Switch Mode

Chapter – 333

မာန

Chapter – 333
“မာန”

တစ်ညလုံး ရဲရှောင် လုံးဝ မနားခဲ့ချေ။
ပိုင်ရှင်းယွဲ့၏ ကိုယ်ပေါ်မှ သူ၏လက်ကို ပြန်ရုပ်လိုက်ချိန် ထူးခြားသော ခံစားမှု တစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်ကို ချိုးနှိမ်လိုက်ရင်း မတ်တတ်ထရပ်ကာ –
“အလုပ်ဖြစ်တယ်၊ ကျုပ်တို့ နောက်တစ်ခါပဲ တွေ့စရာ လိုတော့မယ်။ နောက်တစ်ခါဆို ညဝက်လောက်နဲ့ ခင်ဗျားရောဂါ အကုန် ပျောက်သွားနိုင်မယ် . . .”
“အပြီးသတ် ကုသပြီးမှပဲ စိတ်ချရလိမ့်မယ်။ နောက်နှစ်ရက်လောက်နေ ပြန်လာခဲ့ပါ့မယ် . . .”
ရဲရှောင် ပြုံးလျက် ပြောပြီး လှည့်ထွက်လာခဲ့သည်။
ခြေနှစ်လှမ်းလောက် လှမ်းပြီးချိန်မှာပဲ ရုတ်တရက် ခေါင်းထဲ ရီဝေဝေ ဖြစ်လာပြီး ပစ်လဲကျတော့မလို ဖြစ်သွား၏။
သူသည် တစ်ညလုံး စွမ်းအင်များအား အလွန်အကျွံ သုံးစွဲမိခဲ့သလို ဖြစ်ခဲ့၏။
ယခုအခါ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဟန်ပင်။
ရဲရှောင် ခေါင်းကို တဆတ်ဆတ် ခါယမ်းလိုက်ရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ ပိုင်ရှင်းယွဲ့အား ပြုံးပြလိုက်ပြန်ရင်း –
“ကျုပ်ခြေထောက် ကျဉ်နေလို့ပါ . . .”
သူ၏ အသံသည် နူးညံ့လှပြီး တည်တည်ငြိမ်ငြိမ်ပါပင်။
ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား နားလည်ရခက်သော အကြည့်မျိုးဖြင့် ကြည့်နေလေ၏။ သူမ၏ စိတ်ထဲတွင် –
(ဖန်ဇီလင်က သူ့အသက်ကိုတောင် မငဲ့ဘဲ ငါ့ကို ကုသပေးခဲ့တာပါလား။ တစ်ညလုံး ကြိုးစားပမ်းစား ကုသပေးခဲ့တာ။ အခု သူအားကုန်ပြီး မတ်တတ်ရပ်နိုင်ရုံလောက်ပဲ ရှိတော့တယ်။
အခုအချိန် မြို့ထဲမှာ အရမ်းကို ရှုပ်ထွေးနေတာ။ ဖန်ဇီလင်ကို လူတိုင်း သတ်ချင်နေကြတာချည်းပဲ။ ဒီလို အခြေအနေကို သူဖြတ်ကျော်နိုင်ပါ့မလား၊ မနက်ဖြန် အထိတောင် သူ့အသက် ရှင်နေပါဦးမလား . . .)
(အဲဒီလို သူအသက်ရှင်ဖို့ မသေချာလို့ ငါ့ရဲ့ ရောဂါ ၈၀ ရာခိုင်နှုန်းလောက်ထိ ကုသပေးသွားခဲ့တာ ပဲ ဖြစ်မယ်။ နောက်ထပ် ၂၀ ရာခိုင်နှုန်းပဲ ကျန်တော့တာ။ တကယ်သာဆို သူသာ ကုသနိုင်သေးတဲ့ အစွမ်းမျိုး ရှိနေသေးရင် တစ်ခါတည်း ကုပေးသွားမှာပဲ။
အခု သူအကောင်းဆုံး ကြိုးစားခဲ့ပြီးလို့ အားအင်ကုန်ခန်းသွားခဲ့ပြီ။ ဒါပေမဲ့ ငါ့ကို စိတ်ပူမှာစိုးလို့ ဖြေသိမ့်သလို ပြုံးပြုံးရွှင်ရွှင်ပဲ စကားပြောခဲ့တယ်။ သူ့ကိုသတ်ချင်နေတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားတွေ မရေမတွက်နိုင်အောင် ရှိနေတယ် ဆိုတာကိုလည်း သူသိမှာပဲ။ အဲဒါတောင် နောက် ၂ ရက်နေ လာမယ်လို့ ကတိပေးသွားပြန်တယ်။
ဒါပေမဲ့ ငါ့ဆီကတော့ ဘာမှ မတောင်းဆိုသွားပါလား . . .
ငါ့ဆီက သူအကူအညီ တောင်းလို့ ရနေတာပဲ။ သူ့လက်ရှိအခြေအနေအရ အကူအညီ တောင်းတာ လက်ခံနိုင်စရာ အနေအထားပါ။ သူအသက်ရှင်မှသာ ငါလည်း အသက်ရှင်နိုင်မဲ့ မျှော်လင့်ချက်မျိုး ရှိနေမှာ။ ဒါပေမဲ့ သူက ငါ့ဆီက ဘာအကူအညီမှ မတောင်းဘူး။ စကားတောင် မဟသွားဘူး . . .)
ရဲရှောင် ဘာမျှ မပြောသည့်တိုင် ပိုင်ရှင်းယွဲ့သည် သူမ ဘာမှ မသိသလို ဟန်ဆောင် မနေနိုင်တော့ချေ။
သို့သော်လည်း သူမ တကယ်ကူညီသင့်လား ဟူ၍ သူမကိုယ်သူမ မေးခွန်းထုတ်မိပြန်၏။
သူမ ကူညီဖို့မှာ သိပ်တော့ မခက်ခဲပေ။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ယခုပြဿနာများ အားလုံး ပြေလည်သွားနိုင်ပေလိမ့်မည်။
ထိုအခါ သူမ၏ တပည့်ဖြစ်သူအား မည်သို့ မျက်နှာချင်း ဆိုင်ရပါမည်နည်း . . .။
ဖန်ဇီလင်အား ကူညီလိုက်ခြင်းသည် ချန်နိုင်ငံတော်အား ကူညီလိုက်ခြင်းပင် ဖြစ်လေသည်။
ချန်နိုင်ငံတော်ကို ကူညီခြင်းသည် အပြာရောင်လေ နိုင်ငံတော်အား ဆန့်ကျင်လိုက်ခြင်းပင် ဖြစ်၏။ သူမ၏ တပည့်ကို မည်သို့ ရင်ဆိုင်ရပါမည်နည်း။
(ဝမ်ရမ်ချူးချူး ငါ့ကို တစ်ခါပြောပုံအရ မုန်တိုင်းအိမ်တော်က ဒီလို အခြေအနေတွေ ဖြစ်လာအောင် တွန်းအားပေးနေတာဆိုပဲ။ ငါသာ ဒီအခြေအနေကို ပြောင်းလဲပစ်လိုက်မယ် ဆိုရင် မုန်တိုင်းအိမ်တော်နဲ့ ရန်သူတွေ ဖြစ်သွားမှာ။ သခင်ကြီးဘိုင်ကို စိန်ခေါ်တာက ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်မှာပဲ။ နောက်ဆုံး တိမ်မြူခိုး နန်းတော်ကိုပါ ထိပါးလာနိုင်တယ်။
ဒါပေမဲ့ သူ့ကို ငါမကူညီ လိုက်ရလေခြင်းဆိုတဲ့ နောင်တမျိုးနဲ့ ငါတစ်သက်လုံး နေသွားနိုင်မှာတဲ့လား . . .)
ပိုင်ရှင်းယွဲ့ အတွေးနယ်ချဲ့ နေမိသည်။ စိတ်ထဲတွင်လည်း အတော် ရှုပ်ထွေး နေလေ၏။
ဖန်ဇီလင်သည် တခဏမျှ နားနေလိုက်ပြီးနောက် ဘာမှမဖြစ်ဟန် လက်ပြ နှုတ်ဆက်ရင်း တံခါးဝသို့ လျှောက်သွား၏။ လျှောက်နေရင်းဖြင့်လည်း –
“နောက် ၂ ရက်နေ ပြန်လာခဲ့မယ်နော် . . .”
(နိုင်ငံ ၂ နိုင်ငံ၊ ဂိုဏ်းကြီး ၂ ဂိုဏ်းနဲ့ မော်တယ်ကမ္ဘာကြီး တစ်ခုလုံးကို ရင်ဆိုင်နေရတာတောင် ပြန်လာဦးမယ်တဲ့လား . . .)
ပိုင်ရှင်းယွဲ့ စိတ်မထိန်းနိုင်တော့ချေ။
“ခဏနေဦး . . .”
ရဲရှောင်မှာ ဆက်လက် လျှောက်နေရင်းဖြင့် –
“ခင်ဗျား ပြောချင်တာကို ကျုပ်သိပါတယ်။ ခင်ဗျား လုပ်ချင်နေတာကိုလည်း သိတယ်။ ဒါပေမဲ့ မလိုပါဘူး။ ကျုပ်အသက်အတွက် ဘာမှ တောင်းဆိုနေမှာ မဟုတ်ဘူး။ ကျုပ်ကို အထင်မသေးစမ်းပါနဲ့၊ အေးဆေးသာနေ . . .”
(ကျုပ်ဘဝအတွက် ခက်ခဲတဲ့ အခြေအနေကို ရောက်နေပြီ ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ် ဘယ်သူ့အကူအညီကိုမှ အောက်ကျခံ တောင်းနေမှာ မဟုတ်ဘူး။ ခင်ဗျားကို အစွမ်းကုန် ကြိုးစားပြီး ကုသပေးခဲ့တယ် ဆိုတာလည်း ဒီအရှုပ်အထွေးတွေကြားထဲ ကျုပ်သေသွားရင် မကုပေးနိုင်တော့မှာ စိုးလို့ပဲ။
ကျုပ်သေသွားလို့ ခင်ဗျားကို မကုပေးနိုင်တော့ရဲ့ ကျုပ်ရဲ့ ကျွင့်ယင်းလျန် သူ့အချစ်ရဆုံး မိတ်ဆွေကို ဆုံးရှုံးရလိမ့်မယ်။
ကျုပ်က မာနရှိတဲ့ လူတစ်ယောက်ပါ။ ဘာအတွက်မှ အကူအညီ တောင်းနေမှာ မဟုတ်ဘူး . . .)
ရဲရှောင်၏ စိတ်ထဲတွင် မာနများဖြင့် ပြည့်နေလေ၏။
(ခင်ဗျားဘက်က ကူညီမယ် ဆိုရင်တောင် ကျုပ်ကတော့ လက်ခံမှာ မဟုတ်ဘူး။ ကျုပ်က အကူအညီ တောင်းဖို့ ဆိုတာကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး . . .)
ရဲရှောင် ပိုင်ရှင်းယွဲ့အား ပြောလိုက်ချိန်တွင် အခန်းထဲ၌သာ ရှိနေသေးသည်။ သူ၏ စကားဆုံးသည်နှင့် သူသည်လည်း အပြင်ဘက် ခြံဝန်းထဲသို့ ရောက်သွားပြီ ဖြစ်၏။
တံခါးရှေ့မှ ပေ ၃၀ လောက် အကွာထိ ရောက်လာပြီးနောက် ဝမ်ရမ်ချူးချူးကို တွေ့လိုက်ရသည်။
ဝမ်ရမ်ချူးချူးနှင့် မနေ့ညကအထိ တွေ့ခဲ့တာဖြစ်ပြီး ယခုတစ်ညအတွင်း သူမ၏ ပုံစံသည် ပိန်သွားသလိုပင်။
သူမ၏ အဝတ်အစားများသည်လည်း နှင်းစက်များကြောင့် စိုနေပြီး အမြဲလိုလို စူးရှတောက်ပသည့် မျက်ဝန်းများမှာလည်း ရီဝေဝေ ဖြစ်နေလေသည်။
ထိုအချိန် ဖန်ဇီလင်ကိုကြည့်ရင်း ဝမ်ရမ်ချူးချူး တုန်ယင်လာ၏။ နှုတ်ခမ်းကိုကိုက်ထားရင်း ဖော်ပြရခက်သည့် မျက်ဝန်းများဖြင့် ကြည့်နေလေ၏။
ရဲရှောင် ညင်သာစွာ ပြုံးပြလိုက်ရင်း –
“နောက်မှ တွေ့တာပေါ့ . . .”
လက်ပြနှုတ်ဆက်လိုက်ပြီးနောက် ရဲရှောင်လည်း ဆက်လျှောက်သွားလေ၏။
ထိုအချိန် ပိုင်ရှင်းယွဲ့သည်လည်း အခန်းထဲမှ ပြေးထွက်လာလေ၏။ ဝမ်ရမ်ချူးချူးအနားသို့ ရောက်သောအခါ ငိုင်နေသော ဝမ်ရမ်ချူးချူးကို လှမ်းကြည့်လိုက်၏။
သူမတို့ ၂ ဦးသည် အချိန် အတော်ကြာသည်ထိ စကားမပြောကြချေ။
ရဲရှောင်မှာမူ ထွက်သွားပြီ ဖြစ်၏။
ပိုင်ရှင်းယွဲ့ ရှေ့သို့ ခြေလှမ်းလိုက်ပြီးမှ ရပ်တန့်လိုက်လေသည်။ သူမ၏ စိတ်များ ရှုပ်ထွေးနေဟန်ပါပင်။
“ဒီလူက တော်တော် မာနကြီးတဲ့လူပဲ။ သေမှာကို သိနေတာတောင် ဘာအကူအညီမှ မတောင်းသွားဘူး . . .”
ဝမ်ရမ်ချူးချူးမှ စိတ်မကောင်းဟန်ဖြင့် –
“သူအကူအညီ တောင်းခဲ့ရင် ဆရာကူညီမှာလား၊ ကျွန်မရော ကူညီရမလားဟင် . . .”
ပိုင်ရှင်းယွဲ့ ငိုင်ခနဲ ဖြစ်သွားပြီးနောက် –
“ချူးချူး . . . မင်းနားလည်ထားရမှာက ဖန်ဧကရာဇ်က ဘယ်လိုပဲဖြစ်ဖြစ် မသေလောက်ပါဘူး”
ဝမ်ရမ်ချူးချူး၏ မျက်လုံးများ ရီဝေဝေ ဖြစ်နေလျက် ရှိသည်။ အဝေးသို့ ငေးကြည့်နေရင်းဖြင့် –
“ဆရာ . . . ဆရာ့ရဲ့ အဝတ်အစားတွေက . . .”
ပိုင်ရှင်းယွဲ့ အံ့သြသွားပြီး သူမကိုယ်သူမ ငုံ့ကြည့်လိုက်သည်။
ကပိုကယို ဖြစ်နေသည်ကို တွေ့လိုက်ရပြီး သူမသည် ဖန်ဇီလင် ထွက်သွားသည်နှင့် ချက်ချင်း လိုက်လာခဲ့သဖြင့် သူမကိုယ်သူမ သေသေသပ်သပ် မလုပ်လာခဲ့မိချေ။
အနည်းငယ် ရှက်သွားဟန်ဖြင့် အဝတ်အစားများအား သေသေသပ်သပ် ပြန်လုပ်လိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ချန်နိုင်ငံတော် ပျက်ဆီးသွားရင်တောင် ဖန်ဇီလင်တော့ အသက်ရှင်နေမှ ဖြစ်မယ်။ မုန်တိုင်းအိမ်တော်က ချန်နိုင်ငံတော်ကိုပဲ ပြိုကွဲအောင် လုပ်ချင်တာပါ။ တစ်ဦးတစ်ယောက်တည်း ကို ဦးတည်မှာ မဟုတ်လောက်ပါဘူး . . .”
ဝမ်ရမ်ချူးချူး ခေါင်းညိတ်ပြလိုက်သည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း –
“ဆရာပြောချင်တာကို ကျွန်မ သိပါတယ်။ ကျွန်မ ဒီညနေလောက် အပြာရောင်လေ နိုင်ငံတော်ကို ပြန်ဦးမှ ဖြစ်မယ် . . .”
ပိုင်ရှင်းယွဲ့ အံ့သြသွားဟန်ဖြင့် –
“ဟင် တကယ်လား . . .”
ဝမ်ရမ်ချူးချူး နှုတ်ခမ်းကို ကိုက်ထား၏။ သူမ၏ မျက်နှာတစ်ခုလုံးသည်လည်း သွေးမရှိတော့သလို ဖြစ်နေပြီး လေသံတီးတိုးဖြင့် –
“ဒီက ကိစ္စတွေကို ရင်ဆိုင်မတွေ့ကြုံ ချင်တော့ဘူး။ ထွက်သွားချင်နေပြီ . . .”
“လွတ်မြောက်ချင်နေပြီ ဆရာ . . .”
ထို့နော်က ဝမ်ရမ်ချူးချူးသည် အဝေးသို့ ရီဝေစွာ ငေးကြည့်လိုက်ပြန်သည်။
ဖန်ဇီလင်ကို တွေ့ရလို တွေ့ရငြား ငေးကြည့်နေမိတာပဲ ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset