Switch Mode

Chapter – 330

သခင်လေးရဲ ထွက်လာချေပြီ

Chapter – 330
“သခင်လေးရဲ ထွက်လာချေပြီ”

ရဲရှောင်သည် အပြင်သို့ ရောက်သောအခါ ထူးဆန်းသလို ခံစားလိုက်ရသည်။
ရဲအိမ်တော်၏ အရှေ့ဘက် လမ်းမ၌ စိတ်ဝိညာဉ် စွမ်းအားများ ပြည့်နှက်နေခြင်း ဖြစ်ပေသည်။ ခြေလှမ်းပို၍ လျှောက်လာမိလေလေ ထိုစွမ်းအင်များကို ပိုခံစားမိလေလေဖြစ်သည်။
သာမန်လူအဖို့ သတိထားမိမည် မဟုတ်သော်လည်း ကျင့်ကြံမှု ပြုလုပ်သူများအဖို့ ထိုစွမ်းအင်များကို ခံစားသိရှိနိုင်ပေသည်။ ထို့ပြင် ထိတ်လန့်ကြောက်ရွံ့မှုလည်း ဖြစ်ပေါ်စေမည် ဖြစ်၏။ ရန်သူ ကိုယ့်အနား ရောက်နေသလို ခံစားမှုမျိုးပါပင်။
လင်းပါအိုခန်းမ အနီးသို့ ရောက်လာလေလေ အဆိုပါ ခံစားမှုမှာ ပို၍ ပြင်းလာလေလေ ဖြစ်သည်။
(ဘယ်လိုဖြစ်တာလဲ၊ လင်းပါအိုကို စောင့်ကြည့်နေကြတာလား . . .)
ရဲရှောင်သည် လေလံပွဲပြီးကတည်းက ဆေးလုံးများ ရရှိသွားသူတွေကိုသာ အာရုံစိုက်ကြလိမ့်မည် ဟု ထင်ထားခဲ့မိတာ ဖြစ်သည်။ လင်းပါအိုမှ လူတိုင်းလိုချင်နေ ဆေးလုံးများကို ရောင်းချပြီးဖြစ်သဖြင့် လင်းပါအိုတွင် ဘာမျှ ရှိတော့မည် မဟုတ်ချေ။
ထို့အပြင် လေလံပွဲကျင်းပစဉ် မုန်တိုင်းအိမ်တော်မှ ဝမ်အာသာမက သခင်ကြီးဘိုင်ပင် လင်းပါအိုအပေါ် မျက်နှာသာပေးခဲ့သဖြင့် မည်သူမျှ စောင့်ကြည့်မနေဝံ့တော့ဟု ထင်ထားခဲ့မိ၏။
ယခုအခါတွင်မူ ရဲရှောင် စိတ်ရှုပ်လာရပြီ ဖြစ်၏။ မျက်မှောင်ကြုတ်နေပြီးနောက် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသလို စိတ်အေးလက်အေး ဖြစ်သွားပြန်သည်။
ခပ်သွက်သွက်ပင် လျှောက်လာခဲ့ပြီး လမ်းအချို့အကွေ့များစွာ ကွေ့ပြီးနောက် မှောင်ရိပ်ထဲသို့ ဝင်သွား၏။ သူပြန်ထွက်လာသောအခါ ရဲရှောင်အနေဖြင့် မဟုတ်တော့ချေ။ ဖန်ဇီလင်အနေဖြင့် ဖြစ်နေပြီ ဖြစ်သည်။ ထို့နောက် ဟိုကွေ့ဒီကွေ့ဖြင့် ထပ်မံ ပျောက်သွားပြန်သည်။
. . .
မြို့၏ ချောင်ကျသော နေရာတွင် အပ်ချုပ်ဆိုင်လေးတစ်ဆိုင် ရှိနေ၏။
ထိုဆိုင်သည် ဟောင်းနွမ်းဆွေးမြည့်လျက်ရှိပြီး ဆံပင်တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော အဘိုးကြီးတစ်ယောက်သာ ရှိနေ၏။ ထိုအဘိုးကြီးသည် ဆိုင်ပေါက်ဝတွင် ထိုင်ရင်း ဖောက်သည်များအား စောင့်ဆိုင်းလျက် ရှိနေလေ၏။
ထိုဆိုင်သို့ ရံဖန်ရံခါ အမျိုးသမီးအချို့ လာရောက်လေ့ ရှိကြသည်။ ဝင်ငွေအားဖြင့် သိပ်မရသည့် တိုင် အဘိုးကြီးသည် ထိုမျှလောက်ကိုပင် ကျေနပ်နေဟန် ရှိလေသည်။ ၎င်း၏ အသက်အရွယ်အရ တောင်းရမ်းစားသောက်စရာ မလိုဘဲ ကိုယ်ပိုင်ဝင်ငွေလေး ရရှိနေသည် မဟုတ်ပါလား။
ထိုအပ်ချုပ်ဆိုင်လေး အတွင်း၌ လျှို့ဝှက်အခန်းငယ်တစ်ခု ရှိနေသည်ကို မည်သူမျှ မသိရှိချေ။
ထိုအခန်းလေးအတွင်း၌ ဖန်ဧကရာဇ်သည် လက်ဖက်ရည်ကြမ်းသောက်လျက် ရှိနေပြီး မျက်မှောင်လည်း ကြုတ်ထားလေ၏။
ရုတ်တရက် ကြမ်းပြင်အောက်မှ စည်းချက်ကျကျ ခေါက်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ရဲရှောင်လည်း ကြမ်းပြင်နေရာတစ်နေရာအား ခြေဖြင့် ဆောင့်နင်းလိုက်သောအခါ ရုတ်တရက် အပေါက်တစ်ခု ဖြစ်သွား၏။ ထိုအပေါက်ထဲမှ လျူချန်းဂျန် အပေါ်သို့ တက်လာပါတော့သည်။
“သခင်လေး . . .”
လျူချန်းဂျန်သည် ရဲရှောင်အရှေ့တွင် ဒူးထောက်၍ အရိုအသေ ပြုလိုက်၏။
ဝမ်ဇန်းဟိုအား ဆက်ဆံပုံမျိုး မဟုတ်တော့ဘဲ ရဲရှောင်အား တလေးတစားပင် ဆက်ဆံနေခြင်း ဖြစ်၏။
ရဲရှောင်သည် လျူချန်းဂျန်အား စည်းရုံးနိုင်ခဲ့ပြီးနောက် လမ်းညွှန်မှုများ ပေးခဲ့သဖြင့် ယခုအခါ အလွန်ကို တိုးတက်နေပြီ ဖြစ်၏။ ထူးခြားသော ကျင့်စဉ်များကိုလည်း တတ်မြောက်နေပေပြီ။ ယခင်ကထက်လည်း ပိုမို အစွမ်းထက်လာပြီ ဖြစ်၏။ ကျင့်ကြံမှုအဆင့်မှာ ယခင်အတိုင်း ရှိနေသေးသည့်တိုင် ကျင့်ကြံရသည့် ကျင့်စဉ်များအစွမ်းကြောင့် မော်တယ်ကမ္ဘာ၏ အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်နေပြီဟု ဆိုနိုင်လေသည်။
ထိုမျှမက လျူချန်းဂျန်သည် ရဲရှောင်၏ လက်ကိုင်တုတ်လို ဖြစ်နေချေပြီ။ သူ၏ လက်အောက်တွင် လုပ်ကြံသတ်ဖြတ်သူများစွာ စုဆောင်းထားပြီးဖြစ်ပြီး ဝမ်ဇန်းဟိုပင် မနာလိုရလောက်အောင် အင်အား တောင့်တင်းနေပြီ ဖြစ်၏။
လျူချန်းဂျန်သည် ရဲရှောင်အား လေးစားသလို ယုံကြည်မှုလည်း ရှိ၏။ ရဲရှောင်ပေးသည့် အမိန့်ဟူသမျှသည် အကျိုးမရှိဟူ၍ မရှိချေ။ သူ့ဘက်မှလည်း ပေးအပ်သည့် တာဝန်တိုင်းအား မဆိုင်းမတွ ဖြည့်ဆည်းပေးသည်ချည်းသာ ဖြစ်၏။
ရဲရှောင်၏ စိတ်ထဲတွင်လည်း လျူချန်းဂျန်အား သူ၏လူယုံ နံပါတ် ၁ ဟု သဘောထားပြီး ဝမ်ဇန်းဟိုအား နံပါတ် ၂ လူယုံဟု မှတ်ယူထားလေ၏။
“မြို့ထဲ ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ စွမ်းအင်လှိုင်းတွေ အများကြီး ဖြစ်နေရတာလဲ။ သူတို့တွေက လင်းပါအိုကို စောင့်ကြည့်နေသလိုပဲ။ ဘယ်လိုလဲ ပြောစမ်းပါဦး . . .”
ရဲရှောင် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
လျူချန်းဂျန်မှာ တစ်ခုခုကို ပြောချင်နေသည့်တိုင် ပြောမထွက်ဟန်ပင်။ တခဏအကြာမှ –
“လေလံပွဲကြောင့်ပဲ ဆိုရမယ် . . .”
ရဲရှောင် မျက်လုံးပြူးသွားရင်း –
“ဟင် . . . ဘယ်လိုဖြစ်လို့လဲ၊ အသေးစိတ် ပြောစမ်းပါဦး . . .”
ရဲရှောင်သည် ထူးချွန်ပြောင်မြောက်သည့် ပညာရှင်တစ်ဦး ဖြစ်ခဲ့သည့်တိုင် အလုံးစုံ ပြည့်စုံသည့် လူမျိုးတော့ မဟုတ်ခဲ့ချေ။ ထို့ကြောင့်ပင် ယခင်ဘဝတုန်းက အဆုံးသတ်မလှခဲ့ခြင်း ဖြစ်၏။
ယခုဒုတိယဘဝသို့ ရောက်သည့် အခါတွင်လည်း ထူးထူးခြားခြား တိုးတက်မှု မရှိသေးချေ။ ထို့ကြောင့်ပင် ယခုအချိန်ထိ အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောမပေါက်သေးခြင်း ဖြစ်၏။
“ပြောရမယ်ဆိုရင် . . .”
လျူချန်ဂျန်း ချိန်ချိန်ဆဆဟန်ဖြင့် စကားစလိုက်သည်။
“ကျုပ်တို့ အခုတခေါက် ရောင်းလိုက်တဲ့ ဆေးလုံးတွေက အရေအတွက်အားဖြင့် အများကြီးပဲ။ ဘယ်သူကမှ လက်ဝါးကြီးအုပ်ပြီး သိမ်းယူသွားတာမျိုးလည်း မရှိဘူး။ မျှမျှတတပဲ ရသွားကြတာ။ ဈေးနှုန်းတွေကလည်း အရမ်းကို မြင့်တယ်။ ဒီဆေးလုံးတွေကို ဝယ်နိုင်တဲ့ လူဆိုတာလည်း အများကြီး မရှိပါဘူး။ ရသွားကြတဲ့ အင်အားစုတွေကလည်း နည်းနည်း သြဇာအာဏာ ရှိတဲ့ အဖွဲ့တွေပဲ။ ဒါပေမဲ့ လူဆိုတာ လောဘကို အဆုံးမသတ်နိုင်ကြဘူးလေ။ နည်းနည်းရတဲ့လူက များများရချင်တယ်။ အများကြီး ရခဲ့တဲ့လူတွေကလည်း ထပ်ရချင်ကြတယ်။ ဘာမှမရခဲ့တဲ့ လူတွေကလည်း ရနိုင်မဲ့ နည်းလမ်းတွေ ရှာကြတာပေါ့။ ပြောရရင်တော့ အလကား လိုချင်နေကြတာပဲ . . .”
ရဲရှောင် အံ့သြဟန်ဖြင့် –
“ဟင် . . . ဒါတကယ်ပဲလား . . .”
လူသားများ၏ လောဘသည် ရဲရှောင်ထင်ထားသည်ထက်ပင် ပို၍ လွန်ကဲနေပေသည်။ ဘာမျှ မရရှိခဲ့သည့် လူများမှ ရချင်နောကသလို ရပြီးသား လူများမှာလည်း ထပ်ရချင်နေကြပြန်သေးသည်။ ရဲရှောင်အဖို့ ဆေးလုံးများမှာ ဈေးကြီးမြင့်သည်မှလွဲ၍ ထူးထူးခြားခြား မခံစားရချေ။ တခြားလူများအတွက်မူ လိုချင်သထက်ပင် လိုချင်နေကြသည် မဟုတ်ပါလား။ ဘာမျှမရခဲ့သည့် လူများဆိုလျှင် ပို၍ပင် လိုချင်နေကြပါသေးသည်။
လျူချန်းဂျန် သက်ပြင်းချလိုက်ရင်း –
“နောက်ပြီး ဂိုဏ်းကြီး ၂ ဂိုဏ်းကလည်း ဒီပွဲမှာ ဘာမှ မရခဲ့ကြဘူး။ ဆေးလုံးတွေအများကြီး ရောင်းခဲ့တော့ ထိပ်တန်းပညာရှင်တွေ အများကြီးကို ဆွဲဆောင်နိုင်ခဲ့တယ်။ အဲဒီလိုနဲ့ ဒီမြို့ကနေ ဘယ်သူမှ မထွက်သွားကြတော့ဘူး။ ဂိုဏ်းကြီး ၂ ဂိုဏ်း မထွက်သွားတော့ ဘယ်သူကများ ထွက်သွားရဲမှာလဲ။ မြို့ပြင်ကို ထွက်တာနဲ့ အသတ်ခံ အလုခံရမယ် ဆိုတာကို လူတိုင်း သိနေကြတယ်လေ။ ဒီဂိုဏ်းကြီး ၂ ဂိုဏ်းကို ရင်ဆိုင်နိုင်တဲ့ အင်အားမျိုး ဘယ်သူ့မှာမှ မရှိကြဘူး . . .”
“အဲဒီတော့ သူတို့ လုပ်နိုင်တာက သူတို့လူတွေ ရောက်လာတာကို စောင့်ရုံပဲပေါ့။ သူတို့ဂိုဏ်းတွေ၊ မျိုးနွယ်စုကလူတွေ လာကြရင် သူတို့လည်း အင်အားတောင့်တင်းသွားကြမယ်။ သူတို့ကို ဖမ်းဆီးသတ်ဖြတ်ချင်တယ် ဆိုရင်တောင်မှ ၂ ဖက်လုံး အထိနာမှာချည်းပဲ။ အားလုံးက ထိလွယ်ရှလွယ် အခြေအနေမှာ ရှိနေကြတာ . . .”
“ဒါနဲ့ လူအချို့ ပြောပုံအရ အနန္တရေကန်က အနန္တသူတော်စင်လည်း ချန်ရှင်းမြို့ကို ရောက်လာတယ် ပြောတယ်။ လေလံပွဲမှာတော့ ပေါ်မလာခဲ့ဘူး။ ဒါသာအမှန်ဆိုရင် တစ်ခုခုကို စောင့်ဆိုင်းနေတာ ဖြစ်နိုင်တယ်။ သူဘာကို စောင့်နေတာလဲ၊ ဘာလိုချင်တာလဲ ဆိုတာကတော့ ရှင်းပါတယ်။ ဟိုဂိုဏ်းကြီး ၂ ဂိုဏ်းလိုပဲ သေချာပေါက် ဖြစ်လိမ့်မယ် . . .”
လျူချန်းဂျန် ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset