Switch Mode

Chapter – 325

လုပ်ကြံသတ်ဖြတ်သူများ ရောက်လာကြခြင်း

Chapter – 325
“လုပ်ကြံသတ်ဖြတ်သူများ ရောက်လာကြခြင်း”

ဝံပုလွေဘုရင်ထက်ပင် ရဲနန်ရှန်သည် ပို၍ စိတ်ဓာတ်ကျလျက် ရှိနေ၏။
ဝံပုလွေဘုရင် ဦးဆောင်သော လူရိုင်းအဖွဲ့ဝင်အားလုံး တဟုန်ထိုး တိုက်ခိုက်လာစေရန် စောင့်မျှော်ခဲ့သည့် အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်၏။ ထိုအဖွဲ့အား တစ်ခါတည်းဖြင့် အနိုင်ယူကာ မြောက်ပိုင်းအား ဆယ်စုနှစ်အချို့ကြာအောင် ငြိမ်းချမ်းအောင် လုပ်မည်ဟုလည်း ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။
မမျှော်လင့်သော မိုးသည် မြောက်ပိုင်းတစ်နယ်လုံးအား သည်းထန်စွာ ရွာသွန်းခဲ့၏။
အဆိုပါ မြောက်ပိုင်းကိုသာ အနိုင်ယူပြီးပါက ရဲနန်ရှန်လည်း တခြားသော တိုက်ပွဲဖြစ်ရာ နေရာများသို့ သွားရောက်ကူညီမည်ဟုလည်း စီစဉ်ထားပြီး ဖြစ်ခဲ့၏။
မိုးသည် မြောက်ပိုင်းတွင်သာ ရွာသွန်းခြင်း မဟုတ်ဘဲ အနောက်ပိုင်းနှင့် အရှေ့ပိုင်းများတွင်လည်း ရွာသွန်းခဲ့၏။ မိုးရွာသွန်းမှုကြောင့် ရန်သူများ၏ ဗျူဟာများ ပျက်ဆီးကုန်ကြသည်။ ရေကြီးသဖြင့် နှစ်ဖက်လုံးရှိ ထောင်ချောက်များ ရေမြုပ်ကုန်ကြ၏။
ထိုကဲ့သုိ့ အခြေအနေမျိုး ဖြစ်လာသဖြင့် နှစ်ဖက်လုံးသည် ယာယီ စစ်ပြေငြိမ်းထားရန်ပင် ဆုံးဖြတ်လိုက်ကြရသည်။ ရေကြီးမှုကြောင့် ပျောက်ဆုံးသွားသည့် ထောင်ချောက်များကို ပြန်လည်ရှာဖွေ ရမည်ဖြစ်ပြီး ထိုကဲ့သို့ အတိုက်အခိုက် ရပ်စဲရခြင်းမျိုးသည် ကြုံတောင့်ကြုံခဲ ရှားပါးဖြစ်စဉ်ပင် ဖြစ်၏။
နှစ်ဖက်လုံးရှိ စစ်သည်ရဲမက်များသည် ဒေါသလွန်စွာ ထွက်နေကြသည့်တိုင် သဘာဝဘေး ဖြစ်သဖြင့် ဘာမျှ မတတ်နိုင်ကြချေ။
မည်သို့ပင် ဆိုပါစေ ချန်နိုင်ငံတော်အဖို့ တခဏတာမျှ အသက်ရှူ ချောင်သွားခဲ့ရခြင်းပင် ဖြစ်လေသည်။
ရှန်ယုနိုင်ငံတော်၏ စစ်နတ်ဘုရား ဇန်ချီရှန်မှာမူ ဒေါသထွက်လွန်းသဖြင့် အသားပင် တဆတ်ဆတ် တုန်နေလေ၏။
သူ့အဖို့ အောင်မြင်မှုနှင့် လက်တစ်ကမ်း အလိုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ဖြစ်၏။
(ချန်နိုင်ငံတော်ကိုများ နတ်ဘုရားတွေက ကောင်းချီးပေးလိုက်တာလား . . .)
မိုးရွာသွန်းမှု ရပ်သွားပြီးနောက် တိုက်ပွဲ ပြန်လည် စတင်တော့မည့် အချိန်တွင် ထိတ်လန့်ဖွယ် သတင်းတစ်ခု သူ့ထံသို့ ရောက်ရှိလာလေ၏။ ချန်နိုင်ငံတော်သည် စစ်အသုံးစရိတ်အတွက် ၇၀ ဘီလီယံ ကျော် ရရှိလိုက်သည် ဟူသော သတင်းပင် ဖြစ်လေသည်။
ထိုသတင်းသည် ချန်နိုင်ငံတော် တစ်ခုလုံးအား တောမီးပမာ ပြန့်နှံ့သွားခဲ့ပြီး စစ်သည်ရဲမက်များ အားလုံးသည် စိတ်လှုပ်ရှားမှုနှင့်အတူ စိတ်အားတက်ကြွလာကြသည်။ နဂါးများနှင့် ရင်ဆိုင်တိုက်ခိုက် ရမည်ဆိုလျှင်ပင် ရင်ဆိုင်နိုင်မည့် သတ္တိများ ဝင်ရောက်လာကြ၏။
ထိုကဲ့သို့သော စစ်သည်များနှင့် တိုက်ခိုက်ရမည်ဆိုလျှင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ယှဉ်နိုင်မည် မဟုတ်သဖြင့် ထိပ်တိုက် ရင်ဆိုင်ရာတွင်လည်း ရှုံးနိမ့်ဖို့သာ များပေလိမ့်မည်။
ချန်နိုင်ငံတော်အား အနိုင်တိုက်နိုင်ရန် မလွယ်ကူတော့ချေ။ အခန့်မသင့်လျှင် ချန်နိုင်ငံတော်မှပင် အားလုံးကို အနိုင်ယူသွားနိုင် ပေလိမ့်မည်။
ထို့ကြောင့်ပင် အရှေ့နှင့်အနောက်ဘက်ရှိ ရန်သူများသည် တိုက်ခိုက်ခြင်းထက် ခုခံရေးကိုသာ အသားပေး၍ ပြုလုပ်ကြပါတော့သည်။
တောင်ပိုင်းရှိ အခြေအနေမှာမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေ၏။
နှစ်ဘက်လုံးသည် အေးအေးဆေးဆေးပါပင်။
တိုက်ခိုက်နေခြင်းမျိုး မဟုတ်ဘဲ တစ်ဖက်၏ အလစ်အငိုက်ကို တစ်ဖက်မှ စောင့်ကြည့်နေဟန်ပါပင်။
အရပ်လေးမျက်နှာလုံးရှိ ချန်နိုင်ငံတော်၏ ရန်သူတော် အားလုံးသည် စိတ်ထဲတွင် စိုးရိမ်တကြီး ဖြစ်နေကြ၏။
ထိုကဲ့သို့ ဖြစ်နေကြခြင်းမှာလည်း အံ့သြဖွယ်ရာတော့ မဟုတ်ချေ။ သူတို့သည် အရပ်လေးမျက်နှာလုံးမှ တိုက်ခိုက်ခဲ့ကြ၏။ ချန်နိုင်ငံတော်အား အမြန်ဆုံး ကျရှုံးမည်ဟု တွက်ဆထားခဲ့ကြ သော်လ်း အချိန်ကြာလာသည်နှင့်အမျှ သူတို့သာ အခြေအနေ ဆိုးလာလေသည်။ ချန်နိုင်ငံတော်သည် အကောင်းဆုံး ခုခံကာကွယ်ထားနိုင်ခဲ့ပြီး ထိုကဲ့သို့ ခုခံနိုင်ခြင်းဖြင့်ပင် စစ်ပွဲကို အနိုင်ရမည်ဟု မျှော်လင့် ထားကြပုံပါပင်။ ယခုအခါ ချန်နိုင်ငံတော်သည် ဘီလီယံ ၇၀ ကျော် ထောက်ပံ့ကြေး ရရှိလိုက်၏။ ထို ၇၀ ဘီလီယံဆိုသော ပမာဏသည် ရန်သူတပ်များအပေါ် တောင်ကြီးတစ်လုံးစီ ပိကျလာစေသလိုပါပင်။ ရန်သူများဘက်မှ စိတ်ဓာတ်ကျလာကြပြီး ချန်နိုင်ငံတော်အား ကာလရှည်ကြာစွာ ပိတ်ဆုိ့မထားနိုင်လောက်ဘူး ဆိုတာကိုလည်း သိနေကြ၏။
သူတို့အတွက် ဘဏ္ဍာရေးအထောက်အပံ့ မလောက်မငှ ဖြစ်လာကြ ပေလိမ့်မည်။
အားလုံးသော ရန်သူတော်များသည် လင်းပါအိုအား အမုန်းကြီးမုန်းတီးသွားကြ၏။
(သေစမ်းပါတော့ကွာ . . . ဒီကောင်တွေ လုပ်တာ အကုန်ရှုပ်ကုန်ပြီ။ ပြဿနာကို အကြီးကြီး ရှာလိုက်တာပဲ။ မင်းတို့ကောင်တွေ သေဖို့ပဲ ထိုက်တန်တယ် . . .)
နိုင်ငံအသီးသီးမှ အလိုရှိသည့် လူများစာရင်းတွင် ဖန်ဇီလင်၏ နာမည်သည် ထိပ်ဆုံးမှဖြစ်၏။
ဒုတိယမြောက်မှာမူ ဝမ်ဇန်းဟို ဖြစ်ပေသည်။
လင်းပါအိုသည် သူတို့အား မည်သည့်နိုင်ငံကမျှ အကောင်းမမြင်တော့ဘူး ဆိုတာကို သိရှိထား၏။ ထို့ကြောင့် ထိုနိုင်ငံများရှိ စီးပွားရေး လုပ်ငန်းများကို ကိစ္စအမြန်ဖြတ်တော့သည်။ ထိုနိုင်ငံများတွင် ခန်းမခွဲများ ရှိသည့်တိုင်အောင် ရှိသည်ဆိုရုံသာဖြစ်ပြီး ဘာဆိုဘာမျှ မထားရှိတော့ချေ။ ထို့ကြောင့် အဆိုပါ နိုင်ငံများအနေဖြင့် လင်းပါအိုအား ပြဿနာ ရှာချင်လျှင်ပင် ရှာနိုင်လိမ့်မည် မဟုတ်သေးချေ။
အဆိုပါ ခန်းမခွဲများသည်လည်း အဖျက်ဆီး ခံရမည်တော့ မဟုတ်ချေ။ ဘာမျှမရှိသော နေရာများအား တခြားသော နိုင်ငံများမှ သေချာပေါက် ဖျက်ဆီးမှာလည်း မဟုတ်ပါပေ။
မော်တယ်ကမ္ဘာ၏ လင်းပါအို ဌာနချုပ်မှာ ချန်နိုင်ငံတော်တွင်သာ ရှိနေခြင်း ဖြစ်၏။
တခြားသော နိုင်ငံများသည် လင်းပါအို၏ ခန်းမခွဲများအား ဘာမျှ လုပ်မရသည့်တိုင် လင်းပါအို၏ တာဝန်ရှိသူများအား ဒုက္ခပေးရန် ကြိုးစားကြသည်။ မရေမတွက်နိုင်သော လုပ်ကြံသတ်ဖြတ်သူများ စေလွှတ်၍ ရုပ်ဖျက်ကာ ချန်ရှင်းမြို့တော်ထဲသို့ ဝင်ခိုင်းခဲ့ကြ၏။
အဆိုပါ နိုင်ငံများသည် ဖန်ဇီလင်နှင့် ဝမ်ဇန်းဟိုတို့အား ဆုကြေးများစွာ ထုတ်ထားကြခြင်း ဖြစ်၏။ ထို့ကြောင့် သတ်ဖြတ်ချင်သူ အတော်ကို များလှပေသည်။
စုစုပေါင်း ထုတ်ထားသည့် ဆုကြေးပမာဏမှာ မနည်းလှချေ။
“ဘယ်လိုပဲဖြစ်နေ ဖြစ်နေ၊ ဒီကောင် ၂ ကောင်ကို သတ်ရမယ် . . .”
အပြာရောင်လေ နိုင်ငံတော်၏ မင်းသားဖြစ်သူ ဝမ်ရမ်ဂျန်ရင် ဒေါသတကြီး အော်ဟစ်၍ ပြောလိုက်သည်။
“တစ်ကိုယ်လုံး တစစီဖြစ်အောင်လုပ်ပြီး တစ်မျိုးနွယ်လုံးကို သတ်ပစ်ကြ . . .”
“ဒီကောင်တွေ သေရင်တောင် ငါကတော့ ကျေနပ်မှာ မဟုတ်ဘူး . . .”
ဇန်ချီရှန် အံကြိတ်၍ ပြောလိုက်ပြန်သည်။
“ဘယ်လောက်ပဲကုန်ကုန် ဒီကောင်တွေ သေတာကို မြင်ချင်တယ် . . .”
ရှန်ယုနိုင်ငံတော်နှင့် အပြာရောင်လေ နိုင်ငံတော်မှ ထိပ်သီးပိုင်းများသည် လင်းပါအိုခန်းမအား အမုန်းကြီး မုန်းနေကြလေ၏။
“ဆုကြေးထုတ်လိုက်ကြ . . .”
“သူတို့ခေါင်းကို ဖြတ်နိုင်တဲ့လူကို အချိန်အကြာကြီး ခံစားစေနိုင်မဲ့ ဆုကြေးထုတ်ကြစမ်းပါ။ ဒီကောင်တွေ မသေမချင်း ငါစိတ်အေးနိုင်မှာ မဟုတ်ဘူး . . .”
နိုင်ငံ ၂ ခုလုံးသည် ဆုကြေးများ အသီးသီး ထုတ်လိ်ုကကြ၏။
ဖန်ဇီလင်အား သတ်နိုင်သည့် မည်သူမဆို ထိုက်ထိုက်တန်တန် တစ်သက်စားမကုန်သော ဆုကြေး ရရှိပေလိမ့်မည်။
ထို့ကြောင့်ပင် အနယ်နယ်အရပ်ရပ်ရှိ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များသည် ချန်ရှင်းမြို့တော်ထဲသို့ အမဲလိုက်ခွေးများလို အနံ့ခံကာ ရောက်ရှိလာကြပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset