖတ်ခန်းနော် . . .”
ဇုဝူကျီသည် နောက်ပိုင်းတွင် သူ၏ မိသားစု၌ အနည်းငယ် နေရာရလာခဲ့၏။ အားကိုးရသော လူတစ်ယောက် ဖြစ်လာခဲ့ပြီး ယခုအခါ ကိုယ်ပိုင် စာဖတ်ခန်းပင် ထားရှိထားပြီ ဖြစ်၏။
ယခုအခေါက်သည် သူနှင့်ရဲရှောင် သူ၏ကိုယ်ပိုင် စာဖတ်ခန်းအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းပင် ဖြစ်ပေသည်။
ရဲရှောင် အခန်းထဲသို့ ဝင်လာသောအခါ လန့်သွားသလို ဖြစ်သွား၏။
“ဒါ . . . ဒါစာဖတ်ခန်းလား . . .”
ရဲရှောင် မျက်လုံးပြူးလျက် မေးလိုက်သည်။
အခန်းသည် ပေ ၁၀၀ ပတ်လည်လောက် ကျယ်ဝန်း၍ ပေ ၄၀ ခန့် အမြင့်ရှိလေ၏။
(စာဖတ်ခန်းထက် ကုန်လှောင်ရုံ တစ်ခုနဲ့တောင် တူနေသေးတယ် . . .)
အလွန်ကို ကျယ်ဝန်းလှပြီး အခန်းထဲ၌ စာအုပ်စင်များ အပြည့်ရှိနေလေသည်။ စာအုပ်စင်တိုင်းတွင် စာအုပ်များ အစီအရီ ရှိနေပြီး ရဲရှောင် အခန်းထဲ ရောက်သွားသည့်အခါ စာအုပ်ပင်လယ်အတွင်း ရောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
စာအုပ်များအားလုံးအား အမျိုးအစားများ ခွဲခြားထားကာ သပ်ရပ်စွာ စီထား၏။ စာအုပ်စင်အောက်ခြေတွင် စာရွက်များ ကပ်ထားပြီး ထိုစာရွက်များပေါ်၌ ဇုဝူကျီ ဖတ်ထားပြီးသော စာအုပ်များ စာရင်းကို ရေးမှတ်ထားခြင်း ဖြစ်လေသည်။
“အစကတော့ အိမ်ရဲ့ စတိုခန်းပေါ့။ နောက်တော့ ငါ့အဘိုးက ငါ့ကိုယ်ပိုင် စာဖတ်ခန်းအဖြစ် လုပ်ဖို့ ငါ့ကို ခွင့်ပေးလိုက်တာ . . .”
ဇုဝူကျီ ပြုံးလျက် ပြောလိုက်သည်။
“အခုဆို ဒီအခန်းတောင် ကျဉ်းသလို ဖြစ်နေပြီ။ ဘဝအတွက်က သင်ယူစရာတွေ မကုန်နိုင်ဘူး မဟုတ်လား။ တစ်နေ့တော့ ဒီအခန်းကို ထပ်ချဲ့ဦးမှပါလေ . . .”
(ဒီနေရာကိုများ ကျဉ်းတယ်တဲ့လား . . .)
ရဲရှောင် ဆွံ့အသွားမိသည်။ ခုံပေါ် ထိုင်လိုက်ရင်း အခန်းအား တစ်ချက် ဝေ့ကြည့်လိုက်ပြန်သည်။ အခန်းထဲတွင် စားပွဲ ၅ ခုနှင့် ကုလားထိုင် ၅ လုံးကို တွေ့ရ၏။
“ဇုဝူကျီ . . . မင်းရဲ့ စာဖတ်ခန်းက အမိုက်စားပဲ။ စာအုပ်စင်တွေရော စာအုပ်တွေရော အများကြီးပါလား။ တော်တော် ကောင်းတယ်။ ဒါပေမဲ့ ဘာလို့ စားပွဲတွေ ကုလားထိုင်တွေ အများကြီး ထားထားတာလဲ။ ခုံတွေ အကုန်လုံးမှာ မင်းက ထိုင်လို့လား။ တစ်နေ့ မင်းအမတ်ဖြစ်တဲ့ အခါကျ စာဖတ်ခန်းလုပ်ရင် တို့တစ်မြို့လုံးတောင် မင်းအတွက် နေရာလောက်ပါ့မလား . . .”
ဇုဝူကျီ ပြုံးလိုက်သည်။ ရဲရှောင်အား လက်ဖက်ရည်ကြမ်း ငှဲ့ပေးလိုက်ရင်း –
“စာဖတ်တဲ့အခါ သက်တောင့်သက်သာ ဖတ်ရမှ ပိုအရသာရှိတာကွ။ အခန်းကလည်း ကျယ်ရင် ပိုကောင်းတာပေါ့ကွာ။ ငါ့အကျင့်လို့ပဲ ပြောရမှာပေါ့။ ငါစာအုပ်တစ်အုပ်ဖတ်ဖို့ ကောက်ကိုင်လိုက်ပြီးရင် ဟိုဘက်ဒီဘက် ရှေ့နောက် လမ်းလျှောက်ရင်း ဖတ်နေလေ့ ရှိတယ်။ ညောင်းတဲ့အခါ နီးစပ်ရာခုံမှာ ဝင်ထိုင်ရုံပဲလေ။ အမတ်ဖြစ်တဲ့ အခါကျတော့လည်း ဒီလိုစာအုပ်တွေ အများကြီး ဘယ်ထားတော့မလဲ ငါကိုယ်တိုင်ရေးတဲ့ စာအုပ်တွေလောက်ပဲ ထားတော့မှာလေ။ အဲဒီအခါကျ ငါ့စာဖတ်ခန်းက တခြားလူတွေ အားလုံးရဲ့ စာဖတ်ခန်းထက်ကို ကျဉ်းနေမှာပဲ . . .”
ရဲရှောင် အံ့သြသွားမိ၏။
(ငါက တော်တော်ကို မတွေးတောတတ်သေးပါလား။ ဇုဝုကျီ အမတ်ဖြစ်တဲ့ အချိန်ရောက်မှတော့ တခြားစာအုပ်တွေကနေ လေ့လာသင်ယူနေစရာ ဆက်ပြီးလိုပါ့မလား။ သူ့မှာ ကိုယ်ပိုင် အတွေးအခေါ်ကောင်းတွေ ရှိနေပြီပေါ့။ ဒီလို စာဖတ်ခန်းအကျယ်ကြီးလည်း လိုမှာ မဟုတ်တော့ဘူး။ သူ့စာအုပ်လေးတွေထားဖို့ စာဖတ်ခန်း အသေးလေးပဲ ရှိတော့မှာပေါ့ . . .)
ရဲရှောင် တွေးနေပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset