Chapter – 328
“မင်းက ပျက်ဆီးမှု အများဆုံးဖြစ်အောင်လုပ်ခဲ့တာ”
ဝမ်အာ သခင်ကြီးဘိုင်၏ ရင်ခွင်၌ မှီထားရင်း ရှက်သွေးသွမ်းသော မျက်နှာလေးဖြင့် တိတ်ဆိတ်စွာ နားထောင်နေလေသည်။
“ဒီဝါးပင်တွေကိုမြင်တိုင်း စကြဝဠာကြီးကို မယုံနိုင်စရာတွေနဲ့ ဖန်တီးထားတယ်ဆိုပြီး ငါတွေးမိတယ် . . .”
“ကြည့်စမ်းပါဦး . . . ဝါးပင်တွေ အားလုံးက အတူတူပဲ။ ပုံစံအစ ယိမ်းနွဲ့နေပုံအဆုံး တူညီကြတယ်။ ဒါပေမဲ့ မင်းသေချာ အနီးကပ်ကြည့်မယ် ဆိုရင်တော့ တစ်ပင်ချင်းဆီမှာ မတူညီတဲ့ အလှကိုယ်စီ ရှိတာကို တွေ့ရလိမ့်မယ် . . .”
“အပင်တစ်ပင်ချင်းစီက အရွက်တစ်ရွက်ချင်းစီကကို သူ့ဟန်နဲ့သူ ရှိနေကြတယ်။ ပုံစံတူပေမဲ့ တကယ်တော့ ကွဲပြားခြားနားတယ် . . .”
“အရွက်တစ်ရွက်ချင်းစီမှာကို အသက်တစ်သက်စီ ရှိနေကြသလိုပဲ . . .”
သခင်ကြီးဘိုင်သည် ဝါးပင်အကိုင်းတစ်ကိုင်းအား ယူလိုက်ရင်း ပြောလိုက်သည်။ ထိုကိုင်းသည် စိမ်းလဲ့သော အရောင်ရှိနေ၏။
“ဒါကိုမြင်တိုင်း သဘာဝတရားကြီးရဲ့ ဖန်တီးနိုင်စွမ်းကို တအံ့တသြ ဖြစ်ရတယ်။ ငါတို့ရှေ့မှာ အရွက်ဘယ်နှရွက်လောက်များ ရှိနေလဲ။ ကမ္ဘာကြီးပေါ်မှာရော ဘယ်လောက်များများ ရှိနေမလဲ။ တစ်ရွက်နဲ့တစ်ရွက်ကလည်း မတူညီကြဘူး။ ဘယ်လိုဖန်ဆင်းရှင်ကများ မတူညီတဲ့ အရွက်တွေ အများကြီးကို ဖန်တီးနိုင်ရတာလဲ။ ကောင်းကင်နဲ့ မြေကြီးရဲ့ သဘာဝလွန် စွမ်းအားလို့တောင် ဆိုချင်မိရဲ့”
သခင်ကြီးဘိုင် ဖြည်းဖြည်းချင်း ပြောနေသည်ကို ဝမ်အာသည် ငြိမ်သက်စွာ နားထောင်နေ၏။
သူမသည်လည်း သူမအရှေ့ရှိ ဝါးရုံတောအား ငေးမော ကြည့်ရှုနေမိ၏။ အရွက်များ၏ မတူညီမှုကို သူမနားလည် သိမြင်လာမိပြီး သူမ၏ မျက်လုံးများသည်လည်း အရောင်တောက်သထက် တောက်ပလာ လေသည်။ အမျိုးအမည်မသိသော ခံစားချက် တစ်ခုကိုလည်း ခံစားမိလာလေသည်။
“ဒီဝါးရုံတောက ငါ့ကို အတွေးတစ်ခု ရစေတယ်။ ဒီကမ္ဘာမြေပေါ်၊ ဒီကောင်းကင်ကြီးအောက်မှ မတူညီတဲ့ အပင်မျိုး ဘယ်လောက်တောင် ရှိနေမလဲ၊ အားလုံးကလည်း တူညီကြမှာ မဟုတ်ဘူး။ ကိုယ်စီ သဘာဝတွေ ရှိကြမယ် ထင်တယ် . . .”
သခင်ကြီးဘိုင် လေးနက်သော အကြည့်ဖြင့် ငေးကြည့်ရင်း ပြောလိုက်သည်။
“နောက်တော့ ငါလူတွေအကြောင်းကို စဉ်းစားမိပြန်တယ် . . .”
“လူတွေအကြောင်းပေါ့ . . .”
သခင်ကြီးဘိုင်သည် ထိုစကားလုံးကို သိသာထင်ရှားစေလိုသဖြင့် ထပ်၍ ပြောလိုက်၏။
“မိုးအောက်မြေပြင်ပေါ်က လူတွေ . . . ဘယ်လောက်တောင် အများကြီး ရှိနေမလဲ။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း မတူညီကြဘူး။ ထပ်တူကျတဲ့ လူဆိုတာ မရှိဘူး . . .”
သခင်ကြီးဘိုင် ခဏနားလိုက်ပြီးနောက် ဆက်လက်၍ –
“သူတို့က ဝါးရွက်တွေနဲ့ မတူဘူးလား . . . ဝါးပင်တိုင်းကို စည်းရိုးအဖြစ် ကာလို့ရသလို နိုင်ငံ တည်ဆောက်တဲ့ နေရာမှာလည်း သုံးလို့ရတယ်။ လူသားတွေဆိုတာလည်း စုစည်းလိုက်ရင် နိုင်ငံအဖြစ် တည်ထောင်လို့ ရတာပဲ မဟုတ်လား . . .”
“ဆောင်ဦးရာသီရောက်တိုင်း လေညှင်းတွေတိုက်ခတ်တိုင်း သစ်ရွက်တွေ ကြွေကျကြတယ်။ ဒါပေမဲ့ ရွက်သစ်တွေ ဝေလာရတာပဲ။ ရွက်သစ်တွေ ထွက်လာဖို့အတွက် ရွက်ဟောင်းတွေကို မြေကြီးပေါ် တွန်းပို့ကြတာပဲလေ . . .”
“ဒီဖြစ်စဉ်ကို သေချာစဉ်းစားကြည့်မယ် ဆိုရင်လည်း မျိုးဆက်တွေ တစ်လှည့်စီ ဖြစ်ပေါ်နေတာနဲ့ မတူဘူးလား . . .”
သခင်ကြီးဘိုင် ဝါးရုံတောအား စိုက်ကြည့်ရင်း လေးလေးနက်နက် ပြောနေလေသည်။
“ငါလုပ်ခဲ့တဲ့ အရာတွေကြောင့် မဟာအပြစ်ဒဏ်ခတ်ခြင်း ခံခဲ့ရပေမဲ့ ငါ့ရင်ထဲမှာ သိနေတာက ငါဟာ ဘာကိုမှ ဂရုမထားတတ်ဘူး ဆိုတာကိုပဲ . . .”
“ငါတို့က ဝါးရုံတောလိုပဲ။ တိတိကျကျ ပြောရရင် ဝါးရွက်လေးတွေနဲ့ တူတယ်။ ကြွေပြီးရင် ပြန်ဝေနိုင်မှာပဲ မဟုတ်လား . . .”
သခင်ကြီးဘိုင် ဝါးကိုင်းအား လွှင့်ပစ်လိုက်သည်။
သူသည် ပြင်းပြင်းထန်ထန် လွှင့်ပစ်လိုက်ခြင်း မဟုတ်သည့်တိုင် ဝါးကိုင်းသည် ဝါးပင်များအား ထိမှန်သွားသောအခါ အရွက်များစွာ ကြွေကျကုန်၏။
ထိုနေရာတဝိုက် မြေပြင်တွင် ဝါးရွက်များဖြင့် ပြည့်သွားပါတော့သည်။
လေပြည်လေညှင်း တိုက်ခတ်လာသည့် အခါတိုင်းလည်း ဝါးရွက်များ ကြွေကျလာပြန်သည်။ ကြွေကျသော အရွက်များလွန်းသဖြင့် ရေတွက်၍ပင် မရနိုင်လောက်တော့ချေ။
သခင်ကြီးဘိုင် ငေးကြည့်နေရင်းမှ –
“မြေကြီးပေါ် ကြွေကျလာတဲ့ အရွက်တွေထဲမှာ လေတိုက်လို့ ကြွေကျလာတာနဲ့ ငါအကိုင်းကို ပစ်လိုက်လို့ ကြွေကျသွားတာ ဘယ်ဟာပိုများလောက်ပါလိမ့် . . .”
သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည့်တိုင် ဝမ်အာကို ဖြေစေချင်နေပုံရ၏။ နတ်ဘုရားများကို မေးနေခြင်းလည်း ဖြစ်နိုင်ပေသည်။
ဝမ်အာမှ –
“လေတိုက်လို့ ကြွေတာ ပိုများမယ် ထင်တယ် . . .”
ထိုအခိုက် ဝမ်အာ၏ ခန္ဓာကိုယ် တစ်ချက် တုန်သွားသည်။ သခင်ကြီးဘိုင် ဆိုလိုချင်သည်ကို သဘောပေါက်သွားဟန်ပင်။
သခင်ကြီးဘိုင် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း –
“ဟုတ်တယ် . . . လေတိုက်လို့ ကြွေကျတာ ပိုများတာပေါ့ . . .”
ထို့နောက် ကောင်းကင်ထက်သို့ မော့ကြည့်၍ –
“မင်းက ပျက်ဆီးမှု အများဆုံးဖြစ်အောင် လုပ်ခဲ့တာပဲ . . .”
သူ၏ အသံသည် တည်ငြိမ်လျက် ရှိ၏။ သို့သော် သူ၏ အသံတွင် မုန်းတီးမှုများ ပါဝင်နေသလိုပင်။
ယနေ့သည် နေသာသော နေ့တစ်နေ့ ဖြစ်၏။
သို့သော် သခင်ကြီးဘိုင် ပြောလိုက်ပြီးချိန်မှာပင် ရုတ်တရက် မိုးကြိုးပစ်ချလိုက်လေသည်။
ရုတ်တရက် ကျယ်လောင်လှသော မိုးကြိုးသံကြီးသည် ကောင်းကင်တစ်ခွင်လုံးကိုပင် ထက်ခြမ်းခွဲ လိုက်သလိုပင်။
နေသာနေချိန်၌ မိုးကြိုးပစ်ချလိုက်ခြင်းပင် ဖြစ်လေ၏။
ကောင်းကင်ထက်မှ အဖြူရောင် လျှပ်စီးကြောင်းကြီး ကျလာသည်ကို လူတိုင်း မြင်လိုက်ကြရမည် ဖြစ်သည်။
လူတိုင်း ကောင်းကင်ထက်သို့ အလန့်တကြား ကြည့်မိလိုက်ကြ၏။
မိုးကြိုးသံကြောင့် မြေပြင်ပင် တုန်ခါသွားပြီး လျှပ်စီးများလည်း လက်သွား၏။
ထိုအချိန် နေပူလျက်သာ ရှိနေပြန်၏။ မရှိသလောက်ကို ရှားပါးလှသော မြင်ကွင်းပါပင်။
ထိုကဲ့သို့ မည်သည့်အချိန်မှာမျှ ဖြစ်မည် မဟုတ်လောက်ချေ။
ဝါးရုံတောအတွင်းရှိ သခင်ကြီးဘိုင်သည် သူ့အရှေ့ရှိ မြေပြင်တွင် ဖြစ်ပေါ်သွားသော တွင်းအနက်ကြီးအား ငေးကြည့်နေ၏။
သူ၏ အရှေ့တည့်တည့်သို့ မိုးကြိုးပစ်ချသွားခြင်းပင် ဖြစ်ပေသည်။ မိုးကြိုးဒဏ်ကြောင့် ဖြစ်ပေါ်သွားသော တွင်းသည်လည်း မည်မျှထိ နက်မည်ကို မည်သူမျှ မသိကြချေ။
ဘေးပတ်ပတ်လည် မြေပြင်တွင်လည်း အက်ကွဲရာကြီးများ ဖြစ်သွား၏။
ထူးဆန်း အံ့သြဖွယ်ရာ မြင်ကွင်းမျိုးပင် ဖြစ်သည်။
သခင်ကြီးဘိုင်မှာမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေဆဲပင်။ မျက်နှာအမူအယာပင် မပြောင်းလဲချေ။ မျက်လုံးအပေါ်၌ ဆံပင်များ အနည်းငယ် ဝဲကျလျက်ရှိပြီး နူးညံ့သော လေသံဖြင့် –
“မင်းက ပျက်ဆီးမှု အများဆုံးဖြစ်အောင် လုပ်ခဲ့တာပဲ . . .”
ဝမ်အာမှာမူ သခင်ကြီးဘိုင်ကဲ့သို့ မတည်ငြိမ်နိုင်ဘဲ မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူရော်ရော် ဖြစ်နေလေ၏။ ထိတ်လန့်မှုကြောင့် ဒူးပင် ညွှတ်ချင်သလို ဖြစ်နေချေပြီ။
(နတ်ဘုရားတွေကိုတောင် ဆန့်ကျင်မှာများလား . . .)
သူမ၏ နဖူးတွင်လည်း ချွေးစို့နေပြီ ဖြစ်၏။
သခင်ကြီးဘိုင် အသက်တစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးများမှာ အလွန်စူးရှလျက် ရှိပြီး ခနဲ့တဲ့တဲ့ လေသံဖြင့် –
“ငါ့ရင်ထဲက အမုန်းတရားတွေ၊ မကျေနပ်ချက်တွေကို ပြောလို့တောင် ကုန်မှာ မဟုတ်ဘူး။ မဟာအပြစ်ဒဏ် ၉ ခါလုံးလုံး သေလောက်အောင် ခံစားခဲ့ရတာတွေ၊ နှစ်ပေါင်းထောင်ချီ ပေးဆပ်ခဲ့ရတာတွေအတွက် ငါ့ခံစားချက်ကို ဖော်ပြလိုက်ရုံပဲ ရှိသေးတယ်။ မိုးကြိုးတောင် ပစ်ချပြလိုက် တယ်တဲ့လား၊ ငါလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် သေကြေပျက်ဆီးရတာနဲ့ သဘာဝကြောင့် မိုးကောင်းကင်ရဲ့ အပြစ်ဒဏ်ကြောင့် ပျက်ဆီးရတာ ဘယ်ဟာပိုများလိမ့်မလဲ . . . အဲဒါတောင် ငါ့ကို မဟာအပြစ်ဒဏ်တွေ ရက်ရက်စက်စက် သက်ရောက်စေခဲ့တယ် . . .”
“ငါ့ဒေါသတွေကို ပျောက်သွားအောင် ဘယ်လို ဖြေလျော့ရင် ကောင်းမလဲ၊ ကမ္ဘာတစ်ခုလုံးကို သတ်လိုက်ရမလား . . .”
သခင်ကြီးဘိုင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြန်သည်။
“ကောင်းပြီလေ . . . ငါ့ကို နှစ်ထောင်ချီ သိမ်းဆည်းထားစေခဲ့တဲ့ ဒေါသတွေကို ဖြေလျော့ ပစ်ရမှာပေါ့၊ အဲဒီလိုသာဆို ငါလည်း အတော်ကြီး နေသာထိုင်သာ ရှိသွားလောက်တယ် . . .”
“ငါသာ ကောင်းကင်ကို လိုချင်ရင် နေ၊ လနဲ့ ကြယ်တွေကိုပါ အပိုင်သိမ်းနိုင်တယ်။ ငါသာ မုန်တိုင်း ထန်ချင်ရင် ကမ္ဘာတစ်ခုလုံး ပျက်ဆီးသွားလိမ့်မယ်။ စကြဝဠာရဲ့ ပလ္လင်ပေါ်ကို ရောက်ဖို့ အတွက် ဆိုရင်လည်း ငါ့ဘက်က လုပ်သင့်တာ လုပ်ရတော့မှာပေါ့ . . .”
သခင်ကြီးဘိုင် ရယ်မောလျက် ပြောလိုက်ပါတော့သည် . . .။