Switch Mode

Chapter – 326

ပျောက်ဆုံးနေသော ဖန်ဇီလင်

Chapter – 326
“ပျောက်ဆုံးနေသော ဖန်ဇီလင်”

ထိုသို့ဖြင့် ချန်ရှင်းမြို့တော်ထဲသို့ နေ့စဉ်နှင့်အမျှ လူပေါင်းများစွာ သွားလာလျက် ရှိကြ၏။
တစ်စုံတစ်ယောက်မှသာ မြို့တော်အတွင်း မီးစတစ်စ ကျအောင် လုပ်မိလိုက်မည် ဆိုပါက မြို့တစ်ခုလုံး ဝုန်းခနဲ ထတောက်သွားမည့် အနေအထားမျိုးပင်။
ထိုကဲ့သို့သော အခြေအနေတွင် ဘုရင်မင်းမြတ်သည်လည်း စိတ်ပူပန်သောက ရောက်နေရ၏။ ပျော်ရွှင်ခဲ့ရသည် ဆိုသည်မှာလည်း တခဏမျှသာ ဖြစ်လေသည်။
ဘုရင်သည် နန်းတော်အတွင်း နေထိုင်သည့်တိုင် မလုံခြုံသလို ခံစားနေရသည်။ မော်တယ်ကမ္ဘာရှိ ထိပ်တန်းပညာရှင်ပေါင်းများစွာ မြို့ထဲ ရောက်ရှိနေသည်ကို သိနေသောကြောင့်လည်း ဖြစ်ပေသည်။
သူအိပ်ရာ မဝင်ခင်တွင် သူ၏ လည်ပင်းနှင့်ခေါင်းအား စမ်းစမ်းကြည့်မိ၏။ စိတ်ထဲတွင်လည်း –
(ငါအသက်ရှင်နေသေးတာပဲ . . .)
နောက်တစ်နေ့ အိပ်ရာမှ ထသောအခါတွင်လည်း သက်ပြင်းချရင်း –
(နေ့သစ်တစ်ခု အစပြုပြန်ပြီ။ အခုထိ အသက်ရှင်နေတုန်းပဲ . . .)
ဘုရင်တစ်ပါးအဖို့ ထိုကဲ့သို့ စိတ်ဆင်းရဲနေရမည်ဟု မည်သူများ တွေးလိမ့်မည်နည်း။
သူသည် တိုက်ပွဲအတွေ့အကြုံများစွာ ရှိ၍ တိုက်ခိုက်ရာတွင်လည်း ကျွမ်းကျင်သည့် ပညာရှင်တစ်ဦး ဖြစ်သည့်တိုင် ယခုလို အန္တရာယ်အငွေ့အသက်များ ခံစားနေရချိန်တွင် စိုးရိမ်ပူပန် နေမိ၏။ တစ်နေ့လုံးလိုလို မျက်မှောင်ကြုတ်ထားရင်းဖြင့်သာ ပူပန်သောက ရောက်နေရလေ၏။
“သမိုင်းမှာ ဒီလိုဖြစ်နေရာတာ ငါပထမဆုံးပဲလား မသိပါဘူး။ တကယ်တော့ ငါက ရာဇဝင်ထဲမှာ ထူးခြားတဲ့ ဘုရင်တစ်ပါးအဖြစ် ရှိနေချင်တာ . . .”
ဘုရင်သည် ထိုကဲ့သို့သာ ရေရွတ်နေမိ ပါတော့သည်။
လင်းပါအိုသည် ထိုရက်များအတွင်း အင်အားစု အသီးသီးထံမှ သယံဇာတ အမြောက်အမြား ရရှိခဲ့၏။
မော်တယ်ကမ္ဘာ၏ အကြီးဆုံး အရောင်းခန်းမကြီးဖြစ်သည့် အားလျော်စွာ လင်းပါအိုတွင် ကုန်ပစ္စည်းပြတ်လပ်သည်ဟူ၍ မရှိသလောက်ပင် ရှား၏။
အထူးသဖြင့် ဖန်ဧကရာဇ်သည် ပစ္စည်းများစွာ ယူဆောင်သွားခဲ့သည့်တိုင် ၄ ရက်လောက်ဖြင့် အပြည့်ပြန်ဖြစ်သွားခဲ့ရပြန်သည်။
ဖန်ဧကရာဇ် ထွက်သွားစဉ် သိုလှောင်လက်စွပ်များ အားလုံးကို ယူဆောင်သွားခဲ့သဖြင့် နောက်ထပ်ရောက်လာသော ပစ္စည်းများအား ထားစရာ နေရာမရှိတော့ချေ။ အပြင်ဘက်တွင်သာ ထားနိုင်တော့မည်ဖြစ်၏။ ဖန်ဧကရာဇ်မှာလည်း တော်တော်နှင့် ရောက်မလာသဖြင့် ဝမ်ဇန်းဟို အလွန်စိတ်အနှောင့်အယှက် ဖြစ်ရလေသည်။
(တော်တော်ကို အံ့သြစရာ ကောင်းမှာပဲ။ ပစ္စည်းတွေ အများကြီး ဒီမှာထားရမှာ . . . ထိပ်တန်း မျိုးနွယ်စုကြီးတွေ ဂိုဏ်းကြီးတွေ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ရတဲ့ ပစ္စည်းတွကို ဒီလို ထားရတော့မှာပဲ။ ဒါက မသိရင် တမင်ကို ထုတ်ကြွားထားသလိုပဲ . . .)
ဝမ်ဇန်းဟို ထိုကဲ့သို့ အပြင်မှာ ထားရန်မှလွဲ၍ ဘာမျှ မတတ်နိုင်တော့ချေ။
(တကယ်တော့ ငါလူမြင်အောင် ကြွားတာလည်း မဟုတ်ပါဘူး။ ထားစရာ နေရာမှ မရှိတော့တာ ဒီလိုပဲ လုပ်ရတော့မှာပေါ့ . . .)
လူအများ၏ စိတ်ထဲတွင်မူ –
(ဒီလို ပစ္စည်းတွေ ပုံပြထားတာ ကြွားတာ မဟုတ်လို့ ဘာလဲ . . .)
ဝမ်ဇန်းဟို စိတ်ထဲတွင် တဖြည်းဖြည်း ဝမ်းနည်းလာလေသည်။ ကံကောင်းစွာပင် ပစ္စည်းများ ထပ်ရောက်စရာ သိပ်မကျန်တော့ချေ။
မျိုးနွယ်စုများနှင့် ဂိုဏ်းများသည် ကတိတည်ကြည်စွာပင် ပေးစရာ အကြွေး ရှိသည်များကို ပေးအပ်ခဲ့ကြ၏။
အစတွင် ဝမ်ဇန်းဟို စိတ်ပူရုံလောက်သာ ရှိသေးသည်။
(ဖန်ဇီလင်ကလည်း ဘယ်သွားမှန်းလည်း မသိဘူး။ ဒုက္ခပါပဲကွာ . . .)
ထို့နောက် ဝမ်ဇန်းဟို ငိုချင်လာသည်။
ယခုတစ်ခေါက် လေလံပွဲသည် ယခင်အခေါက်များနှင့် များစွာ ကွဲပြားခြားနားလှသည်။
ဝမ်ဇန်းဟို မျှော်လင့်ထား၊ မျှော်မှန်းထားသည်ထက် အဆပေါင်းများစွာ ပိုသာလေ၏။
ကျယ်လောင်စွာ အော်ဟစ် ငိုကြွေးမိလေတော့သည်။ မျက်ရည်များသည်လည်း ရေတံခွန်ကဲ့သို့ အဆက်မပြတ် ကျဆင်းလျက် ရှိနေလေသည်။
“ဒီလိုဆက်ပြီးနေရင် ငါသေတော့မလား မသိဘူး . . .”
ဝမ်ဇန်းဟို ကျယ်လောင်စွာ အော်ဟစ် ငိုကြွေးလိုက်သည်။
ပေါင် ၁၀၀၀ ကျော်ရှိသော လူထွားကြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချရင်း ငိုနေသည့် မြင်ကွင်းမှာ အနည်းငယ် ထူးဆန်းသည်ဟု ဆိုရမည် ဖြစ်သည်။
လျူချန်းဂျန်မှ “အားလုံး ပြီးသွားမှာပါ။ ကျုပ်လည်း ခင်ဗျားနဲ့အတူ ရှိနေတာပဲ . . .” ဟု နှစ်သိမ့်ပေးရန် အခန်းထဲ ဝင်မည်ပြုစဉ် ငိုယိုနေသော လူ့ဘီလူးကြီးအား ကြည့်ရင်း ကြက်သီးများပင် ထသွားမိ၏။ ထို့ကြောင့်ပင် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ငိုယိုနေခြင်း ဖြစ်ပေသည်။
(ဘာဖြစ်တာလဲဟ၊ ဘယ်လိုဖြစ်တာလဲ။ ဖြစ်လာတဲ့ ကိစ္စတွေက ငါတို့ထင်တာထက် ဆိုးရွားနေရင်တောင် အသက်သေမှာထက်တော့ မဆိုးဘူး မဟုတ်လား။ သူလည်း အသက်ထောင်ချီ နေခဲ့ပြီးပြီပဲ။ ဒါကို နားမလည်ဘူးလား။ ကိုယ့်ပိုင်နက်ထဲ ကိုယ်နေပြီး ဘာတွေ တွေးကြောက်နေလဲ မသိပါဘူး။ နောက်ဆုံး ကျုပ်တို့အားလုံး သေရမယ် ဆိုရင်တောင်မှ ခင်ဗျားက နောက်ဆုံးကျန်ခဲ့ရမယ်)
လျူချန်းဂျန်လည်း ဝမ်ဇန်းဟိုအား အထင်သေးသလို ဖြစ်သွားပြီးနောက် လျစ်လျူရှုထားလိုက်သည်။
“ခင်ဗျား မျက်ရည်တွေ ဘယ်တော့များမှ ကုန်မလဲ ကြည့်ချင်သေးရဲ့ . . .”
လျူချန်းဂျန် ရေရွတ်လိုက်ပါတော့သည်။
ထိုအတောအတွင်း ချန်ရှင်းမြို့တော်၏ မည်သည့် အဖွဲ့အစည်မျှ အသံမထွက်ဝံ့ကြချေ။ အမှားလုပ်ထားသော လူများကဲ့သို့ ခပ်ကုပ်ကုပ်သာ နေနေကြပြီး တစ်ခုခုသာ မှားယွင်းသွားမည် ဆိုပါက အရှုပ်ထုပ်များကြား ပါဝင်သွားနိုင်ပေသည်။ တော်ဝင်မျိုးနွယ်မှ မင်းသားများပင် အသံကျယ်ကျယ် မထွက်ရဲကြချေ။ မည်သူမျှ အမှားမလုပ်မိအောင် နေထိုင်နေခြင်းပင် ဖြစ်၏။
အစပိုင်းတွင် လူသူစုဆောင်း၍ ဆေးလုံးများ လုယူရန် ကြံစည်နေကြသူများမှာလည်း အသံမထွက်ကြချေ။
တစ်ခုခု အမှားလုပ်မိသည်နှင့် အားလုံး ဇာတ်သိမ်းသွားနိုင်သည်ကို သိနေကြသည့် ဟန်ပါပင်။
ဇုဝူကျီသည် ချန်ဇီနှင့်အတူ လှည့်လည် သွားလာနေလေ့ ရှိ၏။
သူသည် အမတ်မင်း၏ သားတော် သခငလေးတစ်ဦး ဖြစ်ပြီး စာရင်းသွင်းမခံရသူဟု ဆိုလျှင်လည်း မှန်ပေလိမ့်မည်။ သူဘာလုပ်လုပ် မည်သူမျှ ဂရုစိုက်ခြင်းလည်း မရှိကြချေ။ ထိုအချက်ကိုပင် ဇုဝူကျီသည် ကောင်းကောင်း အသုံးချကာ ထိုအတောအတွင်း ကြားခဲ့ မြင်ခဲ့ရသမျှကို မှတ်သားထား၏။
တဖြည်းဖြည်းဖြင့် ချန်နိုင်ငံတော်၏ ပြင်ပကမ္ဘာတွင် မည်သို့ နေထိုင်လည်ပတ်သည်ကိုလည်း သိလာရ၏။
ချန်ဇီသည်လည်း သူနှင့်အတူပင် မျက်စိပွင့်နားပွင့် ဖြစ်လာချေပြီ။
. . .
ထိုရက်များအတွင်း ပိုင်ရှင်းယွဲ့နှင့် ဝမ်ရမ်ချူးချူးတို့သည်လည်း ရဲရှောင်အား ရှာဖွေခဲ့ကြ၏။
ဝမ်ရမ်ချူးချူးသည် ဖန်ဇီလင်မှ ဆရာဖြစ်သူအား မြန်မြန်ကုသပေးစေချင်နေပြီ ဖြစ်သည်။ ထိုအခါမှသာ သူမလည်း သူမ၏ နိုင်ငံသို့ လျင်မြန်စွာ ပြန်သွားနိုင်မည် ဖြစ်၏။ နိုင်ငံအတွက် တစ်ခုခု လုပ်ပေးချင်နေမိပြီး။ သူမ မော်တယ်ကမ္ဘာတွင် ရှိနေစဉ် အချိန်အတောအတွင်း သူမ၏ မိသားစုကိုလည်း စိတ်ချမ်းသာအောင် ထားချင်နေမိ၏။
သို့သော် လေလံပွဲပြီးနော်က ဖန်ဇီလင်သည် လုံးဝပျောက်ကွယ်သွားခဲ့သည်။ ဖန်ဇီလင် မည်သည့်နေရာသို့ ရောက်ရှိနေသလဲ ဆိုတာကိုလည်း မည်သူမျှ မသိကြချေ။ ကမ္ဘာကြီးပေါ်မှ ပျောက်ကွယ်သွားသလိုပင် ဖြစ်လေသည်။ အရိပ်အယောင်ပင် မတွေ့ရတော့ခြင်း ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset