Switch Mode

Chapter – 334

၀ိရောဓိ

Chapter – 334
“ဝိရောဓိ”

အဝေးသို့ ငေးကြည့်နေသော ဝမ်ရမ်ချူးချူး၏ စိတ်ထဲတွင် –
(သူအခု ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့မှာလည်း ဖြစ်နိုင်တယ်။ ဒီကမ္ဘာကြီးပေါ်က ပျောက်ကွယ်သွားတာလည်း ဖြစ်နိုင်တယ် . . .)
ထိုသို့ စဉ်းစားမိသည့်အခိုက် သူမ၏ နှလုံးသားထဲမှ နာကျင်လာသည်။ နှလုံးပင် အောင့်သလို ဖြစ်လာလေ၏။
ထိုကဲ့သို့ နှလုံးသားထဲမှ နာကျင်လာခြင်းကြောင့် မျက်နှာတစ်ခုလုံးလည်း ဖြူရော်ရော် ဖြစ်လာလေသည်။ မျက်လုံးများအား တင်းတင်းမှိတ်လိုက်ပြီး ဘာကိုမှ ရင်မဆိုင်ချင်တော့သလို ဖြစ်နေ၏။
“လွတ်မြောက်ချင်တယ်ပေါ့ . . . လွတ်မြောက်ချင်တာ ကောင်းပါတယ် . . .”
ပိုင်ရှင်းယွဲ့သည်လည်း ရီဝေစွာ ရေရွတ်လိုက်လေသည်။
မျက်လုံးများ မှိတ်ထားရင်းမှ ဝမ်ရမ်ချူးချူးသည် မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာလေ၏။
သူမအနေဖြင့် ဒီအတိုင်း ဆက်နေလျှင် ဘာမှလုပ်နိုင်မည် မဟုတ်ကြောင်း သိနေ၏။
(ဆရာက သူ့အပေါ် ခံစားချက်နည်းနည်း ရှိနေမယ် ထင်တယ်။ ငါဒါကို ခံစားမိနေတယ်။ ဆရာကတော့ တိမ်မြူခိုးနန်းတော်အတွက် ဖန်ဇီလင်က မရှိမဖြစ် လိုအပ်တယ် ပြောတာပဲ။ ဒါပေမဲ့ ဒါက ဆင်ခြေပဲ ဖြစ်မှာပါ။ တကယ်တော့ ဆရာက သူ့ကို ကူညီချင်နေတာ။ အသက်ရှင်စေချင်နေတာ။
ငါကတော့ လုပ်လည်း မလုပ်ပေးနိုင်သလို လုပ်လည်း မပေးချင်ဘူး . . .
ဒါပေမဲ့ ဒီမှာ ဆက်နေနေရင် ငါပိုခံစားနေရမှာ သေချာတယ်။ ဖန်ဇီလင်ကို ငါလည်း မသေစေချင်ဘူး။ ငါ့နိုင်ငံကိုလည်း စစ်မရှုံးစေချင်ဘူး။ သူနဲ့လည်း ပြဒါးတစ်လမ်း သံတစ်လမ်း မဖြစ်ချင်ဘူး။
ငါဒီက ထွက်သွားမှ ဖြစ်မယ်။
ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး၊ ငါထွက်သွားရင် ဆရာလည်း စိတ်သက်သာရာ ရသွားပြီး သူ့ကို သေချာပေါက် ကူညီမှာပဲ . . .)
ဝမ်ရမ်ချူးချူး သက်ပြင်းချလိုက်ပြီး ပိုင်ရှင်းယွဲ့ဘက်သို့ လှည့်ကာ –
“ဆရာ . . . ကျွန်မ သွားတော့မယ် . . .”
ထိုအခိုက် သူမ၏ မျက်လုံးများထဲတွင် ခံစားချက်များ ရောထွေးနေသည်ကို တွေ့နိုင်ပေသည်။
တပည့်ဖြစ်သူ၏ မျက်ဝန်းများကို ကြည့်ရင်း ပိုင်ရှင်းယွဲ့ တုန်လှုပ်မိသွား၏။
ချစ်လှစွာသော တပည့်မလေး၏ ခံစားချက်များစွာ ပါသော မျက်ဝန်းအစုံအား ပထမဆုံး အကြိမ်အဖြစ် တွေ့လိုက်ရခြင်းပင် ဖြစ်လေသည်။
ထိုသို့ တွေ့ရသည့်အခါ သူမ၏ စိတ်ထဲ ဝမ်းနည်းသလိုလည်း ဖြစ်လာလေ၏။
သူမကိုယ်သူမ တပည့်ဖြစ်သူထံမှ တစ်ခုခု ခိုးလိုက်သော သူခိုးတစ်ဦးလို ခံစားလိုက်ရသည်။
သူမ၏ နှုတ်မှ “ချူးချူး . . . ဘာမှ မစိုးရိမ်ပါနဲ့၊ မင်းဆီက ဘယ်အရာကိုမှ ငါလုမယူပါဘူး . . .” ဟု ပြောချင်နေမိ၏။ သို့သော် တကယ်တမ်းတွင် ပြောမထွက်ချေ။
ထိုကဲ့သို့သာ ပြောလိုက်မည် ဆိုပါက ဝန်ခံလိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။
သူမသည် အလွန် စိတ်ရှုပ်ထွေးလျက် ရှိနေ၏။ ဘာပြောရမှန်းလည်း မသိတော့ချေ။ ဒီအတိုင်းသာ ငူငူကြီး ရပ်နေမိလေ၏။
တပည့်ဖြစ်သူ လှည့်ထွက်သွားသည်ကိုပင် သတိမပြုမိလိုက်ချေ။
သတိပြန်ဝင်လာချိန်၌ ဝမ်ရမ်ချူးချူးအား အာရုံခံကြည့်လိုက်သောအခါ အခန်းထဲ၌ အဝတ်အစားများ ထုတ်ပိုးနေသည်ကို တွေ့လိုက်ရသည်။ ဝမ်ရမ်ချူးချူး၏ ရှိုက်သံကိုလည်း ကြားလိုက်ရ၏။ သူမ ငိုနေခြင်းပေလော . . . ထိုသို့မဟုတ်ပါက မငိုမိစေရန် ထိန်းချုပ်ထားခြင်းပေလော . . .
ပိုင်ရှင်းယွဲ့၏ နှလုံးသားထဲမှ တဆစ်ဆစ် နာကျင်လာလေ၏။
ဝမ်ရမ်ချူးချူး သိမ်းဆည်းစရာ ရှိသည်များကို သိမ်းဆည်းပြီးနောက် ဆရာဖြစ်သူအား ပြုံးကာ နှုတ်ဆက်ပြန်၏။ ပိုင်ရှင်းယွဲ့လည်း မနေနိုင်တော့ဘဲ –
“ချူးချူး . . . မင်းဘာမှ မစိုးရိမ်ပါနဲ့ . . .”
ဝမ်ရမ်ချူးချူး ပြုံးပြလိုက်ပြီးနောက် –
“ဆရာဘာကို ပြောနေတာလဲ၊ ကျွန်မက ဘာကို စိုးရိမ်ရမှာလဲ ဆရာရဲ့ . . .”
ပိုင်ရှင်းယွဲ့ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ဝမ်ရမ်ချူးချူး၏ မျက်လုံးတည့်တည့်သို့ စိုက်ကြည့်လိုက်ရင်း –
“မင်းပိုင်ဆိုင်တဲ့အရာက မင်းဟာပဲ၊ ဘယ်သူမှ မင်းဆီကနေ မယူသွားနိုင်ဘူး . . .”
ဝမ်ရမ်ချူးချူး၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။ ရှက်သလို ဖြစ်သွားပြီးနောက် မျက်နှာ တစ်ခုလုံး သွေးမရှိတော့သလို ဖြူလျော်လျော် ဖြစ်သွား၏။
ချူးချူးလည်း ခေါင်းညိတ်လိုက်ရင်း –
“ကျွန်မ နားလည်ပါတယ်ဆရာ . . . ကျွန်မသွားပြီနော်၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ . . .”
ထို့နောက် ဝမ်ရမ်ချူးချူးလည်း လှည့်ထွက်သွားပါတော့သည်။
တစ်စက္ကန့်အတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း ဖြစ်၏။ တံခါးဝမှ “ဖောက်” ဟူသော အသံလေး တစ်သံကိုလည်း ကြားလိ်ုကရ၏။ ဝမ်ရမ်ချူးချူး၏ မျက်ရည်တစ်စက် ကျခဲ့ခြင်းပင် ဖြစ်လေသည်။
ပိုင်ရှင်းယွဲ့သည် တံခါးဝမှ မျက်ရည်စက်လေးကို ငေးကြည့်နေလေ၏။ သူမ၏ တပည့်ဖြစ်သူ နှလုံးသားထဲမှ နာကျင်မှုကြောင့် ကျဆင်းသွားခဲ့သော မျက်ရည်စက်လေးပင် မဟုတ်ပါလား။ တပည့်ဖြစ်သူ မည်မျှအထိ ခံစားနေရမလဲ ဆိုသည်ကိုလည်း သူမ ခံစားသိရှိနေလေ၏။
(နိုင်ငံ ၂ နိုင်ငံ . . . အသက် ဘီလီယံပေါင်းများစွာ . . . စစ်မီးလျှံတွေ . . . တိုက်ပွဲခေါ်သံတွေ . . . ရှင့်မှာ ရှင်ကာကွယ်ရမဲ့အရာ ရှိသလို ကျွန်မမှာလည်း ကျွန်မလုပ်ရမဲ့ တာဝန်တွေ ရှိနေတယ်။
ကျွန်မလည်း သာမန်မိန်းကလေးတွေလို အချစ်အတွက်နဲ့ အရာရာကို စတေးချင်တာပေါ့။ ဒါပေမဲ့ ကျွန်မ မလုပ်နိုင်ဘူးလေ။
ဘာလို့လဲဆိုတော့ ကျွန်မနာမည်က ဝမ်ရမ် ဖြစ်နေတာကိုး၊ ဝမ်ရမ်ဆိုတာ တောင်ဝင်မျိုးရိုးနာမည်ပဲ။
ကျွန်မက ဝမ်ရမ်ချူးချူး ဖြစ်နေတဲ့အတွက် ဒီလို မစတေးနိုင်တာ . . .)
. . .
ဇုဝူကျီသည် စာကြည့်ခန်းထဲရှိ ပြတင်းပေါက် အရှေ့တွင် မတ်တတ်ရပ်လျက် ရှိသည်။ မျက်မှောင်လည်း ကြုတ်ထားလျက် ရှိ၏။
မြို့ထဲတွင် အခြေအနေများ အလွန် ရှုပ်ထွေးနေ၏။ အပြင်ပန်းသာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသလို ထင်ရသော်လည်း တကယ်တမ်းတွင် မငြိမ်းချမ်းချေ။ ထိုကဲ့သို့ မငြိမ်းချမ်းကြောင်း သိရှိသူများအဖို့ ထိတ်လန့်မှု၊ တုန်လှုပ်မှု၊ ကြောက်ရွံ့မှုတို့ကို ခံစားကြရမည်သာ ဖြစ်လေသည်။
ထိုလူများထဲတွင် ဇုဝူကျီလည်း ပါဝင်နေ၏။
“ဒီလိုတွေသာ ဖြစ်လာမယ်ဆိုရင် ချန်နိုင်ငံတော်ရဲ့ မြို့တော်ထဲမှာ သွေးချောင်း စီးသွားလောက်တယ်။ သွေးပျက်စရာ မြင်ကွင်းတွေလည်း နေရာတိုင်းမှာ မြင်ရလိမ့်မယ် . . .”
ဇုဝူကျီ ကောင်းကင်ကြီးအား ငေးကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“မြို့တော်သာ ပျက်ဆီးသွားရင် တိုက်ပွဲ ၄ ခုလုံးမှာ ဘယ်လောက်ပဲ အောင်မြင် အောင်မြင် ငါတို့ နိုင်ငံတော့ သေချာပေါက် ပြိုကွဲသွားမှာပဲ . . .”
ထိုရက်များအတွင်း ဇုဝူကျီသည် မင်းသားအငယ်ဆုံးလေးနှင့် ဟိုဟိုဒီဒီ လျှောက်သွားခဲ့၏။ စိတ်ပြေ လက်ပျောက် သွားနေသည်ဟု ထင်ရသော်လည်း လေလံပွဲပြီးနောက် အခြေအနေများ ပုံမှန် မဟုတ်တော့တာကို ဇုဝူကျီ သတိထားမိခဲ့သည်။
လေးငါးရက်လောက် စုံစမ်းကြည့်ပြီးနောက် အခြေအနေများကို သိရှိသွားလေသည်။ နိုင်ငံသည် ငွေကြေးများစွာ ရရှိခဲ့သည့်တိုင် ယခင်ကထက် ပို၍ဆိုးသော အခြေအနေသို့ ရောက်ရှိသလို ဖြစ်သွားကြောင်း သိလိုက်ရ၏။
လေလံပွဲ မစတင်ခင်ကပင် လူများစွာ လာရောက်ခဲ့ကြပြီး လေလံပွဲပြီးသွားသည့်တိုင် လူများမှာ တဖွဲဖွဲ လာရောက်နေကြတုန်းပင်။
ချန်ရှင်းမြို့၏ မြေကြီးအောက်၌ ပုန်းကွယ်နေသော မီးတောင်တစ်လုံး ရှိသကဲသို့ အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် အခြေအနေမျိုး ရောက်ရှိနေကြောင်း သိလိုက်ရ၏။ မည်သည့်အရာကိုမျှ ကြိုတင် ခန့်မှန်းနိုင်မည်လည်း မဟုတ်ချေ။
ငွေစများစွာ ရရှိသဖြင့် ချန်နိုင်ငံတော် အခြေအနေ ကောင်းလာရမည့်အစား ပို၍ပင် ဆိုးရွားသလို ဖြစ်သွားခဲ့၏။ ဒုက္ခပင်လယ်ဝေသွားသည်ဟုပင် ဆိုနိုင်လေ၏။
ခုကိစ္စ၏ နောက်ကွယ်မှ ချုပ်ကိုင်ထားသော လက်မည်းကြီး တစ်ခု ရှိနိုင်သည်ဟု ဇုဝူကျီ တွက်ဆမိထား၏။ ထိုလက်မည်းကြီးကပင် အရာအားလုံး စီမံ၍ ယခုလို အခြေအနေ ဖြစ်လာအောင် လုပ်ယူခြင်း ဖြစ်နိုင်လေသည်။ လင်းပါအို၏ လေလံပွဲ အောင်မြင်အောင် ကျင်းပခွင့် ရခဲ့တာလည်း အဆိုပါ လက်မည်းကြီး၏ အကြံအစည်ပင် ဖြစ်နိုင်သည်ဟု တွေးမိပြန်၏။
မည်သူမျှ အဆိုပါ လက်မည်းကြီး၏ရန်ကို မရှောင်လွှဲနိုင်ချေ။ အားလုံးကို လက်မည်းကြီးမှ ထိန်းချုပ်ထားဟန်ရှိပြီး သွန်လိုသွန် မှောက်လိုမှောက်လည်း လုပ်နိုင်စွမ်း ရှိပုံပါပင်။
လင်းပါအိုမှ လေလံပွဲကြီးတစ်ပွဲ ကျင်းပပေးခဲ့၏။ နိုင်ငံအတွက်လည်း ကောင်းကျိုး ရှိခဲ့သည့် ကိစ္စပင် ဖြစ်လေသည်။
ချန်နိုင်ငံတော်သည် အဆိုပါ လေလံပွဲကြောင့် အကျိုးအမြတ်များစွာ ရရှိခဲ့၏။
အရပ်လေးမျက်နှာရှိ ရန်သူများထက် ချန်နိုင်ငံတော်သည် အစစအရာရာ အင်အားနည်းခဲ့သည်။ ချန်နိုင်ငံတော်ဘက်မှ အနိုင်ရဖို့ ဆိုလျှင် ရွှေပြည်တော် မျှော်တိုင်းဝေးသာ ဖြစ်ပေလိမ့်မည်။ စစ်ပွဲကို အနိုင်ယူနိုင်ရန်အတွက် များပြားလှသည့် ငွေပမာဏ လိုအပ်၏။
နေထိုင်စားသောက်ရေး၊ လက်နက်ရရှိရေး၊ မြင်းနှင့် ဆေးဝါးများမှအစ လိုအပ်သည်များ အားလုံးကို ငွေစ ရှိမှသာ ရရှိနိုင်ပေလိမ့်မည်။
ထို့အပြင် လစာများ၊ ပင်စင်များ ပေးရန်အတွက်လည်း ငွေစ လိုအပ်နေပြန်သေးသည်။
ချန်နိုင်ငံတော်သည် ရန်သူများနှင့် ရင်ဆိုင်နေရစဉ် ပြည်သူများ စိတ်သက်သာရာ ရစေရန် အလို့ငှာ ငွေစများစွာ လိုအပ်နေခဲ့တာ ဖြစ်ပါတော့သည်. . . .။

Comment

Leave a Reply

Options

not work with dark mode
Reset